(၁၂)
ဆောင်တော်ကူးဆိုင်၏ခြောက်လပြည့်အထိမ်းအမှတ်လည်းဖြစ်၊ သူတို့ရည်မှန်းထားသောအမြတ်အစွန်း ထက်ကျော်လွန်သည့် အထိမ်းအမှတ်လည်းဖြစ် မို့ ခရီးတိုလေးတစ်ခုကို သူတို့အဖွဲ့နှင့် အတူတူထွက် ခွင့်ရခဲ့ လေသည်။ အဲဒီခရီးစဉ်သည် ငြိမ်းနှင့်ကျွန်တော်၏ တရားဝင်ချစ်သူအဖြစ်သွားခွင့်ရသော ခရီးလည်းဖြစ်လေ တော့ ဝမ်းသာလို့မဆုံးနိုင်အောင်ပင်။ ငြိမ်းကတော့ အရမ်းကြီးရွှင်လန်းတက်ကြွမနေ ပြပေမယ့် ကျွန်တော်ကတော့ ကျေနပ်လှ၏။
“ဆောင်နိုင်ကြီးရေတံခွန်ကိုတော့ တစ်ခါမှမရောက်ဖူးဘူး၊ အခုနောက်ပိုင်းတော်တော်များများသွား ကြတယ်၊ အမှိုက်တွေပစ်စက်လက်ခတ်မပစ်ချပါစေနဲ့လို့ဆုတောင်းရမှာပဲ”
ငြိမ်း၏သူငယ်ချင်းများ ကပထမဆုံးအကြိမ်သွားခြင်းမို့ ရေတံခွန်အကြောင်းဟိုဟိုဒီဒီပြောနေလေသည်။ ကျွန်တော်တို့သွားမယ့်ခရီးက ကျိုက်ထီးရိုးဘုရားဖူးပြီးဆောင်နိုင်ကြီးရေတံခွန်ကိုရေသွားကစားကြမှာ မို့ ဘုရားဖူးလည်းဖြစ်အပန်းဖြေလည်းဖြစ်၊ ခရီးတိုလည်းဖြစ်လေသည်။ ကျွန်တော်ကတော့ အရင် တုန်းက ဆောင်နိုင်ကြီးကိုခဏခဏရောက်ဖြစ်ပါသည်။
“ငြိမ်း ကျွန်တော့်ကိုချစ်လား”
ခဏခဏမေးဖြစ်သည်။ မေးတိုင်းလည်း ငြိမ်းကခေါင်းညိတ်ပြလေ့ရှိသည်။ ဖုန်းထဲမှာဆိုရင်တော့ မေးနေစရာလိုသေးလား ဇော်ထင်ရယ်တဲ့။ ငြိမ်း၏အဖြေတွေကိုကျွန်တော်သဘောမကျမိ။ စိတ်ကျေ နပ်လောက်အောင်မဖြေတတ်သောကောင်မလေးလို့သာ စိတ်ထဲအောက်မေ့လိုက်တော့သည်။ တကယ် ဆို ရုပ်ရှင်ထဲကလို စကားလုံးအရှည်ကြီးနှင့် ငြိမ်းကဇော်ထင့်ကိုချစ်ပါသတဲ့ရှင်၊ မိုးလောက်ကြီးချစ်တယ် ဘာညာဆိုတာမျိုးကြားချင်တာပေါ့။ ရုပ်ရှင်တွေမှာကျပြောပြီး အပြင်မှာဘာလို့အဲဒီလိုမပြောကြတာလဲ စဉ်းစား၍မရ။
“ဇော်ထင် ခရီးတွေထွက်ဖြစ်လား”
“ဒီနှစ်ပိုင်းတော့ သိပ်မထွက်ဖြစ်ဘူး”
ကျွန်တော်လှည်းတန်းနှင့်အသားကျနေတာကြာခဲ့ပြီလေ။ မြို့ထဲကိုတောင်တော်ရုံမရောက်ဖြစ်။ ကျွန် တော့်အလုပ်က ရုံးထိုင်အလုပ်မို့ရုံးလာရင်း ငြိမ်းတို့ဆီကိုသွားရင်းသာအချိန်ကုန်ခဲ့သည်။ ကာစတန်မာ တွေလာအပ်သည့်အလုပ်များထဲက ကျွန်တော့်ကိုယ်တာဖြစ်သော ကြော်ငြာဇာတ်ညွှန်းရေးတာ၊ အွန်လိုင်း ဆောင်းပါးရေးတာ၊ အွန်လိုင်းတင်ဖို့ကြော်ငြာအတိုအထွာလေးတွေကို လူစိတ်ဝင်စားအောင် ရေးတာ မျိုးနှင့်သာအချိန်ကုန်ခဲ့တာပင်။
