မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၄)

(၄)

“ညချမ်းမောင်နဲ့ ခင်သူဇာ ချစ်သူတွေ ဖြစ်ခါနီးနေပြီ”

အဲ့ဒီစကားက ဝေငြိမ်းကို တကယ်ပင်အံ့အားသင့်စေခဲ့ပါသည်။ ပြောတဲ့သူကလည်း တခြားသူ မဟုတ်။ ညီမလေးပြောတာ။

“ဟုတ်ရဲ့လားဟယ်”

သေချာအောင်ထပ်မေးမိသည်။ လုံးဝမရိပ်မိစေခဲ့အောင်ပဲ သူတို့အနေအထိုင်သေသပ်တာလား။ ဝေငြိမ်းပဲ သတိမထားမိခဲ့တာလား မပြောတတ်တော့။ ရင်ထဲမှာတော့ ဗလောင်ဆူသွားမိသည်။ တစ် ဖက်ကလည်း အင်းလေ .. ဒါသဘာဝပဲလို့ ဖြေသိမ့်မိ၏။

“မနေ့က ညချမ်းမွေးနေ့ဆိုတော့ ဘုရားသွားတယ်လေ။ အဲ့မတိုင်ခင် သူဇာ့ကိုပါ ခေါ်နေတာ တွေ့တယ်။ အလုပ်ကထွက်လို့မရတော့ ဝေယံ့ကို လှည့်စားပြီး ထွက်ဖို့ပြောနေကြတာ ငါကြားတယ် လေ။ ညချမ်းကတော့ သူ့မွေးနေ့ဖြစ်ကြောင်း အမှန်အတိုင်းပြောပြီး ခဏတဖြုတ်ထွက်မယ်။ ချားတွေမ လပ်ရအောင် ညကတည်းကဆွဲပေးခဲ့မယ်ပေါ့။ သူဇာ့ကိုတော့ ရွာကပစ္စည်းလူကြုံပါလို့ သွားယူမယ်ဆို ပြီး ထွက်ခိုင်းတယ်။ အဲဒါကို ငါကြားမိသွားတယ်။ နှစ်ယောက်လုံးက ပြူးတူးပျာတာဖြစ်ပြီး မပြောနဲ့လို့ ပိတ်တယ်။ ငါကလည်း နင်တို့သွားမယ့်နေရာကိုခေါ်ရင် မပြောဘူးလို့ပြန်ပြောလိုက်တယ်”

“ဟင်.. အဲ့ဒီတော့ နင့်ကိုခေါ်ရောလား”

“အသာတကြည်တော့ ဘယ်ခေါ်ပါ့မလဲ။ တော်တော်ကြီး အကြပ်ကိုင်ပြီးမှ လိုက်ခွင့်ရတာ”

“နင်က ဘာလိုက်ရှုပ်တာလဲ”

“သူဇာ့ကို စိတ်မချလို့ပေါ့ဟ”

ညီမလေးအပေါ်မှာလည်း နည်းနည်းတော့ သံသယဖြစ်မိသည်။ ညချမ်းမောင်ကို အရင်ကထက် ပိုပြီးကပ်လာတယ်လို့ ခံစားမိသည်။ ညီမလေးဟာ သူဇာ့ကို စိတ်မချဘူးဆိုပြီး ညချမ်းမောင်နဲ့ပတ်သက် လို့ တားတာ ဆီးတာတွေဟာ သူဇာ့အတွက်မဟုတ်ခဲ့တာမှန်း ဝေငြိမ်း တဖြည်းဖြည်းနဲ့ သိလာရ၏။

“လမ်းမှာ ညချမ်းက သူဇာ့လက်ကို လစ်ရင်လစ်သလိုကိုင်ဖို့ ကြိုးစားတယ်။ သူဇာကလည်း အကိုင်ခံချင်မှန်း အမူအရာကပြနေပေမယ့် ငါပါတာမို့ ညချမ်းရဲ့ လက်ကို ဖယ်ဖယ်ထုတ်တယ်”

“ဒါဆို …”

“ငါ သူဇာ့ကို မေးကြည့်သေးတယ် ကိုကြီး၊ သူဇာကတော့ ဝန်မခံသေးဘူး။ ညချမ်းကို လက်မခံ ရသေးဘူးလို့ပဲ ငြင်းနေတယ်။ အမှန်တော့ စိတ်ကပါနေပြီ အမူအရာကြည့် … အသိသာကြီး…”

