(၁၅)
သူသဘောကျနှစ်သက်မည့် ဂျော်ဒန်းနိုးခါးပတ်ကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်တဲ့အခါမှာ တော့ ရွှင်လန်းမြူးထူးသွားသည့် သူ့မျက်နှာကိုတွေ့ရလေသည်။ မိုးမြင့်ထင်ထားတဲ့အတိုင်းပါပဲ။ ညချမ်း မောင်ကို ချဉ်းကပ်ဖို့ကစျေးကြီးတဲ့ပစ္စည်းတွေကို ဝယ်ပြီးလက်ဆောင်ပေးတဲ့နည်းက အကောင်းဆုံး နည်းလမ်းတစ်ခုထဲအပါအဝင်ဖြစ်သည်။
“မိုက်တယ်၊ အဲဒါကြောင့် မင်းကိုခင်တာ” တဲ့လေ။
မိုးမြင့်ဝမ်းသာလိုက်တာ။
အဲဒီစကားလုံးကိုကြားရဖို့ ပိုက်ဆံတစ်သောင်းခြောက်ထောင်ရင်းလိုက်ရလေသည်။ ဟိုဖက် ဒီဖက် လှည့်ပြီး ခါးပတ်နှစ်ခုအဖြစ်သုံးလို့ရတဲ့ ဂျော်ဒန်းနိုးခါးပတ်ကိုဝယ်ဖို့ ကျောင်းကသူငယ်ချင်းတစ် ယောက်ကို ဖုန်းဆက် ခိုင်းလိုက်တာဖြစ်သည်။ ပို်က်ဆံခဏစိုက်ပြီး လှည်းတန်းမှာသွားဝယ်၊ ပြီးတော့ ရုံကိုလာပို့ခိုင်း၊ ရုံ ကျမှ မိုးမြင့်ကပိုက်ဆံပေးလိုက်ရုံသာ။ သူငယ်ချင်းဆိုတော့လည်း အားနာစရာမလို။ နည်းနည်းပါးပါးတော့ ပြုစုရတာပေါ့လေ။
“တစ်ဖက်ကပတ်ရင် ခါးပတ်ကအဖြူရောင်၊ နောက်တစ်ဖက်ကျတော့ အနက်ရောင်၊ အင်း ဒီလိုမျိုး ခါးပတ် ပတ်ချင်ခဲ့တာကြာပြီ”
သူကျေနပ်ဝမ်းသာတာတွေ့ရင် မိုးမြင့်လည်းပျော်ပါသည်။ သူနဲ့ပတ်သက်တဲ့ အသေးအမွှားလေး ကအစ ဂရုစိုက်ဖို့ဆုံးဖြတ်ထားသည်။ သူဇာ့ထက်ပိုဂရုစိုက်ပြမည်။ သူ့စိတ်ထဲမှာ “မိုးမြင့်ထက်” ဟာ ငါ့အပေါ် တော်တော်ကောင်းရှာပါလားဆိုတဲ့ အသိဝင်သွားအောင်လုပ်ရမည်။
မိုးမြင့်ရဲ့လက်ဆောင်တေ၊ွ ဂရုစိုက်မှုတွေကြားထဲမှာ သူသာယာလာစေရမည်။ ညချမ်းမောင် ဟာ မိုးမြင့်ထက်ကိုမရှိမဖြစ်လိုအပ်လာစေရမည်။ တစ်နေ့နေ့မှာတော့ သူ့အချစ်ကို လက်ဝယ်ပိုင်ဆိုင် စေရမည်။
အဲဒီလိုဆုံးဖြတ်ချက်တွေချထားမိလေသည်။
ပြီးတော့ သူ့ဆီကိုဟင်းတစ်ခွက်စီ ပို့နေကျတာဝန်ကိုလည်း ကိုကြီးလက်ထဲကနေ အပြီးအပိုင် လွှဲယူလိုက်လေသည်။ ခါတိုင်းဆို ကိုကြီးတစ်လှည့်၊ မိုးမြင့်တစ်လှည့်ပို့နေကျ။ မိုးမြင့်မျက်နှာကို သူခဏ ခဏမြင်မှ မိုးမြင့်ရဲ့ဂရုစိုက်မှုတွေကို ခဏခဏသတိထားမိမှ သူနဲ့မြန်မြန်ချစ်သူဖြစ်ရမှာ။
“ညချမ်းရေ”
