(၈)
“ဘာလာလုပ်တာလဲ”
ငြိမ်းက သူ့ကို စိမ်းစိမ်းကားကားမေးခဲ့သည်။ သူတို့နှစ်ယောက်ပြန်လည်ပြေလည်ဖို့ ကျွန်တော်ဆုမ တောင်းပေးပါ။ ငြိမ်း၏သူငယ်ချင်းတွေကော သူတို့နှစ်ယောက်ကိုအဆင်ပြေစေချင်သလားဟု စဉ်းစား မိသော်လည်း တကယ်တမ်းလက်တွေ့တွင်တော့ ကျွန်တော်ထင်သလိုဖြစ်နေခဲ့သည်။ သူတို့လည်း ဟို ကောင့်ကို ကြည့်မှ မရဘဲလေ။
“ကိုယ်ငြိမ်းဆီလာတာလေကွာ”
အဲဒီကောင်ပုံစံက အေးအေးဆေးဆေးပါပဲ။ ချစ်သူဆီကိုလာလည်သောကောင်လေးတစ်ယောက်ပုံစံပါ ပဲ။ ရန်ဖြစ်ထားတယ်၊ ပြသနာတက်ထားတယ် ဆိုသည့် အရိပ်အယောင်၊ ခံစားမှုများမတွေ့ရ။ အခုမှ သူ့ပုံစံကို သဲသဲကွဲကွဲပိုမြင်မိသည်။ ခပ်ပိန်ပိန်၊ မျက်နှာချိုချိုနှင့်ပါပဲ၊ ရုပ်ရည်ခပ်ချောချော၊ ခပ်သန့်သန့်မို့ စော်ကြည်မယ့်သူဟု သတ်မှတ်လိုက်သည်။ ကျွန်တော့်လိုပဲ တီရှပ်နှင့် ဂျင်းဘောင်းဘီကိုဝတ်ထားသည်။
ဆောင်တော်ကူးဆိုင်၏ အတွင်းအခန်းထဲအထိကိုသူဝင်လာခဲ့တာပါ။ ဆိုင်ခန်းထဲ ပစ္စည်းပြခန်းထဲတွင် တော့ ဝန်ထမ်းကောင်မလေးတစ်ချို့အရောင်းပြလို့နေလေ၏။ ကျွန်တော်က ဒီဂျစ်တယ်မာကတ်တင်း ဆိုင်ရာများကို ငြိမ်းတို့သုံးယောက်ကိုပြနေသည်မို့ ငြိမ်းတို့အားလုံးက ကျွန်တော်နှင့်အတူတူအတွင်းခန်း ထဲတွင်ရှိနေခဲ့သည်ပင်။ သူရောက်နေမှန်းသိတော့ အပြင်ဖက်ဆီကိုအားလုံးရောက်သွားကြသည်။
သူကကျွန်တော့်ကိုတစ်ချက်ကြည့်လိုက်သည်။ ဒါပေမဲ့ သိပ်စိတ် ဝင်စားဟန်မတူ။ ခဏလေးနှင့် အကြည့်လွှဲသွားခဲ့၏။ ထိုပုံအတိုင်းဆိုပါက သူကျွန်တော့်ကိုမမှတ်မိတာလား၊ ဘယ်နေရာမှာတွေ့ဖူး သလဲဆိုတာ စဉ်းစားသွားတာလားမပြောတတ်။
“ငြိမ်းတို့ပြတ်စဲပြီးပြီပဲ၊ မလာနဲ့တော့လေ”
“ဟာ ငြိမ်း.”
