(၂၈)
ညချမ်းနဲ့ ခဏခဏ စကားများတာမျိုးကို ဝေငြိမ်းလည်းအဖြစ်မခံချင်ပါ။ ဒါပေမဲ့ အခုနောက် ပိုင်းမှာတော့ ညီမလေးနဲ့ပတ်သက်လို့ သူနဲ့ပြဿနာဖြစ်ဖို့ အကြောင်းဖန်လာတာက များနေသည်။
လူတစ်ယောက်နဲ့တစ်ယောက် ပြဿနာဖြစ်လာရင် အမုန်းတရားတွေပဲ ပွားလာမှာမို့ အဲဒီ အဖြစ်ကို ရင်မဆိုင်ချင်တော့တာ အမှန်။ ဒါပေမယ့် တွေ့ကြုံလာရသည်။ ရင်ဆိုင်လာရသည်။ အဆိုးဆုံး ကတော့ ဝေငြိမ်းတို့မောင်နှမနှစ်ယောက်ရဲ့ဘဝကို ထိခိုက်ပြီးရင်း ထိခိုက်လာတာပင်။ သူနဲ့အကြီးမား ဆုံးသော ပြဿနာဖြစ်ပွားဖို့အကြောင်းဖန်လာတာလည်း အဲ့ဒီအဖြစ်အပျက်ကနေ စတင်ခဲ့တာဖြစ် သည်။ သူတို့နှစ်ယောက်စကားပြောတာကို ဝေငြိမ်းမကြားခဲ့ရင် အကောင်းသား။ ဒါပေမဲ့…။
“အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ”
သူတို့နှစ်ယောက်စကားပြောနေကြတဲ့အထဲမှာ သူရဲ့အိမ်ထောင်ဖက်ဟောင်း အမျိုးသမီးအ ကြောင်း အဓိကပါလေသည်။ ပြီးတော့…
“သူက ဘာလို့အခုလို ရုတ်တရက်ကြီး ပြောလာရတာလဲ”
“အေးလေ။ အခုလို ပြောလာတော့လည်း ကောင်းပါတယ်”
ညချမ်းဘာတွေအခက်တွေ့နေပြီလဲ။ ညီမလေးဆီကနေ ဘာတွေများ ဖြည့်ဆည်းပေးဖို့ တောင်း နေတာလဲဆိုတာကို သဘောပေါက်စပြုလာသည်။ သေချာတယ်။ ဝေငြိမ်းတို့ဆီကနေ တစ်ခုခုတော့ ပါတော့မှာ။
“ပြဿနာက အဲ့လောက်ပိုက်ဆံ ဘယ်ကရမလဲ”
စပြီပေါ့။
“ပိုက်ဆံ ဆယ်သိန်းပေးရင် ညချမ်းနဲ့ အဲဒီမိန်းမနဲ့ လုံးဝအဆက်အသွယ်လုပ်ဖို့ မလိုတော့ဘူး။ ကလေးအတွက်လည်း ဘာအထောက်အပံ့ တစ်စုံတစ်ရာမှ ပေးဖို့မလိုတော့ဘူး။ အဲဒါသေချာလား”
“သိပ်သေချာတာပေါ့”
“ဒါပေမဲ့ ငွေဆယ်သိန်းဆိုတာက ရုတ်တရက်ကြီးရှာဖို့မှ မလွယ်တာနော်”
“အင်း… အဲဒါကို စဉ်းစားနေတာ”
ဆယ်သိန်းတဲ့။ ဘုရား ဘုရား။ အဲဒီပိုက်ဆံကို ဝေငြိမ်းတို့ဆီက လာတောင်းရင်တော့ ဒုက္ခပါပဲ။ ဘယ်က ဘယ်လိုရှာပေးနိုင်မလဲ။ ဘယ်လိုမှ ရမှာမဟုတ်။ ဆယ်သိန်းမပြောနဲ့… တစ်သိန်းပြည့်ဖို့ကို တောင် လအတန်ကြာတဲ့အထိ စုဆောင်းရတာ။
