(၁၀)
သမီးရည်စားတော်တော်များများ၏ အလွယ်တကူပြောထွက်သောစကားတစ်ခွန်းကို ငြိမ်းကြောင့်အမြဲ တမ်းအမှတ်ရနေမည်မှာအသေအချာပါပဲ။ ပြတ်သွားပြီတဲ့လေ။ တကယ်လည်းမပြတ်ဘဲနဲ့ တကယ် လည်းမပြတ်နိုင်ဘဲနှင့် စိတ်ဆိုးစိတ်ကောက်တာတစ်ခုတည်းနှင့် ပြတ်သွားပြီဟု ဘာကြောင့်အလွယ် ပြောတတ်ကြတာပါလိမ့်။ ထိုစကားကပြီးပြီး ရောပြောလိုက်ရသည့်စကားလား ကျွန်တော်နားမလည် တော့။
ထို့ကြောင့်ပဲ ငြိမ်းနှင့်ပတ်သက်ကာပိုခံစားခဲ့ရတာပင်။ ကျွန်တော်ငြိမ်းကိုသိပ်မြတ်နိုးလှပါသည်။ ငြိမ်းနှင့် ဖြတ် သန်းရသည့် လှည်းတန်းနေ့စွဲများသည် ကျွန်တော့်တစ်သက်မမေ့နိုင်စရာပင်။ ဆောင်တော်ကူး ဆိုင်၏ ဆိုရှယ်မီဒီယာစာမျက်နှာကို လူတော်တော်များများသတိထားမိအောင်လုပ်ပေးပြီးသည့် နောက်ပိုင်းငြိမ်းနှင့် ကျွန်တော်အဆက်အသွယ်ကပိုပိုစိပ်လာသည်။ တစ်နေ့ကို ဖော်လိုဝါ (Follower) ဘယ်နှစ်ရောက် တိုးသလဲ၊ ကြည့်တဲ့သူ (Post reach) ဘယ်နှစ်ယောက်တိုးသလဲ၊ ဖောက်သည် တွေဆီကနေပြန်ကြား တဲ့အသံတွေကဘာတွေလဲ အသေးစိတ်ကိုလိုက်ကြည့် လိုက်ပြန်ပြောတာမျိုး များ ကို နေ့စဉ်ရက်ဆက် ပြောရင်း ဆွေးနွေးရင်း တစ်ယောက်အကြောင်းတစ်ယောက်ပိုနားလည်လာသည်။ ငြိမ်းတင်မဟုတ်ပါ ဘူး။ ငြိမ်း၏သူငယ်ချင်းများကပါ ကျွန်တော့်ကိုခင်လာ၊ နားလည်လာလေသည်။ အဓိက ကတော့ ကျွန်တော်ငြိမ်းအပေါ်ကို မရိုးသားဘူးဆိုတာ သူတို့ကောင်းကောင်းသဘောပေါက်လာ သည်။
ဒါပေမဲ့ ပါးစပ်ကတော့ ဘယ်သူမှဖွင့်မပြောကြပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ရင်းနှီးမှုကရေရှည်နွေးထွေး လာတာလားမပြောတတ်တော့။ လှည်းတန်း၏မနက်ခင်း၊ ညနေခင်းတော်တော်များများကို အတူတူ ပိုင်ဆိုင်ခွင့်ရခဲ့ကြပါသည်။ ငြိမ်းက မုန့်ဟင်းခါးကြိုက်တတ်တော့ လှည်းတန်းတစ်ဝိုက်စားလို့ကောင်း သည့် မုန့်ဟင်းခါးဆိုင်တော်တော်များများကိုလည်း ကျွန်တော်ကလိုက်ပို့ပေးဖြစ်လေသည်။ လှည်းတန်း တစ်ဝိုက်တွင်မကြာမကြာစားဖြစ်သည့်နေရာများကတော့ ဇကာကြီးမုန့်ဟင်းခါး၊ ဟန်ညွှန့်မုန့်ဟင်ခါး၊ ဝင်းမြောင်းမြ မုန့်ဟင်းခါး ဆိုင်တွေပါပဲ။
တစ်ရက်တော့ ငြိမ်းအတွက် မုန့်ဟင်းခါးလေ့လာရေးလုပ်ရသည်။ ဖေ့စ်ဘုတ်ပေါ်ကနေ မုန့်ဟင်းခါး ကောင်းတယ်ဆိုသည့်ဆိုင်များကိုလိုက်မေးပြီး ကိုယ်တိုင်လိုက်စားဖြစ်သည်။ ပြီးနောက် အကောင်းဆုံးလို့ သတ်မှတ်သည့် (၁၀) ဆိုင်ကိုငြိမ်းကို စာအိတ်လေးထဲထည့်ပြီးပေးဖြစ်သည်။
“ငြိမ်းကိုစာပေးတာ”
ကျွန်တော့်အလုပ်ပြီးလို့ ငြိမ်းတို့ဆိုင်ဆီကိုရောက်သွားကာ ထိုစာအိတ်လေးကိုပေးဖြစ်သည်။ ငြိမ်းက တော့ ကြောင်ကြည့်နေ၏။
“ရိုးရိုးတန်းတန်းပါကွာ၊ ဖွင့်ကြည့်လိုက်”
ငြိမ်း၏ သူငယ်ချင်းများကပါ ၀ိုင်းလာပြီး စာအိတ်ကိုဖောက်ဖတ်ကြသည်။ စာအိတ်ထဲမှာရေးထားတာ က..
