မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၉)

(၂၉)

အဲဒီညက ရက္ကန်းရုံထဲကလူတော်တော်များများ တီဗီရှေ့ရောက်နေခဲ့ပါသည်။ ထူးထူးဆန်းဆန်း ညချမ်းမောင်လည်းရှိနေခဲ့၏။ မိုးမြင့်ထက်အပါအဝင်အားလုံးက ဇာတ်လမ်းကိုစိတ်ဝင်တစားကြည့်နေ တဲ့အချိန်မှာပဲ ဝေငြိမ်း ညချမ်းကိုအသာလေးလက်ကုတ်ကာ ခေါ်ထုတ်လာခဲ့သည်။

“ပြောစရာရှိလို့”

လို့ဆိုတော့ အသာတကြည်ပင်လိုက်လာခဲ့၏။

ဒါပေမဲ့ ပြဿနာတစ်ရပ်ကိုရင်ဆိုင်ရတော့မယ်ဆိုတာ သူသဘောပေါက်ထားပုံရသည်။ သူ့မျက်နှာကြီးက ရှစ်ခေါက်ချိုးလို့။ ဝေငြိမ်းရဲ့ရက္ကန်းစင်နဲ့ သူဇာခတ်ခဲ့တဲ့စင်အနားမှာပဲစကားပြောဖို့ခေါ် လာခဲ့ခြင်းပင်။ ဒီအချိန်ဆို မီးချောင်းတွေပိတ်ထားရတဲ့အချိန်ဆိုပေမယ့် အလင်းရောင်အများအပြားရရှိ တဲ့နေရာလည်းဖြစ်သည်။

“ကဲ … ပြော”

သူနဲ့စကားပြောဖို့က ဒီအချိန်အကောင်းဆုံးပင်။ လူတွေအားလုံးတီဗီကြည့်သူကြည့်၊ အခန်းထဲ အိပ်တဲ့သူအိပ်။ တစ်ချို့ကတော့ တီဗီသိမ်းသည့်တိုင်အဲဒီတီဗီအခန်းထဲမှာ နာရီဝက်လောက်အထိ စကားပြော၊ ငြင်းခုံပြီးမှအခန်းထဲပြန်လာတတ်သည်။ မိုးမြင့်ထက်တို့အဆိုးဆုံးပေါ့။ တီဗီသာသိမ်းသွား ပြီ။ တစ်နာရီလောက်အထိ အဲဒီအခန်းထဲကမထွက်။ ဟိုကားလေးကိုအစမ်းဖွင့်ပေး၊ ဒီကားလေးရဲ့ဘယ် အခန်းကိုထပ်ဖွင့်ပြဆိုပြီး မန်နေဂျာကိုပူဆာနေတတ်သေးသည်။

“ညီမလေးကိစ္စ”

“လာပြန်ပြီလား”

“ညချမ်း၊ ငါတောင်းပန်ပါတယ်ဟယ်၊ နင်ငါတို့အနားကနေ ညီမလေးမသိအောင်တိတ်တိတ် လေးထွက်သွားပေးပါ”

“ဘယ်လို”

“ငါတကယ်တောင်းပန်ပါတယ်၊ စိတ်ဆင်းရဲတဲ့ဒဏ်ကို မခံနိုင်လွန်းလို့ပါ”

“မင်း ဘာတွေလာပြောနေတာလဲ”

“ညီမလေးနဲ့ နင်နဲ့ပြောနေကြတာကို ငါကြားတယ်ညချမ်း၊ နင်အခုငွေအရမ်းလိုနေတယ်ဆိုတာ ငါသိတယ်၊ ငါပေးပါ့မယ် ညချမ်းရယ်၊ နင်တောင်းတဲ့ပိုက်ဆံဆယ်သိန်း ငါရှာပေးပါ့မယ်၊ နင်ပြောသလိုပဲ ငါအမရပူရပြန်ပြီး အိမ်ကိုပေါင်တာပဲဖြစ်ဖြစ်၊ ရောင်းတာပဲဖြစ်ဖြစ် လုပ်ပြီးပေးပါ့မယ်၊ ဒါပေမယ့် ငါ တောင်းဆိုတာကိုလည်း လိုက်လျောပေးပါ ”

