မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃)

(၃)

တကယ်တမ်းမှာတော့ ညချမ်းမောင်ရဲ့စိတ်အာရုံတွေအားလုံးကို သိမ်းပိုက်လိုက်တာ ခင်သူဇာ ပင်ဖြစ်လေသည်။ အဲဒါကို ဝေငြိမ်း မရိပ်မိခဲ့ပါ။ ညချမ်းမောင်နဲ့ ဘယ်လိုရောရမလဲဆိုတဲ့ အတွေးတွေ သာ ဝေငြိမ်းဆီကို ရောက်နေခဲ့တာပင်။

ချားဆွဲသမားတွေအနေနဲ့ ရက္ကန်းစင်တွေပျက်ရင် ပြင်ပေးဖို့တာဝန်ကိုလည်း ယူထားတာမို့ အဲ့ဒီ အချက်က ဝေငြိမ်းအတွက် ဇာတ်လမ်းစဖို့ ဖြစ်လာခဲ့သည်။ ရက္ကန်းစင် (၄၀) အတွက် ချားဆွဲသမား (၅) ယောက်ရှိပါသည်။ ရက္ကန်းစင်ပျက်ရင် ကိုယ်နဲ့ခင်ရာမင်ကြောင်း ချားဆွဲသမားတွေကို ခေါ်ပြင်ခိုင်းလေ့ရှိ ကြပြီး ရက္ကန်းသမားတွေက မုန့်ဖိုးပဲဖိုးပေး၊ မပေးရင် မုန့်လေးဘာလေးဝယ်ကျွေးရသည်။

“စင်ပျက်တာလား… ချားမှာ အရှုပ်တွေပါလို့တော့ မဟုတ်ပါဘူးနော်..။ ကျွန်တော် သေချာဆွဲ ပေးထားတာ”

ဝေငြိမ်းက သူ့ကိုစင်ပြင်ပေးဖို့ အကူအညီတောင်းတော့ အသာတကြည်ပင် လိုက်လာပေးပါ သည်။ အမှန်တော့ ဝေငြိမ်းစင်က တကယ်ပျက်တာမဟုတ်။ ကိုယ့်ဖာသာ မပျက်ပျက်အောင်လုပ်ထား တာပင်။ လက်ခတ်လေးကို နည်းနည်းလေးစောင်းပစ်လိုက်ပြီး နှပ် (ချားနှင့် ယဉ်သွားကို နှပ်ချောင်း လေးထဲရှိ အပေါက်လေးများမှ ဆက်သွယ်ရသည်) ချောင်းလေးတွေကို ဖရိုဖရဲဖြစ်အောင် လုပ်ထားခြင်း ပင်။ ဒါမျိုးကို ရက္ကန်းကြောနပ်တဲ့သူအတွက် အသာတကြည်ပင် ပြင်ပေးတတ်တာပေါ့။ ချည်မျှင်ကြိုး တွေနဲ့ အထည်တွေခတ်ဖို့ ချားဆွဲပေးလာတဲ့ ညချမ်းမောင်အတွက်ကတော့ အေးဆေးပင်။

ပြီးတော့ သူက ဝေငြိမ်းတို့ဖက်ကို မကြာခဏလာချင်ပုံရပြီး ဝေငြိမ်းတို့နားတစ်ဝိုက်က ချားလုံး တွေကို သူပဲဒိုင်ခံဆွဲပေးတတ်ပါသည်။ တကယ်တော့ ခင်သူဇာအနား ဇာတ်လမ်းလာခင်းချင်လို့ဆိုတာ နောက်မှသိခဲ့ရပါသည်။ ရက္ကန်းစင်ပြင်တာအကြောင်းပြုပြီး ဝေငြိမ်းနှင့်သူ စတင်ရင်းနှီးခဲ့ပါသည်။ အချိန် တိုအတွင်းမှာပေါ့လေ။ တကယ်တမ်း ဒီဝန်းကျင်အဝိုင်းလေးက ရင်းနှီးဖို့အင်မတန်လွယ်ကူသည်မဟုတ် လား။