“ဇင်လင်းမောင် ငြိမ်းရှင်နဲ့မပတ်သတ်ချင်တော့ဘူး၊ ဒီကိုဘာအကြောင်းကိစ္စနဲ့မှမလာပါနဲ့၊ ဒေါသမထွက် ခင်အေးအေးဆေးဆေးပြန်လိုက်ပါ”
ငြိမ်း၏ပြတ်သားနိုင်မှုကို ဇင်လင်းမောင်တင်မဟုတ် ကျွန်တော်ပါ အံသြမိလေသည်။ ဒါဟာ အပြော လား၊ တကယ်လက်တွေ့လားဆိုတာတော့ စောင့်ကြည့်မှရမှာပေါ့လေ။
“ဟေး မဟုတ်တာကွာ၊ ခါတိုင်းလည်းဒီလိုပဲ စကားများရန်ဖြစ်နေကျလေ၊ ဘာလို့အခုကျမှ ခါးခါးသီး သီးဖြစ်နေရတာလဲ၊ ငြိမ်း မင်းတော့မဟုတ်သေးပါဘူး”
သူက ငြိမ်း၏ငြင်းပယ်မှုကိုအထူးတစ်ဆန်းလိုဖြစ်ကာ ပွစိပွစိလုပ်နေလေသည်။
“ရှင်ထွက်သွားလို့ပြောနေတယ် ဇင်လင်းမောင်”
လေသံက ပိုပြင်းလာတော့ အခြေအနေမကောင်းမှန်ရိပ်မိကာ ဇက်ကလေးပုနေလိုက်သည်။ ကျွန် တော်က အပြင်လူလေ။ တားမည့်သူကလည်း အဆင်သင့်ရှိတာပဲ၊ ကျွန်တော်ဝင်ပါစရာမလိုပါဘူး ဆို သည့်အတွေးနှင့် မသိချင်ယောင်ပဲဆောင်နေခဲ့သည်။ မျက်လုံးများကို အခန်းထဲရှိ ကွန်ပျုတာမျက်နှာပြင် ပေါ်ကိုလွှဲ ထားလိုက်ပေမယ့် စိတ်အာရုံကတော့ သူတို့ဘာဆက်ဖြစ်မလဲဆိုတာကို မျှော်လင့်တကြီး နားထောင်နေမိ၏။
“ဟာ ငြိမ်း၊ မင်းတကယ်ပြောနေတာလား”
“ဟုတ်တယ်၊ တကယ်ပြောနေတာလေ၊ ရှင်နဲ့ငြိမ်းနဲ့ ပြတ်ပြီလို့ ပြောခဲ့တာပဲ၊ ဘာလို့အမှတ်မရှိလာ နေသေးတာလဲ၊ ထွက်သွားနော်၊ မသွားရင် တွေ့ရာနဲ့ကောက်ပေါက်မိလိမ့်မယ်”
“ဟာကွာ မဟုတ်သေးဘူးနော်”
“သိပ်ဟုတ်တယ်၊ ရန်ဖြစ် ပြသနာဖြစ်ပြီးတိုင်း ရှင်ကအရင်ဦးအောင်ဒေါသထွက်သောင်းကျန်းပြီး ထွက် သွား၊ အချိန်တန်ရန်ပြန်လာပြီး ကိုယ်မဟုတ်သလိုနေတာမျိုးက တစ်ခါနှစ်ခါလည်းမဟုတ်ဘူး၊ အခါ ပေါင်းသောင်းခြောက်ထောင်ဖြစ်နေပြီ၊ ငြိမ်းဘယ်လိုမှသည်းမခံနိုင်တော့ဘူး”
“ဟာ အဲဒါက..”
“ရှင်ဆက်ပြောနေဦးမှာလား ဇင်လင်းမောင်၊ ငြိမ်း ဒီထက်ဒေါသပိုမထွက်ချင်ဘူး၊ ဆိုင်မှာလူတွေလည်း ရှိတယ်၊ ထွက်သွားလိုက်တော့”
ငြိမ်းတို့နှစ်ယောက်၏ပဋိပက္ခထဲတွင်သူငယ်ချင်းများကပါဝင်လာခဲ့သည်။ ကျွန်တော်ကတော့ တိတ်ဆိတ် နေမိဆဲ။
