(၄)
ဂျာကာတာ၏ ည သည်တောက်ပလို့နေလေသည်။ ကျွန်တော်ရုံးကပြန်တော့ အပြင်ဖက်ဆီတွင် မှောင် ရိပ်နည်းနည်းသမ်းသော အနေအထားဖြစ်နေပြီ။ မီးရောင်စုံစထွန်းသည့်အချိန်ပေါ့။ တိုက်တာအဆောက် အဦများဆီ၌ မီးများထိန်ထိန်လင်းစပြုသည်။ အများစုကအဖြူရောင်ဆိုပေမယ့် အစိမ်းရောင်၊ အနီ ရောင်များလည်း ကျိုးတို့ကျဲတဲမြင်ရသည်။ ကားလမ်းပေါ်တွင်တော့ ညီညာချောမွေ့လွန်းလှပါသည်။ ကားကြပ်သည့်အရှေ့တောင်အာရှနိုင်ငံများထဲတွင် ဂျာကာတာလည်းထိပ်ဆုံးကပါသည်။
သို့သော်လည်း လောလောဆယ်တွင်တော့ ကားကြပ်နေသည်ကိုမတွေ့ရ။ အနက်ရောင်ပတ်ဝန်းကျင်၊ အနက်ရောင်ကောင်းကင်၊ အနက်ရောင်ကားလမ်းမကြီးများကြားထဲ နီယွန်မီးများ၊ တိုက်တာအဆောက် အဦများက အစီအရီ။ ကားမီးရောင်အနီတန်းများက လမ်းမပေါ်မှာဟောခနဲ ဟောခနဲမောင်းထွက်နေ၏။
ကားအချက်ပြဆိုင်းဘုတ်များက အင်ဒိုနီးရှားဘာသာစကားနှင့်ရေးထားသည်မို့ ကျွန်တော်ဖတ်၍ နားမ လည်ပါ။ LED ဆိုင်းဘုတ်ကြီးများက မီးရောင်ထိန်ထိန်လင်းလျှက်နေရာတကာတွင် လွှမ်းမိုး၍နေလေ တော့သည်။ တိုက်များ၏နံရံ၊ လမ်း မဘေး၊ တံတားဘေး စသည်ဖြင့် ဟိုမှာဒီမှာ အစုံအလင်ပင်။
အသေအချာ၊ အခိုင်အမာဆောက်ထားသည့် တံတားလမ်းရှည်ကြီးများက မြို့အနှံ့ကိုစိုးမိုးနေသည်။ အချို့ နေရာများတွင် နှစ်ထပ်၊ အချို့နေရာများတွင်တော့ တစ်ထပ်တည်း။ လမ်းမကျယ်များကြားထဲ အရိပ်ရ ပင်များလည်း အစီအရီစိုက်ထားလေသည်။ သဘောကျစရာမြင်ကွင်းတစ်ခုကတော့ ဓါတ်တိုင် တွေတစ်ခု နှင့်တစ်ခုကြား ကြိုးများရှုပ်ပွမနေဘဲ ရှင်းရှင်းလင်းလင်းရှိနေသည်ပင်။ ဓါတ်ကြိုးများကို မြေအောက် မှာပဲမြုပ်ထားသလား၊ ဒါမှမဟုတ် ဘယ်လိုပုံစံနဲ့သွယ်ထားသလဲ မစဉ်းစားတတ်ပေမယ့် ရှင်းရှင်း လင်းလင်းရှိနေသည်ကိုတော့ သဘောကျလှသည်။
“ငါတို့ အတူတူလမ်းလျှောက်ပြန်မလား”
ဂျက်စီကာနှင့် အတူတူပြန်ဖို့ ကျွန်တော်မမျှော်လင့်ခဲ့ပါ။ သူဘယ်လိုပြန်သလဲဆိုတာကိုလည်း မတွေးခဲ့ ပါ။ သို့ပေသိ ရုံးဆင်းခါနီးတော့ အတူတူပြန်ဖို့ သူကဖိတ်ခေါ်ခဲ့သည်။