အဲလိုလေးအသံပြုပြီး သူထမင်းစားနေရာကိုရောက်သွားကာ ဟင်းပို့ပေး၊ သူထမင်းစားတာထိုင် ကြည့်တတ်လာခဲ့ပြီဖြစ်သည်။ ကိုကြီးက ဟင်းချက်ကောင်းတော့ ကိုကြီးချက်တဲ့ဟင်းတွေကိုသူအရမ်း ကြိုက်တာကို သတိထားမိ၏။ မြိန်ရာဟင်းကောင်းမို့ ကိုကြီးလက်ထဲရောက်သွားတဲ့ ဘယ်အသီးအရွက် မဆို ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက် ဖြစ်သွားရသည်။
“ဝေငြိမ်းက ဟင်းချက်တော်တော်ကောင်းတာပဲနော်”
သူအမြဲတမ်းချီးကျူးသည်။
“အင်း သူငယ်ငယ်ကတည်းက ဝါသနာပါတယ်၊ အမေတို့၊ အဘတို့ရှိကတည်းက မီးဖိုချောင်တာ ဝန်ကို သူပဲယူတာလေ”
“မင်းကရော မချက်တတ်ဘူးလား”
“ကျွန်တော်လား … ကြက်ဥ၊ ဘဲဥလောက်တော့ ကြော်တတ်ပါတယ်”
“အင်း၊ မင်းအစ်ကိုဆို ကြက်ဥ၊ ဘဲဥကိုတောင် ဆယ်မျိုးလောက်ပုံစံပြောင်းပြီး ချက်တတ်တယ်”
“ညချမ်းက ကိုကြီးကိုတော်တော်ချီးကျူးတာပဲ၊ သူ့ဟင်းချက်လက်ရာတွေကို ဒီလောက်တောင် ကြိုက်နေရင်လည်း မိန်းမယူမနေပါနဲ့တော့လား၊ ကိုကြီးကိုပဲ ယူလိုက်ပါတော့လား”
အဲလိုလည်းစရော သူကရယ်ပါသည်။
“ငါကအစားကောင်းကြိုက်တယ်ကွ၊ ဟင်းချက်ကောင်းတဲ့မိန်းမကိုပဲယူမှာ အဲဒါတော့သေချာ တယ်”
သူ့စကားအပြီးမှာတော့ မိုးမြင့်စိတ်မကောင်းဖြစ်သွားရသည်။ သူက ဆက်ပြီးပြောလိုက်ပါသေး သည်။
“သူဇာလည်း ဟင်းချက်ကောင်းတယ်နော်” တဲ့။
သူအမှတ်တမဲ့ပြောလိုက်တာဆိုပေမယ့် မိုးမြင့်အတွက်တော့သိမ်ငယ်စရာဖြစ်သွားရသည်။ အဲဒီ နောက်ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိသည်။ ဟင်းချက်တတ်အောင်သင်ရမည်။ အထူးသဖြင့် သူ ကြိုက်တတ်တဲ့ဟင်းတွေပေါ့။
သူကြိုက်တတ်တဲ့ဟင်းတွေကို စဉ်းစားမိသည်။
ကြက်ကြော်၊ ဒညင်းသီးသုပ်၊ ပုဇွန်ထုတ်ဆီပြန်၊ ရွှေဖရုံသီးပေါင်း၊ ဘဲဥရခိုင်ချက်၊ ပိန္နဲသီးနဲ့ဆူး ပုတ်ရွက်ချက်။ အဲဒါတွေက သူအကြိုက်ဆုံးအစားအစာတွေဖြစ်သည်။ ကြက်ကြော်တို့ ဆီပြန်ဟင်း တို့က မိုးမြင့် မချက်မပြုတ်တတ်ပေမယ့် နည်းသိသည်။ ကိုကြီးချက်တာကို တစ်ခါကြည့်ရုံနဲ့ ချက်တတ် ပြီ။ အသုပ်နဲ့ ငါးပိ ချက်လို ဟင်းမျိုးကိုတော့မလုပ်တတ်။
“ဘာ နင်ကဟင်းချက်တတ်ချင်တယ်၊ အလိုလေး အံသြစရာဟယ်၊ တစ်သက်နဲ့တစ်ကိုယ် ငါချက် ပြုတ်ကျွေးမွေးတာကို စားလာပြီးတော့ အခုမှဘာစိတ်ကူးပေါက်ရပြန်တာတုန်း”
ဟင်းချက်တတ်ချင်တဲ့အကြောင်း ကိုကြီးကိုပြောပြတော့ထုံးစံအတိုင်း တဗျစ်တောက်တောက် ရေရွတ်ခံရသည်။