ကျွန်တော့်နေ့စဉ်လှည်းတန်းက ချစ်စရာကောင်းသလိုတစ်ခါတစ်ခါလည်းစိတ်ပျက်ဖို့ကောင်းလှပါ သည်။ ပျားပန်းခတ်လှုပ်ရှားနေသည့်လူများ သင်တန်းလာတက်သောအနယ်နယ်အရပ်ရပ်ကလူငယ်များ ကို တစ်နေရာတည်းမှာမြင်ရသလို အဆောင်ပေါင်းစုံ၏ပုံစံအမျိုးမျိုးကိုလည်းတွေ့ရသည်။ သင်တန်း တက် မယ်အကြောင်းပြပြီးရည်းစားနှင့်ပေါင်းကာ အိမ်ထောင်သည်အဆောက်ငှားနေသောလူငယ်များ၊ တိုက် ခန်းစပ်ငှားပြီး အချင်းချင်းပြသနာတက်မတည့်အတူနေကြသူများ စသည်ဖြင့် အမျိုးစုံကြိုးခုံလို့ ပတ် ဝန်းကျင်မှာမြင်နေတွေ့နေရသည်။ ဒီတော့လည်း တစ်ခါတစ်ခါငြီးငွေ့ပြီး ခရီးထွက်ချင်လာသည်။ ရန် ကုန်၏ မွမ်းကြပ်မှုနှင့် ခဏတာရှောင်ပြေးချင်လာသည်။ ငြိမ်းနှင့် အခုလိုမျိုးတစ်ရက်လော က်ဖြစ်ဖြစ်အတူ တူခရီးထွက်ခွင့်သည် အချိန်အတော်ကြာလောက်သည်အထိ အပန်းပြေစေနိုင်ပါရဲ့။
“ရန်ကုန်ကိုမွန်းကြပ်လို့လိုက်ခဲ့ပါရစေ”
ဟု ငြိမ်းကိုတောင်းဆိုခဲ့သည်။ ပထမတော့ ငြိမ်းတို့မိန်းကလေးသူငယ်ချင်းတွေချည်းသွားကြမလို့ပါပဲ။ နောက်တော့ ကျွန်တော်ကားမောင်းပေးမယ်ဆိုပြီးလိုက်ခွင့်ရခဲ့လေသည်။ ကားခေါင်းခန်းက ယာဉ် မောင်းသူနေရာမှာ ကျွန်တော်မောင်းပြီးကျွန်တော့်ဘေးမှာ ငြိမ်းကထိုင်လို့ ပီတိဖြစ်စရာကောင်းလှ လေသည်။ မုန့်စားလျှင် ငြိမ်းကကျွန်တော့်ကိုခွံကျွေးနှင့်ဘယ်လောက်ကျေနပ်စရာကောင်းလိုက်ပါသလဲ။
ကားမောင်းနေရင်းနှင့် တစ်ခုခုစားချင်သည်ဟုပြောကာ လက်ကကားစတီယာရင်ကိုင်ထားသည်ကို အကြောင်းပြ၊ ငြိမ်းကိုခွံကျွေးခိုင်းကာ အသားယူရသည့်အဖြစ်မျိုးကို စိတ်ကူးယဉ်ခဲ့မိသည်မှာကြာလှပြီ။ စိတ်ကူးသည် လက်တွေ့အကောင်အထည်ပေါ်လာသည့်အခါတွင်တော့ အတိုင်းမသိကျေနပ်ရလေပြီ။
“အား စိမ်းစိမ်းစိုစိုနဲ့သာယာလိုက်တာ၊ ရန်ကုန်တောင်မပြန်ချင်တော့ဘူး”
ကားခဏရပ်တုန်း ခြေဆန့်လက်ဆန့်ထွက်တော့ ကျွန်တော်ညည်းပြလိုက်သည်။ တကယ်တော့ ငြိမ်း နှင့် အခုလိုခရီးသွားရတာကိုပျော်လို့ရန်ကုန်မပြန်ချင်တော့တာပါ။ ရန်ကုန်နှင့်ပတ်သက်၍ အမှတ်တရအချို့ မှတ်ထားတတ်သည်ကိုလည်း ငြိမ်းတို့ကိုပြောပြဖြစ်သည်။ စကားကြုံတုန်းပေါ့လေ။