အဲဒီတော့မှ ဝေငြိမ်းစဉ်းစားမိသည်။

သူဇာ ရက္ကန်းခတ်ရင်း ညချမ်းမောင်ဖက်ကို မကြာမကြာလှမ်းကြည့်တတ်တာ၊ ညချမ်းမောင်က လည်း သူဇာ့ဘက်ကို လှမ်းလှမ်းကြည့်တတ်တာတွေကို စဉ်းစားမိသည်။ ပြီးတော့ အခုတလော သူဇာ ကိုက်ရေတွေ အရင်ကထက် ပိုကျလာသည်။ အရင်ကဆို နေ့တွက်ခ လေးထောင်ရဖို့ မနည်းခတ်နေရ တဲ့ သူဇာက ငါးထောင်လောက်ကို အသာကလေး ရနိုင်လာတာ သတိပြုမိသည်။

“ဟုတ်ပါပြီ၊ ဟုတ်နေပါပြီ”

ညချမ်းမောင်က သူဇာ့ချားလုံးကို ချည်ပြတ်၊ ချည်ရှုပ်မရှိအောင် သေချာဆွဲပေးသည်။ ရက်ကန်း စင်ကို ရှယ်ပြင်ပေးမည်။ ရက္ကန်းစင်က ကောင်း၊ ချည်ကရှင်းနဲ့ ခတ်လို့ကောင်းတော့ ကိုက်ရေများများ ထွက်တာပေါ့။ မဟုတ်ရင် ခင်သူဇာတို့များ ဝေငြိမ်းထက်ကို ဘယ်တုန်းကကျော်ဖူးလို့လဲ။ ဝေငြိမ်း လေး ထောင့်ငါးရာလောက်ရမှ သူဇာက လေးထောင်ကို မပြည့်တပြည့်ရတာ။ အဲဒါကို ဝေငြိမ်းတွေးမိသွား သည်။ အင်းလေ… ဘာတတ်နိုင်မှာလဲ .. ဝေငြိမ်းက ညချမ်းမောင်အတွက် အဖြည့်ခံသက်သက်ပဲဖြစ် မှာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ဝေငြိမ်း သူ့အပေါ်မေတ္တာမပျက်ခဲ့။ အားရင် အားသလို အဝတ်တွေလျှော်ပေး သည်။ နေ့တိုင်း နေ့တိုင်း ဟင်းတစ်ခွက်ပို့မြဲတိုင်း ပို့ပေးသည်။ ငရုတ်သီးကြက်သွန်နီသုတ်လေးပဲဖြစ် ဖြစ်၊ ကန်စွန်းရွက်ကြော်လေးပဲဖြစ်ဖြစ်ပေါ့။ သူကလည်း တစ်စုံတစ်ရာပြောင်းလဲခြင်းမရှိ။ သူနဲ့ခင်သူဇာ တို့ရဲ့ ဆက်ဆံရေးအကြောင်းမပြောတာကလွဲရင် အရင်အတိုင်းပါပဲ။

တစ်ရက် နှစ်ရက်လောက်ကြာတော့ ဝေငြိမ်း မအောင့်အည်းနိုင်တော့။ သူဇာ့ကို မေးမိသည်။ သူဇာနဲ့က ပြောမနာ ဆိုမနာတွေဆိုတော့ အားနာစရာမလို။ တည့်တည့်ပဲမေးနိုင်သည်။ ပြီးတော့ ဝေငြိမ်းနဲ့ သူဇာနဲ့က တစ်ခုခုဆို တစ်ယောက်ကိုတစ်ယောက် ရင်ဖွင့်တိုင်ပင်နေကျ။

“မဟုတ်ပါဘူးဟယ်၊ မဖြစ်သေးပါဘူး”

ဝေငြိမ်းမေးတဲ့အခါ သူဇာက ငြင်းသည်။ ညချမ်းနဲ့ ချစ်သူတွေမဖြစ်သေးဘူးတဲ့။

“ဖြစ်တော့မယ်ပေါ့”

ရင်နာနာနဲ့ မေးမိသည်။ စိတ်ထဲမှာလည်း “ကုန်ပါပြီ.. ကုန်ပါပြီ” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ သူဇာဆိုတာကလည်း ကိုယ့်ဆွေမျိုးရင်းချာလိုဖြစ်နေတော့ မနာလိုစရာမရှိပါဘူး။

