စောင်းကြိုးညှင်းလေးပြတ်ခဲ့ရင်

“အဖွင့်”

ဘောလုံးကစားနည်းကို အင်္ဂလန်နိုင်ငံမှာ ၁၉ရာစုကစတင်ခဲ့တာတဲ့။ နေမဝင်အင်ပါယာတည်ထောင်ပြီး နောက်ပိုင်းမှာ အင်္ဂလိပ်လူမျိုးတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးအနှံ ဘောလုံးအားကစားနည်းကို သယ်ဆောင် လာခဲ့ကြပါသတဲ့။ ဘောလုံးအားကစားဆိုတာတရုတ်၊ ဂရိ၊ မာယာနဲ့ အီဂျစ်လူမျိုးတွေရဲ ရိုးရာအားက စားလို့ လည်းသတ်မှတ်ကြသည်ဟုတော့ကြားဖူးပါသည်။ မြန်မာနိုင်ငံကိုတော့ ဘယ်ကာလကရောက် လာပြီး ဘယ်သူတွေစတင်ကစားခဲ့ကြတာလဲဆိုတာတော့ ကျွန်တော်မသိပါ။ သေချာတာကတော့ ယောက်င်္ကျားလေးတော်တော်များများ တခုတ်တရကစားနေကြတဲ့ အဲဒီအားကစားနည်းကို ကျွန်တော် မနှစ်သက်ခဲ့တာပဲဖြစ်သည်။ ဘာကြောင့်လဲ ကျွန်တော်မဆန်းစစ်တတ်။ ဘာကြောင့်မကြိုက် တာလဲ…ကျွန်တော့ကိုမေးလာရင်…အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ဖြေဆိုဖို့ အဖြေ ကျွန်တော့မှာမရှိ။

ကျွန်တော့ကို ငယ်ငယ်ကတည်းက ထိန်းကျောင်းလာခဲ့တဲ့ အဒေါ်တွေရဲ စကားသံတစ်ချို့ဟာလည်း ကျွန်တော်နဲ့ဘောလုံးမဆက်စပ်မိတဲ့အကြောင်းအရာတစ်ချို့ဖြစ်နိုင်ပါသည်။

“ဘောလုံးတစ်လုံးတည်းကို လုကန်နေကြတာ ဘာအဓိပ္ပာယ်မှမရှိဘူး”၊ “အရည်မရ အဖတ်မရ ဘောလုံးပွဲအကြောင်းတွေပြောလို့ ဘာအ ကျိုးရှိလာမှာလဲ”၊ “လောင်းကစားသမားတွေကြောင့် ဘောလုံး ဂျာနယ်တွေ ရောင်းအားတက်မယ်၊ ဘောလုံးပွဲဒိုင်တွေကောင်းစားမယ်”၊ “ဘောလုံးကန်တာသက် လုံကောင်းတယ်၊ စည်းလုံးညီ ညွတ်မှုရ စေတယ်ဆိုတာကို လက်မခံပါဘူး။ တခြားသက်လုံကောင်းမယ့် အားကစားတွေကို အချိန်တိုအတွင်းရ အောင် လုပ်လို့ရတာပဲ၊ ဘောလုံးသမားတွေရဲ့ ဘဝကရော ငွေဝယ်ကျွန်နဲ့ ဘာခြားလို့လဲ၊ ဟိုက စျေးကောင်းပေး ရင်ပြောင်း၊ ဒီကစျေးကောင်းပေးရင်လာနဲ့၊ ဘောလုံးသမားမဖြစ်ချင်ပါနဲ့သားလေးရယ်” အစရှိတဲ့ ကျွန်တော့ အဒေါ် တွေရဲ့ စကားတွေဟာ ကျွန်တော်နဲ့ဘောလုံးကို ဝေးကွာခဲ့စေသလား။ အဲဒီထက်ဆိုးတာကတော့ ဘောလုံးကစားနည်းကို ကျွန်တော်ပါဝင်ဖို့ ဘယ်တုန်း ကမှစိတ်မကူးခဲ့တာပဲဖြစ်သည်။

ဒါပေမဲ့…..

ကျွန်တော့အယူအဆတွေကို လုံးဝဇောက်ထိုးလှန်ပစ်တဲ့ ကျွန်တော့အကျင့်စရိုက်တွေနဲ့ အမြဲ တမ်းဆန့် ကျင်ဖက်ဖြစ် တဲ့….သူတစ်ယောက် ကျွန်တော့ဘဝထဲ စတင်ရောက်ရှိလာချိန်မှာတော့… ကျွန်တော့ ဘဝမှာ သိမ်ငယ်မှုတွေ၊ ယူကြုံးမရဖြစ်မှုတွေ၊ ဒေါသတွေနဲ့ နေ့စဉ်နဲ့ အမျှ ပြည့်နှက်နေရပါတော့သည်။

ကျွန်တော်…အမျိုးသမီး ဘောလုံးသမားလေးကိုမှ ချစ်သူတော်လိုက်ရတာပါ။ ကျွန်တော် တစ်သက်တာ လုံးမြတ်မြတ်နိုးနိုးချစ်ခင်ရမယ့်အမျိုးသမီးလေးဟာ ဘောလုံးသမားတစ်ယောက်ဖြစ်ဖို စိတ်ကူးမထား မိပေမယ့် ကံကြမ္မာကြောင့်ပဲလားမတွေးတတ်တော့ပါ။

ကျွန်တော်က မိန်းမဆန်သော ယောက်ျားဆိုရင် သူမကယောက်ျားဆန်သော မိန်းမလို့ပဲပြောရပါ လိမ့်မည်။

စတင်ချစ်ခါစက…ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်း၊ ဟန်ဆောင်မှုကင်းစွာပြောတတ်မှုတွေကို မြင်ပြီး တစ်ဘဝလုံး အတွက် ရွေးချယ်ခဲ့တာပါ။ တကယ်တော့…သူမနဲ့ကျွန်တော်က အကျင့်စရိုက်လုံးဝ မတူ။ သူမက ဘောလုံးအကြောင်း ပြောရမှ စားဝင်၊ အိပ်ပျော် တတ်သူဖြစ်ပြီး။ ကျွန်တော်က ဘောလုံး အကြောင်းဆို အင်မတန်မုန်း၊ အင်မတန် နားမထောင်ချင်တဲ့ကိစ္စ ပါ။

ဘယ်လိုပဲဖြစ်ဖြစ်…ဖယောင်းရုပ်ကို ထုဆစ်သလို ကျွန်တော့်ချစ်သူကို လိုချင်တဲ့ပုံရအောင် ထုဆစ်ဖို့ ကျွန်တော့်တာဝန်ပဲလေ။ ကျွန်တော် သူမကို ပုံသွင်းထုဆစ်တာဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတာ တွေပဲဟု ယူဆပါသည်။ အဲဒီစိန်ခေါ်မှုတွေဟာ ဘယ်လောက်ခက်ခဲပြီး ဘယ်လောက်စိတ်တိုစရာ ကောင်းခဲ့သလဲဆိုရင်တော့…။
>>>>>

“ကျွန်တော့အတ္တနှင့် သူမ အတ္တ”

