“မြူခိုးရယ်…ဝေ” အပိုင်း (၂)

(၂)

ဒီဇင်ဘာညဆိုသော်လည်း ဂျာကာတာသည် သိပ်မအေးလှပါ။ ကျွန်တော်တည်းရသည့် အခန်း၏အပြင် ဖက်ဆီတွင်တော့ မီးထိန်ထိန်းလင်းလို့။ အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဖြစ်သည်နှင့်အညီ ခမ်းခမ်းနားနား မြို့ပြညကို အခန်းပြတင်းပေါက်ကနေလှမ်းကြည့်မိသည်။ ကားများဥဒဟိုသွားလာဖြတ်သန်းနေဆဲ ညပေါ့။ အရှေ့ ဖက်တည့်တည့်ဆီတွင်တော့ ဂျာကာတာဆိုသည့်စာလုံးကို အင်္ဂလိပ်လိုရေးထားပြီး မီးရောင်စုံများထိန် ထိန်လင်းအောင်ထွန်းထားသည်။ အမှောင်ထုကတစ်ချက်တစ်ချက်ဖြစ်လိုက်၊ အနီရောင်မီးကလင်းလာလိုက်၊ အပြာရောင်မီးကပေါ်လာလိုက်ဖြင့် မြင်သူတိုင်း၏ မျက်လုံးပသာဒကို လှည့်စား၍နေလေသည်။ ဂျာကာတာ ဟူသည့် စာလုံးအရွယ်အစားက တစ်လုံးတစ်လုံးကို စကော တစ်ချပ်စာစီ လောက်ရှိသည်မို့ အဝေးကနေကြည့်ပါကလည်း အလွယ်တကူလှမ်းမြင်ရ၏။

“ငါ အခု ဂျာကာတာကိုရောက်လာပြီ၊ အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာ၊ အလုပ်ရုံးချုပ်ရှိတဲ့နေရာ၊ ခ ဏတာ စိတ်အပန်းဖြေရမယ့်နေရာပေါ့”

ညအလှသည် ကျွန်တော့ရှေ့တွင်ထိန်ထိန်လင်းလျှက်။

တံတားများ ကားများခမ်းနားမှု မီးရောင်ထိန်ထိန်းထွန်းညှိထားမှုများနှင့် ဂျာကာတာညသည် ပျော်စရာ သိပ်ကောင်းချင်ကောင်းခဲ့မှာပေါ့။ ကျွန်တော့်အတွက်ကတော့ တွေးစရာအဖြစ်ကလွဲရင်ဘာအရသာရှိ ဦးမှာလဲ။ ရန်ကုန်ကနေ နေ့လည် ၁၂ နာရီ ၁၅ လေယာဉ်နဲ့လာ၊ မလေးရှား ကွမ်လာလမ်ပူလေ ဆိပ်ကိုအရင်သွား၊ ထိုမှတစ်ဆင့် ဂျာကာတာကိုလာခဲ့ရာတွင် ဂျာကာတာလေဆိပ်ကိုရောက်သည့်အချိန် ၌သူတို့၏ ဒေသစံတော်ချိန် ည ၇ နာရီတောင်ရှိပြီ။ ဂျာကာတာနှင့် မြန်မာ နာရီဝက်ကွာပါသည်။ မြန်မာမှာ ၇ နာရီဆို ပါက ဂျာကာတာတွင် ၇ နာရီခွဲပေါ့။ ရုံးချုပ်ကိုလာနေကျမို့ ကျွန်တော့်ကိုကြိုမည့် သူမရှိ၊ ကျွန်တော်နေထိုင် ရမည့် အခန်းသော့ကလည်းအဆင်သင့်ယူထားပြီးသားမို့ ထိုခရီးသည် ကျွန်တော့အတွက် အထူးအဆန်း တော့မဟုတ်ခဲ့ပါ။