“မြန်မာ့လက်ရာ” ရက္ကန်းရုံရဲ့ တစ်ဖက်ခြံမှာတော့ အလုပ်ရှင်ဇနီးမောင်နှံနေထိုင်ပြီး တစ်နေ့သုံး ခေါက်လောက် ရုံထဲကိုလာကြည့်တတ်ပါသည်။ ရက္ကန်းရုံကထွက်တဲ့ကုန်တွေကို ဘုရင့်နောင်ပွဲရုံသို့ပို့ပြီး အရောင်းအဝယ်လုပ်ရတာမို့ အလုပ်ရှင်တွေက ပွဲရုံကိစ္စကို အဓိကထားလုပ်ကြပြီး ရက္ကန်းရုံကိစ္စတွေကို ထွန်းထွန်းတို့၊ မန်နေဂျာတို့နဲ့ လွှဲထားတတ်ကြသည်။ ဒီမှာရှိတဲ့သူ သုံးပုံနှစ်ပုံလောက်က ဒီအထဲမှာပဲ အ ဆောင်နေ၊ ဒီအထဲမှာပဲ အလုပ်လုပ်ကြတာမို့ (၂၄) နာရီပတ်လုံး တွေ့နေကြရတာက ရင်းနှီးဖို့အလွယ် ကူဆုံးပင်။

မန်နေဂျာ၊ ထွန်းထွန်းတို့လို Admin ပိုင်း တစ်ယောက်နှစ်ယောက်နဲ့ ဒီနားတစ်ဝိုက်နေထိုင်တဲ့ ရက္ကန်းသမားတချို့သာ အိမ်ပြန်တတ်ကြသည်။ အတူအလုပ်လုပ်၊ အတူနေကြတာမို့ တစ်ယောက်အ ကြောင်းတစ်ယောက်သိပြီး ရင်းရင်းနှီးနှီးရှိကြသည်။ Admin ဌာန နေရာနားမှာ တီဗွီအကြီးကြီးတစ်လုံး ထားပေးပြီး ညဖက်ဆို တီဗွီစုကြည့်ကြသည်။ တနင်္ဂနွေလိုပိတ်ရက်မျိုးဆို အလုပ်ရှင်က ပိုက်ဆံစိုက်ပြီး မုန့်ဟင်းခါးချက်စားကြသည်။

“ညချမ်းရေ ထမင်းစားရင် ပြောဦးနော်။ ပိန္ဒဲသီးနဲ့ ဆူးပုပ်ရွက်ဟင်းချက်ထားတာ ပေးချင်လို့”

သူထမင်းစားတိုင်း ဝေငြိမ်းက ဟင်းဖယ်ထားပြီး ပေးတတ်တဲ့အကျင့်ရလာသည်။ ညချမ်းကြိုက်တဲ့ ဟင်းတွေကိုလည်း သတိတရမှတ်ထားတတ်ပြီး ကြုံရင်ကြုံသ လို ချက်ကျွေးတတ်ခဲ့ပြီ။

သူရဲ့ ဝေငြိမ်းအပေါ်ဆက်ဆံရေးကလည်း ရင်းနှီးသည်ထက် ရင်းနှီးလာခဲ့၏။

“ဝေငြိမ်း.. ရေချိုးရင် ငါ့အင်္ကျီလေးပါ လျှော်ပေးဦးကွာ”

အဲဒီလိုမျိုး အကူအညီတောင်းတတ်လာသလို နေ့လည်နေ့ခင်းမုန့်သည်လာရင်လည်း ဝယ်ကျွေး ခိုင်းတတ်ခဲ့ပြီ။ အဲဒါကိုပဲ ဝေငြိမ်းက သာယာလာခဲ့ပါသည်။

အဲဒါတင် ဘယ်ကမလဲ။ တစ်ခါတလေ ဝေငြိမ်းတို့ ညစာစားရင်တောင် သူက ဝင်စားလေက် အောင် ရင်းနှီးလာခဲ့သည်။ ရက္ကန်းရုံရှိ လူနေဆောင်များတွင် မိသားစုတွေနေတဲ့ အဆောင်နဲ့ တစ်ကိုယ် ရေသမားများနေတဲ့ အဆောင်ဆိုပြီး သပ်သပ်ခွဲထားပါသည်။ ဝေငြိမ်းတို့က မိသားစုအဆောင်မှာ မောင် နှမနှစ်ယောက်နေတာမို့ ကျယ်ကျယ်ဝန်းဝန်းရှိပါသည်။ ညချမ်းတို့ကျတော့ ယောက်ျားလေးဆောင်မှာ ကုတင်တစ်ယောက်တစ်လုံးစီနဲ့ နေကြတာဖြစ်သည်။

မိသားစုလိုက်နေကြသူတွေက ထမင်းချက်စားတတ်ကြသော်လည်း တစ်ကိုယ်ရည်သမားတွေ အဖို့တော့ ဆိုင်က လပေးစားတာများသည်။ ရက္ကန်းရုံဘေးနားမှာ တန်ဖိုးနည်းထမင်းဆိုင်တွေဆီက လ ပေးစားလို့ရသလို လုပ်ဖော်ကိုင်ဖက်မိသားစုတွေဆီကို တစ်ယောက်စာပိုချက်ခိုင်းပြီးတော့လည်း လ ပေး စားလို့ရသည်။

