(၁၉)
သူဇာတစ်ယောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်သွားလုပ်ရန် ရက်ပိုင်းအလိုမှာတော့ သူ့မျက်နှာညှိုးသည်ထက် ညှိုးကျလာသည်ကိုတော့ မိုးမြင့်သတိထားမိပါသည်။ သူ့မျက်နှာမကောင်းတော့ မိုးမြင့်လည်းဘယ်စိတ်ကောင်းမလဲ။ သူ့အပေါ်သနားမိသည်။
မှိုင်နေပြီးအလုပ်သိမ်းတာနဲ့ အပြင်ကိုထွက်တာလည်းမတွေ့ရတော့။ အလုပ်လုပ်ရင်လည်း ခါ တိုင်းလို ကောင်မလေးတွေနဲ့ပြုံးပြုံးရယ်ရယ်မနေတော့။ လုပ်ရမယ့်အလုပ်ကို တာဝန်ကျေအောင်လုပ်၊ ပြီးရင် ရေမိုးချိုး၊ ထမင်းစား၊ ခဏထိုင် ပြီးရင် အိပ်ရာထဲတန်းဝင်တော့တာဖြစ်သည်။ သူနဲ့စကားပြောရ အောင် ထမင်းစားနေချိန် ဟင်းပို့တော့လည်းခါတိုင်းလိုဟင်းကို ကောင်း၏၊ ဆိုး၏ ဝေဖန်မနေတော့။
“ထားခဲ့နော်၊ ပြီးမှ ခွက်ဆေးထားလိုက်မယ်”
အဲဒီတစ်ခွန်းပဲပြောတော့သည်။
အလုပ်မှာလည်းအပိုအလုပ်တွေ (စင်ပြင်တာတွေ) မလုပ်ပေးတော့။ ချားလေးလုံးဆွဲရမယ်ဆို ရင် အဲဒီလေးလုံးပဲဆွဲသည်။ လေးလုံးပြည့်အောင် တစိုက်မတ်မတ်ဆွဲပြီိးတာနဲ့ လူသူရှင်းတဲ့တစ်နေရာ ရာမှာ ထိုင်ပြီးတော့ ငိုင်နေတတ်၏။ သူ့မျက်နှာက သိသိသာသာညှိုးငယ်နေသည်။ သူဇာကတော့ တမင်ဟန်ဆောင်နေတာလား မပြောတတ်။ ဘာအရိပ်အယောင်မှမပြ။ အေးအေးဆေးဆေးပဲ။ ခါတိုင်း လို ကိုကြီးနဲ့ တွတ်ထိုးနေတတ်သည်။
“အဲဒီမြို့က မြန်မာရွှေ့ပြောင်းလုပ်သားတွေအများကြီး ရှိတဲ့မြို့လို့တော့ ကြားဖူးတယ်”
“အင်း၊ ဟုတ်တယ် တရားဝင်တွေရော တရားမဝင်တွေရော အများကြီးပဲလို့ကြားဖူးတယ်”
“သူများနိုင်ငံမှာဆိုတော့ သူများမလုပ်ချင်တဲ့အလုပ် လုပ်ရမှာလားဟင်၊ အဆင်ရောပြေပါ့မလား
သူဇာရယ်၊ စိုးရိမ်တယ် ”
“ဘာမှမဖြစ်ပါဘူးဟာ၊ ငါတို့က တရားဝင်သွားတာပဲလေ၊ ပြီးတော့ ဟိုမှာကစက်ရုံမှာလုပ်ရမှာ ဆိုတော့ လုံလည်းလုံခြုံတယ်၊ အဲမှာပဲလုပ်၊ အဲမှာပဲနေပေါ့၊ တစ်ပတ်တစ်ရက် ပိတ်ရက်ရတယ်”
ကိုကြီးနဲ့ သူဇာတို့ နှစ်ယောက်သားပြောနေကြတာကို မလှမ်းမကမ်းမှာ မတ်တပ်ရပ်ပြီးနား ထောင်နေတဲ့သူ့ကို မိုးမြင့်တွေ့တော့သနားမိတာပြောပြမတတ်အောင်ပင်။ သူဇာကတော့ သူနားထောင် နေတာကို သိလို့လားမပြောတတ်။ လေသံခပ်ကျယ်ကျယ်နဲ့ ကြွားလုံးထုတ်လို့နေလေ၏။ ကိုကြီးက တော့ ဘာမှမသိရှာ။