“အိုကေလေ ၊ ကျေးဇူး”
တကယ်တော့ သူဘေးမှာပါလာတာကိုရင်ခုန်ပြီး စကားလည်းမပြောဖြစ်။ ပတ်ဝန်းကျင်ကိုပဲငေးပြီး ဟို ဟိုဒီဒီစဉ်းစားနေခဲ့သည်။ ဂျက်စီကာကတော့ ကျွန်တော့်ကိုစကားတစ်ခုခုပြောဖို့မျှော်လင့်ခဲ့ပုံရသည်။ ကျွန်တော်လည်းဘာမျှမပြောတော့ သူကပဲစပြောရှာပါသည်။
“မင်း စိတ်ညစ်နေတာလား”
ကျွန်တော်ပုံစံက အဲဒီလောက်တောင်သိသာနေသလားဆန်းစစ်မိသည်။ သူကတော့ ချစ်သူဆုံးထား သည့်သူတစ်ယောက်ခံစားနေသည့် ပုံစံကိုခန့်မှန်းပြီးမေးနေခြင်းဖြစ်လိမ့်မည်။ ကျွန်တော်စိတ်ညစ်နေ ခြင်းက တော့ သေချာတာပေါ့။ စိတ်ညစ်တယ်ဆိုတာထက် စိတ်လေနေတာ၊ အနာဂတ်တွေပျောက်ဆုံး နေခဲ့တာဟုဆိုရမည်။ ဒါပေမဲ့ ဂျက်စီကာနှင့်တွေ့လိုက်ရသည့်အခါတွင်တော့ တစ်မျိုးတစ်ဖုံပြောင်းလဲ လာရပြန်သည်။ အခြား တစ်ဖက်မှာလည်း တွေဝေစဉ်းစားနေမိဆဲ။
“ချစ်သူဆုံးသွားတဲ့သူတစ်ယောက်က စိတ်မညစ်ဘဲ ဝမ်းသာနေရမှာလား”
သူ့ကို စလိုက်ခြင်းပင်။ ဒါကိုသဘောပေါက်ကာ သူက ဟက်ဟက်ပက်ပက်ရယ်ပါသည်။ ပြီးနောက် ကျွန် တော်စိတ်ဆိုးသွားမည်ကိုစိုးရိမ်၍ ဆောရီးဟုပြောသည်။ ကျွန်တော် ပြုံးပြလိုက်ပါသည်။
“ဟိန်း…ဇော်..ထင်”
သူကျွန်တော့်နာမည်ကိုသိပ်မပီပါ။ ဟေးစိုထီ ဆိုပြီးအသံထွက်သည်။
“ဇော်ထင်လို့ပဲခေါ်ပါ”
“အိုကေ ဇော်ထင်”
“အင်း”
“ဒီနေ့ညစာကျွေးပါရစေ”
“အိုး”
ဂျက်စီကာဟာ အဲဒီလောက်ကြီးသွက်လိမ့်မည်ဟုမထင်ထားခဲ့ရိုးအမှန်ပါ။ တစ်နေ့လုံး အလုပ် အတူ တူလုပ်လာတုန်းကခန့်မှန်းမိသည်မှာ သူအလုပ်လုပ်တာတော့ အရမ်းသွက်တယ်ပေါ့။ တကယ်လည်း ထင်ထားတာထက်သွက်ခဲ့ပါသည်။ ဒါပေမဲ့ အခုလို အပြင်မှာပေါင်းသင်းဆက်ဆံရေးကောင်းလွန်းလိမ့် မည်ဟု ဘယ်ထင်ထားပါ့မလဲ။ ကျွန်တော်သိသည့် အင်ဒိုသူများက သိပ်မရဲကြပါ။
“ဘာအထိမ်းအမှတ်လဲ”
“ကိုယ့်ရဲ့စီနီယာနဲ့ တွေ့ဆုံအလုပ်အတူတူလုပ်ရတဲ့အထိမ်းအမှတ်ပေါ့”
“ဒီလိုအခွင့်အရေးပေးတာကို ဘယ်သူကငြင်းချင်မှာလဲ”
