(၂၁)
ညချမ်းမောင်ရဲ့အများမသိတဲ့ လျှို့ဝှက်ချက်တစ်ခုကို မိုးမြင့်မထင်မှတ်ဘဲသိလိုက်ရပါသည်။ ဘယ် သူ့မှလည်း ထင်မှတ်မထားတဲ့အကြောင်းအရာဖြစ်သလို ညချမ်းမောင်ရဲ့ပိုက်ဆံတွေ ခဏခဏ ကုန်နေရတဲ့ အရင်းအမြစ်တစ်ခုလည်းဖြစ်သည်။
အဲဒီအကြောင်းအရာကြောင့်လည်း မိုးမြင့်နဲ့သူနဲ့ပိုမိုရင်းနှီးလာခဲ့ရပြီး မိုးမြင့်ရဲ့သြဇာအာဏာက လည်း သူ့အပေါ်ထိုက်သင့်သလောက်ညောင်းလာ၏။
“မင်းတို့ဆေးခန်းလေးဘာလေးမပြကြဘူးလား၊ ဒီလောက်ဖြစ်နေတာတောင် ဘာလဲ … ပိုက်ဆံ မရှိပြန်ဘူးလား”
သူဖုန်းပြောနေတာကို ထုံးစံအတိုင်း ခိုးနားထောင်မိပြန်သည်။ သူတစ်ယောက်ယောက်နဲ့ ဖုန်းပြောတာပဲဖြစ်ဖြစ်၊ စကားပြောတာပဲဖြစ်ဖြစ် မိုးမြင့်မြင်လို့ကတော့ ချောင်းနားမထောင်ဘဲမနေနိုင်။ သူနဲ့ပတ်သက်ရင် အကြောင်းအရာအားလုံးကို စိတ်ဝင်စားမိသည်။
“ရန်ကုန်မှာချင်းတူတူ ငွေလွှဲနဲ့တော့မပို့နိုင်ဘူး၊ ငါကိုယ်တိုင်လာပို့မယ်၊ အိမ်မှာပဲစောင့်နေ”
“………”
“ငါကလည်း လာချင်လွန်းလို့မဟုတ်ပါဘူး၊ ခဏခဏလည်း မလာချင်ဘူး စိတ်ချ၊ ကျန်းမာရေးနဲ့ ဆိုင်တော့ တွေ့ချင်တဲ့သဘောပါ”
“……..”
“ဟုတ်ပြီ၊ အိမ်ကိုပဲ ငါလာခဲ့မယ်”
“………”
“သာကေတတစ်မြို့နယ်လုံးနဲ့ ဝါဆိုထဲမှာငါငယ်ငယ်ကတည်းက နေရာတကာဝင်ထွက်နေတာ၊ ဘယ်အချိန်လာလာပေါ့၊ အေး၊ ငါ့သွေးသားနေမကောင်းတော့ အမြန်ဆုံးလာခဲ့မယ်”
ထူးခြားတဲ့ကိစ္စတစ်ခုပဲဆိုတာ တွေးလိုက်၏။ ညချမ်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အစ်ကို တစ်ယောက်ရှိတယ်ဆိုတာတော့ သိထားသည်။ သူများ နေမကောင်းဖြစ်လို့ထင်၏။ ဘာပဲဖြစ်ဖြစ် သူမ သိအောင်လိုက်ချောင်းဖို့ တွေးမိလိုက်သည်။ သူဘယ်နေ့အပြင်ထွက်မလဲဆိုတာကိုပဲ မျက်စိဒေါက် ထောက် အာရုံစိုက်နေမိ၏။ သိပ်မစောင့်လိုက်ရပါ။ အဲဒီနေ့ညနေပိုင်းမှာ သူကိုကြီးဆီရောက်လာသည်။
ထမင်းစားချိန်မို့ ထုံးစံအတိုင်းထမင်းလာစားတတ်တာအထင်နဲ့ ကိုကြီးကခူးခပ်ကျွေးဖို့ပြင်သည်။
“ငါ ထမင်းလာစားတာမဟုတ်ဘူး ဝေငြိမ်း၊ အရေးကြီးပြောစရာရှိလို့” ဆိုပြီး စကားစသည်။