“စကားကျတော့ရော …”
“အဲစက်ရုံမှာက မြန်မာတွေချည်းပဲလို့ကြားတယ်ဟ၊ သူတို့ လူမျိုးလည်းနည်းနည်းပါးပါးရှိမှာပေါ့၊ စကားပြန်လည်းရှိတယ်တဲ့”
“ထိုင်းစကားပေါ့နော်”
“အင်းပေါ့”
“အဆင်ပြေရင် ဖုန်းဆက်လိုက်ဟာ၊ ငါလည်းလိုက်ချင်တယ်၊ ဒီမှာလုပ်နေတာထက်စာရင်တော့ ပိုရ မယ်ထင်တယ်၊ ပင်ပန်းတာချင်းတူတူတော့ ပိုက်ဆံများများရတာက ပိုပြီးပင်ပန်းရကျိုးနပ်တယ်”
“အင်းပါ၊ (၂) နှစ်အရင်လုပ်ရမှာဟ၊ ငါအဆင်ပြေတယ်ဆိုရင်၊ လူခေါ်တယ်ဆိုရင် လှမ်းခေါ် လို်က်မယ်နော်၊ လစာက အခုလောလောဆယ် ပထမခြောက်လမှာ ဘတ်နှစ်သောင်းလောက်ရမယ် ပြောတယ်၊ မြန်မာငွေနဲ့တွက်ရင် ခြောက်သိန်းလောက်တဲ့”
“ဟယ် ကောင်းလိုက်တာ၊ အများကြီးမလုပ်ပါဘူး၊ လေးငါးနှစ်လောက်ဆိုရင် တော်တော်ကြီးကို စုမိနေလောက်ပြီနော်၊ သူဇာ မဖြစ်ဖြစ်အောင်ဖုန်းဆက်လိုက်ဟာ၊ ငါလိုက်ခဲ့မယ်”
အခုလက်ရှိဝင်ငွေနဲ့စာရင်တော့ မက်လောက်စရာကောင်းပေမယ့် မိုးမြင့်ကတော့အထင်မကြီး ပေါင်။ ကိုကြီးကတော့ တက်ကြွနေပုံရသည်။ ညချမ်းကတော့ နားထောင်ပြီးခေါင်းခါကာ သူ့အဆောင် ပေါ် တက်သွားတာကိုတော့ မြင်ဖြစ်အောင်မြင်လိုက်၏။ သူစိတ်ညစ်သွားပြီ။
ဘာလုပ်ပေးရင်ကောင်းမလဲ။
စဉ်းစားမိသည်။ သူဒီလိုဖြစ်နေတာကို မိုးမြင့်မမြင်ရက်။ ဒီတော့ကြံရသည်။ အလုပ်သိမ်းတော့ ဝေယံ့ဆီကိုကပ်တိုးလေးသွားပြောရ၏။ ညချမ်းကိုစိတ်ပြေလက်ပျောက်သဘောနဲ့ ဘီယာတိုက်ဖို့ စိတ်ကူးရမိကာ ပိုက်ဆံချေးဖို့ပင်။
“နှစ်သောင်းလောက်ပါပဲဟာ၊ ကိစ္စတစ်ခုပေါ်လာလို့၊ ကိုကြီးကိုတော့ပေးမသိပါနဲ့နော်၊ ငါ့နေ့စဉ် လုပ်ခထဲက တစ်နေ့တစ်ထောင်ဖြတ်သွားပါ”
မန်နေဂျာတွေက အလုပ်သမားတွေကို အဲလိုအခွင့်အရေးပေးထားသည်။ ပိုက်ဆံအရေးတကြီး လိုရင် ကြိုထုတ်၊ ပြီးရင် နေ့စဉ်လုပ်ခထဲကထိုက်သင့်သလောက် ဖြတ်ယူသည်။ အရေးပေါ်ပိုက်ဆံ အသုံးလိုရင်တော့ အဲဒီနည်းနဲ့ပဲဖြေရှင်းကြလေ့ရှိသည်။ မန်နေဂျာတွေကတော့ သူတို့တာဝန်အတိုင်း မေးတာ စမ်းတာတော့ရှိတာပေါ့လေ။ အကြောင်းပြချက်ကောင်းကောင်းတော့ ပေးရတာပေါ့။