“ရန်ကုန်နဲ့ကင်းနိုင်တာလည်းမဟုတ်ဘဲနဲ့၊ ရန်ကုန်မှာ လည်စရာစားစရာသွားစရာ ဒီလောက်ပေါတာ ကို၊ ပညာတွေလည်းအမျိုးမျိုးရှာလို့ရတယ်လေ”
“ဟုတ်တယ်၊ ဒါပေမဲ့ ရန်ကုန်ရဲ့မကောင်းတဲ့အချက်တွေရှိတယ်၊ ကျွန်တော်ရှာထားတာ (၁၅) ချက်ရှိ တယ်၊ ဒါတောင်ကျန်သေးတယ်”
“ဘယ်လို ဘယ်လို ရန်ကုန်ရဲ့မကောင်းတဲ့အချက် ဟုတ်လား”
ကျွန်တော်ခေါင်းညိတ်ပြလိုက်သည်။ ကားပေါ်ကိုပြန်တက်တော့ အိတ်ထဲကစာအုပ်ကိုထုတ်ပြီး ကျွန် တော်ရေးထားသည့်အချက်တွေကိုထုတ်ပြလိုက်သည်။ ကျွန်တော် အိတ်ထဲတွင် မှတ်စုစာအုပ်တစ်အုပ် အမြဲတစ်စေပါတတ်ပြီး ထိုအထဲတွင် ကိုယ်မှတ်သားချင်သည့် အချက်အလက်များ၊ သိကောင်းစရာများ ကို စိတ်ရှည်လက်ရှည်ရေးမှတ်ထားတတ်သည်မှာ ကျွန်တော့်အကျင့်ပင်။ ငြိမ်းတို့ကိုပြဖြစ်သည့် စာအုပ် တွင် ထိုသို့ရေးထားလေသည်။
ရန်ကုန်ရဲ့ မကောင်းတဲ့အချက် ၁၅ ချက်
(၁) ကားလမ်းပိတ်လွန်းခြင်း
(၂) ရုံးဆင်း၊ ရုံးတက်ဘတ်စ်ကားကြပ်လွန်းခြင်း
(၃) စည်းကမ်းမဲ့အမှိုက်ပစ်ခြင်း
(၄) ရေမြောင်းပိတ်ဆို့၍ ခြင်အရမ်းပေါခြင်း
(၅) တန်းစီစနစ်မရှိ၍ အလုအယက်ဖြစ်ရခြင်း
(၆) လေဆိပ်တွင် ပွဲစားတက္ကစီသမားများ အလုအယက်ဖောက်သည်ခေါ်ခြင်း
(၇) အဝေးပြေးဂိတ်တွင် လူခေါ်ပွဲစားများနှင့် တက္ကစီသမားများ ဂျင်းထည့်ခြင်း
(၈) ကားပါကင်ပြသနာအတွက် တွေးတောပူပန်နေရခြင်း
(၉) အင်မတန်စောင့်ဆိုင်းရသောဘဏ်များရှိခြင်း
(၁၀) သူများကိုချနင်းပြီး ကိုယ့်အောင်မြင်မှုယူချင်သူတွေ ပေါများနေခြင်း
(၁၁) ဂျင်းထည့်တဲ့ စားသောက်ဆိုင်တွေပေါလွန်းခြင်း
(၁၂) လမ်းဘေးမှာ ဝက်ခြံပျောက်ဆေးရောင်းတဲ့ လူလိမ်တွေရှိနေခြင်း
(၁၃) ကြပ်သိပ်နေတဲ့ တိုက်ခန်းကျဉ်းတွေကိုအလုအယက်ငှားနေကြရခြင်း
(၁၄) အရက်ဆိုင်၊ ဘီယာဆိုင်ပေါများခြင်း (ဒါကတော့ ကောင်းတယ်လို့လည်းပြောလို့ရတာပေါ ့:P)
(၁၅) ညစ်ပတ်စုတ်ပြတ်နေတဲ့ ရထားလမ်းဘေးပတ်ဝန်းကျင်ရှိခြင်း
ကျွန်တော်ရေးထားသည်များကိုဖတ်ပြီး ရှင်ဒါတွေလည်းရေးထားတာပဲလားလို့ မှတ်ချက်ပေးကြသည်။
“ကျွန်တော်လုပ်နေတာက အဲဒီလိုအတိုအထွာလေးတွေစုပြီး ပိုက်ဆံယူရတဲ့အလုပ်ဆိုတော့သတိရ တုန်း ရေးထားတဲ့သဘောပါပဲ”