“ရှူး … တိုးတိုးပြောပါ ကိုကြီးရယ်၊ သူများတွေကြားသွားရင်ရှက်တယ်”
“အလိုလေး၊ နင်ဟင်းချက်သင်ချင်တဲ့ကိစ္စကရှက်စရာလား”
“ရှက်စရာပေါ့၊ မိန်းကလေးတစ်ယောက်အနေနဲ့ ဟင်းမချက်တတ်တာရှက်ဖို့ကောင်းတဲ့ကိစ္စ မဟုတ်လား”
“မိန်းကလေးတစ်ယောက်အနေနဲ့ဟုတ်လား၊ ဟား ဟား ရီရတယ်၊ နင့်က ကိုယ့်ကိုကိုယ် မိန်းက လေးလို့ခံယူတယ်ပေါ့၊ အမယ်လေး ထူးဆန်းလိုက်တာ၊ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ မပြောတတ်ပါဘူးဟယ်၊ အယ် … ဟုတ်ပါရဲ့ငါ့ညီမ ထမီရှည်ရှည်ဝတ်တာတွေ၊ ဆံပင်ရှည်ထားတာတွေ၊ နှုတ်ခမ်းနီပါးပါး ဆိုးတာတွေကို ငါအခုမှသတိထားမိတယ် ကြည့်စမ်း … ”
“ဟာ … ကိုကြီး နင်နော်”
ကိုကြီးက ခွက်ထိုးခွက်လန်ရယ်သည်။
“နားရှိလို့သာ ကြားရတာပါဟယ်၊ သိပ်တော့မယုံချင်ဘူး၊ ဒါပေမဲ့ နောက်ကွယ်မှာအကြောင်း တစ်ခုခုရှိရမယ်ဆိုတာကိုတော့ ငါသဘောပေါက်ပါတယ်၊ ကဲပြောပါဦး ဘာဟင်းတွေ အဓိကထား ချက်တတ်ချင်တာလဲ”
“များတယ်၊ ဒါပေမယ့် တစ်နေ့ကိုတစ်မျိုး၊ နှစ်မျိုးပဲပြောပြ၊ အဲဒါမှ မှတ်မိလွယ်မှာ၊ အရင်ဆုံး ဘဲဥ ရခိုင်ချက်နဲ့ ဒညင်းသီးသုပ်အကြောင်းပြောပြ”
အဆင်သင့်ယူထားသောစာအုပ်နဲ့ ဘောပင်နဲ့လို်က်မှတ်ဖို့ပြင်သည်။ သီအိုရီကိုစာနဲ့မှတ်ပြီး အလုပ်နားရက်ကျရင် လက်တွေ့ ဆင်းပြီး ညချမ်းကိုလုပ်ကျွေးမည်။
“ဘဲဥရခိုင်ချက် နှစ်ယောက်စာအတွက် ဘဲဥသုံးလုံးရယ်၊ ပင်စိမ်းနှစ်စည်း၊ ငရုတ်သီးစိမ်းဆယ် တောင့်ခန့်၊ ဆီအနည်းငယ်နဲ့ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါတယ်”
ကိုကြီးကရုပ်သံအစီအစဉ်တွေမှာ ဟင်းချက်ပြမယ့်လေသံပုံစံနဲ့ပြောပြသည်။
“အရင်ဆုံး ဘဲဥကိုဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး ပန်းကန်တစ်လုံးထဲခလောက်ထားရမယ်၊ ငရုတ်သီးစိမ်းကို ညက်ညက်ကြေအောင်ထောင်းထားရပါမယ်၊ ဒယ်ဆိုးထဲဆီထည့် မီးဖိုပေါ်တင်ထားပြီး ဆီပူလာရင် ခုနက ခလောက်ထားတဲ့ဘဲဥ၊ ထောင်းထားတဲ့ငရုတ်သီးစိမ်းတွေကို အိုးထဲထည့်မွှေပါမယ်၊ နှစ်ချက် သုံးချက်လောက်မွှေပြီးရင် ခြွှေပြီးရေစိမ်ထားတဲ့ပင်စိမ်းရွက်တွေကို အိုးထဲလောင်းထည့်လိုက် ပါမယ်၊ နှစ်မိနစ် လောက်အဆက်မပြတ်မွှေပြီးရင် မီးဖိုပေါ်က ချလို့ရပါပြီ၊ အဲဒီမှာပင်စိမ်းနံ့မွှေးမွှေးလေးနဲ့ ရခိုင်ရိုးရာဟင်းစပ် စပ်တစ်ခွက်ဖြစ်သွားပါပြီ၊ တကယ်လို့ ငါးပိချက်ပုံစံစားချင်ရင်တော့ ငါးပိရည်အနေ တော်လောင်းထည့်လိုက် ပြီး ခဏမွှေထားရင်ရပါပြီ”