ပို်က်ဆံနှစ်သောင်းကို လက်ထဲကျစ်ကာယူလာပြီး ကိုကြီးမသိအောင် တစ်နေရာမှာဖွက်ထား လိုက်သည်။ ရေမိုးချိုးလိုက်၏။ ပြီးတော့ ညချမ်းရှိရာကိုလာခဲ့သည်။
“ညချမ်း … ညချမ်းစိတ်မကောင်းဖြစ်နေတာကို ကျွန်တော်ရိပ်မိပါတယ်၊ အဲလိုကြီးမနေပါနဲ့ကွာ၊ လာ … ထ၊ စိတ်ပြေလက်ပျောက် ဘီယာသွားသောက်ရအောင်၊ ကျွန်တော်တိုက်မယ်”
သူကမူးရင်လည်း စကားပြောတတ်တာမဟုတ်။ ဒါပေမဲ့ တစ်နည်းနည်းနဲ့များ စိတ်သက်သာရ နိုင်ကောင်းပါရဲ့ဆိုတဲ့ပုံစံနဲ့ ခေါ်လိုက်ခြင်းပင်။ ကံကောင်းလို့ဒီနေ့ကျမှ သူ့ရဲ့ခံစားချက်တွေကို ဘီယာမူး ပြီး မိုးမြင့်ကိုပြောပြရင်တော့ မိုးမြင့်ဟာကံထူးသူပေါ့။ သူ့ရင်ဖွင့်သံကိုကြားရတဲ့ သူ့ရဲ့အကောင်းဆုံး အဖော်မွန်ပေါ့လေ။
သူကောက်ခနဲ ထလိုက်လာသည်။ အရင်တစ်ခါလိုပါပဲ။ မငြင်းပါ။
ဆိုင်ကိုရောက်တော့လည်း ကန်စွန်းပလိန်း၊ ငါးမုန့်ကြော်နဲ့ ဘီယာကိုတစ်ကျိုက်စုပ်၊ ဆေးလိပ် ဖွာရင်းစကားသိပ်မပြော။
“သူဇာ့ကိစ္စနဲ့ကြောင့်လားဟင်”
မဝံ့မရဲပင် စကားစလိုက်မိသည်။
ကံကောင်းတယ်လို့ပဲဆိုမလား။ သူ့ဆီက စကားသံတစ်ချို့ထွက်လာ၏။
“ဆိုပါတော့”
“ညချမ်း သူ့ကိုသိပ်ချစ်တာပဲလားဟင်”
သူ ခေါင်းညိတ်သည်။
“သူဇာ့သဘောကရော၊ အခုအခြေအနေမှာလေ”
မသိချင်ယောင်ဆောင်မေးလိုက်ခြင်းပင်။ သူတို့နှစ်ယောက်ရဲ့အတွင်းရေးကို အသိဆုံးလူတွေ ထဲမှာ မိုးမြင့်မပါဘဲနေပါ့မလား။ ပြီးတော့ မိုးမြင့်က သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းမှာဗီလိန်ပဲဟာ။ သိပ်သိတာပေါ့။ ဒါပေမဲ့ … ညချမ်းရဲ့စကားသံတွေကိုကြားချင်တာပေါ့။
“သူ မင်းနဲ့ငါနဲ့ကို အထင်လွဲနေတယ် ဟေ့ကောင်”
“ဘယ်လို ညချမ်း”
“ဒီလပိုင်းရက်တွေမှာ မင်းနဲ့ငါနဲ့က အရမ်းအနီးကပ်နေကြတယ်မလား၊ အဲဒါကို တစ်မျိုးထင်နေ တာပေါ့၊ နိုင်ငံခြားသွားဖို့စီစဉ်တာကလည်း အဲဒါကိုရွဲ့ပြီးစီစဉ်တာလို့ပဲ ငါထင်တယ်”