သူ ဝေငြိမ်းတို့အနားက အထူးသဖြင့် ညီမလေးအနားကထွက်ခွာသွားရင် ဇာတ်လမ်းကပြတ်ပြီ။ အဲဒီအတွက် အခုလိုတောင်းဆိုဖို့ဆုံးဖြတ်လိုက်ခြင်းပင်။ ပိုက်ဆံမရှိလည်း နေပါစေတော့။ အိမ်ရောင်းရ လည်းရောင်းရပါစေတော့။ အဓိက သူထွက်သွားဖို့ပဲ။ ဝေငြိမ်းတို့မောင်နှမနဲ့ နောက်ထပ်လာပြီး မပတ် သက်ဖို့ပဲ။

“မင်း ဖြစ်စေချင်တာက … ”

“ညီမလေးနဲ့သံယောဇဉ်ပြတ်ဖို့၊ နင်သူ့ကိုဘယ်တော့မှလာမတွေ့တာမျိုးကို ငါဖြစ်စေချင်တယ်၊ အဲဒီအတွက်ဘာပဲပေးဆပ်ရ ပေးဆပ်ရ ငါလုပ်ပေးဖို့အသင့်ပဲ၊ အဓိက နင်မရှိတော့တာကို လိုချင်တာ”

“ဟာ ဟ၊ မင်း ငါ့ကိုတော်တော်မုန်းတီးနေပြီထင်တယ်၊ ငါ့ကို ဒီကနေထွက်သွားစေချင်တာပေါ့”

“နင် လုပ်နိုင်ပါတယ် ညချမ်းရယ်၊ ငါတို့အိမ်လေးကိုပေါင်ရင် အနည်းဆုံးသိန်းနှစ်ဆယ်တော့ ရမှာပဲ၊ အဲဒီပိုက်ဆံအကုန်လုံး နင့်ကိုငါပေးမယ်၊ ဆယ်သိန်းကို နင်ပေးစရာရှိတာပေးပြီး ကျန်တာကို ရင်းနှီးစားသောက်လို့ရပါတယ်ဟာ၊ အဲဒါ ငါလုပ်ပေးနိုင်တာအကုန်ပဲ”

ဝေငြိမ်းဖက်က ဒီထက်ပိုပြီးလိုက်လျောမပေးနိုင်တော့။ ဘာကျန်သေးလဲ။ အားလုံးဖြူကာပြာ ကာ ကျပြီ။

ဒါပေမဲ့ ညချမ်းမောင်ဟာ ဝေငြိမ်းပြောသမျှကို ဘုကလန့်တိုက်နေတာလားတော့မသိပါ။ လက်မခံခဲ့။

“ဟင့်အင်း၊ ငါသဘောမတူဘူးဆိုရင်ရော”

“နင်က ဘယ်လိုလုပ်မှသဘောတူနိုင်မှာလဲ”

“ငါ ဒီကနေတစ်ဖဝါးမှမခွာနိုင်ဘူး၊ ဒီရက္ကန်းရုံကို သံယောဇဉ်ဖြစ်နေပြီ၊ ပြီးတော့ မိုးမြင့်ထက်ကို လည်း သံယောဇဉ်ဖြစ်နေပြီ”

“ဒါတော့ နင်သက်သက်ညစ်တာ”

ညီမလေးကို သူသံယောဇဉ်ဖြစ်လာတယ်ဆိုတာ တကယ်ရောဖြစ်နိုင်ပါ့မလား။ ကိုယ်ခင်တွယ် တဲ့  လူတစ်ယောက်ကို အခုလိုမျိုးခဏခဏဒုက္ခပေးပါ့မလား။

“မညစ်ဘူး၊ ငါတကယ်ပြောတာ၊ ငါ မြန်မာ့အလှရက္ကန်းရုံကနေထွက်ခွာဖို့ဆိုတာ မဖြစ်မှမဖြစ် နိုင်တာ”

“အေး အဲဒါဆိုရင် နင်လိုချင်တဲ့ဆယ်သိန်းကို ငါတို့ဆီကရဖို့မမျှော်မှန်းနဲ့တော့၊ ငါ လုပ်မပေး နိုင်တော့ဘူး”

“သဘောပဲ”

ဘုရား၊ ဘုရား။ သူ့အမူအရာတွေကိုကြည့်ပြီး ဝေငြိမ်းဒေါသထွက်လိုက်တာ။ သူ့ကိုလည်း ဘယ် တုန်းကမှမဖြစ်ဖူးတဲ့ မုန်းတီးစက်ဆုပ်မှုတွေဖြစ်လိုက်တာ။