သို့သော်လည်းငြိမ်းနှင့်ပတ်သက်၍ ရှောင်လာသည့်ခရီးမို့ တွေးစရာ စိတ်မကောင်းစရာများနှင့် ပြည့်နှက်နေခဲ့သည်တော့အမှန်ပင်။

“သတိရလိုက်တာ ငြိမ်းရယ်”

ကျွန်တော် အပြင်ကိုထွက်လာခဲ့လိုက်သည်။ တည်းခိုရသည့်အဆောင်အပြင်ဖက်ဆီကိုပေါ့။ ညစာလည်း မစားဖြစ်တော့။ထိုအဆောက်အဦကဝန်ထမ်း အိမ်ရာလိုမျိုး ခြံကျယ်ကြီးထဲမှာ တိုက်ခန်းများ တစ်သီး တစ်သန့်ဆောက်ထားသည်မို့ တိုက်အောက် က ပန်းခြံလိုနေရာမျိုးတွင် လမ်းထွက်လျှောက်မည်ပေါ့။ သစ်ပင်စိမ်းစိုစိုများနှင့် အရိပ်ရအပင်ကြီးများက ခြံကျယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဂျာကာတာ မြို့လယ်တွင် တည်ရှိနေသေည်လည်း တစ်သီးတစ်သန့်ကြီးဖြစ်နေ၏။ ထိုနေရာမှသည် အပြင်ဘက်ဆီ ကိုလျှောက်ရန်အနည်းဆုံး ၁၀ မိနစ်တော့ကြာမည်။ လမ်းတစ်လျှောက်၌ ပန်းပင်၊ အရိပ်ရသစ်ပင်ကြီး များကို ဖြတ်ကျော်ရမည်။

ထိုသို့အကြောင်းပြချက်ကြောင့် အပြင်ကိုမထွက်တော့ဘဲ ခြံကျယ်ကြီးထဲက အပန်းဖြေထိုင်ခုံတစ်ခုံတွင် သာ ထိုင်တွေးနေရန်နည်းလမ်းကိုရွေးချယ်လိုက်၏။ ထိုသို့စဉ်းစားမိစဉ်တွင်ပဲ ရင်းနှီးလှသည့် အနံ့ အသက်တစ်ခုကိုရခဲ့လေသည်။

ဟုတ်တယ်။ ဆောင်တော်ကူးပန်းအနံ့။ ငြိမ်းသိပ်ကြိုက်တဲ့ပန်းအနံ့ပေါ့။ တစ်ခြံလုံးကိုမွှေးနေခဲ့တာ ပါလား။

ဟိုဟိုဒီဒီငေးပြီးလိုက်ရှာကြည့်လိုက်သည့်အခါတွင်တော့ သေသေချာချာမြင်လိုက်ရပြီ။ ကျွန်တော်တည်း ရသည့် အခန်း၏ ရှေ့တည့်တည့်က သစ်ပင်ကြီးတွင်တွယ်ကပ်ဖူးပွင့်နေသောဆောင်တောင်ကူးပန်းများ။

“ငြိမ်းကြိုက်တဲ့ပန်းတွေက ဘာလို့ဒီမှာလာပေါက်နေရတာလဲ”

တီးတိုးရေရွတ်မိသည်။ အင်ဒိုနီးရှားလို ကျွန်းနိုင်ငံမှာ ဒီလိုပန်းမျိုးစိတ်ကပေါက်သလား။ ကျွန်တော် သတိရစေအောင် တမင်ပဲရွေးပေါက်နေတာလား။ တစ်နိုင်ငံလုံးမှာ ဒီတစ်နေရာပဲပေါက်နေတာလားမ သိတော့ပါ။ ငြိမ်းကိုပိုပြီးသတိရစေခဲ့တာတော့အမှန်ပင်။

“ငြိမ်း”