ဘောလုံး ကစားခြင်း ဥပဒေတွေကို ၁၈၆၂ မှာ J. C. Thring ဆိုသူက စတင်ပြီး မူကြမ်းရေးဆွဲ တင်ပြခဲ့တယ်တဲ့။ ၁၈၇၁မှာ စတင် ကျင်းပခဲ့ တဲ့ အင်္ဂလန် F.A ဖလား ပြိုင်ပွဲဟာ ဘောလုံးကစားခြင်းရဲ့ အစောဆုံးပြိုင်ပွဲ ဖြစ်ခဲ့တယ်တဲ့လေ။ အဲဒီနောက်ပိုင်းအဆက်ဆက်ဘောလုံးပြိုင်ပွဲတွေကျင်းပလာ ခဲ့တာပေါ့။ သူမကရော ဘယ်အချိန်မှာ ဘောလုံးကိုစတင်ကန်တတ်ခဲ့တာပါလဲ။ အစောဆုံးကန်ခဲ့ တဲ့ပွဲက ဘာပွဲလဲ၊ဘယ်အသင်းနဲ့လည်း ကျွန်တော်စိတ်ဝင်တစားမမေးခဲ့ဖူးပါ။ သူမတို့ကန်လေ့ရှိတဲ့နေရာ ကတော့ ကျွန်တော်ကောင်းကောင်းသိတာပေါ့။

ဖြစ်ချင်တော့…ကျွန်တော်တို့အိမ်ပြန်တဲ့လမ်းမှာ သူမတို့ လေ့ကျင့်နေကျဘောလုံးကွင်းရှိပါသည်။ သူမနဲ့ ကျွန်တော်က တစ်ရပ်ကွက်တည်းဖြစ်နေတာကြောင့် သူမဘယ်နေ့ဘယ်အချိန် ဘောလုံးကန် သည်ဆိုတာကို ကျွန်တော်အလုပ်က ပြန်လာရင် သတင်းရပြီးသား။

ဒီနေ့..ကျွန်တော်အလုပ်က ပြန်လာတာစောသည်။ အိမ်အပြန်လမ်း ဘောလုံးကွင်းရှိရာဘက်ကို ကြည့်လိုက်တာနဲ့ သူမနဲ့ သူငယ်ချင်းတစ်စု ဘောလုံးကန်နေကြသည်။ သူမတို့က အထက်တန်း ကျောင်းကတည်းက အမျိုးသမီး လက် ရွေးစင်ဘောလုံးသမားဖြစ်ပြီး လက်ရွေးစင် ခြေစမ်းပွဲအတွက် လေ့ကျင့်နေကြတာပါ။

ကျွန်တော် အမုန်းဆုံးကစားနည်းကို ကျွန်တော်အချစ်ဆုံးလူက ပျော်ပျော်ရွှင်ရွှင်ကစားနေတာ…
ကျွန်တော့ရင်ထဲ မချိတင်ကဲ ခံစားရသည်။ ရင်ထဲမှာအောင့်သက်သက်နဲ့ခံရခက်လှသည်။

ညနေ…သူမနဲ့တွေ့တော့…ကျွန်တော့စိတ်တွေ ဟန်မဆောင်နိုင်တော့ပါ။

“ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…”

တွေ့နေကျ ဘုရားရင်ပြင်ရဲ့ အုတ်ခုံပေါ်ကို ကျွန်တော့လက်သီးတွေ အရှိန်မသက်နိုင်ပဲ တရစပ်ကျ ဆင်းသွားသည်။ ရုတ်တရက်မို့ သူမ ကြောင်အမ်းကြည့်နေပြီး ခဏကြာမှ ကျွန်တော့လက်ကို အတင်း ဆွဲလိုက်သည်။

“မောင်…မောင်၊ ဘာဖြစ်တာလဲ…ဘာဖြစ်တာလဲ”

ကျွန်တော် ခဏတာမျှ ငြိမ်နေလိုက်သေးသည်။

“ကိုယ့် အချစ်က ဘောလုံးပွဲတစ်ပွဲလောက် စိတ်ချမ်းသာမှု မပေးနိုင်လို့လား ယု”

“ဘာဖြစ်လို့လဲ ၊ ဘာကြောင့်မေးတာလဲမောင်”

“မင်း ဘောလုံးကန်တာ ငါမကြိုက်ဘူး၊ မိန်းကလေးနဲ့ ဘယ်လိုမှ မအပ်စပ်ဘူးကွ၊ ဒီအလုပ်နဲ့ တစ် သက်လုံး အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်ကူးထားလို့လား၊ မင်းဘောလုံးကန်တာ ငါ့ထက်အရေးကြီး တယ်ဆိုရင် ငါထိုက် နဲ့ငါ့ကံပဲရှိစေတော့၊ မင်းနဲ့ငါ လမ်းခွဲဖို့ပဲရှိတော့တယ်…ယု”

သူမတွေဝေသွားသည်။ ကျွန်တော် ဒီလိုပြောလိမ့်မယ်လို့ ထင်ထားပုံမပေါ်ပါ။ သွေးစ၊ သွေးန အချို့နဲ့ ကျွန်တော့် လက်သီးဆုပ်ကို ကိုင်ထားပြီး ကျွန်တော့ကို ကြောင်အမ်းအမ်းကြည့်နေသည်။

“မောင် …၊ ဒါ…ယု ဝါသနာပါတာလေ။ ယုရဲ့ အကိုတွေနဲ့ အဖေတွေက ဘောလုံးသမားချည်းပဲ၊ ငယ်ငယ်ကတည်းက ဝါသနာပါတဲ့အလုပ်၊ လက်ရှိ တိုင်းလက်ရွေးစင်အတွက် ကြိုးစားနေရတဲ့အချိန် တွေမှာ မောင်က တားချင်လို့လား”

“မတားရင်ရော မင်းအတွက်ဘာအကျိုးရှိမှာလဲ၊ ငါချစ်တဲ့သူကို ဗိုင်းကောင်းကျောက်ဖိ၊ အိန္ဒြေရရ၊ မိန်းမ ပီပီသသနေစေချင်တာ ငါ့အမှားလား၊ ငါတားလိုက်လို့ မင်းဘောလုံး မကန်တော့တာကလွဲရင် ဘာအကျိုး ရလဒ်ဆုံးရှုံးမှာလဲ။ ဒီမှာတွေ့လား…သွေးပေနေတဲ့ ငါ့လက်သီး၊ ဒီလက်မှာ သွေးပေတာ ခဏခဏ မြင်ချင် လို့လား”

“အတ္တကြီးလိုက်တာ မောင်ရယ်၊ မောင် မကြိုက်တာ ယု ဘယ်လုပ်ချင်ပါ့မလဲ။ ဒါပေမဲ့ ရုတ်တရက်ကြီးဘယ်လွယ်မလဲ”

“ဒါဆို ၊ မင်းရဲ့ ခြေစမ်းပွဲတွေ အကုန်ဖျက်ပြီး၊ ငါ့မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဘောလုံးနဲ့ ခြေထောက် လုံးဝမထိဘူးဆိုတဲ့ ကတိမင်းပေးမလား၊ မင်းကို ငါစမ်းသပ်တာနော်၊ တစ်သက်လုံး ဘောလုံးမကန်ခိုင်းတာမဟုတ်ဘူး၊ ဘယ်လိုလဲ”

အဲဒီ ကတိကို သူမ လွယ်လွယ်နဲ့ ပေးခဲ့ပါသည်။ ကတိတစ်လုံးရဖို့အတွက် ကျွန်တော့ဖက်က လက်သီးဒဏ်ရာတွေကို ရင်းခဲ့ရလေသည်။
>>>>>

“လူမှာကတိ ”

ကျွန်တော့ မွေးနေ့ရောက်ဖို့ ၁၀ ရက်လောက်အလိုမှာပဲ သူမ ကတိကို သူမသိသိကြီးနဲ့ ချိုးဖျက်ခဲ့လေသည်။ ကျွန်တော်က မနက် ကိုးနာရီခွဲ ရုံးတက်၊ ညနေ ငါးနာရီ ရုံးဆင်းပြီး၊ သူမက အလုပ်မရှိ (နေ့လည် သူမတို့ မိသားစုကုန်စုံဆိုင် ခဏထိုင်တာကလွဲရင်) တာကြောင့် အဲဒီကတိချိုးဖျက်ဖို့ အကြောင်း တရား ဖန်လာခဲ့သည်။

