(၁၆)
ညချမ်း
မနေ့ကညနေက ကျွန်တော်ခင်ဗျားဆီဟင်းလာပို့တဲ့အချိန်မှာ ခင်ဗျားသူဇာနဲ့စကားသွား ပြောနေတာ ကျွန်တော်သိတယ်။ အကြာကြီးပဲစောင့်နေတာတောင် ခင်ဗျားရောက်မလာခဲ့ဘူး။ အဲဒါနဲ့ ကျွန်တော်ပြန်သွားတယ်။ ဟင်းခွက်ထားခဲ့တာတွေ့တယ်မှလား။ ညနေကျလာယူမယ်။ သူဇာနဲ့ပတ် သက်လာရင် ကျွန်တော်ကအမြဲတမ်း နောက်ကောက်ဆိုတာသိပါတယ်။ ဒါပေမဲ့ ခင်ဗျားကို ကျွန်တော်တန်ဖိုးထားတာကတော့ သူဇာခင်ဗျားကိုတန်ဖိုးထားတာထက် အဆပေါင်းများစွာသာတယ်။ ကျွန်တော်ဘာကြောင့် ခင်ဗျားကိုဒီလောက်ဂရုစိုက်တာလဲ။ တန်ဖိုးထားတာလဲဆိုတာ ခင်ဗျားသဘော ပေါက်သင့်တယ်။
မိုးမြင့်ထက်
အဲဒီစာကို သူချားဆွဲလက်စချားလုံးထဲထည့်ထားလိုက်သည်။ ဘယ်သူ့မှမနိုးခင်ပေါ့။
ရက္ကန်းသမတိုင်းက မနက်ခြောက်နာရီလောက်အဆာပြေစားပြီး ခြောက်ခွဲလောက်ဆိုစင်ပေါ် တက်နေကြပြီ။ တစ်ချို့ဇွဲကောင်းတဲ့သူတွေကတော့ ခြောက်နာရီဆိုစင်ပေါ်ရောက်ပြီ။
တစ်နေ့တာလုံးခတ်ရမယ့် ရက္ကန်းစင်အတွက်မခတ်ခင်လုပ်စရာရှိတာလုပ်ကြရသည်။ နှပ်တွေ ရှုပ်မနေအောင်ခါ၊ လွန်း၊ လွန်းသွားတဲ့လမ်းကြောင်းထဲတွေကို ဒီဇယ်သုတ်၊ ရက်ဖောက်ပုံးထဲ ရက်ဖောက်သီးတွေဖြည့် စသည်ဖြင့်ပြင်ဆင်ပြီးမှ စင်ပေါ်တက်ကြသည်။
စင်ပေါ်ရောက်တာနဲ့ချက်ချင်းခတ်ကြလေ့မရှိ။ ခြံထဲမှာစိုက်ထားသော ရွှေပန်း၊ စံပယ်ပန်း၊ နှင်းဆီပန်း စတဲ့ ကိုယ်နှစ်သက်ရာပန်းတွေနဲ့ အမေဒေါ်ရွှေဥကိုပန်းကပ်ပြီး ဆုတောင်းကြသည်။
“အမေ ရက္ကန်းအထည်များများထွက်အောင် မ,ပါ၊ ရက္ကန်းစင်မပျက်မယွင်းအောင် စောင့်ရှောက် တော်မူပါ” စသည်ဖြင့် ရိုးရာမပျက်လုပ်ကြရသည်။ မိုးမြင့်ကတော့ အားလုံးမနိုးခင် ဇွဲကောင်းကောင်းနဲ့ ထပြီး အဲဒီစာကို ညချမ်းမြင်အောင် ထားပေးတာဖြစ်သည်။ ညကတည်းက ပြင်ဆင်ထားသည့် ချားဆွဲမယ့် ချားဝင်ရိုးလုံးကြားထဲကို မြင်သာအောင်ညှပ် ထားပေးလိုက်တာပင်။
ပြီးတော့ မိုးမြင့်ရဲ့ကိုယ်ပိုင်ရက္ကန်းစင်ပေါ် တက်လိုက်သည်။
လက်ဆွဲကြိုးအပေါ်ကတန်းမှာ အသင့်ယူထားတဲ့ စံပယ်ပန်းနှစ်ခက်ကို ချိတ်ထိုးကာ အမေ ဒေါ်ရွှေဥကို ပူဇော်လိုက်၏။