“ငါ အဖြေမပေးရသေးတာ၊ ကျန်တာအားလုံးအဆင်ပြေတယ်”

“သြော်…”

“ငါ့ကို တမျိုးမထင်နဲ့ ဝေငြိမ်း၊ ငါနင့်ကို မပြောသေးတာက မသေချာသေးလို့။ သူ့ကိုချစ်ရမှာ တစ်ခုခုလေးလံနေသလို ခံစားရလို့ပါဟာ။ ချစ်သူမဖြစ်သေးဘဲ ပြောရင်လည်း စကားချည်းပဲဖြစ်နေမှာ။ လက်တွေ့ဘာမှ မဟုတ်သေးလို့။ အခု နင်မေးမှပဲပြောဖြစ်တာ”

“နင် သူကို ဘယ်လိုသဘောရှိလဲ”

“အမှန်အတိုင်းပြောရင် ငါလည်း သူ့ကိုချစ်တယ်”

“ဒါနဲ့များ ဘာလို့…”

“ငါတွေဝေတာက ရှေ့လာမယ့် အနာဂတ်ကိုတွေးမိလို့ပါ။ ငါ့မှာ ရည်ရွယ်ချက်ရှိတာ နင်လည်း သိသားနဲ့… ငါ့မိသားစုအတွက် ဒီရက္ကန်းသည်ဘဝနဲ့ တိုးတက်မှာ မဟုတ်ဘူးဟ။ သူ့ကို ချစ်မိရင် အဲ့ဒီ ရည်ရွယ်ချက် ထိခိုက်သွားမှာ စိုးတယ်။ သူနဲ့တွေ့တဲ့အချိန်တိုင်းမှာတော့ သူလိုချင်တဲ့အဖြေကို လိုက် လျောပေးချင်တယ်”

သူဇာက ဝေငြိမ်းတို့လိုမဟုတ်။ မိသားစုအတွက် ရည်မှန်းချက်ထားပြီး ဘဝကိုရှင်သန်မည့်သူ..။ ရက္ကန်းသမားဘဝနဲ့ အဆုံးသတ်မှတ်ဟုတ်။ ပိုက်ဆံများများရအောင် နိုင်ငံခြားသွားပြီး အလုပ်လုပ်မယ် တဲ့လေ။ ဝေငြိမ်းကတော့ ရက္ကန်းခတ်၊ ပိုက်ဆံစု၊ အရင်းအနှီးလေးရရင် စျေးရောင်း၊ ဒီလောက်ပါပဲ။

“ဘာဆိုင်လဲဟယ်… တခြားစီပဲ”

လုပ်ဖော်ကိုင်ဖက်အချင်းချင်း နှစ်သိမ့်ပေးမိသည်။

“လတ်တလော နင်ဖြစ်ချင်တာ၊ နင်လုပ်ချင်တာကို အကောင်အထည်ဖော်စေချင်တယ် သူဇာ.. ငါကတော့ နင့်ကို စိတ်အပင်ပန်းမခံစေချင်ဘူး”

“ငါ ညချမ်းမောင်ကို လေ့လာနေတာ.. နှလုံးသားအရဆိုရင်တော့ ချက်ချင်းပဲ သူ့ကို အဖြေပေး ချင်မိတယ်။ ဒါပေမယ့် ဦးနှောက်နဲ့တွေးကြည့်တဲ့အခါမှာတော့ စဉ်းစားစရာတွေရှိလာတယ် ဝေငြိမ်း”

“ဘယ်လို”

“သူဟာ ရိုးသားဖြူစင်တဲ့ သူတစ်ယောက်မဟုတ်ဘူး ”

သူဇာတွေးသလိုမျိုး ဝေငြိမ်းတစ်ခါမှ မတွေးခဲ့မိပါ။ ညချမ်းဟာ မရိုးသားဘူးတဲ့လား။ ဘယ်လို တွေးလိုက်တာပါလိမ့်။

“ဘယ်လို မရိုးသားတာလည်းဆိုတာကိုတော့ ငါလည်း လေ့လာနေဆဲပါ။ ဝေငြိမ်းလည်း တဖြည်းဖြည်းနဲ့ သိလာမှာပေါ့”