ဖြစ်ချင်တော့…ကျွန်တော် နေမကောင်း၊ ခေါင်းထဲငြီးစီစီဖြစ်နေလို့ဆိုပြီး ရုံးကအစောကြီးပြန်လာဖြစ် သည်။ မိုးကလည်း ခပ်အုံ့အုံ့ပေါ့။ သူမတို့ အဖွဲ့ တပျော်တပါးကြီး ဘောလုံးကန်နေတာကို မြင်ရတော့ ကျွန်တော်… တော်တော် ဒေါသထွက်သွားမိသည်။ အော်..ငါ့ကိုပေးတဲ့ ကတိမတည်ပါလားဆိုတဲ့စိတ်၊ ငါမကြိုက်တဲ့ အလုပ်ကို သူလုပ်ရက်လေ တယ်ဆိုတဲ့ စိတ်တွေ ကျွန်တော့်အပေါ်လွှမ်းခြုံကာ ဘောလုံးကွင်းရှိရာသို့ သုတ်ချေတင် ပြေးသွားမိသည်။ ခေါင်းနပန်း ကြီးသွားတာကြောင့်လားမသိ၊ ခေါင်းကိုက် တာတောင် ဘယ်နားရောက်သွားမှန်းမသိတော့။

“မင်း…ငါ့ကိုပေးတဲ့ ကတိ ၊ ဘယ်မှာလဲ မင်းကတိ၊ လွယ်လွယ်နဲ့ပေး လွယ်လွယ်နဲ့ ဖျက်လို့ ရသတဲ့လားကွ၊ တော် တော့ ယု… မင်းနဲ့ငါ ပြတ်ပြီ မှတ်လိုက်…”

သူမကို ကွင်းအပြင်ခေါ်ထုတ်ပြီး ကျွန်တော် ပြောချင်ရာတွေ ပြောနေမိသည်။ ကျွန်တော် အတ္တကြီး သလားတော့ မပြောတတ်ပါ။ ဒါပေမဲ့ ကျွန်တော့ အတ္တဟာ သူ့ကို အရမ်းချစ်တဲ့ စိတ်ကြောင့် ဖြစ်တည် လာတာပဲ ဖြစ်ပါလိမ့်မည်။

“ဟေး…ယု၊ ဘာလဲ…နင့်ဘဲက ဘောလုံးကန်တာ မကြည်ဘူးလား”
သူမရဲ့ ကစားဖော် သူငယ်ချင်းတွေ ကျွန်တော်နဲ့ ယု နားရောက်လာသည်။
“အေး…ဟုတ်တယ်ဟ ၊ ကြည့်ပြောကြဦး”

သူမက အဲဒီလို ပြောလိုက်တာကြောင့် ကျွန်တော် ဒေါသထောင်းခနဲ ထွက်သွားမိသည်။ ကျွန်တော့ဘက်က မရပ်တည်ဘူးလေ။

“ယု ၊ ငါက မင်း ချစ်သူတစ်ယောက်အနေနဲ့ တားဆီးပိုင်ခွင့်မရှိဘူးလား၊ မင်းကို ငါလိုရာထုဆစ် ပိုင် ခွင့် မရှိဘူးလား”

“ဒီမှာ သုတ၊ နင့်ရည်းစားက ဘဲပွေလို့လား၊ နင့်ကွယ်ရာမှာ ဖောက်ပြန်သလား၊ ဘောလုံးကန် တာ… အားကစားလုပ်တာ ဘာဖြစ်လဲ၊ မိန်းကလေး ဘောလုံးမကန်ရဘူးလား၊ မတရားလိုက်တာဟာ၊ အဓိပ္ပာယ်လုံးဝမရှိဘူး ၊ နင်က နင့်ချစ်သူကို ချစ်တာ မဟုတ်ဘူး၊ မနာလိုဖြစ်နေတာ…သိရဲ့လား။ အဲဒါ မနာလို ဖြစ်တာလို့ခေါ်တယ်၊ နင် ဘောလုံးမကန်တတ်တိုင်း နင့်ကောင်မလေးက ဘောလုံးမကန်ရ တော့ဘူးလား၊ တကယ်ဆို သမီးရည်းစား အချင်းချင်း သူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး ကစားရမှာ… နင် မနာလိုစိတ်တွေ လျှော့သင့်ပြီ”

“ဟုတ်တယ် မောင်၊ ဝေဝေပြောတာ မှန်တယ် ၊ မောင်က ကိုယ့်အတ္တတစ်ခုပဲသိတယ်။ မောင်သာ ယုကိုတကယ် ချစ်ရင် ယုနဲ့ပတ်သက်တဲ့ အရာအားလုံးကို ချစ်ရမှာပေါ့။ လာလေ၊ အခု ယုတို့နဲ့ ဘောလုံး တူတူကန်ရဲလား”

“တောက် ”

အဲဒီ ကတည်းက ကျွန်တော်တို့နှစ်ယောက်ကြားမှာ တစ်စုံတစ်ရာတော့ အဖုအထစ်ဖြစ်သွားခဲ့ပြီ ဆိုတာသိလိုက်ရပြီး ကျွန်တော်ရဲ့ ယောက်ျား မာနက လျှိုဝင် ကိန်းအောင်းနေရာက ရုတ်တရက်ကြီး ထွက်ပေါ်လာခဲ့လေသည်။
>>>>>

“ချစ်မိပြီဆိုမှတော့”

၁၈၀၀ နှောင်းပိုင်း ကာလတွေကိုရောက်တော့ ဘောလုံးကစားခြင်းဟာ ကမ္ဘာတစ်ဝှမ်းလုံး ပြန့်နှံ့လာခဲ့ တယ်တဲ့။ ပရော်ဖက်ရှင်နယ် လိဂ်ပြိုင်ပွဲအသွင် ဘောလုံးပွဲကို ၁၈၈၈မှာ အင်္ဂလန်မှာစတင်ခဲ့တာလို့ ဆိုပါတယ်။ ကျွန်တော့် ရဲ့ တစ်ခါမှစိတ်မကူးတဲ့ ကျွန်တော်ကိုယ်တိုင်ဝင်ပါမယ့် ဘောလုံးပြိုင်ပွဲကတော့ ယုနဲ့ ချစ်သူဖြစ်ပြီးမှစခဲ့တာပါ။

“ဘာ…မင်းက ဘောလုံးကန်မယ် ဟုတ်လား သုတ”

ကျွန်တော့်ရဲ့ ခံစားချက်ကို ဖွင့်ပြောပြီး စတင်တိုင်ပင်သည်မှာ Six ponenar ဆိုပြီး ကဗျာတွေရေးတဲ့ ကဗျာဆရာပေါက်စအဖွဲ့ထဲမှ “တရုတ်” ပဲ ဖြစ်သည်။ ကျွန်တော် ဘောလုံးကန်သင်ရမည်။ ယု တို့ အဖွဲ့မှာ ကျွန်တော် ဝင်ဆန့်ပြီး ဘောလုံးကန်တတ်ကြောင်း ကျွန်တော့ကို အသိအမှတ်ပြုတာခံရရင် တော်ပြီ။