ဆောင်တော်ကူးပန်းများ၏ အနီးတွင်ရှိနေသည့် ထိုင်ခုံကိုရွေးချယ်ထိုင်လိုက်ပြီး ငြိမ်း၏နာမည်ကိုတီးတိုး ရေရွတ်မိပြန်သည်။ ကွယ်လွန်သွားခဲ့သည့် ကျွန်တော့်ချစ်သူငြိမ်း။

“ငြိမ်း ကျွန်တော့်အပေါ်ရက်စက်လို့ ကျွန်တော်လုပ်လိုက်ရတာပါငြိမ်းရယ်၊ ကျွန်တော်မလုပ်ချင်ပါဘူး၊ ကျွန်တော်မလုပ်ချင်ပါဘူး”

ချုံးပွဲချငိုမိသည်။ ဤတစ်ခါတွင် တော့ အားရပါးရငိုမိပါသည်။ သစ်ပင်များ၏ အရိပ်အားက ညအမှောင်ကို လွှမ်းပြီး မြို့ပြညနီယွန်မီးများကို ကွယ်စေသည်မို့ ကျွန်တော်လွတ်လွတ်လပ်လပ်ငို ၍ရ နေခဲ့ခြင်းပင်။

ငြိမ်းတို့သေဆုံးစေရန် ကျွန်တော်အကွက်ကျကျဖန်တီးခဲ့ခြင်းပါ။ ငြိမ်းတို့မင်္ဂလာဆောင်မည့်နေ့ အိမ်က နေ ဟိုတယ်ကိုသွားသည့် အချိန်ကွက်တိတွင် ပါဆယ်ထုတ်ပို့ပေးခဲ့သည်။ သတို့သားနှင့် သတို့သမီး ကား ပေါ်ကိုမတက်ခင်အချိန်ကလေးတွင် ပါဆယ်ထုတ်ကိုဖောက်စေခဲ့သည်။ ထိုသို့ ဖြစ်အောင် ကားဆရာနှင့် ညှိထားခဲ့ရသည်။

“မင်္ဂလာဆောင်ကိုသွားမယ့် ကား မောင်းမှာ အစ်ကိုလား”

ကားဆရာဘယ်သူလဲဟု သိအောင်အရင်စုံစမ်းခဲ့သည်။ မင်္ဂလာခန်းမကို ကားမောင်းပို့ပေးမည့် သူ က အခြားသူမဟုတ်၊ ငြိမ်း၏ ဦးလေးတော်စပ်သူပင်။ ငြိမ်း၏ ဦးလေးက သူ့တာဝန်ကိုအကောင်းဆုံးဖြစ် အောင် ကျေပြွန်ခဲ့သည်။ မင်္ဂလာဆောင်ကားကို ကြွရွနေအောင်အလှဆင်ပြီး ငြိမ်းတို့၏အိမ်ရှေ့တွင် ရပ်ထားစေခဲ့သည်။

“ဟုတ်တယ်လေ၊ မင်းမောင်းပို့ပေးမလို့လား ရတယ် ဇော်ထင်ဆိုရင် အစ်ကိုတို့ကစိတ်ချပြီးသား”

ငြိမ်း၏ ဦးလေးက ကျွန်တော့်ကိုကောင်းကောင်းသိပါသည်။ ငြိမ်းတို့ထံကိုခဏခဏလာနေကျမို့ ကျွန် တော်နှင့် ရင်းနှီးသွားတာပင်။ ငြိမ်းနှင့်ပတ်သက်သမျှလူအားလုံးကို အရင်းနှီးဆုံးဖြစ်စေချင်သည်မှာ ကျွန်တော့ဆန္ဒပါ။ ဇင်လင်းမောင်ကလွဲရင်ပေါ့။

“ကျွန်တော် မနက်ဖြန် အလုပ်ကိစ္စနဲ့ခရီးထွက်ရမယ်အစ်ကိုရယ်၊ အရေးကြီးကိစ္စမို့ဖျက်လို့လည်း မရဘူး”

“အေးပါ နားလည်ပါတယ်၊ သဘောလည်းပေါက်တယ်”