“ငါ တစ်ခုစဉ်းစားမိတာရှိတယ်”
“အင်း”
အခြေအနေမကောင်းဘူးဆိုတာ ဝေငြိမ်း သိလိုက်ပြီ။
“မင်းတို့ရဲ့ အမရပူရက အိမ်က အပိုင်မဟုတ်လား”
အံ့သြလွန်းလို့ ရင်ဘတ်ကို လက်နဲ့ ဖိထားမိသည်။
ပြောရက်လိုက်တာ။ အဲဒီအိမ်ကလေးက ဝေငြိမ်းတို့ မောင်နှမနှစ်ယောက်ရဲ့ဘဝ။ တစ်ခုတည်း သော စည်းစိမ်ဥစ္စာ။ ဒါ့အပြင် တစ်ခုတည်းသော တန်ဖိုးကြီး မိဘအမွေလည်းဖြစ်လေသည်။ ဒါကို သူ မညှာမတာ ပြောရက်လိုက်တာ။
“အင်း… ဒါပေမဲ့”
“ဒါပေမဲ့တွေ ဘာတွေလုပ်မနေပါနဲ့တော့ကွာ။ မင်းငါ့ကိုချစ်တယ်ဆိုရင် အဲဒါလေးတော့ ရအောင် ကူညီပါ။ ငါလည်း အဲဒီမိန်းမမျက်နှာကို မတွေ့ချင်တော့ဘူး။ သူနဲ့ အဆက်အသွယ်လည်း မ လုပ်ချင်တော့ဘူး။ သူ့ရှေ့မှာ ပိုက်ဆံဆယ်သိန်းကို ဘတ်ခနဲချပြီး မင်းနဲ့ငါ သေခန်းပြတ်ပြီလို့ ပြောပြီး ရင်ကော့ ပြန်လာချင်တာ”
“ကလေးရော”
“ကလေးကိုတော့ ချစ်ပါတယ်။ ကိုယ့်သွေးသားရင်းချာပဲလေ။ မချစ်ပဲနဲ့နေပါ့မလား။ ဒါပေမဲ့ ကလေးကို တွေ့ချင်နေသမျှကာလပတ်လုံး အဲ့ဒီမိန်းမနဲ့ ပတ်သက်ရ၊ မျက်နှာကိုတွေ့ရဦးမှာပဲ။ ငါဒီအ ချိန်အထိ ကလေးကို တတ်နိုင်သမျှ ထောက်ပံ့ပေးခဲ့တယ်။ ဖခင်တစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာ လုပ်ခဲ့တယ်။ ကလေးအနာဂတ်အတွက် အဲဒီပိုက်ဆံကို အပြတ်ပေးပြီးမှတော့ ကလေးနဲ့လည်း သံယော ဇဉ်ဖြတ်နိုင်အောင် ကြိုးစားရမှာပေါ့”
သူပြောတဲ့စကားတွေကို အနီးကပ်နားထောင်နေတဲ့ ညီမလေးတော့ ဘယ်လိုနေလဲမပြော တတ်။ ဝေငြိမ်းကတော့ သူ့ကို ကြောက်လာသည်။ တော်တော်မေတ္တာကင်းမဲ့တဲ့ ဖခင်ပါလား။ အဲဒီလို အဖေမျိုးတွေသာ လောကကြီးမှာ များလာရင်တော့ ဒုက္ခပဲ။
“အဲဒီမိန်းမ ပြောတာကို ညချမ်းက ဘာလို့လက်ခံလိုက်တာလဲ”
“ဟင့်အင်း။ စဉ်းစားဦးမယ်လို့ ပြောလိုက်တာ”
“အင်းလေ။ ဒီကြားထဲ အချိန်ရှိပါသေးတယ်”