“ဟုတ်တယ် တရုတ်၊ ငါဘောလုံးကန်တက်မှဖြစ် မယ်။ ငါ့ရဲ့ ယောက်ျား မာနကို ထိခိုက်တာမျိုး ငါ လုံးဝမခံနိုင်ဘူး၊ ငါ့ကို မင်းတို့ ကူညီမှ ဖြစ်မယ်ကွာ၊ ကတုံးတို့ ဇော်မြင့်မြတ်တို့ကို ပါပြောပြပေး။ ငါနဲ့ အတူတူ ဘောလုံးကန်ကျင့်ဖို့ အချိန်တစ်ချိန်လောက်ပေးပါလို့”

ကျွန်တော့ခံစားချက်ကို တရုတ် နားလည်သွားသည်။ ကျွန်တော့ ဘဝမှာဘယ်လို အကြောင်းအရာ မျိုးပဲ ပေါ်လာတိုင်းပေါ်လာတိုင်း ရင်ဖွင့်တိုင်ပင်တတ်တာ ဒီသူငယ်ချင်းတွေပဲဖြစ်သည်။

“ငါတို့ဘက်ကတော့ ပြဿနာမရှိပါဘူးကွာ၊ ကျောင်းပြီးခါစဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် အားတာ ပဲ။ မင်းသဘော ပဲလေ။ မင်းရင်ထဲမှာ ဘယ်လိုခံစားရမလဲဆိုတာ ငါနားလည်ပါတယ်။ ခက်တာက မင်း အချိန်ပေးနိုင်ပါ့မလား၊ ပြီးတော့ ငါတို့က မြောက်ဥက္ကလာ၊ မင်းက အင်းစိန်မှာနေတာဆိုတော့…၊ ကန် မယ့်ကွင်းကတော့ ကတုံးတို့ အိမ်နားက ကွင်း သေးသေးလေးထဲမှာ စသင်လို့ရတာပဲ”

“ငါ့ဘက်က အကုန်လုံး အဆင်ပြေအောင် အလုပ်နဲ့ ညှိရမှာပေါ့ကွာ၊ တစ်လလောက် နေ့တစ်ဝက် ခွင့်ယူလိုက်မယ်။ ဝင်ငွေကလည်း အထိုက်အလျောက် လျော့သွားမှာ သေချာတာပေါ့။ ယုတို့ကြားမှာ မျက်နှာမငယ်ရရင်တော်ပါပြီကွာ”

“မင်းအဖြစ်ကလည်းကွာ”

တကယ်တော့ သူ့ကို ချစ်လို့ သူနဲ့ ပတ်သက်သမျှ အရာတွေကို ပါလိုက်ချစ်ရဖို့ထက် ယောက်ျား မာနကို ပွတ်ကာ သီကာ စော်ကားသွားခဲ့တဲ့ ယု သူငယ်ချင်းတွေနဲ့ ယုကို မခံချင်စိတ်ဖြစ်သွားတာက ပိုမည်ထင်ပါသည်။ ယုကို ကျွန်တော် ချစ်တာလည်း အသေအချာပဲ ဖြစ်လေသည်။ ကျွန်တော့ ရင်ထဲ မှာ သူ့ကို ချစ်တဲ့စိတ်၊ မာနကို ထိလို့ မခံချင်တဲ့စိတ်၊ မိန်းကလေး တစ်ယောက်တောင်မှ ကျွမ်းကျင် တတ်အပ်နေတဲ့ ပညာရပ်ကို ကျွန်တော် ဘယ်တုန်းကမှ စိတ်ဝင်စားမှုမရှိခဲ့ခြင်းကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်ခြင်း စတာတွေ ရောထွေး မွှေနှောက်လျက် သူငယ်ချင်းတွေကို အားကိုးတကြီး အပူကပ် ခဲ့ခြင်း ဖြစ်လေသည်။
>>>>>

“သူမနဲ့ကျွန်တော်”

၁၉ ရာစုအစပိုင်းတုန်းက ဘောလုံးအမည်နဲ ့ကစားနည်းတွေအမျိုးမျိုးကို တက္ကသိုလ်ကောလိပ် အသီးသီးမှာကစားခဲ့ကြတယ်တဲ့။ ဘောလုံးပွဲကြည့် တာကျတော့ ရော ဘယ်ကာလကစတင်ပေါ်လာခဲ့ တာပါလဲကျွန်တော်မသိပါ။

ဘောလုံးကန်တာနဲ့ ဘောလုံးပွဲကြည့် တာကျတော့ သပ်သပ်စီဖြစ်နေတတ်ကြတာကိုတော့ကျွန်တော်သတိထားမိပါသည်။

တစ်ချို့ ဘောလုံးပွဲကြည့် တာပဲကြိုက်တာ ၊ဘောလုံးကန်လေ့ မရှိ။ ဒါပေမဲ့ ယုကျတော့ နှစ်မျိုးလုံးအားသန်လေသည်။

ကျွန်တော်တို့နှစ်ယောက် အကျင့်စရိုက်ချင်း ဇောက်ထိုးပြောင်းပြန်ဖြစ်တဲ့အထဲမှာ သူမက လက် ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲကြည့်ခြင်းနဲ့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အလုပ်ကို ကျွန်တော် ဘယ်တုန်း ကမှ စိတ်မဝင်စားခြင်းလည်း ပါဝင်လေသည်။

“တယ်ရီ ညံ့တယ်ကွာ ဒီပွဲမှာ ဘယ်လို ဖြစ်နေတာလဲ မသိဘူး၊ လမ်းပတ် တင်ပေးတဲ့အလုံး ဘယ်လောက် ကောင်းသလဲ။ တိုက်စစ်းမှူးတွေကလည်း ဂိုးပေါက်ချော်တာ သုံးခါရှိပြီ။ တောက်…”

သူမက ချဲဆီးလ်ရဲ့ အမာခံပရိတ်သက်ဖြစ်ပြီး လမ်းပတ်ကိုအကြိုက်ဆုံးဟု ဆိုသည်။ သူမဘောလုံး ပွဲကြည့်တဲ့ လက်ဖက်ရည်ဆိုင်ကို ကျွန်တော်ကလိုက်သွားပြီး သူမနဲ့အတူဘောလုံးပွဲကြည့်ရသည်။ “ဘောလုံးပွဲကြည့်တာလုံးဝ မတားပါနဲ့ ဘောလုံးမကန်ပဲ နေဆိုနေမယ် ”ဟု သူမနဲ့ ကျွန်တော် ယာယီ သဘောတူညီမှုယူထားသည်။ ဒီကြားထဲ ကျွန်တော်က သူမတို့နဲ့ ယှဉ်ကစားနိုင်အောင်သင်။ ပြီးတော့ သူမ ကိုအံ့သြအောင် ခြေစွမ်းတွေပြ။ ကျွန်တော့်အတွေး က ဒီလောက်ပဲဖြစ်သည်။

“ဟ၊ ဂိုးပြီ…ဂိုးပြီ၊ သွင်းလေ…ဟာ”