နှစ်ယောက်သားရယ်လိုက်ကြသည်။ ထို့နောက်တွင်တော့ ဂျက်စီကာရွေးချယ်သောစားသောက်ဆိုင် တစ်ဆိုင်ကိုရောက်လာခဲ့ပါသည်။ သိပ်ဝေးဝေးလံလံတော့မသွားရ။ ကျွန်တော်မြင်နေရသော ပတ်ဝန်း ကျင်ထဲက မိုးမျှော်တိုက်ကြီးတစ်တိုက်ထဲက အင်ဒိုနီးရှားရိုးရာစားသောက်ဆိုင်လေးတစ်ဆိုင်ကိုရွေး ချယ်ခဲ့ပါသည်။ ညမိုးချုပ်ပြီမို့ ထိုပုံစံဆိုင်အများစုတွင် လူခပ်များများဖြစ်နေပြီပေါ့။ ဆိုင်၏အရှေ့တည့် တည့်တွင်တော့ Plaza Semanggi ဆိုင်းဘုတ်နီနီကိုမြင်ရသည်။
“အင်ဒိုနီးရှား အစားအစာစားမယ်မှလား”
“သေချာတာပေါ့”
သူကျွန်တော့်ကိုကြိုမပြောဘဲ ဆိုင်ရောက်တော့မှ အတပ်မေးလိုက်သည်မှာ ကျွန်တော့်စိတ်ကိုများ ခန့်မှန်း မိသလားမပြောတတ်တော့။ အင်ဒိုနီးရှားအစားအစာစားချင်နေသည်မှာ အသေအချာပင်။
“ဒီဆိုင်က အင်ဒိုလမ်းဘေးအစားအစာအတိုင်းရတယ်၊ အစုံပဲ”
“အိုး စကားမစပ် ကိုယ့်ကို Street Food တစ်ရက်လောက်သွားစားရအောင်လား၊ ဒီမှာနေတဲ့ရက်တွေ အတောအတွင်းပေါ့”
“အိုကေလေ”
ထမင်းနှင့်တွဲစားရသည်မို့ မြန်မာအစားအစာနှင့် သိပ်တော့မကွာခြားပါ။ ကျွန်တော့်အတွက်တော့ အကြိုက်တွေချည်း ပါပဲ။ အင်ဒိုနီးရှားရိုးရာဟင်းအများစုတွင် အုန်းနို့ထည့်ချက်တတ်ကြသည်။ ရှမ်းဆိုင် လိုပုံစားထမင်းလည်းရသည်။ ကျွန်တော်တို့ကတော့ ဟင်းပွဲနှင့်ထမင်းသပ်သပ်စီကိုပဲမှာဖြစ်ပါသည်။ ငါးနီတူခြောက်ရယ်၊ မြေ ပဲရယ်၊ ငရုတ်သီးခြောက်ရယ်ရောကြော်ထားသည့် ဟင်း၊ ငရုတ်ကျဉ်ပွေ့ အရွယ်နီးပါးလောက်ရှိသောခရမ်း သီးကို ငရုတ်သီးနှင့်နှပ်ထားသည့်ဟင်း၊ အမဲနံရိုးကင်၊ တုံယမ်းလိုမျိုး အုန်းနို့နှင့်ချက်ထားသည့်ဟင်းများကို မှာဖြစ်သည်။
“ဒီအလုပ်လုပ်တာဘယ်လောက်ကြာပြီလဲ”
အခုမှ စတွေ့ဖူးသည့်သူတွေဆိုတော့ ထုံးစံအတိုင်း အလုပ်အကြောင်း၊ ဟိုအကြောင်းဒီအကြောင်းပြော ဖြစ် ကြသည်။
“ဒီကုမ္ပဏီမှာတော့ သုံးနှစ်လောက်ကြာပြီ၊ ဒီဂျစ်တယ်မာကတ်တင်းခေတ်ကတွင်ကျယ်လာတာလည်း အဲဒီလောက်ပဲရှိဦးမှာမလား၊ ဆိုတော့ ဒီဂျစ်တယ်မာကတ်တင်းခေတ်ဦးကတည်းကဆိုပါတော့..”