“မရှိဘူး။ အချိန်က မရတော့ဘူး။ သူစိတ်မပြောင်းခင် မြန်မြန်အကောင်အထည်ဖော်မှ ရလိမ့် မယ်။ အဲဒါကြောင့်လည်း မင်းကိုပြောရတာ။ ငါခုနက ပြောသလိုပဲ မင်းတို့ အမရပူရက အိမ်ကို ဆရာတို့ ဆီမှာ ခဏပဲဖြစ်ဖြစ် ပေါင်လိုက်ရင် ပိုက်ဆံထွက်လာမယ်လေ။ အဲဒီပိုက်ဆံနဲ့ သူ့ကို ပစ်ပေါက်လိုက် မယ်ကွာ။ အဲဒီနောက်ပိုင်း ငါလွတ်လပ်သွားပြီ။ မင်းပဲ ငါ့ကိုချစ်တယ်ဆို။ ငါပျော်ရွှင်တာကို မြင်ချင်တာ ဆို”
“ညချမ်း… ကျွန်တာ့်ကို ဘယ်လိုသဘောထားလဲ”
“ဘာကိုလဲ”
“အဲဒီ မိန်းမနဲ့ လုံးဝအဆက်အသွယ်ပြတ်ဖို့ ကျွန်တာ့်ဖက်က လုပ်ပေးနိုင်တာတော့ ဟုတ်ပါပြီ။ တကယ်လို့ ဒီကိစ္စတွေပြီးသွားရင် ခင်ဗျားရဲ့ ကျွန်တော့်အပေါ်ဆက်ဆံရေး ဒီ့ထက်ပိုလာနိုင်မလား”
သူကလည်း အပေးအယူနဲ့။ ဒါပေမဲ့ ယောက်ျားတစ်ယောက်ကို အဲဒီလောက်အတိုင်းအတာ အထိ ပေးဆပ်ဖို့လိုသလား ညီမလေးရယ်…။ ကိုယ့်သွေးသားရင်းချာဖြစ်တဲ့ ငါ့ကိုလည်းထည့်တွက်ပါဦး။
“သိပ်သေချာတာပေါ့”
“တကယ်”
မိုးမြင့်ထက်ရဲ့ ဝမ်းသာအယ်လဲသံကို ဝေငြိမ်းသေသေချာချာ ကြားလိုက်ရပါသည်။ ဒါအမှန်တ ရားလို့ ယူဆထားပုံပဲ။
“ငွေဆယ်သိန်းပေးပြီးနောက်ပိုင်း ငါ့ဘဝမှာ သံယောဇဉ်အတွယ်အတာဆိုလို့ မင်းတစ်ယောက် ပဲရှိတော့မှာ။ ကလေးကိုလည်း လတိုင်းသွားတွေ့စရာ မလိုတော့ဘူး။ ဘာငွေကြေးအထောက်အပံ့မှ လည်း ပေးစရာမလိုတော့ဘူး”
တကယ်ပဲပြောနေတာလား။ အယုံပဲသွင်းနေတာလား မသိတော့ပါ။ မိုးမြင့်ထက်တော့ ပျော်ရွှင် နေမှာ သေချာသည်။ ခေတ်ပညာတတ်၊ ဉာဏ်ပညာအမြော်အမြင်လည်းရှိပြီးသား သူတစ်ယောက်အနေနဲ့ ဒီလိုပြောလိုက်တာနဲ့တင် ယုံရသလား မသိတော့။ ပို်က်ဆံအကုန်အကျခံပြီး သင်ပေးထားတဲ့ပညာတွေ၊ အဲဒီကရတဲ့ စဉ်းစားတွေေးခါ်နိုင်မှုတွေ၊ အဲဒါတွေ အလကားပဲ။ အချစ်နဲ့ပတ် သက်ရင် အရာအားလုံးဟာ အဓိပ္ပါယ်မဲ့ ဖြစ်သွားရတာပါပဲ။
“အဲဒီတော့ အမရပူရက အိမ်ကို တနည်းနည်းနဲ့ ဖန်တီးပြီး ငွေဆယ်သိန်းရအောင်ရှာပေးပါ မိုးမြင့်… နော်… ငါမင်းကို အားကိုးပါတယ်”