ယောကျ်ားတစ်ယောက်နှယ် လက်သီးလက်မောင်းတန်းအားပေးနေတာကိုကြည့်ပြီး ကျွန်တော် တစ်စုံတစ်ရာ သိမ်ငယ်နေသလို ခံစားရသည်။ ဒီအချိန်မှာ ဘောလုံးပွဲကလွဲရင် ပတ်ဝန်းကျင်၊ ကျွန် တော်…ဘာကိုမှ သူမ စိတ်မဝင်စား။ သူငယ်ချင်း ယောကျ်ားလေးတွေနဲ့တွေ့လို့ ဘောလုံးအကြောင်း ပြောမိပြီဆိုရင်တော့…အာပေါင် အာရင်းနဲ့ နေရာမရွေး၊ အချိန်မရွေး ပြောတော့မှာ။ သူမတို့ အိမ်ကရော ဘာထူးလဲ။ တစ်အိမ်လုံး ဘောလုံး ပွဲအကြောင်း ပြောရမှ စားဝင်အိပ်ပျော်ကြတာ။ ကျွန်တော် လိုချင်ရာကို ဆွဲသွင်းဖို့ အချိန်တိုအတွင်းမလွယ်ကူပေမယ့် မလျှော့မတင်းစောင်းကြိုးညှင်းဆိုသလို လျှော့ တန်ရာလျှော့၊ တင်းတန်ရာတင်း လုပ်ရမှာပေါ့။
သို့သော်…..။
>>>>>

“သဘောတူညီမှု”

ဇော်မြင့်မြတ်၊ တရုတ်၊ ကတုံးတို့က ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ ဖြစ်သလို ကျွန်တော့်ကို ဘောလုံးကန်သင်ပေးတဲ့လူတွေအထဲမှာ ကျော်စိုးမိုး၊ ဇော်မြင့်မြတ်ရဲ့ ညီမြတ်သူကျော် ဆိုတဲ့ ငနဲတွေ ပါ ပါလာသည်။ အားလုံးက ကျွန်တော့်အပေါ် စေတနာထားသင်ပေးကြသည်။ မြောက်ဥက္ကလာမှာ ဘောလုံးကန်ရင်းနဲ့ သူငယ်ချင်းအသစ်တွေပါတိုးလာသည်။
ဘောလုံးကန်ခြင်းမှာ စည်းလုံးညီညွတ်ခြင်းပါဝင်သည်ဆိုတာ ကျွန်တော်လက်ခံတတ်လာသည်။ ဘောလုံးကန်ခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မောပန်းခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်းတွေကို သူမ ကိုမခံစားစေ ချင်တဲ့ ဆန္ဒတစ်ခုထပ်တိုးလာကာ သူမအပေါ် အိန္ဒြရရနေစေချင်မှု၊ ဗိုင်းကောင်းကျောက် ဖိနေစေလိုမှု၊ မိန်းမဆန် သော မိန်းမတစ်ယောက်ဖြစ်စေချင်မှုတွေ ကျွန်တော့်စိတ်ကို လွှမ်းမိုးလာခဲ့ သည်။

မြောက်ဥက္ကလာက သူငယ်ချင်းတွေပေးတဲ့ ထရိန်နင် ၂၅ ရက်မြောက်လောက်မှာ သမားရိုးကျ ပြဿနာတစ်ခု သူမ ဖန်တီးခဲ့လေသည်။ ကျွန်တော် ပြန်လာတော့ ဘောလုံးကွင်းမှာ အသံကျယ်ကြီးနဲ့ အော်ပြီး ဟေးလား ဝါးလား ဘောလုံးကန်နေကြတာ မြင်ရကြည့်ရတာ တော်တော်စိတ်ပျက်စရာ ကောင်းလှသည်။ ချွေးသံတရွှဲရွှဲ၊ မိုးရွာထားတာမို့ ခြေထောက်တွေမှာ ရွံ့ဗွက်တွေ ပေကျံလို့၊ မျက်နှာ ပြောင်နဲ့ ဆံပင်တွေကို ဖို့လျားဖားလျား စည်းထားသည်။ တစ်ချက်တစ်ချက် အသံဗြဲကြီးနဲ့ လှမ်းအော် ပြီး ရန်တွေ့လိုက်သေးသည်။

ဟူး…စိတ်ပျက်စရာ၊ သာမန် ပုရိသ တစ်ယောက်ဆိုပါက ဘယ်လိုမှ ကြိုက်ချင်စရာမရှိ။ ကျွန်တော် မကြိုက်မှန်း…လုံးဝ အားမပေးမှန်းသိရက်နဲ့ ဘာလို့ ကျွန်တော်နဲ့ ဆန့်ကျင်ဖက် ဖြစ်ချင်နေရတာလဲ။ သူ ဘောလုံးကို ခင်တွယ်မက်မောသလို ကျွန်တော့်အပေါ်ရော တကယ်ချစ်ပါရဲ့လား ဆိုတဲ့ သံသယ ကလည်း ကြီးထွားလေလေ.. ကျွန်တော်ဘောလုံးကို မုန်းလေလေ…တစ်ခါလောက်တော့ သူမရှေ့မှာ ဘောလုံး ကောင်းကောင်းကန်တတ်ကြောင်း ခြေစွမ်းပြချင်လေလေဖြစ်လာသည်။

“ယု…မင်းကွာ… ငါမကြိုက်ပါဘူးဆိုမှ ကန်ပြန်ပြီလားဒီဘောလုံး၊ မကန်ရရင် သေတော့မှာလား၊ ငါ့ အပေါ် ဘာလို့ ကတိတွေလွယ်လွယ်နဲ့ပေးရတာလဲ၊ မင်းပုံစံကို မင်းပြန်ကြည့်စမ်း။ မိန်းကလေး တစ်ယောက်နဲ့တူရဲ့လားလို့၊ မင်းကို ငါချစ်ခဲ့တာ ရိုးသားပွင့်လင်းမှုနဲ့ရင်ထဲကလာတဲ့ ဖြူစင်တဲ့ အချစ် ကြောင့်ကွ၊ ငါ့အချစ်တွေ ယုံကြည်မှုတွေကို မင်းအလွဲသုံးစားလုပ်တယ်။ ရာနှုန်းပြည့်ပေးထာတဲ့ အချစ် တွေကို လျော့အောင်လုပ်တယ်ကွာ”

ကျွန်တော် ဘယ်လိုမှ မထိန်းနိုင်တော့။ ယောကျ်ား မဆန်ဘူးပဲဆိုဆို…သူမ ရှေ့မှာ မျက်ရည်ကျမိ သည်။ သူမဟာ ဘောလုံးသမားဆိုတာ သိရက်နဲ့ ကျွန်တော်ဘာလို့ချစ်ခဲ့မိတာပါလဲ။ ဝဋ်ကြွေးတစ်ခုပဲ လား ။

“ယု…မောင့်ကိုချစ်တဲ့စိတ်နဲ့ ကတိတွေလွယ်လွယ်ပေးမိတာပါ။ တကယ်တော့ ၀ါသနာကို လွယ် လွယ်နဲ့ တားဆီးလို့ ဘယ်ရမလဲ”

“အေး…အဲဒါ မင်းငါ့ကိုချစ်တာထက် မင်းကိုမင်းပိုချစ်လို့့ပဲ။ ငါ့ဘက်ကလည်း ရာနှုန်းပြည့် ပြည့်စုံပြီ လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ မင်းကြောင့် ငါ့အလုပ်ကို စွန့်လွှတ်နိုင်တယ်။ ငါ၀ါသနာပါတဲ့ စာရေးဆရာ အလုပ်ကို ဖျောက်ဖျက်နိုင်တယ်ကွ”

“ဒါဆို ယု ကိုယ့်ကိုချစ်တဲ့စိတ်နဲ့၊ ယုဝါသနာပါရာနောက်ကို မလိုက်နိုင်ရတာလဲ။ ယုက ငယ်ငယ် ကတည်းက ဒီလိုပဲ နေလာတာဆိုတာ မောင် သိရက်သားနဲ့ ဘာလို့ ချစ်ခွင့်ပန်ခဲ့တာလဲ”

“ဆက်ပြောရင်မင်းနဲ့ငါ ပြတ်ဖို့ပဲရှိတော့တယ် ယု”

