မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၁)

(၁)

တကယ်ဆို ဒီလိုရာသီ အချိန်အခါနဲ့ မိုးကအဲ့လောက်မရွာသင့်ပါ။ ဖေဖော်ဝါရီအကုန်ဆိုတာ မိုးနဲ့ အလှမ်းဝေးလှသည်မဟုတ်လား။ မိုးစချုပ်ကတည်းက ရွာနေလိုက်တာ သန်းခေါင်တောင်ရောက်ခဲ့ပြီ။ ကြီးမားလှသည့် မိုးခြိမ်းသံတစ်ချက်တစ်ချက်က ကျွန်တော့်ကိုလန့်နိုးစေခဲ့ပါသည်။ ပြန်အိပ်ပျော်လိုက် မိုးခြိမ်းသံကြောင့် လန့်နိုးလိုက်ဖြစ်နေတုန်းမှာပဲ တံခါးခေါက်သံကြားခဲ့တာဖြစ်သည်။ ကျွန်တော်နေထိုင် ရာအခန်းကျဉ်းလေးထဲကို တံခါးလာခေါက်သည့်ချိန်မှာ ည ၁၂ နာရီကျော်ခဲ့လေပြီ။ တဒုန်းတဒုန်းအသံ က စစချင်းတော့ မိုးသံကို မထွင်းဖောက်နိုင်ပါ။ ကျွန်တော်ကြားသည့်အချိန်မှာတော့ အဲ့ဒီတံခါးခေါက် သံက ပုံမှန်ထက် အဆများစွာကျယ်ခဲ့ပြီ။

“ဘယ်သူလဲဟေ့။ လာပြီ။ ဒီအချိန်ကြီးကျ မှ”

ကျွန်တော့်လှမ်းအော်သံကို အပြင်က ကြားချင်မှကြားပါလိမ့်မည်။ မိုးသံက တော်တော်ကြီးနေသေး သည်။ လူကြီးတွေပြောတာကြားဖူးတာက ဒါသရက်မိုးလို့ခေါ်သည်တဲ့။ သရက်ပွင့်ကနေ သရက်သီး အကင်းလေးတွေ ဝေဝေဆာဆာသီးစေဖို့ မိုးနတ်မင်းကြီးက ရွာချပေးတာတဲ့။ ဒါပေမယ့် ဒီနှစ်မိုးက ပိုသည်းပါသည်။ မိုးခြိမ်းသံကလည်း အဲ့လောက်မှမကျယ်ဖူးတာ။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး တံခါးဖွင့်ဖို့ထလာခဲ့၏။ တံခါးခေါက်သံက ဆက်တိုက်မြည်နေဆဲ။

“လာပြီ … လာပြီ”

အသံကျယ်ကျယ် ထပ်အော်လိုက်တော့မှ ထပ်မခေါက်တော့။ ထူးထူးခြားခြား ဒီအချိန်ကျွန်တော့်ထံ ကို ဘယ်ဧည့်သည်မှ မလာတတ်ပါ။ တစ်ယောက်တည်းနေတဲ့အခန်းဆိုပြီး လာချင်တဲ့အချိန်လာ၊ ထွက်ချင် တဲ့အချိန်ထွက်မ လုပ်ဖို့ သူငယ်ချင်းတွေကို ခွင့်မပြု။ တံခါးမင်းတုန်းအဖွင့် လေပြင်းတွေက အိမ်ထဲကို တိုးဝင်လာခဲ့သည်။ ကျွန်တော်လုံးဝ ထင်မှတ်မထားသူတစ်ဦး။

“ဟင်.. ဝေငြိမ်း”

ကျွန်တာ်အလုပ်က ထွက်တာကြာခဲ့ပြီပဲ။ လေးငါးလလောက်တောင် ရှိရောပေါ့။ အလုပ်ကထွက်ပြီး နောက်ပိုင်း အဲဒီအလုပ်ကလူတွေနဲ့ မတွေ့ ဖြစ်ဘဲ အခုမှ ဝေငြိမ်းထက်ကို ပထမဆုံးတွေ့လိုက်ရခြင်းပင်။