“ညချမ်းရယ်.. အမှန်အတိုင်းပြောရရင် အဲဒီအိမ်က ကျွန်တော့်အပိုင်မှမဟုတ်တာ။ ကိုကြီးရဲ့ လက်အောက်မှာပဲရှိတာလေ။ ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲဟင်”
“မင်းအစ်ကိုကို မင်းဖျောင်းဖျရင်ရပါတယ်။ သူက မင်းစကားတစ်ခွန်းပဲဟာကို”
“ညချမ်းလည်း ကူပြောပေးဖို့လိုမယ်ထင်တယ်”
“ကူပြောပေးဖို့ထက် ငါကိုယ်တိုင်ပြောသင့်တယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမဲ့ ဝေငြိမ်းထက်နဲ့ ငါနဲ့ အခြေအနေကိုလည်း မင်းသိတဲ့အတိုင်းပဲလေ။ အခုနောက်ပိုင်း သူငါ့ကို မျက်မုန်းကျိုးနေတာ မင်း အသိဆုံးပါ။ အဲဒီတော့ … အခုလိုအခြေအနေမှာ ငါဘယ်လိုအနေအထားနဲ့ ပြောရပါ့မလဲ”
“ကိုကြီးက ညချမ်းကို မမုန်းပါဘူး။ ကျွန်တော်အသိဆုံးပါ။ စကားပြောတာ ခပ်တန်းတန်းဖြစ်တာ က လွဲရင် အရင်ပုံစံအတိုင်းပါပဲ။ ညချမ်းကြိုက်တဲ့ဟင်းတွေ ချက်ကျွေးတာ။ ညချမ်းရဲ့ ဝတ်ကောင်းစား လှတွေကို သူကိုယ်တိုင်လျှော်ပေးချင်လို့ ကျွန်တော့်ကို တောင်းခိုင်းတာ… ဒါတွေက ညချမ်းလည်း သိမှာပါ”
“အင်းလေ… ဟုတ်ပါတယ်။ ဒါပေမဲ့ ငါဘယ်လိုမျက်နှာထားမျိုးနဲ့ သွားတွေ့ရပါ့မလဲ။ နားကပ် ကိစ္စတုန်းကလည်း သူ့ကိုငါ ကိုယ်ထိလက်ရောက် ကျူးလွန်ထားတယ်လေ။ အခု ဒီကိစ္စက ပိုက်ဆံနည်း နည်းနောနောမှ မဟုတ်တာ။ ပြောရမှာ မျက်နှာပူတယ်”
“ကဲလေ… အခက်တွေ့နေတယ်ဆိုလည်း ထားပါတော့။ ကျွန်တော်ပဲ နားလည်အောင်ဖြေရှင်းပြ လိုက်တော့မယ်”
“ဟင်… မင်းတကယ်ပြောပေးမှာနော်…”
“အင်း”
“ဟား… ပျော်လိုက်တာ။ အဲဒါကြောင့် မင်းကိုအားကိုးနေရာတာ”
လိုချင်တဲ့အခြေအနေကို ရဖို့သိပ်ပြောစရာမလို။ မိုးမြင့်ထက်တို့က အပျော့ဆွဲနဲ့အသာလေးလုပ် ရင်ပါပြီးသား။
“ရအောင်ပြောပေးနော်”
“အင်းပါ”
သူကထပ်ပြီးတော့တောင် ချည်နှောင်လိုက်သေးသည်။
ဝေငြိမ်းကိုရအောင်ပြောပေးရမှာပေါ့။ ဟူး … တွေးကြည့်ရင်းစိတ်တွေရှုပ်၊ အံသြတာလွန်ကာ ခေါင်းနောက်လာမိသည်။ ဝေငြိမ်းတို့မောင်နှမမှာ ဒါလေးပဲပိုင်ဆိုင်တာကိုသူကယူချင်သေးသတဲ့လေ။