ထိုမတိုင်ခင်က ဂျာနယ်တွင်သတင်းဘာသာပြန်အလုပ်လုပ်ခဲ့ခြင်း၊ မိဘများမရှိတော့၍ ရန်ကုန်တွင် တစ်ယောက်တည်းနေထိုင်ခြင်း စသည့် ကျွန်တော့်အကြောင်းတော်တော်များများကိုပြောပြဖြစ်သည်။ မြန်မာ နိုင်ငံအတွက်အလုပ်လာခေါ်တုန်းက လျှောက်လိုက်သည်နှင့် တန်းရသွား၍ ထိုအလုပ်ကို ယခု ထက်ထိမြဲနေတာဖြစ် ကြောင်းပြောပြတော့ သူက စိတ်ဝင်တစားနားထောင်ပေးသည်။ ကျွန်တော်တို့ နှစ်ယောက် အချိန်တို လေးအတွင်းမှာ တော်တော်ရင်းနှီးသွားခဲ့ပါသည်။
ကျွန်တော်နှင့်အလုပ်တွဲလုပ်ရမည်မို့ ကျွန်တော့်အကြောင်းနည်းနည်းပါးပါးကိုလည်း ရုံးချုပ်ကလူတွေ ဆီက သူစုံစမ်းထားခဲ့ကြောင်းဝန်ခံခဲ့သည်။ မနေ့ညတုန်းက တွေ့တုန်းကတော့ ကျွန်တော်မှန်းမသိ၍ သူစိမ်းတစ်ယောက် ခပ်စိမ်းစိမ်းကြည့်တာမို့ သူကြောက်ပြီးအခန်းပေါ်ကိုတက်လာခဲ့ခြင်းကို ဝန်ခံ၏။
ထို့နောက်တော့ သူ့အကြောင်းပြောပြခဲ့ပါသည်။ ဂျက်စီကသည် ဂျာကာတာမှာမွေးဖွားသည့်သူမဟုတ် သလို ဂျာကာတာနှင့်ငယ်ငယ်ကတည်းကရင်းနှီလာသူလည်းမဟုတ်ခဲ့ပါ။ အင်ဒိုနီးရှားနိုင်ငံ၌ လူမျိုးစု ပေါင်းများစွာ ရှိသည့်အထဲက ရာခိုင်နှုန်းအများဆုံးဖြစ်သော Javanese လူမျိုးစုဖြစ်လေသည်။
“ငါတို့နေတဲ့မြို့ကအရမ်းလှတယ်၊ ဧည့်သွားဧည့်လာလည်းများတယ်၊ အဆင်ပြေမယ်ဆိုရင်တော့ အလည်ခေါ်ချင်ပါတယ်”
သူက ကျွန်တော့်ပန်းကန်ထဲကို ဟင်းများထည့်ပေးသည်။ ဂျက်စီကာသည်ကျွန်တော့်အတွက်တော့ အံအားသင့်မှုတွေနဲ့ချည်းပါပဲ။ သွက်သွက်လက်လက် ထက်ထက်မြက်မြင်ရှိရုံတင်မဟုတ်၊ ကျွန်တော့် အပေါ်ကိုအလေးပေးဆက်ဆံတတ်တာ သတိမထားမိဘဲမနေနိုင်လောက်အောင်ပင်။ ဒါက ငြိမ်းနှင့်အ တော်ကွာချက်သည့်အချက်ဖြစ်သလို တစ်ခုတည်းသောကွာခြားချက်လည်းဖြစ်ကောင်းဖြစ်မည်။ ငြိမ်း လည်း ကျွန်တော့်ပန်းကန်ထဲကို တစ်ခါတစ်လေ ဟင်းထည့်ပေးတတ်ပါသည်။
“အင်ဒိုနီးရှားက ကျွန်းတွေအများကြီးပေါင်းစပ်ထားတဲ့နိုင်ငံဆိုတော့ တစ်နေရာနဲ့တစ်နေရာသွားရင် အံသြစရာ ထူးဆန်းစရာတွေချည်းပဲနော်၊ လူမျိုးတွေလည်း တစ်နေရာနဲ့တစ်နေရာမတူကြဘူးမှလား”
“အင်း ဟုတ်တယ်၊ ကမ္ဘာပေါ်မှာ လေးခုမြောက် လူဦးရေအထူထပ်ဆုံးလေ”