“ညချမ်း ထမင်းစားရတာ အဆင်ပြေလား.. တကယ်လို့မပြေဘူးဆိုရင် ဝေငြိမ်းတို့နဲ့ ပေါင်းစား လို့ရတယ်။ ဒီမှာက မောင်နှမနှစ်ယောက်တည်း…”

ညချမ်းကို အဲ့လိုစကားခေါ်ခဲ့သေးသည်။ ဒါပေမယ့် သူကတော့ ငြင်းခဲ့ပါသည်။

“ရတယ်ဗျ။ ဟိုမှာ ပြောပြီးပြီ”

“ဘယ်မှာလဲ”

“ဒီနားက ဆိုင်မှာ။ ဦးအညာသားတို့ဆိုင်လို့ ထွန်းထွန်းကပြောတယ်။ သူပြောပေးတာလေ။ ထမင်းစားချိန် သူတို့က ချိုင့်လာပို့မှာ…”

“သြော်… အင်း .. ပြီးရော”

သို့သော်လည်း ဝေငြိမ်းတို့စားနေတဲ့ဟင်းတစ်ခွက်တော့ သူ့ဆီကို နေ့တိုင်းပေးဖြစ်ခဲ့ပါသည်။ သူ ကြိုက်တတ်တဲ့ဟင်းဆို ဝေငြိမ်းတောင်မစားရက်ခဲ့ပါ။ ညီမလေးထမင်းချိုင့်မှာတစ်ဝက်၊ သူဖို့တစ်ဝက် ခွဲ ထည့်ပေးပြီး ဝေငြိမ်းကတော့ ငါးပိသုတ်နဲ့လည်း ဖြစ်သည်။

“ကိုကြီး.. နင်ဟင်းတွေကို ညချမ်းမောင်ကို နေ့တိုင်းပေးတယ်ဆို”

“အေး.. ဘာလို့လဲ”

“နင်နဲ့ ဘာဆိုင်လို့ပေးရတာလဲ”

“သြော်… သူ့ခမျာ တစ်ယောက်တည်းလာပြီး စီးပွားရှာတာ။ အိမ်ထမင်း အိမ်ဟင်းကိုတော့ စား ချင်မှာပေါ့ဟယ်။ ကိုယ်စားတဲ့အထဲက နည်းနည်းဖယ်ပေးတာပါ။ ကုသိုလ်ရပါတယ် ညီမလေးရယ်”

“အမြဲတမ်းတော့ မပေးနဲ့ပေါ့ဟာ။ တစ်ခါတလေလောက်ပေါ့။ ငါတို့လည်း ပြေလည်တာမှ မ ဟုတ်တာ”

“အေးပါဟယ်… ငါသိပါတယ်”

အစတုန်းကတော့ ညီမလေးကတားချင်သည်။ ဝေငြိမ်းရဲ့ဝင်ငွေတစ်ခုတည်းနဲ့ မောင်နှမနှစ် ယောက်ရှင်သန်နေရတာ မဟုတ်လား။ ကိုက်ရေများများကျမှ တစ်နေ့အများဆုံး ငါးထောင်ရတာ။ ဒါပေ မယ့် ဝေငြိမ်းကတော့ တစ်နေ့ လေးထောင့်ငါးရာ၊ လေးထောင်လောက်ပဲ ရဖူးသည်။ တစ်လကို တစ်သိန်းဝန်းကျင်၊ တစ်ခါတစ်ခါ တစ်သိန်းမပြည့်ပဲနဲ့ ရှင်သန်နေရတာ။ ညီမလေး ကျောင်းစားရိတ်၊ စားသောက်စားရိတ်နဲ့ တော်တော်ချွေတာမှ တစ်သောင်းလောက်စုမိတာ။ ဒါတောင် ကျန်းမာရေးမ ကောင်းတာတို့၊ ကျောင်းမှာ ဘာညာကြေးရှိလာတာတို့ဆို အဲဒီစုမိတာတွေ ကုန်ရော။