“ဇင်လင်းမောင်၊ ငြိမ်းစိတ်တိုနေတယ်၊ ရှင်ထွက်သွားလိုက်တော့၊ ကျွန်မသူငယ်ချင်းကိုလည်း နောက် မပတ်သက်ရင်ကောင်းမယ်၊ ဆိုင်ကိုလည်းမလာနဲ့တော့၊ ဒီဆိုင်က ငြိမ်းတစ်ယောက်တည်းရဲ့ဆိုင်မ ဟုတ်ဘူး၊ ကျွန်မတို့လည်းဆိုင်တယ်၊ အဲဒီတော့ ဒီဆိုင်ကိုခြေဦးမလှည့်ဖို့လည်းပြောလိုက်မယ်၊ ငြိမ်း လည်းရှင့်ကြောင့် စိတ်ဆိုးစိတ်တိုခဲ့ရပေါင်းများပြီ၊ ပြန်ပါတော့”
“မပြန်ဘူးဗျာ၊ ခင်ဗျားတို့ဆိုင်ဘယ်လောက်တန်လို့လဲ၊ ကျုပ်က ဂရုစိုက်ရမှာလား”
“ရှင်ဘယ်လောက်ချမ်းသာလဲ၊ ဘယ်လောက်လျော်နိုင်သလဲ ဆိုတာလည်း ကျွန်မတို့ဂရုမစိုက်ဘူး၊ ကျွန်မ တို့သူငယ်ချင်း အဆင်ပြေဖို့ပဲဂရုစိုက်တယ်၊ ယောင်္ကျားကြီးတန်မဲ့နဲ့လာဖြဲနေတယ်၊ မရှက်ဘူးလား၊ ငြိမ်းကထွက်သွားဆိုထွက်သွားလေ”
“တောက်”
ငြိမ်းသူငယ်ချင်းများ၏ ပြတ်သားမှုကိုတော့ ခန့်မှန်းမိသားဖြစ်သော်လည်း မျက်ဝါးထင်ထင်မြင်လိုက်ရ သည့်အခါတွင်တော့ အံအားသင့်သွားမိလေသည်။ ကိုယ့်သူငယ်ချင်းမျက်နှာကိုနည်းနည်းလေးတောင် မ ငဲ့ကွက်ပဲ ဇင်လင်းမောင်ကို ပစ်ပစ်ခါခါပြောနိုင်ရက်ပုံမှာ တော်တော်အမြင်ကပ်နေမှန်း သိသာလေ၏။
တံခါးဖွင့်ထားသည်မို့ ဆိုင်ရှေ့မှပင် အသံသဲ့သဲ့ကြားနိုင်ကာ လူသူတစ်ချို့ကွက်ကြည့်ကွက်ကြည့် လုပ်နေလေသည်။ ဟို ကောင့်ပုံစံက ကျွတ်ဆတ်ဆတ်နှင့်ခေါင်းမာနေမည့်ပုံပေါက်တော့ ကျွန်တော် လည်း မနေနိုင်မထိုင်နိုင် အာသွားချောင်မိပြန်သည်။ ဝင်ပါဖို့ကိုလုံးဝတွေးမထားခဲ့ပါ။ စိတ်ထဲတွင် ကန့်လန့်မြင်လျှင် ပါးစပ်ကလွှတ် ခနဲထွက်သွားသည်မို့ ဘရိတ်ပြန်အုပ်ဖို့ မမီခဲ့။
“သူငယ်ချင်း ခင်ဗျားပြန်လိုက်တာကောင်းမယ်၊ မိန်းကလေးတွေနဲ့ ပြသနာမဖြစ်ပါနဲ့ ကြားထဲကကျွန် တော်တောင်းဆိုပါတယ်”
အဆင်ပြေစေသောလေသံဖြစ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပြီးပြောလိုက်သည်။ ကျွန်တော့်စကားသံကြောင့် သူ ကျွန်တော့်ကိုစေ့စေ့ကြည့်လေပြီ။ ဒီတစ်ခါတော့ မှတ်မိသွားခဲ့ပြီဖြစ်သည်။
“ခင်ဗျား……”
ကျွန်တော်တို့နှစ်ယောက်အကြည့်ချင်းဆုံမိသွားခဲ့သည်။ မင်းဘာကောင်လဲဆိုသည့်အကြည့်နှင့် သူက ကျွန်တော့်ကိုကြည့်လိုက်သော်လည်း ကျွန်တော်ကတော့ ခပ်အေးအေးပဲပြန်ကြည့်လိုက်ပါသည်။ သူနှင့် ကျွန်တော်ပြသနာဖြစ်လို့ ငြိမ်းက ကျွန်တော့်ကိုချစ်မည်ဆိုရင်တော့ ဒီကောင့်ကိုစိတ်ရှိလက်ရှိဆွဲထိုး တာပေါ့။ ဒါပေမဲ့ လက်ရှိအခြေအနေတွင် သူနှင့်ရန်ဖြစ်ဖို့မသင့်ဘူးဟု ထင်မိသည်။ ဇင်လင်းမောင်ဆို သောအဲ ဒီကောင်ကို ကျွန်တော်ဘယ်ကျေနပ်မလဲ၊ လုံးဝ လုံးဝမကျေနပ်ပါ။ ကျွန်တော့်မျက်နှာကို ရက်ရက်စက် စက်ဆွဲထိုးခဲ့တဲ့ကောင်ကို ဖြစ်နိုင်ရန်ပြန်ထိုးပစ်ချင်တာပေါ့။ ဒါပေမဲ့ ရန်ကိုရန်ချင်း တုန့်ပြန်လို့မဖြစ်သေးသည့် အခြေအနေလေ။
“အေး မင်းကိုငါ မှတ်မိပြီး မင်း ဟိုတစ်နေ့က ကောင်မှလား”
“ဟုတ်ပါတယ်”
ပြုံးပြုံးလေးပဲ ပြန်ဖြေလိုက်သည်။ ကျွန်တော့်အပြုံးက သူ့ကိုဒေါသပိုထွက်စေမယ်ဆိုတာအသေအချာ ပဲလေ။ အခုအချိန်မှာ သူကအားလုံး၏အကုသိုလ်ကို အတုံးလိုက်အတစ်လိုက်ရရှိထားသောသူလေ။ ကျွန် တော်ကတော့ အားလုံး၏ခင်မင်မှုကို ရအောင်ကြိုးစားနေသည့်သူ။
“မင်း ဘယ်လိုလုပ်ဒီထဲရောက်နေတာလဲ ငြိမ်း…မင်း ဒီကောင့်ကို”
သူက အံသြလို့မဆုံး၊ ကျွန်တော်ကတော့ ကျေနပ်လို့မဆုံး။
“သူက ငြိမ်းတို့ဆိုင်အတွက် ဒီဂျစ်တယ်မာကတ်တင်းလုပ်ပေးနေတဲ့သူလေ၊ ဘာဖြစ်လဲ အဲဒါ”
သူ ဆွံအသွားပုံပင်။
“ဟေ့ကောင် မင်းဆိုင်ရှေ့ထွက်ခဲ့ မင်းနဲ့ငါစာရင်းရှင်းစရာရှိတယ်”
“မထွက်နဲ့ဇော်ထင်၊ သူ သက်သက်ရှင့်ကိုမဲတာ၊ ရှင်သူ့ကိုအရေးလုပ်စရာကိုမလိုဘူး၊ ဒီမှာ ဇင်လင်း မောင် ရှင့်ကိုကျွန်မ သတ်မိတော့မယ်နော်”
“အေး သတ်လေ၊ လာသတ်၊ မင်း အဲဒီကောင်ကိုဘာလို့ပတ်သက်လိုက်ရတာလဲ၊ ဘယ်လိုလုပ်သူနဲ့ အခုလို…ဟာ…စဉ်းစားလို့မရတော့ဘူး၊ ဒီကောင့်ကိုဆွဲထိုးချင်တယ်၊ စာရင်းရှင်းချင်တယ်၊ ဟေ့ကောင် မင်း ဆိုင်အပြင်ကို ထွက်ဆိုထွက်ခဲ့”
သူကျွန်တော့်ကို စိန်ခေါ်လေပြီ။
ကလေးအကွက်တွေကို ကျွန်တော်ကလက်ခံရမှာလား။ ဝေးပါသေးသည်။ သူ့လိုမုန်ယိုနေသည့်ကောင် နှင့်ရန်ဖြစ်လျှင် ကျွန်တော့်အမှားဖြစ်သွားလိမ့်မှာပေါ့။ ဒီတော့ လေပြေလေးနှင့် ဆတ်ဆတ်ခါနာအောင် ထိုး နှက်ဖို့က အကောင်းဆုံးပါပဲ။
“ကျွန်တော့်မှာတော့ ခင်ဗျားနဲ့စာရင်းရှင်းစရာမရှိဘူးဗျ၊ ကျွန်တော်က ခင်ဗျားလို ဒီဆိုင်ကလူတွေရဲ့ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းလာတဲ့သူလည်းမဟုတ်ဘူး၊ ဒီဆိုင်အကျိုးဖြစ်ထွန်းဖို့အတွက်လာ တဲ့သူပါ၊ ဒီတော့ ဘယ်သူကထွက်သွားသင့်သလဲ ဦးနှောက်ရှိရင်စဉ်းစားတတ်ပါတယ်ဗျာ”