သူ ကျွန်တော်နှင့် ငြိမ်းတို့၏ အခြေအနေကို ရိပ်ဖမ်းသံဖမ်းလောက်တော့သိမည်ထင်ပါသည်။ ကျွန်တော် ဘယ်လိုအားအင်များနှင့် ထိုမင်္ဂလာဆောင်ကိုတက်မည်လဲပေါ့။

“ကျွန်တော် အစ်ကို့ကို အကူအညီတစ်ခုတောင်းချင်တယ်”

“အင်း ပြောပါညီ”

ငြိမ်းတို့အတွက် သီးသန့်ဖန်တီးထားသည့် ပါဆယ်ထုတ်ကို ငြိမ်း၏ဦးလေးကိုပေးစေခဲ့သည်။ မင်္ဂလာ ဆောင်သွားသည့် လမ်းတွင်ပေးစေခဲ့ခြင်းပင်။ ထိုအတွက်လည်း အရာအားလုံးအဆင်ပြေအောင်ညှိရ လုပ်ရသည်။ အဓိကတော့ ငြိမ်း၏ ဦးလေးကဇာတ်ဆောင်ပေါ့။

“သူတို့နှစ်ယောက်ကို အရမ်းအံအားသင့်သွားစေချင်တာ၊ အထဲမှာဘာပါလဲဆိုတာ အစ်ကိုသိသွားရင် လည်း အံသြသွားလိမ့်မယ်၊ အစ်ကိုတို့သုံးယောက်အရင်ဆုံးသိစေချင်တာ၊ အဲဒါ အစ်ကိုမောင်းမယ့် မင်္ဂလာဆောင်ကားပေါ်မှာထားပြီး မနက်ဖြန် ခန်းမသွားတဲ့လမ်းမှာ ဒီပါဆယ်ကိုဖောက်စေချင်တယ်”

ကျွန်တော်သည် ငြိမ်းနှင့် ပတ်သက်လာပါက အကောင်းဆုံးများကိုသာ ဖန်တီးပေးတတ်သူအဖြစ် နာမည် ကောင်းရထားသည်မို့ မည်သည့်သံသယမျှမဝင်ပါ။ ကျွန်တော့်လိုလူတစ်ယောက်က ငြိမ်းကိုဒုက္ခရောက် အောင် လုပ်မယ်လို့လည်း ဘယ်သူကထင်ထားမှာပါလိမ့်။

“မင်းဟာက စိန်တုံးကြီးတွေလား”

“မဟုတ်ဘူး ဗုံးတွေဗျ”

နှစ်ယောက်သားရယ်ဖြစ်ကြသည်။ ကျွန်တော်နောက်ပြောင်ကျီစားသည်လို့ပဲ ငြိမ်းဦးလေးကမြင်သည်။ သို့သော်လည် ထိုအထုတ်အထဲတွင် တကယ်ပင် ဗုံးများထည့်ထားခဲ့တာပင်။ လက်လုပ်ဗုံး။ သက်ရှိ လက်လုပ်ဗုံးများပင်။ ပါဆယ်ထုတ်ကိုဖွင့်လိုက်သည်နှင့် ထိုဗုံးပေါက်ကွဲလိမ့်မည်။ ထိုကဲ့သို့ဖြစ်စေရန် လည်း တစ်ပတ်လောက်ကြို တင်ပြီး သေသေချာချာစီစဉ်ထားတာပါ။ သက်မဲ့ဗုံးများအဖြစ် လုပ်၍မရအောင်၊ မည်သူပင်ဖြစ်စေ ထိုပါကင်ကိုဖောက်လိုက်မည်ဆိုပါက အနားပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲစေမည့်ပြင်းအားဖြစ်အောင် လူတစ်ချို့၏အကူအညီနှင့် ကျွန်တော်ဖန်တီးခဲ့ပါသည်။