ကျွန်တော်စားဖူးသမျှ ရန်ကုန်မြို့ရဲ့အကောင်းဆုံး မုန့်ဟင်းခါးဆိုင် (၁၀) ဆိုင်
(၁) ကျော်ကြားမုန့်ဟင်းခါး
၃၈ လမ်း၊ မဟာဗန္ဓုလလမ်းနဲ့ကမ်းနားလမ်းဘလောက်၊ မဟာဗန္ဓုလလမ်းပေါ် ပန်းဆိုးတန်း ကားမှတ်တိုင်နဲ့နီးပါတယ်။ ဟင်းရည်မပျစ်မကျဲ မုန့်ဟင်းခါးအရသာစစ်စစ်လို့ညွှန်းချင် ပါတယ်။
(၂) Feel မုန့်ဟင်းခါး
ညနေစောင်းမှာရောင်းတဲ့ ငါးခူမုန့်ဟင်းခါးပါ။ ငါးခူနဲ့ချက်တာဆိုတော့ စျေးကလည်းကောင်း၊ အရသာ ကလည်းကောင်းတယ်ဗျ။
(၃) နီနီခိုင်မုန့်ဟင်းခါး
အင်းစိန်မြို့သစ် ခ/၇ လမ်းထိပ်မှာရှိပါတယ်။ အငံနည်းနည်းကဲတာကြိုက်တဲ့ သူတွေအတွက် အကြိုက်ပါ။
(၄) မြ မုန့်ဟင်းခါး
အနော်ရထာလမ်းမပေါ် ၃၇ လမ်းနားလောက်မှာရှိပါတယ်။ မနက်ပိုင်းနဲ့တစ်ခါတစ်လေ ညနေပိုင်း ရောင်းတယ်။ ငရုတ်ကောင်းအရသာကြိုက်တဲ့သူတွေအတွက်တော့ မြမုန့်ဟင်းခါး ကိုညွှန်းချင်ပါတယ်။
(၅) မြောင်းမြမုန့်ဟင်းခါး
မြေနီကုန်း စီးတီးမတ်ရုံးချုပ်အနောက်ဘက် စမ်းချောင်းလမ်းမကြီးကဝင်ရင်ဘယ်ဖက်မှာရှိပါတယ်။ အရည်ခပ်ကျဲကျဲနဲ့အရသာကောင်းတဲ့မုန့်ဟင်းခါးကိုမှ စားချင်တယ်ဆိုရင် ဒီဆိုင် လေးကိုညွှန်း ချင်ပါတယ်။ ညနေသုံးနာရီလောက်မှထွက်ပါတယ်။ လေးနာရီခွဲငါးနာရီဝန်းကျင်တော့သွားမစားနဲ့ဗျို့။ လူအရမ်းများလို့ပါ။
(၆) လှည်းကလေးနဲ့မုန့်ဟင်းခါး
အင်းစိန်ညောင်ပင်ကားမှတ်တိုင်နားမှာ ညနေစောင်းဆိုထွက်ပါတယ်။ ဂျင်းအရသာလေး နည်းနည်းကဲ တယ်လို့ထင်ရပါတယ်။ စားလို့ကတော့ ကောင်းမှကောင်း။ ထွက်ပြီးသိပ် မကြာဘူးကုန်သွားလို့ ခဏခဏလှည့်ပြန်ရတဲ့ထွက်ကုန်ဆိုင်ပေါ့။
(၇) ဆကာကြီး မုန့်ဟင်းခါး
လှည်းတန်းစျေးအကျော်၊ ကျောင်းရှေ့ကားမှတ်တိုင်ကိုသွားတဲ့လမ်းမပေါ်မှာရှိပါတယ်။ အရည်က ခပ်ပျစ်ပျစ်ထဲမှာပါပေမယ့် စားတဲ့အခါထင်သလောက်မပျစ်ဘဲ အရသာဆိမ့်ဆိမ့်လေးဖြစ်လို့ နေပါ တယ်။
(၈) ဝင်းမုန့်ဟင်းခါး