နှစ်ယောက်သား ချွေတာစားသောက်ရတဲ့ဘဝမှာ အခြားတစ်ယောက်ကို နေ့စဉ်ဟင်းတစ်ခွက် ပို့ဖို့က လွယ်ကူတဲ့ကိစ္စမဟုတ်။ ဝေငြိမ်းဝေစုထဲကပဲ ခွဲဝေကျွေးခဲ့တာပဲဖြစ်သည်။ ညီမလေးက ပထမ တစ်ရက်နှစ်ရက်တုန်းကတော့ သိပ်မပြောပေမယ့် တစ်ပတ်နှစ်ပတ်ကြာလာတော့ ပြောချင်လာခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လုံးဝမပြောတဲ့အပြင် ညီမလေးကပါ ညချမ်းမောင်ကို ကြည်ဖြူလာခဲ့ သည်။

“ငါကလည်း ငါ့ရက္ကန်းစင်လေး ပျက်ရင်ပြင်ပေးတဲ့အခါ ကြည်ကြည်ဖြူဖြူရှိအောင်လို့ပါဟာ။ ပြီး တော့ ငါ့ချားကို ကောင်းကောင်းဆွဲပေးမှ ကိုက်ရေများများကျမှာ မဟုတ်လား”

“အေးပါ၊ အေးပါ .. နှာခေါင်းကိစ္စမပါရင် ပြီးရော”

“ညီမလေးနော်.. နင် ငါ့အားနည်းချက်ကို”

ညချမ်းမောင်က ရုပ်ချောသလောက် အပြာကလည်းကောင်းလို့ သူ့ဖမ်းစားမှုအောက်မှာ ဝေငြိမ်း ရုန်းမထွက်နိုင်တာဖြစ်သည်။ သူက ရန်ကုန်သားဆိုတော့ စကားကို လူတစ်ဖက်သားကျအောင် ကျွမ်း ကျွမ်းကျင်ကျင်ပြောတတ်ပုံရသည်။ သာကေတသားတဲ့။ ညချမ်းမှာ မိဘတွေမရှိတော့။ ဝေငြိမ်းတို့လိုပါ ပဲ။ အညာဖက်အလုပ်ဆင်းလုပ်ရင်း ရက္ကန်းစင်တွေနဲ့ ရင်းနှီးပြီး ရက္ကန်းပညာကို ကျွမ်းကျင်လာတာတဲ့ လေ။

ရက္ကန်းဆိုတာက မိန်းကလေးတွေပဲ အခတ်များပေမယ့် တကယ်တမ်း ယောက်ျားလေးတွေခတ် တဲ့အခါ ကိုက်ရေပိုကျတတ်သည်။ အခုလို ဂုန်နီရက္ကန်းကိုတော့ ယောက်ျားလေးအများစုပါ ခတ်ကြပါ သည်။ ချည်အရမ်းမရှုပ်တော့ သိပ်စိတ်မရှည်တတ်တဲ့ ယောက်ျားလေးတွေအဖို့ အရှုပ်ရှင်းရတာ သက် သာတာပေါ့။ တကယ်လို့ ချည်အရှုပ်တွေရှင်းရရင်လည်း ဝါချည်လိုမျှင်မျှင်လေးမဟုတ်တော့ ရှင်းလို့ ကောင်းသည်။ ဝေငြိမ်းရဲ့ ရက္ကန်းစင်ကကျလာတဲ့ ချည်တွေကို ညီမလေးက ကျောင်းကပြန်လာတဲ့အခါ ကူရှင်းပေးပါသည်။

ချည်အရှုပ်တွေအရမ်းများလာရင်တော့ တနင်္ဂနွေလိုမျိုး ပိတ်ရက်တွေမှာစုရှင်းလို့ရသည်။ ချည် ရှင်းတာကို ပိဿာချိန်နဲ့ ပိုက်ဆံပေးပါသည်။ များများစားစားတော့မရပါ။ တစ်ပိဿာကို လေးငါးရာ လောက်သာ။ ဒါပေမယ့် ဝေငြိမ်းကတော့ သူများမရှင်းချင်တဲ့ချည်ရှုပ်ကို ယူရှင်းပေးတာမို့ တစ်ပတ် တစ်ထောင်ကျော်လောက်ရသည်။ အဲဒါအပိုဝင်ငွေပေါ့။ အဲဒီပိုက်ဆံလေးတွေကို ခေါင်းအုံးအောက်မှာ စု စုထားတာ တစ်သောင်းနီးနီးပြည့်ခါနီးပေါ့။

“ဝေငြိမ်း… မင်းခေါင်းအုံးအောက်က ပိုက်ဆံငါ့ကိုချေးပါလား”

ညချမ်းက အဲ့လိုပြောလာတော့ ဝေငြိမ်းတော်တော် အံ့သြသွားခဲ့ရပါသည်။ သူဘယ်လိုလုပ်သိ သွားတာလဲပေါ့။