နောက်ဆုံးတော့ သူမနဲ့ကျွန်တော် သဘောတူညီချက် တစ်ခုရရှိခဲ့လေသည်။ အဲ့တာကတော့ သူမ ကျွန်တော့် ကွယ်ရာမှာ ဘယ်တော့မှ ဘောလုံးမကန်တော့ဘူးဆိုတာနဲ့ ၊ ဘောလုံးကန်တိုင်း ကျွန်တော် ပါ ဝင်ကန်ရမည် ဆိုတာတည်း။ ဒီသဘောတူညီချက်ကို ဆန့်ကျင်ပြီး သူမဘက်က ကျွန်တော်မသိ အောင် ဘောလုံးကန်လို့ ကျွန်တော်သိသွားခဲ့ရင်တော့… ကျွန်တော်တို့နှစ်ယောက်ကြား သမီးရည်းစား ကဏ္ဍလုံးဝပြတ်စဲမည်ဆိုတာ အသေအချာပဲဖြစ်သည်။
>>>>>

“စွန်စားမှုတွေစတင်ခြင်း”

“တစ်လလောက် ထရိန်နင်နဲ့ ယှဉ်ကန်ရမှာတော့ သိပ်မဟန်သေးပေမယ့် ကွင်းထဲမှာ ယုံကြည် မှုရှိရှိနဲ့ ထိန်းကန်နိုင်မှာပါ ။ သုတ မင်းကိုယ်မင်းယုံ ကြည်မှုတော့ ရှိနေပြီထင်တာပဲ”

အဲဒီအကြောင်း သူငယ်ချင်းတွေကို ပြောပြဖြစ်တော့ ကျွန်တော့်အပေါ် အမျိုးမျိုးကောက်ချက် ပေးကြသည်။ သေချာတာကတော့…ကျွန်တော် အရင်ကထက် ဘောလုံးကန်တက်ပြီဆိုတာပဲဖြစ် သည်။ အခုကန်မှာကလည်း ကွင်းကြီးတော့မဟုတ်။ ဒဗလျူ သဘောမျိုးကို မိန်းကလေး၊ယောင်္ကျား လေး ရောကန်မှာဖြစ်သည်။ သိပ်မကန်တတ်တဲ့ယောင်္ကျားလေး လေးယောက်ကို သူမတို့ သူငယ်ချင်း လေးယောက်နဲ့ ရောမွှေကန်ကြမှာ။ သေချာတာကတော့ သူမနဲ့ ကျွန်တော်တစ်ဖက်တည်း မနေတာပဲ ဖြစ်သည်။

အဲဒီနေ့…ဘောလုံးကန်ကြတဲ့နေ့ပေါ့။ ကျွန်တော်ရုံးမှာ နိုင်ငံခြား ဧည့်သည်တွေ၊ လူကြီးတွေနဲ့ စကားပြောတဲ့ အခါ အမှားမပါစေဖို့ စိတ်လှုပ်ရှားရတာထက် ဘာမဟုတ်တဲ့ ဘောလုံးပွဲလေးတစ်ပွဲကန် ဖို့ စိတ်လှုပ်ရှားတာက ပိုပါလိမ့်မည်။ စကန်တော့ ကျွန်တော်ထင်ထားသလိုပဲ…ကွင်းထဲမှာ ဟိုပြေးလိုက် ဒီပြေးလိုက်ဖြစ်နေတဲ့အဖြစ်။ မဆီမဆိုင် တနင်္ဂနွေပိတ်ရက်ကြောင့် ဖြစ်လာတာ…ပိတ်ရက်ကြောင့် ဘောလုံးကွင်းထဲရောက်နေရတာဆိုပြီး တနင်္ဂနွေနေ့ကို မုန်းမိသေးသည်။

ကျွန်တော့ ခြေထောက်ထဲ ဘောလုံးရပြီဆိုတာနဲ့ ဆတ်ခနဲ၊ ဆတ်ခနဲ ဝင်ဝင်လုသူမှာ ကျွန်တော့်ချစ်သူပင် ဖြစ်ပြီး သူမခြေထွေက်ထဲမှ ဘောလုံးကို ရဖို့ ကြိုးစားလုရင်း တဘိုင်းဘိုင်းချော်လဲ သူမှာ ကျွန်တော်ပင်ဖြစ်လေသည်။ ဘောလုံးကန်ရင် ခြေဖျားနဲ့မကန်နဲ့ ခြေခွင်နဲ့ကန်၊ ကိုယ့်ခြေ ထောက်ထဲ ဘောလုံးရောက်လို့ ပေးမယ့်လူရှုပ်နေရင် ဂိုးသမားပြန်ပေးပြီး ဘောချဲလိုက်။ အပေးအယူ လုပ်တဲ့အခါ ဆတ်ခနဲ ဆတ်ခနဲ ဖြစ်အောင်ပေးမှ တစ်ဖက်လူ လုလို့မရမှာ စတဲ့ ကျွန်တော့်ဆရာတွေ ရဲ့ ထရိန်နင်တွေဟာ… ဒီအမျိုးသမီးလေးတွေရဲ့ ခြေစွမ်းကိုဘယ်လိုမှ မယှဉ်နိုင်တာ ကျွန်တော့် ဆရာ တွေ ညံ့လို့လုံးဝမဟုတ်။ ငယ်ငယ်ကတည်းက မကြိုးစားလေခြင်းဆိုတဲ့ နောင်တနဲ့ အတူ ဘောလုံးပွဲ လေး မရှူမလှ ဇာတ်သိမ်းခဲ့ရသည်။ ရှစ်ဂိုး ဂိုးမရှိတဲ့။ ရှက်စိတ်ကြောင့် ဇီးရွက်လောက်ရှိတဲ့ မျက်နှာ ပုံစံ နဲ့ ကျွန်တော့်ကို ကျွန်တော့်ချစ်သူက ဘယ်လိုအားပေးတယ်ထင်ပါသလဲ။

“ညံ့လိုက်တာကွာ။ မိန်းက လေးနဲ့ တောင်ယှဉ်မကန်နိုင်ဘူး။ ယု ချစ်သူဆိုတာ ဘယ်သူယုံမလဲ” တဲ့။ ကျွန်တော်ဘာမှ ပြန်မပြော မိ။

အောင့်သက်သက်သာခံစားလိုက်ရသည်။ အဲဒီ အောင့်သက်သက်က အဖုအထစ်တစ်ခုအဖြစ် ပြောင်းလဲပြီး ရင်ထဲမှာ လှိုက်စားတာမျိုးမဖြစ်အောင် ပြုပြင်လို့မရခဲ့ပါ။ အော်…ငါ့ချစ်သူ ငါ့အပေါ် နား လည်ကိုယ်ချင်းစာတတ်ရင်တောင်မှာပဲ ငါခံစားရတဲ့ ရှက်စိတ်နဲ့ သိမ်ငယ်မှုကို သူမသိတာပဲလား၊ သိ ရက်သားနဲ့ပဲ ဟန်ဆောင်နေတာလားဆိုပြီး သူမအပေါ်မှာ စိတ်ခုမိတာအမှန်။
>>>>>

“စောင်းကြိုးညှင်း”

အသက်နှစ်ဆယ်ကျော် လူငယ်တစ်ယောက်ကျရသော မျက်ရည်တွင် ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်း၊ အချစ်စိတ် ကြောင့် ပူလောင်ခြင်း စတာတွေ ပါဝင်လေသည်။