“အမေ၊ အမေ့သမီးကို ရက္ကန်းခတ်လို့ကောင်းအောင် မ,စတော်မူပါ၊ ခတ်လို့အဆင်မပြေခဲ့ရင် လည်း ညချမ်းမောင်လက်နဲ့ လာပြင်ပေးအောင် မ,စပေးပါ၊ ညချမ်းမောင်နဲ့စကားပြောတာ၊ အလုပ်လုပ် တာ အားလုံး အားလုံး အဆင်ပြေအောင် ဆောင်ရွက်ပေးပါ”
မိုးမြင့်ရဲ့စင်ကနေလှမ်းကြည့်ရင် ညချမ်းရဲ့နေရာကိုအတိုင်းသားမြင်နေရသည်။
“ဇွဲကောင်းလှချည်လားဟေ့”
တစ်ချို့မိုးမြင့်စင်ပေါ်ကိုရောက်နေတာတွေ့ပြီး လှမ်းအော်သွားကြ၏။ သူတို့တွေက အခုမှရက် ဖောက်သီးသွားယူတုန်း။ မနက်ပိုင်းရက္ကန်းခတ်ဖို့အတွက် လိုတဲ့ရက်ဖောက်သီးတွေကို ရက်ဖောက် သမားတွေက ညကတည်းကရက်ထားကြသည်။ အဲဒါမှ မနက်တစ်ကြောစာအတွက်အလျင်မီမှာ။ ရက္ကန်းစင်အားလုံးအတွက် လိုအပ်မယ့်ရက်ဖောက်တွေကို ရက်ဖောက်သမားတွေက ခန့်မှန်း တွက်ချက် ကြရသည်။
တကယ်လို့များ ရှိနေတဲ့ရက်ဖောက်သီးမလုံလောက်မယ့် အရိပ်အယောင်ဆိုရင် ရက္ကန်းစင်တွေ ကို လိုက်ကြည့်ပြီး ချင့်ချိန်ဖြည့်ပေးတာမျိုးတို့၊ ပုံးထဲအပြည့်မပေးတော့ဘဲ တစ်ဝက်ပဲပေးတော့တာမျိုး လုပ်ရသည်။ အဲလိုမှ မလုပ်ရင်မရ။ တစ်ချို့က ရက်ဖောက်သီးကိုပုံးအပြည့်ယူထားပြီး တစ်ချို့က ပုံးထဲမှာတစ်လုံးမှ မကျန်ဘဲဖြစ်နေတာမျိုးတို့ ကြုံရသည်။ ရက်ဖောက်မရှိတော့တဲ့သူက စက်မောင်းတဲ့ ဘေးနားမှာသွား စောင့်ပြီးယူရသည်။ အဲလိုစောင့်ယူရတဲ့အခါ အချိန်ကုန်ပြီးအထည်များများမကျတော့။ အဲဒီလိုမျိုးမဖြစ်အောင် ရက်ဖောက်သမားတွေကစီမံပေးရတာပင်။
“ဟေး … ငါးထောင်ရအောင်ခတ်နော်”
မိုးမြင့်ကို လှမ်းနောက်သွားကြသည်။
“အေး၊ ခတ်မှာ ဒီနေ့စက်ကထွက်တဲ့ ရက်ဖောက်သီးကို ငါတစ်ယောက်တည်းနဲ့ ကုန်အောင်ခတ်ပြမယ်”
“ဟေး မိုးမြင့်ထက်၊ စင်တွေဘာတွေပြုတ်ထွက်ကုန်မယ်နော်”
“အို ဘာဖြစ်လဲ၊ ညချမ်းမောင်တစ်ယောက်လုံးရှိတာပဲ၊ သူပြင်ပေးမယ်တဲ့”
မိုးမြင့်က အဲလိုပြန်စလိုက်ပြီး သူဇာရှိရာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သူဇာ့မျက်နှာ တစ်မျိုး ဖြစ်သွားတာပေါ့။ ထင်တဲ့အတိုင်းပါပဲ။