သူ့အနားမှာနေ၊ သူလိုချင်တာဖြည့်ဆည့်ပြီး သူ့ကိုသိမ်းသွင်းဖို့ကသိပ်မခက်။ အသုံးအဖြုန်းကြီး၊ ပိုက်ဆံအမြဲလိုတတ်တဲ့သူ့အကျင့်ကို ဖြည့်ဆည်းနိုင်ရင်ပြီးပြီ။
“ငါ ပိုက်ဆံသုံးသောင်းလောက်လိုနေလို့”
“ဟင် သုံးသောင်းတောင်ဟုတ်လား၊ ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ ညချမ်းရယ်”
ကိုကြီးက သူ့ကိုချစ်တာကချစ်တာတစ်ပိုင်း။ တပင်တပန်းရှာထားရတဲ့ပိုက်ဆံကို ခဏခဏပေး ဖို့က တွန့်တိုသည်။ အဲဒီလိုတွန့်တိုလောက်အောင်လည်း ညချမ်းမောင်က ပိုက်ဆံချေးပြီး ပြန်မဆပ် တတ်တာကိုး။
“လုပ်ပါ ဝေငြိမ်းရယ်၊ ငါ့အစ်ကိုနေမကောင်းဖြစ်နေလို့တဲ့၊ ဖုန်းလာလို့၊ အဲဒါငါ့မှာလည်း လော လောဆယ်အဆင်မပြေဘူးလေ၊ ငါပြန်ပေးမှာပါကွာ၊ မင်းဆီကယူထားတာတွေ မမေ့ပါဘူး၊ အခုချေးတဲ့ ဟာရော အရင်ကအကြွေးတွေရော ပြန်ဆပ်မှာပါ”
ထုံးစံအတိုင်း ညချမ်းမောင်ရဲ့အပြောမှာ ကြွေကျသွားရတော့တာပေါ့။ ကိုကြီးရဲ့အကြောကို သူက ကောင်းကောင်းနပ်နေပြီလေ။
“အေးဟယ်၊ နေပါဦး၊ ငါကြံပေးမယ်၊ ဘယ်တော့ယူမှာလဲဟင်”
“သန်ဘက်ခါ တနင်္ဂနွေဆိုတော့ သန်ဘက်ခါသွားပေးရမယ် ဝေငြိမ်း၊ မနက်ဖြန်ကျတော့ အ လုပ်နားလို့မရဘူးလေ”
သူတို့ပြောနေတဲ့စကားတွေကို မိုးမြင့်ကောင်းကောင်းမှတ်ထားလိုက်သည်။ သန်ဘက်ခါအလုပ် ပိတ်ရက်မို့ သူ့နောက်ကိုလိုက်ချောင်းမည်ပေါ့။ မနက်ဖြန်ကျတော့ သူနားလို့မရ။ တကယ်လို့ သူနားရင် သူ့ကိုယ်တာဆွဲရမယ့်ချားလုံးတွေကို တစ်ခြားလူကိုပေးဆွဲရမှာ။ အဲဒီတော့ သူဝင်ငွေရှိတော့မှာမဟုတ်။
မိုးမြင့်အတွက်လည်း သူ့နောက်ကလိုက်ချောင်းဖို့ တစ်ရက်အချိန်ရတာပေါ့။ ရုပ်ရှင်တွေထဲကလို ရုပ်ဖျက်ဖို့တော့ မဖြစ်နိုင်။ ညချမ်းမောင်က ဒီလောက်လည်တာမသိဘဲနေပါ့မလား။ အဲဒီတော့ သူသွား မယ့် လိပ်စာကိုစုံစမ်းရမည်။ ဒီရက္ကန်းရုံမှာ ညချမ်းမောင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်ကို သိနိုင် တာ ဝေယံတစ်ယောက်ပဲရှိတာပေါ့။