ကျွန်တော် တစ်ယောက်တည်း ကျိတ်ငိုမိသည်။ အချစ်ကြောင့် ပူလောင်တာပဲဖြစ်ပါလိမ့်မည်။ ကြီးကောင်ကြီး မားနဲ့ ကျွန်တော် ဘာကြောင့် ငိုသလဲမေးလျှင် …ငယ်စဉ်ကတည်းက အတန်းပညာ အစ အကျွန် ပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲတိုင်းတွင် တစ်ခါမှ ရှုံးနိမ့်မှုမရှိခြင်း၊ ကျွန်တော် အချစ်ဆုံး ချစ်သူက ကျွန်တော် မကျွမ်းကျင်မှုအပေါ် လှောင်ပြောင် သရော်ခြင်း၊ သူမကျွန်တော့အပေါ်နားလည်မှု မရှိခြင်း၊ ဘောလုံးပညာရပ်အပေါ် မကျွမ်းကျင်၍ အားငယ်သိမ်ငယ်မိခြင်း ….အဲဒါတွေစုပေါင်းပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်ကာ ငိုမိခြင်းဖြစ်သည်။

“အချစ်မီးပဲ သုတရ၊ အမြဲတမ်း အေးအေးဆေးဆေးနေတတ်တဲ့ မင်းကအခု ပူလောင်နေရပြီ။ မင်းသူ့ကို မလျှော့မတင်းစောင်းကြိုးညှင်းဆိုပြီး ရေလိုက်ငါးလိုက် သဘောထားပြီး အလိုလိုက် သင့်တာလိုက်၊ တားသင့် တာတားခဲ့တယ်။ သံယောဇဉ်ကလည်း တဖြည်းဖြည်းခိုင်မာလာတယ်။ ခိုင်မာတဲ့ သံယောဇဉ်ကြောင့် သူ့ကို လက်လွှတ်ဆုံးရှုံးမခံချင်တော့ဘူး၊ ပိုချစ်လာတယ်။ ချစ်တဲ့စိတ်ကြောင့် မင်းစိတ်ထဲမှာ သဘောမတွေ့တာမှန်သမျှ တားဆီးချင်လာတယ်။ အင်း…ကြာလာရင် မလွယ်ဘူး”

ဒီအကြောင်း ကျွန်တော့်အလုပ်ထဲက အစ်ကို လိုသဘောထားသူတစ်ယောက်ကို တိုင်ပင်ဖြစ်တော့ ကျွန်တော့်အပေါ် ဂရုဏာသက်သည်။ သူလည်း ချစ်ခဲ့ဖူးသူမို့ ကျွန်တော်ခံစားနေရတဲ့ ဒုက္ခတွေ ကို ကိုယ်ချင်းစာသည်တဲ့။

“ကျွန်တော်ဘာဆက်လုပ်ရမလဲဗျာ”

“တိကနဲပြတ်တဲ့ကြိုးနဲ့ မလျှော့မတင်း ပြတ်သွားတဲ့ကြိုးမှာ မလျှော့မတင်းပြတ်တဲ့ကြိုးက ပိုပြီး အနာတရဖြစ်တယ်ကွ၊ မင်း အခုလိုခံစားနေရမယ့်အစား ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ အချိန်တန်ပြီ လို့ငါထင်တယ်။ မကြိုက်ရင်တား ကွာ…ဘဝဖော်အဖြစ်လက်တွဲရမယ့်သူကို မျှမျှတတနဲ့ မင်းစိတ်ကြိုက် ထုဆစ်ပိုင်ခွင့်ရှိတယ်”

ကျွန်တော်သေချာစဉ်းစားရတော့မည်။ ကျွန်တော့် သူငယ်ချင်းတွေကိုမေးရင် ကျွန်တော့်ဖက်က ပြတ်သားဖို့လို ကြောင်းပြောကြလိမ့်မည်။ ကျွန်တော်…သူမကို လုံးဝဘောလုံးမကန်ဖို့တား မြစ်ရ လိမ့်မည်။
အဲဒီနေ့က အိမ်အပြန် သူမတို့ အဖွဲ့လေးယောက်ရယ်၊ ဟိုတစ်နေ့က ဘောလုံးကန်တဲ့ ယောက်ျားလေး သုံးယောက် ရယ် ဘောလုံးကွင်းနားမှာတွေ့သည်။

“မောင့်ကိုစောင့်နေတာ။ ဘောလုံးကန်ဖို့…ရုံးကအပြန် ရေမချိုးခင် သွေးပူလေ့ကျင့်ခန်းပေါ့။ မြန်မြန်လာ… ပုဆိုးခါး တောင်းကျိုက်ပြီးကန်၊ အထဲကစွပ်ကျယ်ပါတယ်မှလား”

ကျွန်တော့်လက်ကို ဆတ်ခနဲဆွဲပြီး ဘောလုံးကွင်းထဲခေါ်သွားသည်။ ကျွန်တော် ရုံးမှာဆုံးဖြတ်ခဲ့သော စိတ်တွေကမောက်ကမဖြစ်ကာ သူခေါ်ရာနောက် ကြောင်ပြီးလိုက်သွားမိသည်။ ဒါနောက်ဆုံး အနေနဲ့ပဲလေ။ ကန်လိုက်တာပေါ့လို့ ကျွန်တော် ကိုယ့်ကို်ယ်ကိုယ် သုံးသပ်စဉ်းစားကာ ဝင်ကန်ဖြစ် သည်။ ဟိုတစ်နေ့ကလိုပဲ တစ်ဖက် ယောကျ်ားလေးနှစ်ယောက်၊ မိန်းကလေး နှစ်ယောက်နဲ့ပေါ့။ ပွဲက ဟိုတစ်နေ့ကလိုပဲ မလှပခဲ့ပါ။ လေးယောက်သာ ရှိသော ဘောလုံးတစ်သင်းအတွက် စည်းလုံးညီညွတ် ပြီး အပေးအယူ၊ အချိတ်အဆက် ကောင်းကောင်းနဲ့ ကစားနိုင်မှ ပြိုင်ဖက် အသင်းကိုနိုင်မှာ ဖြစ်ပေမယ့် ကျွန်တော်ပါဝင်သည့်ဖက်မှ အသင်းက ဂိုးသမားမှလွဲ၍ ကျန်တဲ့သုံးယောက်လုံး အချိတ်အဆက်မိမိ မကစားနိုင်တာ ကျွန်တော်ရဲ့ အရေးမပါမှု၊ အသုံးမကျမှုကြောင့်ပဲဆိုတာ ပြောစရာမလိုတော့ပြီ။

“လာလေ၊ လာလု…ရရင် နှစ်ရာပေးမယ်” ဆိုပြီး ယုက သူ့ခြေထောက်ထဲက ဘောလုံးကို ကျွန်တော့်ကို လုခိုင်းသည်။ တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ် လုလို့မရတာရယ်။ ကျွန်တော်လုလို့ မရလေလေ ယုက ကျွန်တော့်ကို လှောင်လိုက်၊ ပြောင်လိုက်လုပ်လေလေကြောင့် ဒေါသထွက်လာမိ သည်။ လေးကြိမ်မြောက် အလှောင်ခံပြီး နောက် မှာတော့…

“တောက်”

ကျွန်တော်ဒေါသထွက်ကာ ဘောလုံးကွင်းထဲမှ ကျောခိုင်းထွက်လာလိုက်သည်။ အရှေ့ဖက် တည့်တည့်ဆီမှ ကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်မြစ်ဆုံတွေ ထိုးထိုးထောင်ထောင်ထွက်နေသည့် ကုက္ကိုလ်ပင်ကို ကျွန်တော် အဆက်မပြတ်ကန်နေမိသည်။ အသုံးမကျလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိ၍ဖြစ်သည်။

“ဒုတ်…ဒုတ်…ဒုတ်”