ညီမလေးက သူ့ကိုမရရအောင်လုပ်ပေးမှာကို အတပ်သိထားလို့အခုလိုအထာကိုင်နေတာ။ ဝေငြိမ်းကောင်းကောင်းကြီးသိတာပေါ့။

“ညချမ်းမောင် နင်တော်တော်ညစ်စုတ်တာပဲ၊ စိတ်ဓာတ်ကအောက်တန်းကျလွန်းတယ်၊ ညီမလေးက နင်လိုချင်တာကို မရ,ရအောင်လုပ်ပေးတာကို အခွင့်ကောင်းယူပြီး ငါပြောသမျှကို လက်မခံတာ ငါသိတယ်၊ လူမဆန်တဲ့လူ”

“အဲဒီတော့ ဘာဖြစ်လဲ၊ မကျေနပ်ရင် မင်းညီမကိုမင်းနိုင်အောင်ထိန်းပါလား၊ ငါကတော့ ရသမျှ အခွင့်အရေးကိုယူမှာပဲ”

“ယူလွန်းလို့ကုန်ပြီ၊ ဘာမှမကျန်တော့ဘူး၊ နင် အခုလိုနေတဲ့ဆယ်သိန်းကလည်း တကယ်လို တာမဟုတ်ဘဲ အကြံအစည်တစ်ခုခုနဲ့တောင်းတာမှလား ညချမ်းမောင်၊ ငါတို့မောင်နှမနှစ်ယောက်ရဲ့ ဘဝမှာရှိတာအကုန်ယူသွားပြီးပြီပဲ၊ နင်ကျေကျေနပ်နပ်ထွက်သွားလို့ရပြီ၊ နင်လိုချင်တဲ့ အခွင့်အရေး ကုန်ပြီလေ”

“ဘာဖြစ်သေးလဲ”

သွားပြီ။

ဝေငြိမ်းထံမှရှိသမျှ သည်းခံနိုင်စွမ်းတွေကုန်ပြီ။ ထိန်းချူပ်လို့ရမှာမဟုတ်တော့။ သူ့ကို နစ်နစ်နာ နာပြောမှ စိတ်သက်သာရာရမှာ။

“အေး နင်ငါတို့ဆီကယူထားတဲ့အခွင့်အရေးတွေကို နောက်ဘဝကျရင် ငါ့ဆီမှာကျွန်ခံပြီးဆပ်ဖို့ ငါမျှော်လင့်တယ်”

“ဘာ”

သူ့လက်က ဝေငြိမ်းကိုထိုးဖို့လာရွယ်သည်။ ဂရုမစိုက်ပါ။

“ငါပြောတာမကြားဘူးလား၊ နောက်တစ်ခါထပ်ကြားချင်သေးလို့လား၊ နင် ဟာ မိမဆုံးမ ဖမဆုံးမ သားသမီးအစစ်ပဲ ညချမ်းမောင်၊  ရိုင်းစိုင်းလွန်းပြီး လူတစ်ဖက်သားအပေါ်အကြင်နာတရားမရှိ တဲ့သူ”

“အေး ဟုတ်တယ်၊ ငါအကြင်နာတရားမရှိတာ မင်းကိုပြမယ်”

သူ … ဝေငြိမ်းအကျႌကိုကြမ်းတမ်းစွာဆောင့်ဆွဲလိုက်သည်။ ဝေငြိမ်းလည်း အားကုန်ပုတ်ထုတ် လိုက်တာကြောင့် အကျႌစနဲ့သူ့လက်လွတ်ထွက်သွား၏။ ဒါပေမယ့် ဝေငြိမ်းကိုသူဖြတ်ရိုက်ပြီး ဝေငြိမ်းရဲ့ ဆံပင်ခပ်ထူထူတွေကို ခိုင်မြဲစွာဆုပ်ကိုင်လိုက်ကာ ရက္ကန်းစင်တိုင်ဆီသို့ တရွတ်တိုက်ခေါ်သွားလေ သည်။ ရုတ်တရက်မို့ဝေငြိမ်းလည်း ကြောင်နေမိ၏။