သာကေတ၊ ဝါဆို။ အဲဒီစကားလုံးတွေကိုမှတ်ထားပြီး ဝေယံ့ကိုကပ်တိုးလေးမေးရသည်။ နောက်နေ့ နေ့လည်ထမင်းစားချိန်မှာ ဝေယံကြိုက်တဲ့ဟင်းတစ်ခွက်ကို ကိုကြီးကိုအလိမ္မာနဲ့ချက်ခိုင်း ပြီး သွားပို့ပေးရင်းလာဘ်ထိုးသည်။ သူကြိုက်တဲ့ဟင်းကလည်း ကြည့်ပါဦး၊ ပုဇွန်ငံပြာရည်ချက်တဲ့။ ပုဇွန်သေးသေးလေးတွေကိုရှာဝယ်ပြီး ငရုတ်သီးစိမ်းများများနဲ့အစပ်ချက်တာဖြစ်သည်။ အဲဒါကို စာက လေးခြေထောက်၊ မျှစ်ပြုတ်၊ သခွားသီးတို့စရာတွေနဲ့စားလိုက်ရင် အရမ်းထမင်းမြိန်တယ်ဆိုပဲ။ မိုးမြင့်က တော့ မကြိုက်ပေါင်။ ဒါပေမဲ့ စားချင်တယ်ဆိုပြီး ကိုကြီးကိုချက်ခိုင်းရတာပေါ့လေ။
“ဘာလုပ်မလို့လဲ” ဆိုပြီး မေးတော့ဖြေရကြပ်သွား၏။
“ဟို အရေးကြီးကိစ္စတစ်ခုကြောင့်ပါ”
“ငါ သေချာသိရမှပေးမယ်၊ ညချမ်းဆီက ခွင့်ပြုချက်မရဘဲနဲ့တော့ မပေးသင့်ဘူးထင်တယ်လေ”
“ဟို အေးလေ၊ ငါအရင်က လိမ်ပြောတာတွေရှိချင်ရှိခဲ့ပေမယ့် အခုအမှန်အတိုင်းပြောပါ့မယ်၊ ငါ ညချမ်းမောင်ကို မျက်စိကျနေတာအားလုံးသိကြမှာပါ၊ သူဘယ်လိုလူလဲ၊ သူ့အသိုင်းအဝိုင်းက ဘာလဲဆို တာ မသိဘဲနဲ့ကြိုက်ခဲ့တာပါ၊ အဲဒီစိတ်ကြောင့်ပဲ သူ့ပတ်ဝန်းကျင်ကိုတဖြည်းဖြည်းနဲ့သိချင်လာခဲ့တာ၊ သူနေထိုင်တဲ့အိမ်ကိုကြည့်ချင်ခဲ့တာ၊ အဲဒီစိတ်သက်သက်ပါ၊တစ်ခြားဘာရည်ရွယ်ချက်မှမရှိပါဘူးဟယ်”
“အင်း ခက်တယ်၊ မိုးမြင့်ထက်ရယ် ငါပေးချင်ပါတယ်၊ ဒါပေမဲ့ သူ့ကိုမေးပြီးမှပေးတာကောင်း မယ်ထင်တယ်”
မိုးမြင့်ရဲ့အကြောင်းပြချက်ကအဓိပ္ပာယ်မရှိတာကြောင့် အလွယ်တကူနဲ့မပေးပါ။ ဒါပေမယ့် မိုးမြင့်ထက်ပဲ။ လိုချင်တာကိုမရရင် ရအောင်လုပ်တတ်တယ်မဟုတ်လား။ ဝေယံ့အနားက မခွာ တော့။ စကား တွေအမျိုးမျိုးပြောပြီး မျက်ရည်ခံထိုးနေတော့ ဟိုကထမင်းစားရတာမဖြောင့်တော့။
“ကဲပါ မိုးမြင့်ထက်ရယ်၊ နားညည်းတယ်၊ တော်တော့၊ ထမင်းစားပြီးရင်ပေးမယ်” ဆိုပြီး ဖြစ် သွား၏။
“ဒါပေမဲ့ နှုတ်လုံပါစေနော်”
ခေါင်းအခါခါညိတ်ပြီး ကတိတွေပေးလိုက်မိသည်။ နောက်နေ့ကျရင် ညချမ်းအပြင်ကိုထွက်တဲ့ အချိန်ထက် တစ်နာရီလောက်နောက်ကျပြီးမှ ထွက်ကာ အဲဒီလိပ်စာအတိုင်း လိုက်သွားဖို့ ဆုံးဖြတ် လိုက်၏။ ညကျတော့ သူကိုကြီးဆီက ပိုက်ဆံသုံးသောင်းလာယူတာ တွေ့လိုက်ရ၏။