ကျွန်းပေါင်း ၁၇၀၀၀ ကျော်ရှိတာမို့ အဲဒီကျွန်းတွေပေါ်မှာနေထိုင်သည့် လူဦးရေလည်း သန်းပေါင်း ၂၃၀ လောက်တောင်ရှိသည်ဆိုပဲ။ အင်ဒိုနီးရှားနိုင်ငံတွင် နေထိုင်သောလူမျိုးစုများအနေဖြင့် Javanese က ၄၀.၆ ရာခိုင်နှုန်း၊ Sundanese က ၁၅ ရာခိုင်နှုန်း၊ Madurese က ၃.၃ ရာခိုင်နှုန်း၊ Minangkabau က ၂.၇ ရာခိုင်နှုန်း၊ Betawi က ၂.၄ ရာခိုင်နှုန်း၊ Bugis ၂.၄ ရာခိုင်နှုန်း၊ Banten ၂ ရာခိုင်နှုန်း၊ Banjar ၁.၇ ရာခိုင်နှုန်းနှင့် အခြား ၂၉.၉ ရာခိုင်နှုန်းရှိသည်ဆိုပြီး ဂျက်စီကာက အသေးစိတ်ရှင်းပြပါသည်။
“ငါ မင်းတို့မြို့ကိုအလည်လိုက်ပါရစေ”
ကျွန်တော် စိတ်ပြေလက်ပျောက်ဆိုသည့်ခေါင်းစဉ်အောက်တွင်နေထိုင်ရန်လိုအပ်နေသည်မဟုတ်လား။ သူ့ ကိုမြင်တော့ ငြိမ်းကိုမြင်နေရသလိုဖြစ်နေသောစိတ်များကလည်း ယောက်ယက်ခပ်လို့။ ကျွန်တော် ငြိမ်းကိုမဆုံး ရှုံးအောင် ကံကြမ္မာကဖန်တီးပေးခဲ့တာလား။
“ဘယ်တော့ သွားမလဲ”
“အင်း ငါ မပြန်ခင်ပေါ့”
ကျွန်တော် ရန်ကုန်ကိုပြန်ဖို့ တော်တော်အားမွေးရမည်။ ဂျက်စီကာကို ကျွန်တော်နှင့်အတူတူရန်ကုန် ပြန် ဖို့ခေါ်လျှင် ရန်ကုန်ကိုအလည်ခေါ်လိုက်လျှင် ကောင်းမလားတွေးမိသည်။ ဒါပေမဲ့ အခုချက်ချင်းပြောလို့ မဖြစ်။ သူနှင့်ဒီထက်ပိုပြီးရင်းနှီးအောင်နေရင်း ဖြည်းဖြည်းချင်းဆွဲခေါ်ရမည်။
“ညစာအတွက် ကျေးဇူးတင်ပါတယ် ဂျက်စီကာ”
သူနှင့်ကျွန်တော် တိုက်ခန်းတွေရှိရာဆီကိုအတူတူမပြန်ဖြစ်ပါ။ ကျွန်တော်လမ်းလျှောက်ဦးမယ်ဆိုပြီး ဂျက်စီကာ ကို တိုက်ခန်းနားခြံဝအထိလိုက်ပို့ပေးခဲ့သည်။ နီယွန်မီးရောင်တွေကြားထဲမှာ ကျွန်တော် အတွေးနယ်ချဲ့နေခဲ့မိသည်။ ဘောင်းဘီအိတ်ထဲက ဆေးလိပ်နှင့်မီးခြစ်ဘူးကိုထုတ်လိုက်ပေမယ့် မသောက်ဘဲပြန်ထည့်လိုက်မိ၏။ ဒီနေရာတွေက ဆေးလိပ်မသောက်ရနယ်မြေဖြစ်ချင်ဖြစ်နေမှာစိုး၍ပင်။
“ဆေးလိပ်တွေအရမ်းမသောက်ပါနဲ့လား ဇော်ထင်”
ငြိမ်း၏စကားသံချိုချိုလေးကိုလည်းပြန်လည်ကြားယောင်လာသည်။ ခုနက ဂျက်စီကာ၏အသံနှင့်တစ် ထေရာတည်းပါပဲ။ ဗမာစကားနှင့် အင်္ဂလိပ်စကားသာကွာခြားသွားတာ၊ လေသံကအတူတူပါပဲ။ ကျွန် တော် မခံစားနိုင်လို့ပါငြိမ်းရယ်၊ ရက်စက်တာမဟုတ်ပါဘူး ဆိုပြီး စိတ်ထဲကအခါခါပြောနေမိပြန်သည်။ အတွေးပေါင်းများစွာနှင့် ဒီည ဘယ်လိုအိပ်စက်ရမှာလဲ။ ငြိမ်းနှင့်ဇင်လင်းမောင် ထပ်လာပြီး ကျွန်တော့်ကို ခြောက်ခြားစေဦးမှာလား။ ဇင်လင်းမောင်က ကျွန်တော့်လည်ပင်းကို အခါခါညှစ်သတ်ဦးမှာလား။