“သြော်… ငါ မင်းခေါင်းအုံးထဲက ထုတ်ထုတ်ပြီးရေရေနေတာ တွေ့လို့ပါ။ ငါလည်း အသုံးလိုနေ တာနဲ့ ကြံရာမရလို့ ဒီမှာအရင်းနှီးဆုံးဖြစ်တဲ့ မင်းကို အကူအညီတောင်းကြည့်တာပါ”

“မင်း ဘယ်နေရာမှာ အသုံးလိုလို့လဲဟင်”

ဝေငြိမ်းနှမြောမိတာအမှန်ပင်။ အလှူအတန်း၊ သာရေးနာရေးလုပ်ရင် အဲ့ဒီပိုက်ဆံနဲ့ပဲ လှူနေ တာ။

“လာမယ့် အင်္ဂါနေ့က ငါ့မွေးနေ့မိုလို့ပါ”

“ဟင်.. မင်းမွေးနေ့ ဟုတ်လား”

“အင်း၊ ငါ့မွေးနေ့မှာ အားလုံးကိုမုန့်မကျွေးနိုင်ရင်တောင် ငါအခင်ဆုံးဖြစ်တဲ့ မင်းတို့၊ ခင်သူဇာတို့ ကိုတော့ မုန့်ဝယ်ကျွေးချင်တယ်။ လောလောဆယ် ငါ့မှာလည်း ငါ့ပိုက်ဆံအပိုမရှိဘူး”

အဲဒီလိုဆိုတော့လည်း ဝေငြိမ်းသနားမိပါသည်။

“အေး…။ ယူလေ.. ငါချေးပါ့မယ်”

“တစ်မျိုးမထင်နဲ့နော် ဝေငြိမ်း”

“ဘာကိုလဲ…။ မထင်ပါဘူး”

“ငါ့မှာ မိဘတွေမရှိတော့ဘူးဆိုပေမယ့် စိတ်ရောဂါသည် အစ်ကိုတစ်ယောက်ရှိတယ်။ သူက စိတ်ရောဂါကုဆေးရုံမှာ သူ့အတွက် ငါရသမျှတွေ အကုန်လိုက်ပို့ပေးနေရတယ်။ ဒါ့ကြောင့် ငါ့မှာအပိုဝင်ငွေ မရှိတာပါ”

စိတ်ထဲမကောင်းဖြစ်မိသည်။ ခေါင်းအုံးထဲက ပိုက်ဆံကို အလျှင်အမြန်ယူပြီး သူ့ကိုအသာတ ကြည်ပင် ပေးလိုက်မိပါသည်။

“ပြန်ပေးမနေနဲ့တော့နော် ညချမ်း..။ ဒီပိုက်ဆံတွေက လှူဖို့စုထားတာ။ မင်းကိုပဲ ငါလှူလိုက်မယ် လေ။ ငါလည်း ကုသိုလ်ရတာပေါ့”

သူ့မျက်နှာ ရွှင်လန်းသွား၏။

“အဲ့ဒါကြောင့် မင်းကိုချစ်နေရတာ” တဲ့။ ဝေငြိမ်း ပျော်လိုက်တာ။

ညချမ်းမောင်နဲ့ ရင်းနှီးခွင့်ရတာကိုပဲ ဝေငြိမ်းက လောကကြီးမှာက အကောင်းဆုံးကာလလို့ သတ် မှတ်ခဲ့ပါသည်။ ဝေငြိမ်းဘာလုပ်လုပ်၊ ဘယ်သွားသွား ညချမ်းမှ ညချမ်း သတိရနေမိသည်။ ညချမ်းက လည်း ဝေငြိမ်းကို ဂရုစိုက်လှသည်လို့ ထင်မိပါသည်။

ညချမ်းမွေးနေ့မတိုင်ခင်ပေါ့လေ။ သူ့မွေးနေ့အပြီးသိလိုက်ရတာကတော့ ညချမ်းဟာ ခင်သူဇာ ကို ချစ်နေပြီး ညီမလေး မိုးမြင့်ထက်ဟာလည်း ညချမ်းကို သံယောဇဉ်တယ်နေခဲ့ပြီဆိုတာပဲ ဖြစ်သည်။ ညီ မလေးကို ယောက်ျားလေးတစ်ယောက် ပုံစံပဲ ထင်နေခဲ့မိတာ။ ညချမ်းနဲ့တွေ့မှ ညီမလေးမိုးမြင့် ထက်ရဲ့ စိတ်တွေဟာ …

× × × × × × × × × × × ×