မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၃၀) ဇာတ်သိမ်းပိုင်း

(၃၀)

သူတို့တွေရဲ့အချစ်ဇာတ်လမ်းအဆုံးသတ်ခြင်း နောက်ဆုံးနေ့၊ နောက်ဆုံးအချိန်ကတော့ ဝမ်း နည်းစရာကောင်းလှပါသည်။ မောင်နှမနှစ်ယောက်ရဲ့အခြေအနေ၊ အမူအရာတွေက အေးစက်တိတ် ဆိတ်လှစွာ။

ကျွန်တော်လုပ်ပေးခဲ့သမျှတော့ အရာထင်ခဲ့ပါသည်။ ပုဒ်မ (၃၀၄) နဲ့ ရှိစုမဲ့စုဂုဏ်သိက္ခာလေးကို အဖတ်ဆယ်ပေးနိုင်ခဲ့၏။

၃၀၄။   ။ မည်သူမဆိုလူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကိုကျူးလွန်လျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

၃၀၄-က။         ။ မည်သူမဆိုရာဇတ်ပြစ်ဒဏ်ထိုက်သော လူသေမှုအဖြစ်ဖြင့်သော်လည်းကောင်း၊ လူ သတ်မှုအဖြစ်ဖြင့်သော်လည်းကောင်း ပြစ်ဒဏ်ချမှတ်ခြင်းမခံထိုက်သော အရမ်းပြုလုပ်မှုကို သို့တည်းမ ဟုတ် ပေါ့လျော့သောပြုလုပ်မှုကိုပြု၍ လူကိုသေစေလျှင်ထိုသူကိုခုနှစ်နှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သို့ရာတွင် အဆိုပါပြုလုပ်မှုကို သေစေတန်ရာသည်ဟု သိလျက်နှင့်ပြုလျှင် ထောင်ဒဏ်ကိုတိုး၍ ဆယ်နှစ်အထိချမှတ်နိုင်သည်။ (ရာဇသတ်ကြီး)

တရားခွင်သည် ခါတိုင်းထက်ပိုပြီးအေးစက်နေသယောင်ခံစားရသည်။ စီရင်ချက်ချမည့်နေ့မို့လို့ လားမသိ။ လူစုံတစ်စုံလည်းရှိနေလေသည်။

မိုးမြင့်ထက်။

ကျွန်တော့်အတွက်တော့ သူမဟာစိတ်ဝင်စားဖို့အကောင်းဆုံးလူတစ်ယောက်ဖြစ်ခဲ့သည်။ သူမ ရဲ့စိတ်ထဲမှာဘယ်လိုခံစားနေရသလဲ။ ဘာတွေလုပ်မလဲ။ အစ်ကိုဖြစ်သူကို ဘယ်လိုသဘောထားမလဲ။ ဒါတွေက စိတ်ဝင်စားဖို့ကောင်းလှသည်။

“အားလုံးဟာ မိုးမြင့်ထက်ကြောင့်ဖြစ်ရတာ၊ မိုးမြင့်ထက်အမှားပဲ”

အဲဒီလိုကောက်ချက်ချကြသည်။

ကျွန်တော့်အယူအဆအရဆိုရင်လည်း ဒီအဖြစ်အပျက်မှာတရားခံက မိုးမြင့်ထက်ပဲ။ မိုးမြင့်ထက် ကြောင့် အရာရာကမောက်ကမဖြစ်ခဲ့ရတာ။ လူတစ်ယောက်ကို အဲဒီလောက်ထိချစ်ရတာတန်လို့လား။

အဖြစ်အပျက်အားလုံးရဲ့ဇာတ်လမ်းကို သူမဖန်တီးခဲ့တာပင်။ ညချမ်းမောင်နဲ့ ခင်သူဇာတို့နှစ် ယောက်ရဲ့ စိတ်ဝင်စားဖွယ်ရာအဖြစ်အပျက်အချစ်ဇာတ်လမ်းအစပိုင်းမှာတင် မိုးမြင့်ထက်ကဗီလိန်ဖြစ်ခဲ့ သည်ပင်။ ဘယ်သူတွေဘာပြောပြော ပတ်ဝန်းကျင်က ဘယ်လောက်ပဲကဲ့ရဲ့ကဲ့ရဲ့ညချမ်းမောင်ကို အချစ်တစ်စက်မှမလျော့တဲ့အပြင် ပိုတိုးလာခဲ့သလားအောက်မေ့ရသည်။