နာမည်တူတွေရှိပါတယ်။ ကျွန်တော်ညွှန်းချင်တဲ့ဆိုင်က လှည်းတန်းည ငါးကင်တန်းမှာရောင်းတန်း ဝင်း မြောင်းမြမုန့်ဟင်းခါးပါ။ မြောင်းမြမုန့်ဟင်းခါးတွေမှာ ငရုတ်ကောင်းန့ံလေးတွေသင်းတတ်တယ်လို့ ရှာဖွေစားသောက်မိသမျှတွေးမိတယ်။ ဒီဆိုင်လည်း အဲဒီအရသာမျိုးပါပဲဗျ။
(၉) ရွှေပေါ်မြတင် မုန့်ဟင်းခါး
Junction Square ရောက်လို့ မုန့်ဟင်းခါးစားချင်စိတ်ဖြစ်ရင် ဒီဆိုင်လေးကိုသွားစားကြည့်ကြပါလို့ ပြော ချင်ပါတယ်။
(၁၀) အာကြီးမုန့်ဟင်းခါး
တရုတ်မရောင်းတဲ့မုန့်ဟင်းခါးပေါ့။ သာကေတ ခိုင်ရွှေဝါမှတ်တိုင် ၇ ရပ်ကွက် ဘက်ကို မနက်ပိုင်း ရောက်ခဲ့ရင် အာကြီးမုန့်ဟင်းခါးဆိုင်ကိုမေးပြီးသွားစားကြည့်စေချင်ပါတယ်။
ဒါတွေက ကျွန်တော်တစ်ယောက်တည်းရှာဖွေစားသောက်ခဲ့တဲ့အထဲက ကောင်းတယ်ဆိုတဲ့ဆိုင် တွေကိုညွှန်းထားတာပါ။ တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတော့မတူဘူးပေါ့လေ။ (ပုံ- ဇော် ထင်)
“အယ် ဇော်ထင်၊ ရှင်ဒီဆိုင်တွေကို တစ်ယောက်တည်းသွားစားတယ်ဟုတ်လား၊ မပြောဘူးကြည့်စမ်း”
“ငြိမ်းကို ကောင်းတဲ့ဆိုင်လေးတွေညွှန်းချင်လို့သွားစားတာပါ၊ ဆိုင်ပေါင်း (၃၀) လောက်တော့ရှိမယ်၊ အဲဒီအထဲကမှ ကျွန်တော်လည်းသဘောကျ ငြိမ်းလည်းကြိုက်မယ်ထင်တဲ့ဆိုင်တွေကိုပြန်ရွေးထားတာ ပါ၊ သဘောကျတယ်မှလား”
“သဘောကျတယ်၊ လိုက်စားကြည့်မယ်၊ ဒီဆိုင်တွေက ဇော်ထင့်ကိုကော်မရှင်ပေးထားတာတော့မဟုတ် ပါဘူးနော်”
“အဟုတ်ပဲ၊ ငြိမ်းလာစားတဲ့ပွဲတိုင်းကို တစ်ဝက်ရမယ်”
ငြိမ်း၏ ကျေးဇူးတင်သည့်မျက်ဝန်းတစ်ချက်က ကျွန်တော်ပင်ပန်းရသမျှအရာထင်စေခဲ့ပါသည်။ အဲဒီဆိုင် များကို ကျွန်တော့်ကိုလိုက်ပို့ခိုင်း၊ ကျွန်တော်ကလိုက်ပို့ ကြည်နူးမှုကို ကျွန်တော့်မသိစိတ်က လိုချင်နေ ခဲ့တာလည်းအမှန်ပင်။
တကယ်တမ်းတော့ ထင်ထားသလိုမဟုတ်ခဲ့။ အဲဒီဆိုင်တစ်ဆိုင်ချင်းစီကိုလိုက်ပို့ပေးသည်မှာ ငြိမ်း၏ ရည်းစားဖြစ်နေခဲ့တော့ ကျွန်တော်ဝမ်းနည်းကြေကွဲရတော့တာပါပဲ။ ပြတ်သွားပြီ၊ ပြတ်သွားပြီနှင့်တစ် ပြောတည်းပြောခဲ့သည့် ငြိမ်းသည် ဘာလို့များပြန်အဆင်ပြေ ပြန်တည့်သွားရတာပါလဲ စဉ်းစားမရတော့။