ကျွန်တော့်စကားက သူ့ဒေါသပိုစေခဲ့တာတော့အမှန်ပါပဲ။ တောက်တွေခတ်၊ ဘာလုပ်လို့လုပ်ရမှန်း မသိအောင်ဖြစ်ကာ ဆိုင်ပြင်ကိုထွက်သွားခဲ့တော့သည်။ မထွက်ခင်မှာ ကျွန်တော့်ကို မလိုတမာအ ကြည့်များနှင့်ကြည့်သွားခဲ့သည်။ ကျွန်တော်ကတော့ ခပ်ပြုံးပြုံးလေးပါပဲ။
သူအပြီးပဲထွက်သွားတာလား၊ ကျွန်တော်ဆိုင်အပြင်ထွက်အလာကိုပဲစောင့်တာလားမပြောတတ်တော့။ နောက်ထပ်နာရီပိုင်းအထိဘာသံမှမကြားရတော့ပါ။ ငြိမ်းတို့သုံးယောက်ကတော့ ကျွန်တော့်ကို အားနာ စကားဆိုလေသည်။ ကျွန်တော့်အတွက်ကတော့ ကျေနပ်လက်ခံလို့မဆုံးသောအနေအထားပါပဲ။ ဟိုကောင်ထိုးထားသည့်ဒဏ်ရာတစ်ချို့မျက်နှာပေါ်မှာကျန်ပါသေးသည်။ ကျွန်တော်ကတော့ သူ့ကိုစိတ် ဒဏ်ရာပေးနိုင်ခဲ့၏။ ငြိမ်းနှင့်ပတ်သက်လို့ ပြိုင်ပွဲတစ်ခုကိုပြိုင်နေရခြင်းဆိုပါကကျွန်တော်အနိုင်ရချင် ပါသေးသည်။ ဇင်လင်းမောင်သည် ကျွန်တော့်ထက်ခြေစွမ်းသာသည့်သူဖြစ်နေသည့်တိုင်အောင်ပေါ့။
“သူက အဲဒီလိုပဲ ကျွန်မတို့သူငယ်ချင်းကို စိတ်ဆင်းရဲအောင်လုပ်တယ်၊ ကောင်းတယ်ငြိမ်း အဲဒီလိုမျိုး ပြတ်ပြတ်သားသားပြောပစ်လိုက်တာ၊ မှတ်သွားပါလေ့စေ”
“အေးဟယ် ငါလည်း သူ့ကြောင့်တော်တော်စိတ်တိုရပါတယ်”
“သူက အဲလိုပဲ ပြသနာရှာတတ်သလား”
ကျွန်တော်မေးလိုက်မိတာပင်။ ငြိမ်းက ကျွန်တော့်မေးခွန်းကိုအလွယ်တကူပင်ပြန်ဖြေပါသည်။
“အင်း ပြသနာရှာတာဆိုတာထက် အတ္တကြီးတာပေါ့၊ အရာရာသူ့လိုအင်ကိုရှေ့တန်းတင်တယ်၊ ဆရာ ကြီးလုပ်တယ်၊ သူ့အတ္တနဲ့သူများဘဝကိုတည်ဆောက်ချင်တဲ့သူလေ၊ ငြိမ်းကျတော့ အရမ်းကြီးချုပ် ချယ်တာမကြိုက်ဘူး၊ ကဂျီကဂျောင်ကျတာကိုလည်းသဘောမကျဘူး၊ အဲဒီတော့ သူနဲ့နေ့တိုင်းနီးပါး ပြသနာတက်ရတယ်”
“အော်”
“ဇင်လင်းမောင်က ငြိမ်းကိုချစ်တာလို့ ကျွန်မတို့ကမမြင်တော့ဘူး၊ ကိုယ့်သူငယ်ချင်းကိုစိတ်ဆင်းရဲ အောင်လုပ်နေတဲ့သူလို့ပဲမြင်တယ်၊ အဲဒါကြောင့် ငြိမ်းနဲ့သူရန်ဖြစ်ရင် မဖျောင်းဖျပေးတော့ဘူး၊ ငြိမ်းသ ဘောကိုပဲလိုက်တော့တယ်၊ အရင်တုန်းကတော့ ပြေလည်ရာပြေလည်ကြောင်းညှိပေးပါသေးတယ်၊ နောက်ပိုင်းတော့ မရတော့ဘူး၊ ကြားသုံးကြားလည်းဝင်လိုက်တော့တာပဲ”
“အခုတော့ ပြသနာတွေမရှိတော့ပါဘူးဟာ”