ဆိုင်ကယ်သံတစ်ဝီဝီ၊ ကားသံတဝုန်းဝုန်းနှင့် မြို့လည်ခေါင်ဟာ ကြောက်စရာမကောင်းပါ။ ဒါပေမဲ့ ကျွန် တော့်ရင်ထဲမှာတော့ တိတ်ဆိတ်ခြောက်ကပ်လို့။ ဘောင်းဘီအိပ်ကပ်ထဲလက်နှိုက် ခေါင်းငိုက်စိုက်ချ ပြီးလမ်းလျှောက်နေမိခဲ့သည်။ ကျွန်တော်ပြန်လာတော့ ညတော်တော်နက်လောက်ပြီပေါ့။ တည်းခိုသည့် တိုက်ခန်းအိမ်ရာမှာလည်း အမှောင်ထုကကြီးစိုးနေခဲ့ပြီ။
“ဇော်ထင်”
သူ ကျွန်တော့်ကိုစောင့်နေခဲ့တာပါလား။ ငြိမ်း…ဂျက်စီကာပေါ့။
“ဟေး မအိပ်သေးတာလား”
မနေ့ညက ကျွန်တော်ထိုင်ခဲ့သည့်နေရာအနီးတစ်ဝိုက်မှာပါပဲ။ အမှောင်ထဲမှာ သူထိုင်နေခဲ့တာ။ အမှောင် ဆိုပေမယ့် ပတ်ဝန်းကျင်အလင်းကြောင့် တစ်ယောက်ကိုတစ်ယောက် သဲသဲကွဲကွဲမြင်ရပါသည်။
“အင်း ရေမိုးချိုးပြီး မင်းပြန်လာမလားလို့စောင့်နေခဲ့တာ”
“အိုး ဘာလို့လဲ၊ ဖုန်းဆက်လိုက်တာမဟုတ်ဘူး”
“လွတ်လွတ်လပ်လပ်သွားစေချင်လို့ပေါ့၊ စောင့်နိုင်တဲ့အထိစောင့်မယ်၊ မစောင့်နိုင်ရင် အပေါ်တက်ပြီး အိပ်မယ်လေ၊ အဆင်ပြေပါတယ်”
“ကိုယ့်ကိုစောင့်တာက..”
“မင်း စကားပြောဖော်လိုနေမလားလို့ပါ၊ ပြီးတော့ မင်းရဲ့ဆုံးသွားတဲ့ကောင်မလေး အကြောင်းလည်း သိချင်တယ်”
သူ့အကြောင်း ကျွန်တော့်အကြောင်း ပြီးရင်တော့ ငြိမ်းအကြောင်းကို သူသိချင်နေခဲ့တာပါလား။ စိတ် တွေလေနေသောကျွန်တော့်ပုံစံကို သူရိပ်မိပြီး ကျွန်တော့်အပေါ် ဆွဲဆောင်အားကောင်းလွန်းသည့် ငြိမ်းအ ကြောင်းကို သူသိချင်နေခဲ့တာပါလား။ အကြောင်းတစ်ခုကလွဲရင် ကျန်တာပြောပြမှာပေါ့ဂျက်စီ ကာရယ်။
ပြောပြရမှာပေါ့ ဂျက်စီကာ။ ကျွန်တော် အရမ်းချစ်ရတဲ့ငြိမ်း။ တစ်သက်လုံးအတွက် ပုံအောပြီးချစ်ရတဲ့ ငြိမ်း။ ပြီးတော့ ကျွန်တော် သတ်ပစ်ခဲ့တဲ့ငြိမ်း …အဲဒီငြိမ်းဟာဘယ်လိုလူစားလဲဆိုတာ။
ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။ ညလေအဝှေ့တွင် ဆောင်တော်ကူးပန်းရနံ့များမွှေးကြိုင်သွားခဲ့၏။ အတွေးလေနှင့်အတူ စိတ်ကလည်း အတိတ်ဆီသို့လွှင့်မျောသွားလေသည်။ ထိုအတိတ်သည် စကားလုံး အသွင်ဖြင့် ဂျက်စီကာ၏ရှေ့တွင်ထွက်အံကျလာတော့၏။
>>>>>