“နင် လွန်လာပြီနော်၊ ငါသည်းမခံနိုင်တော့ဘူး၊ ငါ့ကိုရိုက်တာချက်ချင်းရပ်လိုက်”

“မရပ်ဘူးကွာ ဘာဖြစ်လဲ”

သူ … သူ ရက်စက်၊လူမဆန်သောလုပ်ရပ်ကို လုပ်လေသည်။ ဝေငြိမ်းရဲ့ခေါင်းကိုဆောင့်ဆွဲပြီး နဖူးကိုရက္ကန်းစင်တိုင်ဆီသို့ အရှိန်ပြင်းစွာဆွဲဆောင့်လိုက်ခြင်းပင်။ အချက်ပေါင်းများစွာ။ ဒေါသထွက်နေ တဲ့ သူ့အင်အားတွေကြားထဲမှာ တတ်နိုင်သမျှရုန်းထွက်မိသည်။ မရ။ သန်မာလှတဲ့ သူ့ခန္ဓာကိုယ်စွမ်း အားတွေကို ရုန်းမထွက်နိုင်။

သူ့ဆီကနေ ရုန်းထွက်ရင်းပြန်ခုခံဖို့ ပစ္စည်းတစ်စုံတစ်ရာကိုရှာဖွေမိသည်။ မခံစားနိုင်တော့။ ဝေငြိမ်းနဖူးမှာသွေးအလိမ်းလိမ်းဖြာထွက်လာနေပြီ။ လက်နှစ်ဖက်က ဟိုဟိုဒီဒီစမ်းရှာရင်း ကတ်ကြေး ကို စမ်းမိသွား၏။ ဟုတ်ပါရဲ့။ အာရုံတွေများနေတာနဲ့ ကတ်ကြေးနဲ့လွန်းကိုအခန်းထဲမသိမ်းထားမိခဲ့။ အဲဒါက ဝေငြိမ်းအတွက်ကံကောင်းတာလား၊ ကံဆိုးတာလားမပြောပြတတ်တော့ပါ။ အဲဒီအချိန် စဉ်းစား မိတာက သူ့ဆီကရုန်းထွက်ပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ပင်။

“ကဲ ဟယ်”

ဘယ်ဖက်လက်ကစမ်းမိပြီးထားဖြစ်သောကတ်ကြေးကို ဆုပ်ကိုင်ကာသူ့ရဲ့ဗိုက်ဆီသို့ကတ်ကြေး အချွန်ကိုအားကုန်စိုက်ထိုးထည့်လိုက်လေသည်။ သူတစ်ချက်တွန့်သွားသည်။

“မင်းက ငါ့ကိုပြန်လုပ်ချင်တယ်ပေါ့၊ မလောက်လေး မလောက်စားကများ၊ ကဲ … လုပ်ချင်ဦး၊  လုပ်ချင်ဦးကွာ”

သူနာကျင်သွားတာကို ဒေါသထွက်ပြီးဝေငြိမ်းကိုပိုမဲတော့၏။ ကတ်ကြေးဒဏ်က သူ့ချက် ကောင်းကို ထိသွားပုံရသည်။ သွေးတွေဖြာထွက်လာ၏။ ဒါပေမဲ့ ဝေငြိမ်းကိုရက္ကန်းစင်တိုင်နဲ့ဆောင့် တာ မရပ်နိုင်သေးပါ။ ဝေငြိမ်းလည်း အားကုန်ရုန်းထွက်ပြီး ခုနကထိုးတဲ့နေရာနားတစ်ဝိုက်ကို ဆင့်ကာ ဆင့်ကာ ဆက်ထိုးတော့သည်။

“အား …”

သူမခံနိုင်တော့။

ကတ်ကြေးနဲ့ထိုးချက်ပေါင်းများစွာဒဏ်ရာကြောင့် ဝေငြိမ်းကိုထပ်ပြီးမတိုက်ခိုက်နိုင်တော့ချေ။ သူဝတ်ထားတဲ့ စွပ်ကျယ်အဖြူပေါ်မှာ တစ်ပြင်လုံးသွေးတွေ …. သွေးတွေ။ တော်တော်နာနာကျင်ကျင် ခံစားနေပုံရပေမယ့် ဝေငြိမ်းကိုတော့အသေသတ်ချင်နေပုံရသည်။ မျက်လုံးတွေက ကိုက်စားတော့မယ့် ကျားတစ်ကောင်လို စူးရဲလိုက်တာ။