“နင့်ဟာကလည်းဟယ်.. ဘာတွေမှန်းမသိပါဘူး။ ဟိုက အဖြေလိုချင်လို့စောင့်ရမှာတောင် သနားပါတယ်။ ဘယ်အချိန်မှန်းလို့ မှန်းရမယ် မသိ…”

သူဇာ့ကို အပြစ်တင်မိသည်။

ညချမ်းအတွက်ပေါ့။ ဝေငြိမ်းရဲ့ခေါင်းထဲမှာ ညချမ်းမောင်ပဲ ကြီးစိုးနေခဲ့တော့ သူစိတ်ချမ်းသာဖို့ ကိုပဲ တွေးမိတာပေါ့။

“အေးပါဟယ်၊ နင့်ရဲ့ ညချမ်းမောင်ကိုငါလည်း စိတ်ချမ်းသာစေချင်ပါတယ်”

“သူဇာမ … နော်”

သူဇာ့ရင်ထဲမှာရော ညချမ်းရင်ထဲမှာရော အပြန်အလှန်ချစ်ခြင်းတရားတွေရှိနေပြီဆိုတာ ဝေငြိမ်း သိပြီးမကြာခင်မှာဘဲ ညီမလေးအကြောင်းကိုလည်း ဆက်တိုက်သိခဲ့ပါသည်။

ညချမ်းအတွက် ဟင်းပို့ဖို့ဆိုအမြဲတမ်းတက်ကြွနေတော့တာ၊ ညချမ်းအကြောင်းကို စကားထဲ ထည့်ပြီးခဏခဏပြောတာတွေကို သတိထားမိလာရသည်။

“ညချမ်းက ကြက်ကြော်ကြိုက်တယ်တဲ့၊ ဝက်သားကျတော့ မစားတာကြာပြီတဲ့၊ ရှောင်တာမ ဟုတ်ဘူး၊ ဗိုက်မကောင်းလို့ လို့ပြောတယ်”

သူဟင်းကောင်းကြိုက်တတ်တာကိုလည်း ညီမလေးကသိလာခဲ့သည်။ ငါးခေါင်းဟင်းပေးရင် ငါး ခေါင်းကို စိစိညက်ညက်အသားနွှင်စားတတ်တာကိုလည်း ညီမလေးကသိခဲ့ပြီ။ ဒါတင်မကသေး။ ဝတ် ကောင်းစားလှကြိုက်တာကိုလည်း ညီမလေးကသိလေသည်။

“ငါတို့ ရက္ကန်းရုံမှာ လပေးလာရောင်းတဲ့ အဝတ်အစားတွေကို သူလုံးဝမကြိုက်ဘူးသိလား ကိုကြီး၊ သူက တကယ့်ဘရန့်ဒန့်တွေမှကြိုက်တာ …”

“ဘာလဲ … ဘရန့်ဒန့်”

“MK တို့၊ Pim တို့၊ Giordano တို့ပေါ့ဟာ၊ အင်း …နင်နားလည်အောင်ပြောရမယ်ဆိုရင်တော့ စျေးကြီးတဲ့အဝတ်အစားတွေပေါ့၊ အကျႌတစ်ထည်ကို အနည်းဆုံး သုံးလေးသောင်း ပေးရတယ်”

ဝေငြိမ်းဘုရားတမိသည်။ အကျႌသောင်းချီတန်တွေမှဝတ်တာတဲ့လေ။ ဟုတ်တော့ဟုတ်မည်။ တနင်္ဂနွေနေ့တွေဆို သူအပြင်သွားတိုင်းမရိုးအောင်ဝတ်တဲ့ အကျႌ၊ ဘောင်းဘီတွေက စျေးကြီးမှာသေ ချာသည်။ ဝေငြိ်မ်းလျှော်ပေးတော့ ကိုင်ရလို့သိတာပေါ့။

“နင့် အကျႌတွေကအသားအရမ်းကောင်းတယ်နော်”

သိပ်မကြာသေးခင်က အဲဒီလိုပြောဖူးတာ သတိရမိသည်။

“စော်နဲ့တွေ့တာပဲကွာ၊ ဒီလောက်တော့ အကောင်းဝတ်ရမှာပေါ့” တဲ့။ သူပြောတဲ့စော်ဆိုတာ ခင်သူဇာမှန်း ဝေငြိမ်းသိတာပေါ့။ အဲဒီလိုဝတ်ကောင်းစားလှတွေမက်လို့၊ အစားကောင်းအသောက် ကောင်းတွေကြိုက်လို့ ရသမျှပိုက်ဆံကုန်နေတာလား၊ တကယ်ပဲစိတ်ရောဂါသည်အစ်ကိုအတွက် ထောက်ပံ့တာလားမသိတော့။