မုန့်ဟင်းခါးဆိုင်လိပ်စာများပေးပြီးနောက်နှစ်ရက်မှာပဲ ငြိမ်း၏ဖေ့စ်ဘုတ်စာမျက်နှာမှာ ကျွန်တော်တွေ့ လိုက်ရတာက စုံတွဲပုံ။ ပြန်လည်ပြေလည်ခြင်းအထိမ်းအမှတ်နှင့် မနက်ကတည်းက မုန့်ဟင်းခါးဆိုင်တွေ လိုက်စားကြတာ ဆိုပြီးတင်ထားခဲ့သည်။ ရင်ထဲနင့်ခနဲခံစားလိုက်ရသည်။
“ပြတ်သွားပြီလို့ ဘာလို့အလွယ်ပြောရတာပါလိမ့်”
ပို့စ်ကိုမြင်မြင်ချင်းမှာပဲ ဆိုင်ကိုလိုက်သွားဖြစ်ခဲ့သည်။
ငြိမ်းရှိမနေပါ။ သူငယ်ချင်းတွေကိုတွေ့တော့ မေးမိသည်။ မျက်စိပျက်မျက်နှာပျက်တော့ဖြစ်နေမှာပေါ့ လေ။ ကျွန်တော့်အမူအရာကို သူတို့တွေလည်းရိပ်မိနေလောက်ပါသည်။
“ဘယ်တုန်းကပြေလည်းသွားကြတာလဲ”
တိမ်ဝင်တိုးလျနေသည့်ကျွန်တော့်အသံက အားအင်မရှိသလို။
“သူတို့ကအဲလိုပဲလေ”
ငြိမ်း၏သူငယ်ချင်းများက မထူးဆန်းသလိုပြောပြီး မေးခွန်းမေးသည့် ကျွန်တော့်ကိုပဲထူးဆန်းသော အကြည့်များနှင့်သာ ကြည့်နေလေသည်။
“ဘယ်လိုလဲဟင်”
“ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့ အဆန်းမှမဟုတ်တော့တာ ခဏခဏပဲ”
“အော် ဒါပေမဲ့ ဆိုင်ထဲအထိလိုက်လာပြီး ပြသနာရှာတုန်းက ခါးခါးသီးသီးငြင်းခဲ့တာပဲလေ၊ အားလုံး တောင်ဝိုင်းပြောခဲ့သေးတာမဟုတ်လား”
“အင်း၊ ကျွန်မတို့ကတော့ ဇင်လင်းမောင်ကိုကြည့်မရပါဘူး၊ ငြိမ်းကလည်း ရန်ဖြစ်ပြီးရင်ကြည့်မရပါဘူး၊ ဒါပေမဲ့ သမီးရည်းစားဆိုတော့ သိတဲ့အတိုင်းပေါ့ဇော်ထင်ရယ်၊ ဒါကတော့ ကျွန်မတို့လည်းတားလို့ဆီး လို့ဘယ်ရပါ့မလဲ”
“ကျွန်တော်ကတော့ အဲကောင်ကိုကြည့်မရပါဘူး”
“အင်း တူတူပါပဲ”
အထူးအဆန်းမဟုတ်သလိုပြောနေသည့်သူတို့ကို ကျွန်တော်အားမရတော့။ ဒီလောက်မကောင်းသည့် ကောင်နှင့်ရည်းစားဖြစ်နေတာ အတင်းဖြတ်ခိုင်းပါလားဆိုပြီး တိုက်တွန်းချင်နေမိသည်။ ဒါပေမဲ့လည်း ကျွန်တော်က ငြိမ်းကိုချစ်နေသူမို့ မနာလိုလို့ပြောတယ်ဆိုပြီးဖြစ်နေမှာ။