“မင်္ဂလာသတို့သားနဲ့သတို့သမီးအတွက် အထူးအားဆေး၊ မှတ်ချက် မင်္ဂလာဆောင်သွားတဲ့ကားပေါ်မှာ ပဲ ဖွင့်ဖောက်ဖို့ မေတ္တာရပ်ခံပါတယ်၊ သူများတွေကို မသိစေချင်လို့ပါ”

ထိုစာသားများကို ပါဆယ် ထုတ်၏အပေါ်တွင်ရေးသားထားခဲ့သည်။

“ကားကိုရော စစ်ပြီးပြီလား၊ အေးဆေးပဲလား ဆီဘာညာ၊ အင်ဂျင်ဝိုင်ဘာညာ ၊ အင်ဂျင်အခြေအနေ”

“အေး အားလုံးအိုကေပြီထင်တာပဲ”

“ကျွန်တော်တစ်ချက်ပြန်စစ်ပေးရမလား၊ ပိုသေချာအောင်”

“ကောင်းတာပေါ့ကွာ၊ မောင်မင်းစိတ်ကြိုက်စစ်ပါလေ”

“အစ်ကို အဝတ်အစားသွားလဲလိုက်ဦးလေ၊ ကျွန်တော်တို့ နည်းနည်းပါးပါးသွားချကြတာပေါ့၊ မနက် ဖြန်ခရီးသွားမှာက တစ်လလောက်ကြာမယ်၊ ပြန်ရောက်ရင်လည်း ငြိမ်းကအိမ်ထောင်ကျသွားပြီဆိုတော့ ကျွန်တော် တော်ရုံလာဖြစ်မှာမဟုတ်တော့ဘူး၊ အမှတ်တရပေါ့၊ ကျွန်တော် ဒကာပြုချင်ပါတယ်”

“အိုကေ ရော့ကားသော့၊ ပါဆယ်ထုတ်ကို အရှေ့ခန်းမှာမင်းပဲထားပေးလိုက်တော့ ကိုယ်အဝတ်အစား သွားလဲလိုက်ဦးမယ်”

ငြိမ်းတို့ စီးရမည့်ကားရှေ့ခန်းတွင် ပါဆယ်ထုတ်ကိုထားလိုက်သည်။ ထို့နောက် ကျွန်တော့်အကြံအတိုင်း ကားအင်ဂျင်ကိုစစ်သည်။ ကျောပိုးအိတ်ထဲကလိုအပ်သည့်ပစ္စည်းတစ်ချို့ကိုထုတ်လိုက်သည်။ ကားဘ ရိတ်ကြိုးဖြတ်ထားဖို့ပါ။ အကယ်၍များ ပါဆယ်ထုတ်ကိုမဖောက်ဖြစ်ခဲ့လျှင်တောင် ကားဘရိတ်ပေါက်ဖို့ တော့ကြံစည်ရခြင်းပင်။ အဓိကတော့ ငြိမ်းတို့သေဆုံးဖို့ပဲ။ ထိုအရာက ကျွန်တော့်ရည်ရွယ်ချက်ပဲ။

ရည်ရွယ်ချက်ကြောင့် ငြိမ်းတို့အိမ်ကိုကျွန်တော်ရောက်လာသည်။ မည်သူမျှမရှိသည့် အချိန်၊ ကားမောင်း ပို့မည့် ငြိမ်းဦးလေးတစ်ယောက်တည်းရှိနေသည့်အချိန်ကို တမင်တကာစုံစမ်းပြီးမှရောက်လာခြင်းပင်။ ငြိမ်းတို့မရှိ။ မိဘများရော၊ ဟိုဇင်လင်းမောင်ဆိုသည့်ကောင်ရော အပြင်ကိုထွက်သွားကြသည်။ မနက်ဖြန် မင်္ဂလာဆောင်မို့ ဒီနေ့ကတော့ လုံးလည်ချာလည်လိုက်ပြီးအလုပ်များနေကြမည်မှာ အသေအချာပေါ့။