“အင်း နင့်ဘဲဥရခိုင်ချက်က အဲလောက်ကြီးလည်းမခက်ပါဘူး”
“အော် ဟင်းတိုင်း ဟင်းတိုင်းက ဝါသနာပါသူတွေအတွက်ချက်ရတာမခက်ပါဘူးဟယ်၊ လွယ် လွယ်လေး”
“ဟုတ်ပါပြီ၊ ဒညင်းသီးသုပ်ကရော … ”
“အဲဒါကလည်း ပိုတောင်လွယ်သေးတယ်၊ ဒညင်းသီးတွေကို နူးအိပြဲနေအောင်သုံးရည်လောက် အထိပြုတ်၊ အခွံနွှာပြီး ပါးပါးလေးလှီးထား၊ ပြီးရင် ကြက်သွန်နီဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်နဲ့ ငရုတ်သီး စိမ်းအပိုင်းလေးတွေညှပ်ထည့်၊ မြေပဲမှုန့်ကိုရောနယ်၊ နောက်ဆုံးမှာ သံပုရာသီးညှစ်လိုက်ရင်ရပြီ၊ ဒညင်းသီးသာ နူးအိနေဖို့လိုတယ်”
ကိုကြီးဆီက ဟင်းချက်နည်းတစ်ချို့ကိုရရှိပြီး လက်တွေ့စမ်းသပ်ကာ ညချမ်းမောင်ကို မြည်း စမ်းခိုင်းဖို့ အကြံကလည်းထိရောက်ပါသည်။ လွယ်လွယ်လုပ်ပြီး အရသာရှိရှိစားနိုင်မယ့်ဟင်းမျိုးတွေကို လုပ်နိုင်ခဲ့ပါသည်။ မိုးမြင့်ချက်တာတွေက ကိုကြီးလောက်မကောင်းပေမယ့် ညချမ်းကတော့ ကြိုက် တယ်တဲ့လေ။
ညချမ်းမောင်နဲ့ပတ်သက်ရင် မိုးမြင့်ထက်ဟာ အရင်ကမိုးမြင့်ထက် မဟုတ်တော့။ ယောက်ျား ဆန်ဆန် နေထိုင်သွားလာတတ်တဲ့သူ မဟုတ်တော့။ အရာရာပြုပြင်ပြောင်းလဲတတ်လာခဲ့ပြီဖြစ်သည်။
ပြီးတော့ အရင်ကမလုပ်ခဲ့တဲ့ မိန်းကလေးဆန်ဆန်ပုံစံနေပုံထိုင်ပုံတွေကို အတုယူဖို့အဆင်သင့် ဖြစ်နေခဲ့လေသည်။ ဒါတင်မကသေး။ တစ်ခါမှမလုပ်ဖူးတဲ့ မလုပ်သင့်တဲ့အလုပ်တစ်ခုကိုပါ လုပ်တတ်ခဲ့ပြီဖြစ်သည်။
ညချမ်းမောင်ကို ခါးပတ်ဝယ်ပေးဖို့ပို်က်ဆံကို ကိုကြီးရဲ့အရုပ်စုဘူးထဲကဖောက်ယူခဲ့တာပင်။ စုဘူးအဝကိုဇာဂနာနဲ့ချဲ့ပြီး အထဲကပိုက်ဆံကို တစ်ရွက်ချင်းညှပ်ကာထုတ်ယူတာဖြစ်သည်။ တစ်နေ့ကို နည်းနည်းချင်းစီယူရတာပေါ့။ ကိုကြီးကထည့်သွားလိုက် မိုးမြင့်ကယူလိုက်ပေါ့။ အမှားလုပ်မိတဲ့သူက ဘယ်လိုပဲ ဟန်ဆောင်ကောင်းကောင်း တစ်နေ့တော့ပေါ်လာတာပါပဲ။ စုဘူးအဝက ပုံမှန်ထက် ကျယ်တာကိုစတင် သတိထားမိပြီး ကိုကြီးရိပ်မိသွားခဲ့လေသည်။
အဲဒီတော့ မိုးမြင့်တို့မောင်နှမနှစ်ယောက်ပြသနာတက်ရတော့၏။