ခဏကြာတော့ ရက်ဖောက်မောင်းဖို့စက်နှိုးသံ၊ ရက္ကန်းခတ်သံတွေနဲ့တစ်ရုံလုံးစည်စည်ကားကား ဖြစ်လာလေသည်။ ရက္ကန်းလက်ခတ်သံနဲ့အတူ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်စနောက်သံ၊ သီချင်း ညည်းသံတွေပါ ရောလာလေ၏။ ပြီးတော့ မိုးမြင့်မျှော်လင့်နေတာလည်းရောက်လာခဲ့သည်။
ညချမ်းမောင်။
မနက်စာစားပြီး အလုပ်လုပ်ဖို့အကျႌလဲပြီးလုပ်ငန်းခွင်ဝင်ဖို့ ရောက်လာခဲ့ပြီ။ မိုးမြင့်ရင်တွေခုန် လိုက်တာ။ ဘောင်းဘီတိုရယ် စွပ်ကျယ်လေးရယ်သာ ဝတ်ဆင်ထားပေမယ့် မိုးမြင့်မျက်လုံးထဲမှာ သူ့ပုံစံ က ကြည့်လို့ကောင်းလိုက်တာ။ သူ့ကိုချစ်မှတော့ သူလှုပ်ရှားမှုမှန်သမျှကို ချစ်နေတော့တာပါပဲလေ။
“ဟော”
မိုးမြင့်ညှပ်ထားတဲ့စာကို သူတွေ့သွားပြီ။
စာရွက်အခေါက်ကလေးသာမို့ အမှိုက်လို့ပဲသူထင်နေသလားမသိ။ လက်နှစ်ဖက်နဲ့ခြေပြီး အမှိုက်ပုံးထဲလွှင့်ပစ်ဖို့ပြင်သည်။
“အဲ … အဲ သွားပါပြီ”
မိုးမြင့်အသံထွက်ရေရွတ်မိသည်။
သူတစ်ခုခုကိုစဉ်းစားဟန်ပြုပြီး စာရွက်ခေါက်လေးကိုဖြန့်လိုက်၏။ တော်ပါသေးရဲ့။ သူ စဖတ်ပြီဖြစ် သည်။
သူဖတ်နေတဲ့ပုံစံ၊ အမူအရာတွေကို မျက်တောင်မခတ်ကြည့်မ၏။ စာလည်းဖတ်ပြီးရော သူကမိုးမြင့် စင်ဖက်ကို တစ်ချက်ကြည့်သည်။ နှစ်ယောက်သားအကြည့်ချင်းဆုံမိသွား၏။ ခဏလေးပါပဲ။ သူအကြည့်ပြန် လွှဲလိုက်ကာ ပုံမှန်အတိုင်းအလုပ်စလုပ်တော့သည်။
အံသြသွားတဲ့ပုံစံ၊ ထူးခြားတဲ့အမူအရာ ဘာတစ်ခုမှမတွေ့။
တော်တော်အေးတိအေးစက်နိုင်ပါလား။ မိုးမြင့် သူ့ကိုကြည့်ပြီးအားမလိုအားမရဖြစ်သွားမ၏။
“ငါ့မှာတော့ စိတ်လှုပ်ရှားလိုက်ရတာ၊ သူဖြင့် ဘာအမူအရာမှမပြဘူး၊ ခဲလေသမျှ သဲထဲရေသွန်ဖြစ် ပြီလား၊ အင်းလေ … သူ့စိတ်ထဲမှာတော့ ငြိမ်နေမှာမဟုတ်ပါဘူး၊ အပြင်မှာသာ ဟန်ဆောင်ကောင်းတာနေမှာပါ”
ကိုယ့်ကိုကိုယ်နှစ်သိမ့်မိသည်။
အင်း … မိုးမြင့် ဘာလို့သူ့ကိုစာပေးခဲ့တာလဲ။