“မင်း … မင်းတစ်ကိုယ်လုံး…”

လေပြင်း မိုးသည်းတွေကြောင့် သူ့တစ်ကိုယ်လုံး စုတ်ပြတ်လို့နေသည်။ ကြွက်စုတ်လေးအတိုင်း။ ဝေငြိမ်းက နဂိုကတည်းကမှ လူနွဲ့။ ခက်ထန်ကြမ်းတမ်းတဲ့ ဘဝကိုရင်ဆိုင်နေရပေမယ့် ကျားကျားလျားလျား ယောက်ျားတစ်ယောက်မဟုတ်ပါ။ အလုပ်မှာဆို သူ့ကိုသောက်ခြောက်၊ ဂန်ဒူးဆိုပြီး နှိမ်ချင်ကြတာ။ သူကတော့ အဲဒါတွေကို ဂရုစိုက်တာမဟုတ်။ ပျော်ပျော်ပဲ ရင်ဆိုင်တတ်သည်။ အားလုံးကို စနောက် တတ်တာမို့ အားလုံးကလည်း သူ့ကို ဟာသပြတ်လုံးတစ်ခု၊ လူရွှင်တော်တစ်ယောက်ပမာ သဘောထား၊ စနောက်တတ်ကြသည်။ စိုရွှဲနေတဲ့ ခနာကိုယ်ကိုကြည့်လိုက်ပြီး သူ့မျက်နှာကို ဆန်းစစ်ကြည့်တော့ ထူးခြားမှုတချို့ ကျွန်တော်တွေ့လိုက်သည်။

ဖူးရောင်နေတဲ့ ဒဏ်ရာတွေ။

မျက်နှာတစ်ပြင်လုံး မို့မောက်နေသည်။ ကျွန်တော်လန့်သွားမိ၏။

“မင်း .. မင်းဘာဖြစ်လာတာလဲ…”

သူကျွန်တော့်ကိုကြည့်သည်။

ဘုရား.. ဘုရား။ သူ့မျက်လုံးတွေမှာ ပြဿနာတစ်ခု ကြီးကြီးမားမားဖြစ်လာတယ်ဆိုတာ သက် သေပြနေသည်။

“ဝေယံ .. ငါ .. ငါကြောက်တယ်”

သူကျွန်တော့် လက်မောင်းနှစ်ဖက်ကို လာကိုင်သည်။ ကျွန်တော့်ညဝတ်အင်္ကျီပါ စိုရွှဲသွား၏။ သူတစ်စုံတစ်ခုကို အကြီးအကျယ်တုန်လှုပ်နေပုံရသည်။

“လာ.. လာ .. အိမ်ထဲဝင်”

သူ့ကို ချက်ချင်းကြီးမေးလို့မဖြစ်ဆိုတာ ကျွန်တော်သိလိုက်ပြီ။ အိမ်ထဲခေါ်ပြီး တံခါးပိတ်လိုက် တော့ မိုးသံက တစ်ဝက်ကျော်ကျော်လောက် တိုးသွားသည်။

“ရေချိုးခန်းထဲ အရင်သွားမယ်… ဝေငြိမ်း”

“ဟင်… ဘာလုပ်မလို့လဲ”

ကျွန်တော်ရယ်ချလိုက်မိသည်။

“မင်းတော်တော်နောက်တဲ့ကောင်ပဲ။ ငါက မင်းကိုဘာလုပ်မှာမို့လို့လဲ။ မင်းရဲ့ စုတ်ပြတ်နေတဲ့ ဒဏ်ရာတွေကို အရင်ဆေးကြောပေးမလို့ပေါ့ကွ”