“နင့်လက်ချက်မဟုတ်လား ညီမလေး၊ ဒီရုံထဲမှာမရှိဆင်းရဲသားတွေချည်းပဲဆိုပေမယ့် အားလုံး က ရိုးသားကြတယ်၊ ငါတို့လုပ်လာတဲ့တစ်သက်လည်း ဒီလိုပစ္စည်းအပျောက်အရှမရှိဘူး၊ ငါတို့အခန်းထဲ ကိုလည်း ငါတို့တစ်ယောက်ယောက်မရှိဘဲ ဘယ်သူမှမဝင်ဘူး၊ အဲဒီတော့ စုဘူးကိုချဲ့ပြီးပိုက်ဆံယူတာ နင်ပဲ”
“ကိုကြီးနော် … နင်စွပ်စွပ်စွဲစွဲ”
ပထမတော့ မိုးမြင့်ငြင်းသေးသည်။ ဒါပေမဲ့ ကိုကြီးကအတတ်သိနေ၏။
“ညချမ်းမောင်ကို နင်ခါးပတ်ဝယ်ပေးတာ ငါမသိဘူးများအောက်မေ့နေလားဟင်၊ ရက္ကန်းရုံတစ်ခု လုံး ဟိုလေးတစ်ကျော်ဖြစ်တဲ့ကိစ္စ ငါမကြားဘူးများထင်နေလား၊ အဲဒီကတည်းက ငါသဘောပေါက်ခဲ့သင့် တာ”
“ကိုကြီးနော် အဲဒါငါ့ကိုယ်ပိုင် ပိုက်ဆံနဲ့ဝယ်ပေးခဲ့တာ”
“တော်စမ်းပါ မိုးမြင့်ထက်ရယ်၊ နင့်ကိုယ်ပိုင်ပိုက်ဆံဆိုတာ ငါ့ဆီကနေပေါက်ဖွားလာတာပါ၊ နင်တစ် နေ့ဝင်ငွေ ဘယ်လောက်ရှိတယ်၊ ဘယ်ခြေလှမ်း လှမ်းတယ်ဆိုတာသိပြီးသား”
“ဟုတ်တယ်ဟေ့ ဟုတ်တယ်၊ နင့်စုဘူးထဲက ပိုက်ဆံတွေကိုငါယူတာ၊ ဇာဂနာနဲ့ညှပ်ယူတာ ရှင်း လား၊ နင့်မှာ စုဘူးသုံးလေးလုံးတောင်ထားတာပဲ၊ တစ်လုံးတည်းထဲကယူတာ မသိလောက်ဘူးထင်လို့”
မိုးမြင့်ကဝန်ခံပြန်တော့လည်း သူကငိုယိုပြီးတတွတ်တွတ်ပြောသည်။
“ဟဲ့ … အဲဒါ နင့်နောင်ရေး၊ ငါ့နောင်ရေး၊ ဗာဟီရသုံးဖို့ ခေါင်းစဉ်တွေနဲ့ ငါခွဲပြီးစုထားတာလေ၊ မရှိ တဲ့ကြားထဲက ခြစ်ကုပ်စုထားတာလေ၊ အဲဒါကိုနင်သိသိရက်နဲ့လုပ်ရက်တယ် ညီမလေးရယ်၊ နင်သိပ်ရက် စက်တယ်”
“ကျွတ်”
“ငါ့မှာတော့ ရှာလိုက်ဖွေလိုက်၊ စုလိုက်ဆောင်းလိုက်နဲ့ ကိုယ့်ကိုကိုယ်တောင် မသထာရေစာစား နေရတာ၊ နင်ကတော့ နှာခေါင်းကိစ္စအတွက်ယူသုံးရက်တယ်၊ ငါဝမ်းနည်းတယ်၊ စိတ်မကောင်းဘူး ဟယ်”
“ဟာ နားညည်းတယ်ကွာ၊ နောက်မလုပ်တော့ဘူး၊ နောက်မလုပ်တော့ဘူး၊ အဲဒီပိုက်ဆံကို ငါ ရက္ကန်းခတ်ပြီး နင့်ကိုပြန်ပေးမယ်၊ ခါတိုင်းနေ့တွက်ခထက်ပိုရအောင်ခတ်ပြီး ပြန်ပေးမယ် ဟုတ်ပြီလား”
“ဟဲ့ နင်ကပြောတော့လွယ်တယ်၊ ငါ့မှာတော့ မနည်းစုထားရတာ၊ နှမြောတာပေါ့”
ကိုကြီးရဲ့တွတ်ထိုးသံတွေကို မကြားချင်ယောင်ဆောင်ပြီး အခန်းထဲကထွက်လာခဲ့သည်။ ညချမ်းဆီကို။ ဒီအချိန်ဆို သူရေမိုးချိုးပြီး လက်ဖက်ရည်ဆိုင်ထွက်ချိန်။ မိုးမြင့်လိုက်သွားပြီး သူနဲ့ စကားပြောမှာပေါ့။
x x x x x x x x x