သူ့ရဲ့အေးတိအေးစက်အပြုအမူတွေဟာ အခုလိုမျိုးအဖြစ်ကိုအဓိကတွန်းပို့ခဲ့တာပင်။ ဟုတ် တယ်လေ။ မိုးမြင့်ဖက်က အလေးပေးဂရုစိုက်ပြတာတောင် သူကပုံမှန်အတိုင်းရှိနေခဲ့တာကိုး။ ပြီးတော့ တစ်ချိန် လုံး သူဇာမှသူဇာဖြစ်နေတာ အမြင်ကတ်စရာကောင်းလိုက်တာ။ အဲဒါနဲ့ မအောင့်နိုင်မအီးနိုင်နဲ့ အခုလိုမျိုး ဖြစ်သွားရတာ။
စာပေးပြီးတာတောင် သူ့ပုံစံကဘာအရိပ်အယောင်မှမပြတာကြည့်ပါလား။ နေ့လည်ထမင်းစား ချိန်အထိတောင် သူ့ပုံစံကဘာမှမထူးခြားလာ။ ကြာလာတော့ မိုးမြင့်အသည်းယားလာသည်။
“သူ ဘာလို့ငါ့ကိုဂရုမစိုက်ရတာလဲ၊ ငါ့ဖက်က ဒီလောက်ကြီးများတောင် မြောင်းဖောက်ပေးရက် သားနဲ့လေ … ”
သူငြိမ်နေတော့ မိုးမြင့်လည်းမနေသာတော့။
ဉာဏ်နီဉာဏ်နက်တွေထုတ်ရသည်။ ဘာလုပ်ရမလဲ။ ဘယ်လိုလုပ်မှလှုပ်ရှားမလဲ စဉ်းစားရ တော့သည်။
သမာရိုးကျနည်းတစ်ခုနဲ့ သူအနားရောက်လာဖို့စဉ်းစားမိသည်။ ရက္ကန်းစင်ခတ်မရရင် သူလာပြင် ပေးမယ်။ ဒါပဲရှိတော့တာပေါ့။ ရက္ကန်းစင်တွေကအစွဲရှိသည်။ စင်ပြင်ပေးတဲ့သူက တစ်ယောက်တည်း ဖြစ်ရမည်။ တစ်ယောက်ပြင်ပြီးသားကို နောက်တစ်ခါအခြားတစ်ယောက်ပြင်ရင် ခတ်လို့မကောင်းတော့။ ပြင်တဲ့ လူဖက်ကလည်း ဒီစင်ကိုပြင်ပြီးရင် တစ်ခြားလက်ကိုင်တာမကြိုက်။
အဲဒါကို အခွင့်ကောင်းယူဖို့စဉ်းစားလိုက်ခြင်းပင်။
အင်း။ ဘယ်နေရာကို ဖျက်ရမလဲစဉ်းစားမိသည်။ သူ တကူးတကလုပ်ပေးထားတဲ့စင်ကိုလည်း ပျက် စီးမသွားစေချင်။ အလွယ်တကူဖျက်ပြီး အလွယ်တကူပြင်လို့ရတာဘာရှိမလဲ။
ဟိုဟိုဒီဒီရှာကြည့်လို်က်တော့ ခြေနင်းဝါးလုံးကြိုးကိုသတိထားမိလိုက်သည်။ ခြေနင်းဝါးလုံးကြိုး က ချည်ထားတဲ့ကြိုး ပြတ်ချင်သလိုဖြစ်နေသည်။ ဟုတ်ပါရဲ့။ ရက္ကန်းခတ်တာ တစ်လတောင်မပြည့်သေး ဘူး၊ ခြေနင်းကြိုးတစ်ဖက်ကပြတ်တော့မှာပါလား။ စင်ပေါ်ကကတ်ကြေးကိုယူပြီး ခြေနင်းဝါးလုံးကြိုးကို မသိမသာ ထိုးဖြတ်လိုက်သည်။ တစ်ခြားစင်ပေါ်ကလူတွေ မမြင်ရအောင်တော့ သေချာကြည့်နေရတာ ပေါ့။
သိပ်ကြာကြာမဖြတ်လိုက်ရ။ ကတ်ကြေးကလည်း အသစ်ထုတ်ပေးထားတာမကြာသေးတော့ ထက်မှထက်။ ကြိုးလည်းပြတ်ပြီးရော သူရှိရာကိုလာခဲ့၏။