“မင်း … မင်း”

ဒဏ်ရာအချက်ပေါင်းများစွာနဲ့ ဝေငြိမ်းဆီကိုလှမ်းလာဖို့ကြိုးစားနေသည်။ ဝေငြိမ်းထက်ပဲ။ ဘယ် ရမလဲ။ လုပ်ပြီဆိုရင်တော့ အဆုံးစွန်ထိလုပ်ပစ်လိုက်ဖို့ စိတ်ကူးမိသည်။ ကတ်ကြေးနဲ့အတူတွဲရက်တင် ထားတဲ့လွန်းကို ကောက်ယူလိုက်ကာ သူ့ဆီကိုတရစပ်ရိုက်နှက်ပစ်မိတော့၏။

“ကဲဟာ … ကဲဟာ … ကဲဟာ …”

ခေါင်းကိုရော၊ ခန္ဓာကိုယ်ကိုရော လက်နဲ့မှီသည့်နေရာအားလုံးကို သိမ်းကျုံးရိုက်ပစ်လိုက်၏။ လွန်းက သစ်သားအထူသားမို့လေးလေးပင်ပင်ရှိတာကြောင့် အရိုက်ခံရတဲ့သူကသက်သာစရာအ ကြောင်းမရှိ။ လွန်းရဲ့တစ်ဖက်တစ်ချက်ဆီမှာက သံချွန်တွေမို့ အဲဒီအချွန်နဲ့ထိရင်လည်း အီဆိမ့်နေ အောင်နာကျင်မှာသေချာသည်။

“နင် ငါတို့မောင်နှမကို ဒုက္ခပေးတာများနေပြီ၊ အဲဒီအတွက် လက်စားချေလိုက်တာပဲ၊ မှတ်ပြီ လား၊ သေ … နင်သေတော့”

သူ … ဝေငြိမ်းကိုမကျေနပ်တဲ့အကြည့်တွေနဲ့ကြည့်ကာ တဒင်္ဂအတွင်းမှာပဲ ဘိုင်းခနဲအရုပ်ကြိုး ပြတ်လဲကျသွားတော့သည်။ သူ့ကိုသေချာကြည့်မိလိုက်သည်။ အိုး … ဒဏ်ရာဒဏ်ချက်ပေါင်းများစွာ။ ရုပ်ပျက်ဆင်းပျက်ပါလား။

တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းနဲ့။ ခေါင်း၊နဖူးမှာလည်း လွန်းဒဏ်ရာတွေထိလို့နာကျင်နေမှာ။ အသက်ရောရှိသေးရဲ့လား။ သူ့နှာခေါင်းလေရှုသံကို နားထောင်မိလိုက်သေးသည်။ မကြားရတော့။ မျက်လုံးဖွင့်နေတယ်လို့ ထင်ထားပေမယ့် တကယ်တမ်းမျက်ဖြူလန်နေတယ်ဆိုတာ သိလိုက်ပြီ။

“ဘုရား ဘုရား၊ ငါ လူသတ်မိပြီ”

အဲဒီတဒင်္ဂမှာ တုန်လှုပ်မှုတွေအထွဋ်အထိပ်ကို ရောက်မိသွားသည်။ ငါဘာလုပ်ရမလဲ။ ဝေငြိမ်း မစဉ်းစားတတ်တော့။ မိုးခြိမ်းသံတွေကို ရုတ်တရက်ကြားလိုက်ရသည်။ မိုးရွာတော့မှာပါလား။ အချိန်အ ခါမဟုတ် မိုးရွာတော့မည်။ တုန်လှုပ်မှုကိုမိုးရေနဲ့ဆေးချမှဖြစ်မည်။ ဟုတ်တယ်။

ရက္ကန်းရုံရဲ့အပြင်ဖက်ဆီကို ပင်မတံခါးပေါက်ဖက်ကနေထွက်ဖို့မကြိုးစားတော့ဘဲ ခွေးတိုးပေါက် မှ ထွက်လာခဲ့တော့သည်။ ကြောက်ရွံစွာ၊တုန်လှုပ်စွာနဲ့ တစ်နေရာဆီကိုဦးတည်ပြေးလာခဲ့တော့၏။ ဝေယံ့ဆီကို …။

x x x x x x x x x x