“ငါလေအဲဒီကောင်မလေးကို သတ်ပစ်ချင်လိုက်တာ”

“အေးလေဟာ၊ လုပ်ချင်လိုက်တာ အသည်းကိုယားနေတာပဲ”

“မုန်းစရာကောင်းလိုက်တာနော်”

တရားခွင်မှာ လာရောက်နားထောင်ကြသူတွေအားမလိုအားမရဖြစ်နေကြတာ၊ မိုးမြင့်ထက်ကို အမြင်ကတ်စကားဆိုကြတာတွေ ကြားနေရသည်။ ခဏအကြာမှာတော့ တရားသူကြီးရောက်လာတာ ကြောင့် တိခနဲဆိတ်ငြိမ်သွား၏။

ရှေ့နေများ၏အပြန်အလှန်လျှောက်လဲချက်များ၊ သက်သေများ၏ထွက်ဆိုချက်များအရ တရား သူကြီးချမှတ်သည့်စီရင်ချက်ကို ကြိုတင်ခန့်မှန်းမိသည့်တိုင်အောင် ရင်ထိတ်နေပါသည်။ ပုဒ်မ (၃၀၂) ပဲဖြစ်ဖြစ်၊ (၃၀၄) ပဲဖြစ်ဖြစ် ကျခံရမည့်ထောင်ဒဏ်က မသက်သာလှပါ။

“… ဖော်ပြပါအကြောင်းသက်သေခံချက်များအရ တရားခံဝေငြိမ်းထက်သည် လူသတ်မှုမ မြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုကိုကျူးလွန်ခြင်းသာဖြစ်သည်ဟု ယူဆနိုင်စရာအ ကြောင်းဖြစ်ပေသည်”

“အမိန့်”

“…………….”

“ဦးလှကြူ၏သား တရားခံဝေငြိမ်းထက်သည် ပြစ်မှုဆိုင်ရာဥပေဒေပုဒ်မ (၃၀၄) အရ ပြစ်မှုကျူး လွန်ကြောင်းထင်ရှားသဖြင့် အလုပ်နှင့်ထောင်ဒဏ် ဆယ်နှစ် ချမှတ်လိုက်သည်”

ပုဒ်မ ၃၀၄ ။    လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုအတွက်ပြစ် ဒဏ်။ မျှော်လင့်ထားသလိုဖြစ်လာတဲ့အခါမှာတော့ ရင်ထဲမှာအနည်းငယ်တော့ စိတ်သက်သာရာရသွား လေသည်။

ဒါပေမဲ့ …။

နောက်ဆက်တွဲမြင်ကွင်းကတော့ စိတ်သက်သာစရာအကြောင်းမရှိပါ။ တသိမ့်သိမ့်ရှိုက်ငိုနေ သော မိုးမြင့်ထက်။ သူမစိတ်ထဲမှာဘာတွေရှိနေသလဲ။ ဘယ်သူ့အတွက်ဝမ်းနည်းကြေကွဲသလဲဆိုတာ တော့ သူမသာအသိဆုံးဖြစ်ပါလိမ့်မည်။ ဝေငြိမ်းထက်မရှိတဲ့အချိန်ကာလမှာ ရှင်သန်ရမယ့် သူမဘဝ နေ့ရက်တွေကို တွေးကြောက်လို့များငိုနေတာလား၊ ညချမ်းမောင်အတွက်ပဲ ယူကျုံးမရဖြစ်နေသေးတာ လား။

“ငါတို့တွေရှိပါတယ်ဟာ၊ ကံတရားပဲပေါ့”

ဘေးနားမှာဝိုင်းနှစ်သိမ့်ပေးနေသော ရက္ကန်းရုံမှသူငယ်ချင်းများ။ ဒါပေမဲ့ အခုချိန်မှာ သူမရဲ့ ဝမ်းနည်းမှုတွေကို ဖြေသိမ့်ပေးလို့ စိတ်သက်သာရာရမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ခန့်မှန်းမိပါသည်။

“မိုးမြင့် နင့်အစ်ကိုကို ကန်တော့လိုက်လေ”

အနားကပ်ပြီး တိုးတိုးလေးပြောလိုက်တော့ ဝေငြိမ်းအနားကို သူမ ပြေးလွှားရောက်သွားလေ သည်။

“ကိုကြီး”