“ညချမ်းရေ”
သူလှမ်းကြည့်သည်။
“အင်း”
အကြည့်ကစူးရှလိုက်တာ။ သူ့မျက်လုံးအရောင်တွေ လက်ခနဲ လက်ခနဲတောက်ပလို့နေလေ သည်။ ရင်တွေခုန်လိုက်တာ။
“ခြေနင်းကြိုးပြတ်သွားလို့”
သူ မျက်မှောင်ကြုတ်သည်။
“ငါ မအားသေးဘူး၊ ဟေ့ကောင်”
“အာ ဒီအတိုင်းမခတ်ဘဲနေရမှာလား အဲဒါဆို”
“ကျွတ် … သူများတွေဆို ခြေနင်းကြိုးပြတ်တာလောက်တော့ ဆက်တတ်ကြပါတယ်ကွာ၊ မင်းကျမှ အရာရာငါ့အားကိုးတယ်၊ တကယ်ပဲ”
သူ့ပုံစံက ကလေးတစ်ယောက်စိတ်ကောက်သလိုမျိုး၊ မျက်နှာကိုစူပုပ်ပြတော့ ရယ်ချင်သွား မိသည်။
“ဝေငြိမ်းထက်ကို လုပ်ခိုင်းလိုက်ကွာ”
ကျွမ်းကျင်ရက္ကန်းသမားတိုင်းလိုလိုက ကိုယ့်ရက္ကန်းစင်အတိမ်းအစောင်းချို့ယွင်းမှုတွေကို နည်းနည်း ပါးပါးတော့ ပြင်တတ်ကြတာချည်း။ လက်ဆွဲကြိုးပြတ်တာ၊ ခြေနင်းကြိုးပြတ်တာလောက်မျိုး ကတော့ ကိုယ့်ဖာသာပဲပြင်ကြလေ့ရှိသည်။ ကိုကြီးကတော့ စင်ပျက်ရင် သူ့ကိုလာပြော၊ ညချမ်းကို ဒုက္ခ မပေးနဲ့လို့တော့ မှာထားသည်။ ဒါပေမဲ့ … ။
“အာ … သူ့ကိုမခိုင်းချင်ပါဘူး၊ မနေ့ညကတည်းက စကားများထားတယ်”
သူ မိုးမြင့်ကိုတစ်ချက်ကြည့်ပြန်ကာ စင်ရှိရာကိုလိုက်လာသည်။ စင်အောက်ထဲဝင်ပြီး ခြေနင်း ကြိုးဟောင်းကိုဖြုတ် အသစ်တပ်လဲပေးဖို့ပြင်၏။
“ဟိုလေ … ညချမ်း”
သူအလုပ်လုပ်နေတဲ့နားမှာနေရင်း ကပ်တိုးလေးခေါ်လိုက်၏။
“အင်း … ပြော”
မိုးမြင့်ကိုတောင်မကြည့်။ လုပ်လက်စအလုပ်မပြတ်။ အေးဆေး။
“မနက်ကစာ ဖတ်ပြီးပြီလား”
“အင်း၊ အဲဒီတော့ ဘာလုပ်ရမလဲ၊ ငါက”
သေလိုက်ပါတော့။ တော်တော်အေးတိအေးစက်နိုင်တဲ့သူ။ ဘယ်လိုမှမခံစားရဘူးပေါ့။ မိုးမြင့်မှာ တော့ အရှက်တရားဆိုတာလည်း မြောင်းထဲကိုပို့ထားရသည်။ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ။
“ကျွန်တော် ကိုးရီးယားကားတွေကြည့်တာ များသွားပြီလားမသိပါဘူးဗျာ”
“ဟုတ်မှာပေါ့” တဲ့။ သူက။
အင်းလေ။ မိန်းကလေးဖက်က ဒီလောက်တောင်အောက်ကျို့ခံနေမှတော့ သူအထာကိုင်ပြီပေါ့။ နေနှင့်ဦးပေါ့ ညချမ်းမောင်ရယ်။
x x x x x x x x x