တနင်္ဂနွေကလွဲရင် ကျန်တဲ့အလုပ်ဖွင့်ရက်တွေမှာတော့ ညချမ်းကစွပ်ကျယ် ဒါမှမဟုတ် ကိုယ် လုံးတီးနဲ့ ပုဆိုးတိုတိုနဲ့ပဲအလုပ်လုပ်တတ်သည်။ ချားလုံးသမားမို့ အားအင်အသုံးပြု မရ ရွှေ့ရ၊ အားနဲ့ ချားဆွဲရတာကြောင့် လက်မောင်းတွေရင်အုံတွေက မို့မောက်သန်မာလို့နေသည်။ အသားအရည်က လည်း ကောင်း၊ ဗလကလည်း တောင့်တောင့်မို့ ခန္ဓာကိုယ်ကရက္ကန်းသည်မလေးတွေအဖို့ အားကိုးချင်စ ရာ။ မျက်နှာကလည်း အပြစ်ဆိုဖွယ်ရာမရှိ ချောမောနေတာကြောင့် ညချမ်းမောင် စန်းပွင့်နေတာပေါ့။ ကိုရီးယားမင်းသားတွေဆို အသည်းစွဲဖြစ်တဲ့ဝေငြိမ်းအတွက်ကတော့ ဘာပြောကောင်းမလဲ။ မြင်နေရင်း နဲ့ကို ချစ်နေမိတာ။ “ဝေငြိမ်းရေ … ပိုက်ဆံလေးနည်းနည်းလောက်လှည့်ပါဦး” ဆိုတာနဲ့ စုဆောင်းထား သမျှ အကုန်ပေးဖို့အသင့်။ ညချမ်းမောင်ရဲ့ အပြောအဆိုအပြုအမူတွေအောက်မှာတော့ ဝေငြိမ်းက အလူးအလဲ။

ဝေငြိမ်းတင်ဘယ်ကမလဲ။ ရက္ကန်းသည်ကောင်မလေးတော်တော်များများကလည်း သူ့ကိုမျက် နှာသာပေးကြသည်။ ရှေးုကုသိုလ်ကံကောင်းပုံများ။ ဒါပေမဲ့ ညချမ်းကတော့ သူဇာမှသူဇာ။

“နင်တို့အခြေအနေ မတိုးတက်သေးဘူးလား သူဇာမ”

ရက္ကန်းခတ်ရင်း မကြာမကြာမေးမိသည်။ အန်တီအပျိုကြီးတို့ကလည်း သူဇာနဲ့ညချမ်းကို ဖြစ်စေ ချင်သည်။ ဝေငြိမ်းတို့စကားပြောရင် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြီး တိုးတိုးပြောရသည်။ ခိုး နားထောင်ပြီး အတင်းပြောချင်ကြတဲ့သူတွေလည်း ရက္ကန်းရုံမှာပေါသည်။ ရက္ကန်းခတ်ရင်းပြောရတာမို့ အရမ်းတိုးလွန်းရင်လည်း လက်ခတ်သံကြောင့်သေချာမကြားရ။

“အေးဟယ် ဝေငြိမ်းရယ်၊ ငါ သူစိတ်ချမ်းသာအောင် ပြောလိုက်တော့မလားလို့”

ဝေငြိမ်းဘာမှ မှတ်ချက်မပေးမိပါ။ ညီမလေးကို ပေးမသိဖို့တော့ စိတ်ကူးမိသည်။ ဒါပေမဲ့ … အဲဒီနေ့ ညနေမှာပဲ ညီမလေးသိသွားပြီး ပြဿနာတွေတက်ကုန်တော့သည်။

တကယ်တော့ ညီမလေးအပြုအမူတွေကို ဝေငြိမ်းကရိပ်မိပြီးသားမို့ အဲဒီပြဿနာရဲ့ရည်ရွယ် ချက်ဘယ်ကိုသွားတယ်ဆိုတာကိုလည်း ဝေငြိမ်းသိနေခဲ့ပါသည်။

 

× × × × × × × × × × × ×