ကျွန်တော့်အကြံအစည်များအောင်မြင်သွားခဲ့ပါသည်။ ကားလည်းဘရိတ်ပေါက်ခဲ့သည်။ ပါဆယ်လည်း ဖောက်ခဲ့သည်။ ထို့နောက် သုံးယောက်စလုံးပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ သူတို့သေဆုံးသည့် သတင်းအ ချက်အလက်များကိုလည်း ဂျာကာတာရောက်ရောက်ချင်းသိခွင့်ရခဲ့သည်။ ကြည်သာက ကျွန်တော့်ကို ပို့ပေးခဲ့ခြင်းပင်။ ကားထဲတွင်ပေါက်ကွဲမှုတစ်ခုဖြစ်၍ ကားဘရိတ်ပေါက်နေ၍ သူတို့သေဆုံးခဲ့ခြင်းဆိုသည့် အချက်ကလွဲရင် ကျန်သည်သဲလွန်စကိုရှာနေတုန်းတဲ့။

“ဘယ်သူက သိမှာလဲ၊ ငြိမ်းတို့ကို ကျွန်တော်သတ်တယ်ဆိုတာ ဘယ်သူကသိမှာလဲဗျာ”

ဆောင်တော်ကူးပန်းရနံ့များက နာခေါင်းထဲတိုးဝင်လာသည်။

ထိုပန်းပင်နှင့်ပတ်သက်လာလျှင် ကျွန်တော်နှင့်ငြိမ်းကြားတွင်အမှတ်တရများရှိခဲ့သည်။ ငြိမ်းက လှည်းတန်းစျေး ကနေဝယ်ပြီးတခုတ်တရမွှေးကြူတတ်သည်။ ပန်းမပန်တတ်သော်လည်း နားသယ်စ ကြားထဲညှပ်ထားတတ် သည်။ ဆောင်တော်ကူးအခက်ကလေးများကို စုပြီး ပန်းအိုးထိုးထားတတ်သည်။

ကျွန်တော်မတ်တပ်ရပ်လိုက်ကာ ဆောင်တော်ကူးပန်းပင်ခြုံနားသွားလိုက်သည်။ ထိုပန်းကို ကျွန်တော် တို့ မြန်မာနိုင်ငံတွင်နာမည်အမျိုးမျိုးခေါ်ကြသည်။ ထိုပန်းနှင့် ခပ်ဆင်ဆင်တူသည့် ပန်းမျိုးစိပ်များလည်း ရှိသည်မို့ ဒါဟာ ဆောင်တော်ကူးအစစ်လား အခြားအလားသဏ္ဍန်တူသည့်ပန်းလား မခွဲခြားတတ်ပါ။ သေချာသည့်အချက်က မွှေးကြိုင်လွန်းလှသည့် ပန်းရနံ့များပင်။

ဆောင်တော်ကူးဟု ခေါ်သလို ဒီဇင်ဘာမှာပွင့်သည့်ပန်းမို့ ဒီဇင်ဘာပန်း၊ ဂေါ်သဇင်ပန်း၊ ကရမက်ပန်း၊ စိန် သဇင်ပန်း၊ ဗိုလ်လက်ထပ်ပန်း၊ မရမ်းချောင်ပန်း၊ ပြင်သစ်ပန်း၊ ခရစ်စမတ်ပန်း စသည်ဖြင့် အမျိုးပေါင်း သောင်းခြောက်ထောင်လောက်ခေါ်ဝေါ်ကြသည်။ အခေါ်အဝေါ်ကွဲသလို တကယ့်ပင်မပန်းပုံစံလည်း ကွဲကောင်းကွဲမှာပေါ့လေ။ ကျွန်တော်အတွက်ကတော့ ငြိမ်းပြောသည့် ဆောင်တော်ကူးပန်းပါပဲ။

ပန်းခြုံကိုဆွဲယူလိုက်သည့် အချိန်တွင် ပန်းများ၏နောက်ကွယ်က လူတစ်ယောက်ကို ရုတ်တရက်လှမ်း မြင်လိုက်ရလေသည်။