တရစပ်ကန်ချက်တွေများလာတော့ နာကျင်မှု ဝေဒနာကို အလူးအလဲခံစားရတာ အရုပ်ကြိုး ပြတ်လဲကျသွားမိသည်။ ယုရဲ့ “မောင်”လို့ ခေါ်တဲ့ အသံသဲ့သဲ့မှ လွဲ၍ ကျွန်တော် ဘာမှ မကြားတော့။
>>>>>

“စောင်းကြိုးညှင်းလေးပြတ်သွားတဲ့အခါ”

ဆေးရုံရဲ့ သီးသန့်အခန်းကျဉ်းထဲမှာ သူငယ်ချင်းတွေအစီအရီထိုင်လျက် ကျွန်တော့်ကို အား ပေးနေသည်။ ညာဘက် ခြေမျက်စိအောက် ခြေခွင်တစ်ခုလုံးမှာရှိတဲ့ အရိုးတွေကြေကုန်ပြီး ကာလရှည်တစ်ခုအထိ အသုံးပြု၍ မရတော့သော ခြေထောက်ရဲ့ ကျောက်ပတ်တီးတွေအကြောင်း အဓိက ပါဝင်သည်။ သူတို့ပြောတဲ့စကားတွေ ကျွန်တော့်အတွက် ရယ်စရာ၊ ပြုံးစရာနဲ့ ဝမ်းသာကြည်နူး စရာတွေချည်းဖြစ်လေသည်။

အဲဒီအခိုက်အတန့်…အခန်းတံခါးပွင့်လာသည်။ တမင်တကာလုပ်ယူဖန်တီးထားသော အပြုံးနဲ့ မိန်းကလေးတစ် ယောက်။ ပခုံးပေါ်အထိဝဲကျနေသော ဆံပင်တွေ၊ ပန်းနုရောင်ရင်ဖုံးလက်ရှည် အကျႌပေါ် ကနုတ်လေးတွေ အလှဆင်လျက် အပွင့်အခက်လေးတွေ ပါဝင်သော ထမီစကတ်ခြေမျက်စိဖုံးကို ဝတ်ဆင်ထား၏ လက်ထဲမှာ အသီးအနှံနဲ့ စားစရာတစ်ချို့။

“ယု”

ကျွန်တော် တိုးလျလျရေရွတ်လိုက်သည်။ တဒင်္ဂအတွင်း ကျွန်တော့်စိတ်ထဲသရဲ၊ တစ္ဆ တစ်ကောင်ကို မြင်လိုက်ရ သလို ကြောက်လန့်သွားမိ၏။

“ဟာ…သွား၊ မလာနဲ့…သွား၊”

ရုတ်တရက်ကြီး မောင်းထုတ်ပစ်လိုက်မိသည်။ဟုတ်တယ် မင်းမလာနဲ.ယု။
“မင်းနဲ့ငါ ဘာမှ မပတ်သက်တော့ဘူး၊ သွားတော့၊ ဟင့်အင်း… မင်းလိုမိန်းမမျိုး ငါ့ဘဝထဲကနေ ဆွဲထုတ်ပစ်လိုက်ပြီ။ သွား….သွားတော့…”

“ယုလေ မောင်ရဲ့ …မောင့်ရဲ့ ချစ်သူလေ..”

ယုက သူမကိုကျွန်တော် မမှတ်မိဘူးလို ့ထင်နေသည်။သိပ်မှတ်မိတာပေါ့ ယု။ငါ့ အချစ်ထက်ဘောလုံးကိုတန်ဖိုးထားတဲ ့မိန်းမ။
ငါဘာလို့မင်းကိုနွယ်နေတော့ မှာလဲ။

“ဟင့်အင်း…မဟုတ်ဘူး၊ မဟုတ်ဘူး…မင်းကို ငါမချစ်ဘူး။ မုန်းတယ်…မုန်းတယ်၊ လူတစ်ဖက် သားရဲ့ ခံစားချက်ကို ဘယ်တုန်းကမှ နားမလည်ခဲ့တဲ့မင်းကို ငါအရမ်းမုန်းတယ်၊ ငါ့ဘဝထဲမှာ ယုဆိုတာ မရှိတော့ဘူး။ မင်း…မင်းဟာ ငါ့အတွက် ကဝေမ ပဲယု၊ ဟင့်အင်း…မတွေ့ချင်ဘူး…သွား၊ သူငယ်ချင်းတို့…သူ့ကို မောင်းထုတ်ပေးပါ၊ အဲဒါ ငါအရမ်းမုန်းတဲ့ ဘောလုံးကို အရမ်းချစ်တဲ့ မိန်းမ၊ သူ့ကိုငါ မုန်းတယ်…သွား…မင်းသွား”

သွေးရူးသွေးတန်းနဲ့ အရူးတစ်ယောက်လို အော်ဟစ်မောင်းထုတ်နေတဲ့ ကျွန်တော့်ကို သူမ ဘာမှ စောဒက ထပ်မတက်တော့။ သူငယ်ချင်းတွေကလည်း သူမကို ပြန်ဖို့နဲ့ ကျွန်တော့်ဘဝထဲကနေ သူမကို ဆွဲထုတ်ပစ် လိုက်ပြီဆိုတဲ့အကြောင်း ဖျောင်းဖျပြောဆိုသည်။ သူမပြန်ခါနီး တံခါးဝနားရောက်တော့ စကားတွေပြောသွားသည်။

“ယု …မောင့်ကို အရမ်းချစ်တယ်၊ ဒါပေမဲ့ ယုရဲ့ မသိစိတ်က ကိုယ့်ကိုယ်ကိုယ်ပိုချစ်နေခဲ့လို့ မောင့်အပေါ်ကိုယ်ချင်း မစာမိခဲ့တာပါမောင်ရယ်၊ ယု နောင်တရပေမယ့် နောက်ကျခဲ့ပြီပေါ့၊ ယု မောင့် ကို တကယ်ချစ်ခဲ့တာပါ”

ကျွန်တော့စိတ်ထဲမကြားဘူးလို့ ယူဆနေမိသည်။
>>>>>

“အပိတ်”

အဲဒီနောက်ပိုင်း…ကျွန်တော်နဲ့ ယု ထပ်မတွေ့တော့ပါ။ ကျွန်တော့်ရင်ထဲမှာ ယုဆိုတာ တရား ဝင်ပျောက် ကွယ်ခဲ့ပြီး သူမတို့ ကန်နေကျ ဘောလုံးကွင်းကိုလည်း အလုပ်ကပြန်လာတိုင်း ကျွန်တော်မကြည့်ဖြစ်တော့။

လူကိုယ်စီမှာ ငုတ်လျှိုးကိန်းအောင်းနေတတ်တဲ့ မခံချင်စိတ်လေးတွေရှိတတ်ကြပါသည်။ အဲဒီ မခံချင်စိတ်ကို ထိပါးစော်ကားခဲ့မယ်ဆိုရင်တော့ အနီးဆုံးလူနှစ်ယောက်တောင် အဝေးဆုံးကို ရောက် ရှိသွားတတ်ကြမည်ဟု ကျွန်တော်ထင်ပါသည်။

ကျွန်တော့လုပ်ဖော်ကိုင်ဖက်ပြောခဲ့သလိုပဲ တိခနဲပြတ်တဲ့ကြိုးနဲ့မလျှော့မတင်းပြတ်တဲ့ကြိုးမှာ မလျှော့ မတင်းပြတ်တဲ့ ကြိုးက အနာတရတွေအများကြီးပါဝင်ခဲ့တာ အသေအချာပဲဖြစ်လေသည်။
>>>>>