“ဒါနဲ့ ငြိမ်း ဘယ်သွားလဲဟင်”
“ဇင်လင်းမောင်ဆီကိုပဲပေါ့”
“အော်”
ကျွန်တော်လှည့်ထွက်လာခဲ့ပါသည်။
ငြိမ်းနှင့်ပတ်သက်၍ သန်းခဲ့ရသည့်မျှော်လင့်ချက်ရောင်နီက ချက်ချင်းဆိုသလိုငုတ်လျှိုးကွယ်ပျောက်သွား ရတော့မှာပါလားလို့တွေးကာ စိတ်မကောင်းဖြစ်မိသည်။ စိတ်လည်းညစ်မိသည်။ ကျွန်တော်ဟာ ချစ်သူ ရှိသည့် မိန်းကလေးကို တစ်ဖက်သက်ချစ်နေမိခဲ့တာပါလား။ သူများရည်းစားကို မျှော်တလင့်လင်စောင့် စားနေခဲ့ရသူပါလား။
“အဆင်ပြေမယ်လို့ထင်ထားသမျှတွေအားလုံး သဲထဲရေသွန်ဖြစ်နေတာပါလား၊ ငါဘာလို့သူ့ကိုမှ ဖြတ် မရနိုင်အောင်ချစ်နေမိတာပါလဲ”
လှည်းတန်းစင်တာရှေ့ကအုတ်ခုံပေါ်ထိုင်ကာ လှည်းတန်း၏သက်ဝင်လှုပ်ရှားမှုများကိုစီးမျောရင်း ငြိမ်း အကြောင်းကိုတွေးမိလေသည်။ ခံစားနေရပါတယ်ဆိုမှ တံတားအောက်ကပရဟိတတီးဝိုင်းဆီက ကြားလာသည့်သီချင်းက ပိုဖီးလ်တက်အောင်ပံ့ပိုးပေးနေခဲ့လေသည်။ လှည်းတန်းအလွမ်းသီချင်းက ကျွန်တော့်ပတ်ဝန်းကျင်မှာပျံ့လွင့်လို့။
မဖြစ်သေးပါဘူးလို့တွေးရင်း ငြိမ်းဆီကိုဖုန်းဆက်ဖို့စိတ်ကူးလိုက်ပြန်သည်။ လက်ကဖုန်းရှိရာဆီကို ရောက်သွားပြီး အလွတ်ရနေသော ငြိမ်း၏လက်ကိုင်ဖုန်းခလုတ်ကိုရွေ့လျားသွားသည်။
“ငြိမ်း”
“ဇော်ထင် ပြောလေ”
“ဘယ်ရောက်နေလဲငြိမ်း”
“ငြိမ်းဆောင်တော်ကူးမှာမဟုတ်ဘူးဇော်ထင်၊ ဘာပြောမလို့လဲပြောလေ”
ကျွန်တော်ဘာဆက်ပြောရမှန်းမသိတော့။ ငြိမ်း၏အသံကြားရရုံနှင့်သွေးပျက်သွားလေသလား။
“ဘယ်သူနဲ့အတူရှိနေတာလဲဟင်”
ပိုင်စိုးပိုင်နင်းဆန်သွားသလားလို့တွေးမိပေမယ့် မေးပြီးသွားပြီမို့ ဘာမှမတတ်နိုင်တော့။
“ဇင်လင်းမောင်နဲ့..”
ငြိမ်း၏အဖြေက တိကျလွန်းတာမို့ ဟိုကောင် က ဘယ်သူဆက်တာလဲလို့မမေးဘဲမနေပါ။ ဒီတော့ ငြိမ်းကလည်းရှင်းပြမှာအသေအချာပင်။ ကျွန်တော်နှင့် ငြိမ်းရဲ့ဆက်ဆံရေးကို အဲဒီကောင်သံသယဖြစ် မှာလည်းအသေအချာပါပဲ။
ထို့နောက် ထို့နောက်တွင်တော့။
>>>>>