သူ့ကို ရေချိုခန်းထဲဝင်စေပြီး မျက်နှာပေါ်က ဒဏ်ရာတွေကို ဆေးကြောစေသည်။ အဲဒီအချိန်မှာ ကျွန်တော်က အင်္ကျီ၊ ပုဆိုး၊ တဘက်တို့ကိုယူကာ လဲစေဖို့စောင့်နေ၏။ ရေချိုးခန်းထဲကထွက်လာတော့ တဘက်နဲ့သုတ်၊ အဝတ်အစားတွေလဲခိုင်းသည်။

“မင်းနဖူးက ဒဏ်ရာတွေက သွေးမတိတ်သေးဘူး ဝေငြိမ်း။ သေချာမဆေးခဲ့ဘူးလား”

သူဘာမှ ပြန်မပြောပါ။

ဒဏ်ရာပေါ်မှသွေးစတချို့ကို လက်နဲ့ထိတို့ရင်းသာ ကျွန်တော့်ကို ကြည့်နေသည်။ သူ့ကို ကျွန်တော်ဆေးထည့်ပေးရမည်။ နေဦး။ ကော်ဖီတစ်ခွက်လောက်တိုက်လိုက်ရင် အချမ်းပြေသွားမှာ သေချာသည်။

သူ့ကို ဧည့်ခန်းထဲမှာ ထိုင်ခိုင်းထားပြီး ကျွန်တော်တစ်ယောက်တည်း အလုပ်ရှုပ်သွားသည်။ ကော်ဖီဖျော်၊ ဆေးသေတ္တာယူပြီး ဧည့်ခန်းထဲထွက်လာတော့ ထိုင်ခုံပေါ် ကွေးကွေးလေးဖြစ်နေသော သူပြန်မတ်လာသည်။

“ဟင်”

အဲဒီတော့မှ သူ့ဒဏ်ရာကို ကျွန်တော်သေချာမြင်ရသည်။ နဖူးက ပုံမှန်ဒဏ်ရာတစ်ခုရသလို မဟုတ်။ တစ်ပြင်လုံးရဲတွတ်နေကာ နေရာအနှံ့ပွပြဲလို့နေသည်။ ဒါ သာမန်ထိခိုက်မိတာ မဟုတ်တော့ သေချာပြီ။

“ဝေငြိမ်း… မင်းနဖူးဒဏ်ရာက တော်တော်များတယ်”

ဒဏ်ရာကို သေချာသန့်စင်ပေးဖို့ ပြင်လိုက်သည်။

သူကတော့ ငြိမ်၍သာနေသည်။ အရက်ပြန်ဆွတ်တော့လည်း စပ်လို့ဆိုပြီး မအော်။ ထူးဆန်း တယ်လို့တွေးနေစဉ်မှာပဲ သူဆီက စကားသံတချို့ ထွက်လာလေခဲ့သည်။

“ဒီဒဏ်ရာက ငါအနိုင်ကျင့်ခံရတာဟ။ ဆံပင်ကို ဆွဲပြီး ရက်ကန်းစင်တိုင်ဆီကို နဖူးနဲ့ ဆောင့် ဆောင့်ပြီး တိုက်ပစ်ခံရတာ”

“ဟင်”

အဲဒီလိုရန်ဖြစ်စရာ ဝေငြိမ်းထက်ဘဝမှာ ဘယ်နှစ်ယောက်များရှိမလဲ။ ကျွန်တော်လက်လှမ်းမီသ လောက် တွေးကြည့်လိုက်တော့ တစ်ယောက်တွေ့သည်။ အဲဒီလူပဲဖြစ်ရမည်။

“ဘယ်သူ့လက်ချက်လဲ ဝေငြိမ်း”

မဝံမရဲဖြေသည်။

“ည… ညချမ်းမောင်”

ထင်သည့်အတိုင်းပင်။ ညချမ်းမောင်ဟာ ဝေငြိမ်းဘဝမှာ ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်သည်။ ဘယ်တုန်းကမှ ကောင်းကျိုးပေးခဲ့သူမဟုတ်။

“မင်း သူနဲ့ ရန်ဖြစ်လာတာပေါ့”