“မိုးမြင့်တို့ ခါတိုင်းလည်း ဒီလိုပဲနေနေတာပဲလေ၊ မဟုတ်ဘူးလား ညချမ်းရယ်၊ အရင်ကတည်း က ခင်ဗျားတို့ ဘယ်သွားသွား ကျွန်တော်လိုက်တာပဲလေ”
“ဘာပဲဖြစ်ဖြစ်၊ ဘယ်သူမဆို ကိုယ့်ချစ်သူကို တခြားမိန်းကလေးတစ်ယောက်နဲ့ ပုံမှန်ထက် တရင်းတနှီးရှိနေတာကို ဘယ်ကြိုက်ပါ့မလဲ”
“ကိုယ့်ချစ်သူ ဟုတ်လား”
အဲဒီအသုံးအနှုန်းက မိုးမြင့်ရင်ထဲမှာပူလောင်သွားမိသည်။ ဘုရား၊ ဘုရား။ ကိုယ့်ချစ်သူတဲ့လား။ သူတို့မိုးမြင့်မသိဘဲကွယ်ရာမှာ ဘယ်လောက်အဆင့်အထိတောင်။
“ဟုတ်တယ်၊ သူဇာ့ရင်ထဲမှာ ငါ့အပေါ်ချစ်နေတာကိုသိတယ်၊ ငါဘယ်လောက်သူ့အပေါ်ချစ် တယ်ဆိုတာကိုလည်း သူသိတယ်၊ အဲဒါငါတို့နှစ်ယောက်ချစ်သူပဲပေါ့၊ မင်း ကြားကဝင်နှောက်ယှက်နေ လို့ သူဇာ ငါ့ကိုအဖြေမပေးခဲ့တာ၊ အခုလိုမျိုးနိုင်ငံခြားကိုသွားဖို့စီစဉ်ခဲ့တာ၊ မင်းကြောင့်၊ အခုလိုမျိုး ငါတို့နှစ်ယောက် နားလည်မှုလွဲတာ မင်းကြောင့်ပဲ မိုးမြင့်”
သူရဲ့ခိုင်လုံတိကျတဲ့ စွပ်စွဲမှုအောက်မှာ မိုးမြင့်ခဏတာ မှင်သက်သွားမိသည်။ ပြောရက်လိုက် တာ ညချမ်းရယ်။ မိုးမြင့်ရဲ့အချစ်ကို ဘာလို့နားမလည်ရတာလဲကွယ်။
“ကျွန်တော် ခင်ဗျားအပေါ်ကို … ”
“မင်း ငါ့အနားအရမ်းကပ်တာကို သူဇာမကြိုက်ဘူး၊ မင်းရဲ့ချဉ်းကပ်ပုံကို ဘယ်ကောင်မလေးက မှလည်း သဘောတူကြည်ဖြူမှာမဟုတ်ဘူး၊ ဒါပေမဲ့ ငါမင်းကိုဘယ်လိုခွာရမလဲ မိုးမြင့်ရယ်၊ ဘယ်လို အင်အားတွေနဲ့ ချိုးချိုးဖဲ့ဖဲ့ပြောရပါ့မလဲ”
အဲဒီအတွက် မိုးမြင့်ကသူ့ကို ကျေးဇူးတင်ရမှာပေါ့လေ။
ဘယ်သူဘာပြောပြော နောက်မဆုတ်ဖို့ မိုးမြင့်အစကတည်းက စဉ်းစားပြီးသားမို့မမှုတော့ပါ။
“ကျွန်တော် ခင်ဗျားနားမှာနေပြီး ခင်ဗျားလိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးချင်တာ အပြစ်လား ညချမ်း”
“ဒီအချိန်၊ ဒီအခြေအနေထိရောက်မှတော့ မင်းကိုအပြစ်တင်ဖို့စိတ်ကူးမရှိဘူးဟေ့ကောင်၊ မင်းမေးလို့ဖြေတာသက်သက်ပဲ၊ အရာအားလုံးငါ့အမှားပဲ၊ ငါ့ကိုယ်ငါပဲအပြစ်တင်တော့မယ်ကွာ”
သူသက်ပြင်းချကာ ဘီယာကိုမော့သည်။