တကယ်တော့ သူ့အိမ်ကိုသိချင်ရုံသက်သက်စိတ်နဲ့့ပဲ လိုက်သွားခြင်းပါ။ အိမ်မှာတွေ့ရမှာ သူ့ရဲ့ အစ်ကိုနဲ့ တစ်ခြားဆွေမျိုးနီးစပ်တစ်ချို့ကိုတွေ့ရမယ်လို့ပဲ မျှော်လင့်ထားတာ။ သူရှိနေတဲ့အချိန် သူ့အိမ် ကိုလိုက်သွား၊ သူနဲ့တွေ့၊ အတူတူပြန်လာ၊ ဒီလောက်ပဲ မျှော်လင့်ထားတာပါ။
တကယ်တမ်းလိုက်သွားတဲ့အခါ အဲလိုမဟုတ်ပါ။
အဲဒီနေ့က သူထွက်ပြီးမကြာခင်မှာပဲ သူ့နောက်ကလိုက်သွားမိ၏။ ထောက်ကြန့်ကနေ သာကေ တကိုဆိုတော့ မြို့ထဲကတစ်ဆင့်စီးလို့့ပဲအဆင်ပြေမှာမို့ ဆူးလေကားကိုအရင်စီးသည်။ ပြီးမှ သာကေ တ၊ သူနေတဲ့နေရာကို မေးစမ်းပြီးစီးရသည်။ အိမ်ကိုတော့သိပ်မရှာလိုက်ရပါ။ မှတ်ထားတဲ့ အိမ်နံပါတ်အ တိုင်း တန်းတန်းမတ်မတ်တွေ့သည်။ ဒါပေမဲ့ … ။
“ဒါ ညချမ်းမောင်တို့အိမ်လားဟင်”
အိမ်ရှေ့မှာအသက်ကြီးကြီး ဦးလေးကြီးတစ်ယောက်ကိုမေးမိ၏။ တစ်ထပ်ပျဉ်ထောင်အိမ်လေး။
“အရင်ကဟုတ်တယ်၊ အခုမဟုတ်တော့ဘူး ကလေးမ”
“ရှင်”
“ဒါ … နှင်းမြတို့အိမ်ဆိုရင် ပိုမှန်တယ်”
“ဟို”
“နှင်းမြတို့အိမ်လေ၊ ညချမ်းမောင်နဲ့ ကွာရှင်းထားတဲ့မိန်းကလေးနေတဲ့အိမ်”
ခေါင်းကိုမိုးကြိုးပစ်သလို ခံစားလိုက်ရသည်။
“ဘယ်လို … ဦးလေး၊ ညချမ်းမောင်က … ”
“နှင်းမြနဲ့ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာ ညချမ်းကဒီကိုမလာတော့ဘူး၊ တစ်ခါတစ်လေ … နေပါဦး ကလေးမက ဘယ်သူလဲ”
“ညချမ်းတို့အလုပ်ထဲကပါ၊ ဒီရပ်ကွက်ကို ကိစ္စတစ်ခုနဲ့လာတာ၊ ညချမ်းကဒီမှာရှိမယ်ဆိုတာနဲ့ အပြန်အတူတူပြန်လို့ရအောင် ဝင်ခေါ်တာပါ”
“အော် … လာ၊ အိမ်ထဲဝင်စောင့်လေ၊ သူတို့တော့မရှိဘူးကွဲ့၊ ကလေးနေမကောင်းလို့ ဆေးခန်း သွားပြတယ်”
“ရှင်”
မိုးကြိုးနောက်တစ်ချက်ထပ်ပစ်ပြီ။ မူးမေ့လဲကျမတတ် ခံစားလိုက်ရ၏။ ခြေလှမ်းတွေမလှမ်းနိုင် လောက်အောင် ဖြစ်သွားမိသည်။ အံသြခြင်းကြီးမားစွာနဲ့ အသားတွေတဆတ်ဆတ်တုန်ယင်လာ၏။
“သူတို့ရဲ့သားလေး နေမကောင်းဘူးလေ”
ဘုရား၊ ဘုရား။