ပြောပြီးမှ ကျွန်တော်စဉ်းစားမိသွားသည်။ ရန်ဖြစ်လာတာလို့ မသုံးသင့်ပါ။ အနှိပ်စက်ခံလာတာ လားလို့ မေးရမှာမဟုတ်လား။ ဝေငြိမ်းဟာ သွေးမတော်သားမစပ်တဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရော၊ စိတ်ပါ နှိပ်စက်မှုကို အမြဲတမ်းခံခဲ့ရတာမလား…။ (ဝေငြိမ်းဘဝထဲ ညချမ်းမောင် ရောက်လာတဲ့အချိန် ကစလို့…)

“ဝေယံ”

သူ ကျွန်တော့်ကို ကြည့်သည်။

အင်္ကျီခြောက်လဲ၊ အနွေးထည်ဝတ်၊ ကော်ဖီတိုက်ပြီးသည့်တိုင်အောင် သူအချမ်းမပျောက်သေး။ သူ့တစ်ကိုယ်လုံး တုန်ယင်နေတာကို အတိုင်းသားမြင်နေရသည်။ ပြီးတော့ အသက်ရှူသံတွေ ပြင်းလာ လေသည်။ ရုတ်တရက် ချွေးပြန်လာတာကိုလည်း ကျွန်တော်သတိပြုမိလိုက်သည်။

“ညီမလေး… ညီမလေးကို…”

သူ့စကားသံတွေပါ တုန်ယင်နေသည်။

“ဝေငြိမ်း… မင်းဘာဖြစ်တာလဲ…။ စိတ်အေးအေးထားပြီးပြော။ ဒီမှာ မင်းနဲ့ငါ နှစ်ယောက်ပဲရှိ တာ။ ဘာမှကြောက်စရာ စိုးရိမ်စရာမရှိဘူး”

ကျွန်တော်နှစ်သိမ့်လိုက်မှပင် သူ့တုန်ယင်မှုတွေ ပိုဆိုးလာသည်။

“ငါ… ငါကြောက်တယ်”

ကတုန်ကယင်ဖြေပြီး ငိုကြွေးနေလေသည်။ ခဏကြာတော့ သူရှိုက်နေတာရပ်သွားပြီး ခေါင်း ငိုက်စိုက်ကျသွားသည်။

“ဟာ”

ကျွန်တော် လှမ်းထိန်းလိုက်သည်။ သွားပြီ..။ သူသတိလစ်သွားပြီ။ ဝေငြိမ်း ဘယ်လိုကြောက်စ ရာမျိုးနဲ့ တွေ့လာတာပါလဲ။ ညီမလေးတဲ့..။ ဝေငြိမ်းရဲ့ ညီမလေး မိုးမြင့်ထက်ဘာဖြစ်လို့ပါလဲ။

ကျွန်တော် သူ့ကိုအိပ်ရာထဲ ထမ်းသယ်ပြီး နွေးနွေးထွေးထွေးဖြစ်အောင် သိပ်လိုက်သည်။ မိုးက အခုချိန်ထိ မရပ်သေး။ ရွာပုံက ပြင်းထန်လှသည်။ ညအချိန်မတော်ကြီး ပဟေဠိတွေနဲ့ ရောက်လာသော ဝေငြိမ်းထက်အကြောင်းကို ကျွန်တော်တွေးနေမိသည်။

တကယ်ဆို အရင်တုန်းက သူ့ဘဝမပြေပြစ် မချောမွေ့ပေမယ့် အရမ်းကြီးခက်ထန်ကြမ်းတမ်းမ နေခဲ့ပါ။ “ညချမ်းမောင်” ရောက်လာပြီးမှသာ ဝေငြိမ်းရဲ့ဘဝ မုန်တိုင်းစခဲ့တာ အားလုံးအသိပင်။ အဲဒီအ ထဲမှာမှ ကျွန်တော်က အသိဆုံးဖြစ်ခဲ့ပါသည်။

× × × × × × × × × ×