သူအရမ်းဝမ်းနည်းနေမှာပေါ့။ အင်းလေ။ မိုးမြင့်က သူ့အနားမှာနေပေးနေတာပဲ။ သူ့လိုအပ်ချက် ကို ဖြည့်ဆည်းပေးဖို့ အသင့်အနေအထားမှာရှိနေပြီပဲလေ။ သူ့ရဲ့ဝမ်းနည်းမှုဟာ ခဏပဲဖြစ်စေရမည်ပေါ့။
“သူဇာ သွားတော့လဲဘာဖြစ်လဲညချမ်းရယ်၊ ညချမ်းဘေးမှာ ကျွန်တော်တစ်ယောက်လုံး ရှိနေ တာပဲ၊ ခင်ဗျားအနားမှာ ကျွန်တော်နေပေးမှာပါ”
သူ့ကိုခေါ်လာပြီး ဘီယာတိုက်တဲ့ရည်ရွယ်ချက်က ဒီလိုစကားတွေနဲ့ သိမ်းသွင်းဖို့လည်း ပါဝင် သည်။ ညချမ်းမောင် ဘယ်လောက်အထိနေနိုင်ပါ့မလဲ။ မိုးမြင့်ရဲ့ရည်ရွယ်ချက်ကဘာ၊ ဘယ်ကိုသွားနေ တယ်ဆိုတာ သူမသိဘဲနေပါ့မလား။ သိသိကြီးနဲ့ မိုးမြင့်ရဲ့ခွင်(ဂွင်)ထဲသူဝင်နေတာ။
“ငါက မင်းကို သူငယ်ချင်းသံယောဇဉ်သက်သက်နဲ့ ခင်တာ”
အဲဒီစကားကြားတော့ ဝမ်းနည်းမိသွားသည်။
“သူဇာ့နေရာမှာ အစားထိုးနိုင်ဖို့ …”
အရဲစွန့်ပြီးပြောလိုက်မိသည်။ အဲဒီမှာ သူပေါက်ကွဲတော့တာပါပဲ။
“ငါ သူဇာ့ကိုချစ်တယ်၊ မင်းကိုမှငါသဘောမကျတာ” တဲ့လေ။
မိုးမြင့်မှာတော့ ရင်ထဲမှာထူပူပြီးကြက်သီးတွေဖြန်းခနဲထသွားရလောက်အောင်ကို ရှက်သွားရ သည်။ ပြီးမှ ပြန်ထိန်းလိုက်နိုင်၏။ ဒီစကားတွေပြောရင် ဒီလိုပဲပြန်ပြောခံရမယ်ဆိုတာ ကြိုတွက်ထားပြီး သားပါ။ ဒါပေမဲ့ တကယ်တမ်း အပြောခံလိုက်ရတဲ့အခါမှာတော့ ဝမ်းနည်းပြီးငိုချင်သွားမိသည်။
“မင်းကိုမှ ငါသဘောမကျတာ” တဲ့လေ။
အဲဒီညကအိပ်ရာထဲရောက်တော့ မိုးမြင့်ငိုမိသည်။ သူ့စကားကို ကြားယောင်ရင်း၊ ကြေကွဲရင်းနဲ့ တသိမ့်သိမ့်ရှိုက်မိတဲ့အထိ။ မိုးမြင့်ရဲ့ငိုသံသဲ့သဲ့ကို တစ်ဖက်ခြင်ထောင်ထဲက ကိုကြီးကြားသည်အထိပင်။
“ညီမလေး၊ ဘာဖြစ်တာလဲ” ဆိုပြီးလှမ်းမေးတော့ မျက်ရည်တွေကိုသုတ်၊ ရှိုက်သံတွေထိန်းကာ ဘာမှမဖြစ်ဘူး၊ သဘောကျစရာတစ်ခုကိုတွေးမိပြီး ရယ်နေတာလို့ပြန်ပြောလိုက်၏။
“ညချမ်းကြောင့် ငိုနေရတယ်ဆိုပေမယ့် ညချမ်းအပေါ်နည်းနည်းကလေးမှ စိတ်မခုမိပါဘူးကွယ်၊ ပိုပိုပြီးတော့ပဲချစ်လာတယ်၊ ဘာပဲဖြစ်ဖြစ် ညချမ်းဘေးမှာအကောင်းဆုံးအဖော်မွန်တစ်ယောက်အနေနဲ့ရှိ ပေးမှာပါ”
ညချမ်းမောင်အပေါ်ထားရှိတဲ့ ချစ်ခြင်းတရားကတစ်နေ့ကျရောင်ပြန်ဟပ်လာဖို့ ဆုတောင်းမိ၏။
x x x x x x x x x x x