“ဟင်”

မိန်းကလေးတစ်ယောက်။ သူနှင့်ကျွန်တော် အကြည့်ချင်းဆုံသွားလေသည်။

“ငြိမ်း”

ဟုတ်တယ်၊ အဲဒီမိန်းကလေးဟာ ငြိမ်းမှငြိမ်းအစစ်ပါပဲ။ ကျွန်တော် ပန်းခြုံကိုလွှတ်ချလိုက်ကာ ငြိမ်းရှိ ရာဆီကိုသွားဖို့ပြင်လိုက်သည်။

“ငြိမ်းမှလား”

ငြိမ်းက ကျွန်တော့်ကို စူးရဲရဲတစ်ချက်ကြည့်ပြီး အမှောင်ထုဆီကိုဝင်ကာပျောက်ကွယ်သွားတော့သည်။ ကျွန်တော်ပြေးလိုက်သော်လည်း မမီလိုက်တော့။ ခဏလေးအတွင်းတွင်ပင် ကျွန်တော့်မြင်ကွင်းထဲမှ ဗြုန်းစားကြီးပျောက်ကွယ်သွားခဲ့တော့သည်။

ဒါပေမဲ့။ အသေအချာပါပဲ။ အဲဒါငြိမ်း။ သရဲလည်းမဟုတ်၊ ၀ိဉာဉ်လည်းမဟုတ်။ ငြိမ်းမှငြိမ်းအစစ်ကို ကျွန်တော်မြင်လိုက်ရတာ။ ငြိမ်းပျောက်သွားသည့်နေရာက အခြားမဟုတ်။ တိုက်ခန်းများရှိရာထဲ ကိုဝင်သွားခြင်း ဆိုတော့ ငြိမ်းလည်းထိုတိုက်ခန်းများထဲက တစ်ခန်းခန်းမှာ အသေအချာကိုရှိနေရမည်။

“ငြိမ်း မသေဘူးပဲ”

ထိုသို့အတွေးက ကျွန်တော့်တစ်ကိုယ်လုံးကို ကြက်သီးမွှေးညှင်းထစေခဲ့လေသည်။ အခန်းများရှိရာဆီကို လိုက်သွားပြီး ဟိုဟိုဒီဒီလိုက်ရှာသေးသော်လည်း မတွေ့တော့။ တစ်ခန်းချင်းစီကို တံခါးလိုက်ခေါက်ပြီး မေး လျှင်လည်း မိုးသာလင်းသွားလိမ့်မည်။ အခန်းအရေအတွက်က အများကြီးမှ အများကြီးရယ်။

“ဘုရား ဘုရား၊ ငြိမ်း ကို တကယ်တွေ့ခဲ့တာပါလား”

အခန်းရှိရာဆီကို တက်လာခဲ့သည်။ ပြတင်းပေါက်ကနေပြီး ဆောင်တော်ကူးပန်းခြုံရှိရာဆီကို ပြန် ကြည့်မိလိုက်သော်လည်း ငြိမ်းကိုမတွေ့ရတော့ပါ။ ခြံ၏အပြင်ဖက်ဆီမှာတော့ ဂျာကာတာညသည် လှပနေ ဆဲပင်။ ငြိမ်းသည် ဒီခြံထဲကိုတကယ်ရောက်မရောက်ဆိုသည့်အချက်ကိုတော့ မနက်ဖန်တော့ သိအောင်လုပ်ရမည်။

“တကယ်လို့များ ငြိမ်းသာရောက်နေခဲ့ရင်”

ကျွန်တော်ဘာဆက်လုပ်ရမည်လဲ၊ ဘယ်လိုရင်ဆိုင်ရမလဲ ဆိုသည့်အတွေးများနှင့်။

အင်း၊ ပဟေဠိတွေနဲ့ပါ ဂျာကာတာရေ။

>>>>>