အဲဒီအသံလေးက ကျွန်တော့်ရင်ကိုငြိမ်းချမ်းစေသည်။ ပြသနာတွေမရှိတော့ဘူးတဲ့လေ။ ဒါဟာ ဇင် လင်းမောင်နဲ့ပြတ်စဲပြီဆိုတဲ့သဘောပဲလေ။ ကျွန်တော့်ကြိုးစားခွင့်တွေ ထုတ်သုံးနိုင်စွမ်းရှိတဲ့အခြေအ နေလေ။
“နေပါဦး သူတကယ်ပြန်သွားတာလား”
အိသဲချိုက ကျွန်တော့်လိုပဲသံသယဖြစ်နေပုံပေါ်သည်။ အားလုံးလည်းအဲဒီလိုပဲမြင်မည်ထင်ပါရဲ့။
“အေးလေ တုံးတိကြီး ပြန်မယ့်ပြန်တော့လည်း”
“ကျွန်တော့်ကို ချောင်းရိုက်ဖို့စောင့်နေတယ်နဲ့တူပါရဲ့”
ကျွန်တော့်စကားကြောင့် အားလုံးပြုံးမိသွားလေသည်။
“အဲဒီလောက်တော့ ဇွဲမကောင်းလောက်ဘူး၊ ရှင်ဘယ်အချိန်ထွက်လာမလဲသူမသိဘဲနဲ့ အကြာကြီးစောင့် မနေလောက်ဘူး”
ငြိမ်းက ဇင်လင်းမောင်အကြောင်းကို အားလုံးထက်ပိုသိနေသူပီပီ ခန့်မှန်းသည်။ ဒါပေမဲ့ ငြိမ်း၏ခန့်မှန်း ချက်က မမှန်ပါ။ ကျွန်တော်ပြန်အထွက်ကို သူစောင့်နေခဲ့ပါသည်။ ဆိုင်ရှေ့တွင် ဆိုင်အနီးတစ်ဝိုက်တွင် မဟုတ်ဘဲ ကျွန်တော်လာနိုင်မည့်လမ်းကို သူခန့်မှန်းပြီးစောင့်နေခဲ့ပါသည်။
ဆိုင်က ပြန်ထွက်လာတော့ ငြိမ်းတို့အားလုံးကျွန်တော့်ကိုလိုက်မပို့ပါ။ ဆိုင်ရှေ့အထိပဲလိုက်ပို့ပေးပြီး နောက်နေ့တွေ့မည်ဟုနှုတ်ဆက်ကြသည်။ အဲဒီနှုတ်ဆက်စကားကပဲ အရမ်းကိုချိုမြိန်စေခဲ့တာပင်။ နောက်နေ့များတွင် ကျွန်တော်တို့ မုန့်ထွက်စားဖို့တောင်ချိန်းထားကြသေးသည်။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ငြိမ်းတင်မဟုတ်၊ ငြိမ်း၏သူငယ်ချင်းနှစ်ယောက်ကလည်း ကျွန် တော့်ကို ခင်မင်ခဲ့ပြီလေ။
“ဟေ့ကောင်”
ကျွန်တော်လာသည့်လမ်းတစ်နေရာမှ သူကျွန်တော့်ကိုလှမ်းခေါ်ခဲ့သည်။ သူ့ပုံစံက ကျွန်တော့်ကိုရန် လိုနေတဲ့ပုံပါပဲ။ သူသည် ကျွန်တော့ကို မကျေမချမ်းနိုင်ဖြစ်လှကာ ကိုက်စားတော့မည့်ကျားတစ်ကောင် ကဲ့သို့ မာန်ဖီနေလေတော့သည်။
“အင်း”
ကျွန်တော် သူရှိနေသည့်နေရာဆီကိုရောက်သွားပြီး မျက်နှာချင်းဆိုင်လိုက်သည်။ လမ်းတစ်နေရာမို့ လူ သွားလူလာတော့ရှိသည်။ ဒါပေမဲ့ သူရော ကျွန်တော်ရောဂရုမစိုက်ပါ။ နှစ်ယောက်သားမတ်တပ် ရပ်ကာ ဂြိုဟ်ကြည့်ကြည့်ဖြစ်ကြသည်။ သေချာပြီ ဇင်လင်းမောင်နှင့်ပြသနာဖြစ်ပြီးမှ ကျွန်တော်အိမ်ပြန် ရတော့ မည်လေ။
>>>>>