တာဝန်ရှိသူနှစ်ယောက်ရဲ့ကြားထဲမှာ ဝေငြိမ်းထက်မျက်နှာက ညှိုးငယ်နေသည်။ အဲဒီတဒင်္ဂ… တကယ် အဲ့ဒီတဒင်္ဂလေးပါပဲ။ မောင်နှမနှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့အကြည့် တွေက အေးစက်လှစွာ။ အရင်တုန်းက မတွေ့ဖူးတဲ့ အကြည့်မျိုးတွေ။

မိဘတွေမရှိတော့တဲ့နောက်ပိုင်း တစ်ယောက်ကိုတစ်ယောက် ဖေးကူပြီး အတူတကွရှင်သန် လာခဲ့ကြတာ။ တစ်ယောက်ကို တစ်ယောက် တဗျစ်တောက်တောက်ပြောဆိုပေမယ့် အရမ်းချစ်တတ်တဲ့ မောင်နှမ၊ အမရပူရကနေ ရန်ကုန်ကို ရဲဝံ့စွာရောက်လာပြီး ဘဝကိုရုန်းကန်လှုပ်ရှားကြတာ။ အစ်ကိုဖြစ် သူက အလုပ်လုပ်ပြီး ညီမဖြစ်သူကို ကျောင်းဆက်ထား၊ လုပ်ကျွေး၊ အဆင်ပြေတလှည့်၊ မပြေတလှည့်နဲ့ သာယာနေခဲ့တဲ့ ဘဝတွေ လူတစ်ယောက်အကြောင်း အကျဉ်းတန်ခဲ့ရပြီ။

“ကိုကြီးကို ကန်တော့ပါရစေ”

ဝေငြိမ်းထက် ခေါင်းငြိမ့်သည်။

ကန်တော့နေစဉ်အတွင်းမှာပဲ မျက်ရည်များရစ်ဝဲလာသည်။ တစ်ဆက်တည်းမှာပဲ မျက်ရည်တွေ တရစပ်လိမ့်ဆင်းလာတော့သည်။ ကျွန်တော့်ဘဝမှာ ကြေကွဲဖွယ်ရာအကောင်းဆုံးမြင်ကွင်းတစ်ရပ်ကို မြင်နေရပါသည်။ အဲဒီမြင်ကွင်းကို မြင်ရသူ ကျွန်တော့်အဖို့ စိတ်မသက်မသာဖြစ်မိစွာ မျက်ရည်များရစ် ဝဲလာမိသည်။

ဝေငြိမ်းထက်… သူဘာပြောမလဲဆိုတာ အားလုံးစိတ်ဝင်တစား ကြည့်နေမိသည်။ အန်တီအပျို ကြီး၊ ဆရာ၊ ဆရာမ၊ ရက္ကန်းရုံအဖွဲ့သားများ… လူစုံတက်စုံပါပဲ။ စိတ်ဝင်စားနေခိုက်မှာပဲ စကားသံထွက် လာသည်။

“နောင်ဘဝဆက်တိုင်း ဆက်တိုင်း နင်နဲ့ မောင်နှမ မဖြစ်ပါရစေနဲ့လို့ ငါဆုတောင်းတယ်”

မျက်ရည်များစိုရွှဲလျက် တာဝန်ရှိသူများခေါ်ရာနောက်ကို လိုက်သွားလေတော့သည်။ အဲဒီစကား မျိုး ပြောလာလိမ့်မယ်လို့ ဘယ်သူကမျှော်လင့်ထားမှာလဲ။ ညီမဖြစ်သူရဲ့ အပြုအမူဟာ သူ့အပေါ်ဘယ် လောက်အထိတောင် ခါးသက်စေခဲ့သလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဝေငြိမ်း အဲဒီလိုပြောလိမ့်မယ်လို့ မထင်ပါ။

ဒါပေမဲ့…။

သူဘာကြောင့် ပြောခဲ့တာလဲ။

မိုးမြင့်ကရော ဘယ်လိုခံစားရမလဲ။ သူတို့နှစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေခံစားနေရသလဲဆို တာကတော့ ကာယကံရှင်တွေသာ အသိဆုံးဖြစ်လိမ့်မည်။ သေချာတာကတော့ ဝေငြိမ်းထက်ရဲ့ လက် တစ်စုံနဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဘဝမုန်တိုင်းဖြစ်တဲ့ လူတစ်ယောက်ကို ခြွေပစ်နိုင်ခဲ့လေပြီဆိုတာ ပဲဖြစ်သည်။

xxxxxxxxxxxxxxxxxxxxx

ပြီးပါပြီ။

လှိုက်လှဲနက်ရှိုင်းစွာကျေးဇူးတင်လျက်

တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)

taintiketun@gmail.com