“ဒါနဲ့ အဲဒီအိမ်က ဆယ်သိန်းမကတော့တန်တယ်မှလား”
“တန်တာပေါ့၊ မန္တလေးမြေစျေးဒီလောက်ခေါင်ခိုက်နေတာ၊ အမရပူရလည်းစျေးမသေးလှပါဘူး”
သူကဆယ်သိန်းထက်တောင် ပိုလိုချင်သေးတာပေါ့လေ။ လုပ်ရက်လိုက်တာ ညချမ်းရယ်။
ညီမလေးက ဝေငြိမ်းကိုဘယ်လိုလာပြောမလဲ။ ဘယ်လိုစကားတွေနဲ့လာရောက်ချည်နှောင်မလဲ တွေးနေမိသည်။ သေချာတောပေါ့။ မရ,ရအောင်တောင်းတော့မှာ။ ညီမလေးအတွက် ညချမ်းမောင် ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူးလေ။ ညချမ်းမောင်ပါးစပ်က လိုချင်တယ်ဆိုတဲ့စကားတစ်ခွန်း ကိုသာထွက်လိုက်၊ အူမချေးခါးအကုန်လုံးလုပ်ပေးဖို့ အဆင်သင့်ဖြစ်နေတာ။ သာမန်မိန်းမတစ်ယောက် က အဲလောက်ထိပေးဆပ်နိုင်ပါ့မလား။
“ကိုကြီး နင့်ကိုငါပြောစရာရှိတယ်”
အဲဒီစကားကို ဘယ်အချိန်ပြောလာမလဲဆိုတာ မျှော်တလင့်လင့်စောင့်မျှော်ရတော့မည့်အဖြစ်။ ညီမလေးအဲလိုပြောလာရင် ဝေငြိမ်းဘယ်လိုပြန်ပြောရပါ့မလဲ။ ဘာတွေပြင်ဆင်ထားဖို့လိုမလဲ။
“ငါ ဘာလုပ်ရမလဲ”
တိုင်ပင်ဖော် တိုင်ပင်ဖက် ဝေယံ၊ သူဇာတို့လည်းမရှိတော့ပါ။ အန်တီအပျိုကြီးကလည်း လူကြီးဆိုတော့ ဒါတွေကိုပြောရင်စိတ်ဒုက္ခသွားပေးသလိုပဲဖြစ်မှာမို့ မပြောချင်တော့။ လူငယ်အချင်းချင်း က နားလည်သည်။ သီးသီးသန့်သန့်နေတတ်သည့်လူကြီးကို ဒုက္ခမပေးချင်တော့။
နောက်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို အတင်းဇွတ်မှိတ်ချပစ်လိုက်မိတော့သည်။ အရာအားလုံးကို ရင်ဆို်င်ဖို့ပြင်ဆင်လိုက်၏။
“ကိုကြီး”
ညနေပိုင်းလောက်မှာ ညှိုးငယ်နေသောမျက်နှာနဲ့ညီမလေးက စကားစလာသည်။ ဝေငြိမ်းလက် ကာပြလိုက်၏။
“နင်ဘာပြောမလဲဆိုတာ ငါသိတယ်ညီမလေး”
“ဟင်”
“မပြောနဲ့တော့”
“ဘယ်လို”
“ငါအကုန်ပြင်ဆင်ထားပြီးပါပြီ”
ဘာတွေပြင်ဆင်ထားသလဲဆိုတာကိုတော့ ညီမလေးကိုမပြောပြတော့ပါ။ သေချာတာကတော့ ညချမ်းနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ပင်။
x x x x x x x x x x