ဦးလေးကြီးက အိမ်ထဲကိုလိုက်ပို့ပြီး ဖျာခင်းထိုင်စေကာဧည့်ခံပေးသည်။ သောက်ရေအိုးထဲက ရေ တစ်ခွက်ခပ်တိုက်၏။ စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့ ရေကိုတစ်ကျိုက်တည်းမော့ပစ်လိုက်မိသည်။
“ဟိုလေ ဦးလေး၊ သူတို့ကွာရှင်းတာ ဘယ်လောက်ကြာပြီလဲဟင်”
“အင်း၊ ကလေး ငါးလကျော်ကတည်းကပါပဲ၊ အခုဆို ကလေးအသက်တစ်နှစ်နဲ့သုံးလရှိပြီလေ”
အသက်နှစ်ဆယ်ကျော်လူငယ်လေးတစ်ယောက်ဟာ ကလေးတစ်ယောက်အဖေ၊ တစ်ခုလပ်တဲ့ လေ။ အံသြလိုက်တာ။ ဘယ်အသက်အရွယ်ကတည်းက အိမ်ထောင်ကျခဲ့တာလဲ ညချမ်းရယ်။
“အင်း လူငယ်တွေခက်ပါတယ်၊ ယူချင်တော့လည်း သူတို့၊ ပြတ်ချင်တော့လည်း ချက်ချင်း၊ နှင်းမြကလည်း ဦးလေးကလွဲရင် မိဘတွေမရှိတော့ဘူးလေ၊ အဲဒီတော့ တားမနိုင်ဆီးမနိုင်၊ ညချမ်း မောင်ကလည်း အထိန်းအကွပ်မရှိတဲ့ တစ်ကောင်ကြွက်ဆိုတော့ ဒီနှစ်ယောက်မီးထဲတိုးခဲ့ကြတာ ပေါ့ကွယ်၊ မကြာပါဘူး၊ ကွဲတော့တာပဲ၊ ကလေးတစ်ယောက်ပဲ သနားဖို့ကောင်းတယ်”
“ညချမ်းမှာ အစ်ကိုတစ်ယောက်ရှိသေးတယ်ဆို၊ စိတ်မနှံ့ဘူးဆိုလား”
“ဘာအစ်ကိုမှမရှိပါဘူး၊ ကလေးမ လူမှားနေတာနေမှာပါ၊ ညချမ်းမောင်က သာကေတမှာ ငယ်ငယ်ကတည်းကနေတာ သူ့အကြောင်းဦးလေးတို့ အသိဆုံး”
ဦးလေးကြီးက နှင်းမြရဲ့တစ်ဦးတည်းသောဦးလေးတဲ့လေ။
အဲဒီဦးလေးကြီးဆီကနေပြီး ညချမ်းမောင်ရဲ့နောက်ကြောင်းရာဇဝင်တွေတော်တော်သိလိုက်ရ သည်။ ညချမ်းမောင်ဟာ ကလေးတစ်ယောက်အဖေ၊ အိမ်ထောင်ကွဲ။ လင်မယားကွာရှင်းပြတ်စဲပြီး ကလေးကိုတော့ ထောက်ပံ့ပေးနေရသည်။ လစဉ်လတိုင်းငွေပေးရသလို တစ်ခြားကျန်းမာရေး၊ ဝေယျာ ဝစ္စအတွက်လည်း ငွေထောက်ပံ့ရသည်တဲ့။ ဦးလေးကြီးဆီကနေ အစ်အောက်မေးပြီးထွက်လာတာ။
မိုးမြင့်စိတ်ဆင်းရဲလိုက်တာ။ ညချမ်းကိုလည်း နှမြောလိုက်တာ။ တစ်ပြိုင်တည်းမှာပဲ အရင်အိမ် ထောင်နဲ့ ပြန်များပြေလည်နေပြီလားဆိုတာကိုလည်း စိုးရိမ်သွားမိပြီး သူလာတဲ့လမ်းကိုမျှော်နေမိသည်။
“ဟော … ပြန်လာကြပြီထင်တယ်”
ဦးလေးကြီးစကားကြောင့် ရင်တွေတဒိတ်ဒိတ်ခုန်လာမိသည်။ ဘုရား၊ ဘုရား။ သူ မိုးမြင့်ကိုမြင် ရင် ပြသနာအကြီးအကျယ်တက်မှာတော့ သေချာသည်။ ဘယ်လိုရင်ဆိုင်ရပါ့မလဲ။
x x x x x x x x x