“ဒါဆို ကျွန်မတို့အခုသွားမယ့် ဆောင်နိုင်ကြီးကိုရော ရေးထားတာရှိလား”
“ရှိတယ် အွန်လိုင်းမှာတင်ထားတယ် ကြည့်မလား”
“နေပါစေ၊ ကားမောင်းရင်းပြောပြလေ၊ စာမဖတ်ရတော့ဘူးပေါ့”
သူတို့သူငယ်ချင်းသုံးယောက်လူလည်ကျသမျှကျွန်တော်ခံရသည်။ ဒါကိုပဲကျေနပ်စွာနှင့် လိုက်လာခဲ့ရ သည် ပေါ့လေ။ ငြိမ်းနှင့်အတူရှိနေခွင့်ရရင်ပြီးတာပါပဲ။
“ဆောင်နိုင်ကြီးက ကင်မွန်းစခန်းကနေသွားရင် နာရီဝက်လောက်မောင်းရတယ်၊ ဂျင်းထည့်တတ်တဲ့ သူတစ်ချို့ကင်မွန်းစခန်းမှာရှိတယ်၊ အားလုံးကိုမဆိုလိုဘူးနော်၊ တစ်ချို့တစ်လေပဲပြောတာ၊ သူငယ် ချင်းများများကားကြီးကြီးနဲ့သွားရင် လူများရင် ကားကြီးတွေဝင်လို့မရဘူး၊ ကင်းမွန်းစခန်းကနေ ကားသေးငှားပြီးသွားရတယ် ဘာညာဆိုပြီး လာပြောကြတာပေါ့၊ အဲဒါ ဂျင်းလေ၊ ကျွန်တော်တို့ရုံး အဖွဲ့ရယ်အခြားတစ်ဖွဲ့ရယ်ပေါင်းပြီးသွားတုန်းက လူအယောက် ၂၀ ကျော်စီးတဲ့ကားကိုဝင်လို့မရ ဘူး ကားငှားသွားမှရမယ်ဆိုပြီး စားသောက်ဆိုင်ကပြောတော့ငှားလိုက်ရတယ်၊ တစ်ယောက်ကို နှစ် ထောင်နှုန်းနဲ့ အယောက် ၂၀ စာ လေးသောင်းပေးလိုက်ရတာပေါ့လေ၊ ရုံးပိတ်ရက်မို့လို့အထဲကို ကားပေးမဝင်ဘူးဘာညာဆိုပြီးတော့လည်း ဂျင်းထည့်ပါလိမ့်မယ်၊ မယုံပါနဲ့ ဘာမှကိုမယုံပါနဲ့ဗျာ၊ ဂျင်း တွေများပါတယ်၊ အဲ လမ်းတော့နည်းနည်းကြမ်းပါတယ်၊ သဘာဝတောတောင်ဆီကရတဲ့ လေပြေ တွေကို ရှုရှိုက်ရတာတော့အမြတ်ပါပဲ”
ကျွန်တော်အသံနေအသံထားကြောင့် သူတို့ပြုံးကြသည်။ အဲဒီအထဲမှာ ငြိမ်း၏ အပြုံးကအလှဆုံး။
“သွားတဲ့လမ်းမှာဘာတွေတွေ့ရမလဲ”
“လမ်းမှာစေတီလေးတစ်ဆူကိုလည်းကြည်ညိုဖွယ်ရာတွေ့ရမယ်၊ ပထမဦးဆုံးကတက်ချောင်းတံတား ဆိုတာကိုဖြတ်ရမှာဖြစ်ပါတယ်၊ အဲဒီမှာရေဆော့တဲ့သူမရှိသလောက်နည်းပါတယ်၊ ဆောင်နိုင်ကြီးရေ တံခွန်ကတော့ ရာမညအပန်းဖြေစခန်းမှာရှိတာပါ၊ အဲဒီစခန်းကိုရောက်တာနဲ့ တံတားလေးတွေ၊ စိမ့် ကျောက်ကြီးတွေ၊ သဘာဝရှုခင်းတွေကိုမြင်ရမှာဖြစ်ပါတယ်၊ ဝင်ကြေးအနေနဲ့ကားတစ်စီး ၅၀၀ ကျပ် ပေးရပါတယ်၊ လူတစ်ယောက်ကို ၅၀၀ ကောက်တယ်လို့လည်းကြားဖူးပေမယ့် ကျွန်တော်တို့တုန်းက တော့ လူအတွက် မပေးခဲ့ရဘူးဗျ အရင်တစ်ခေါက်သွားခဲ့တုန်းကပြောပါတယ်၊ ရေတံခွန်ပင်မနေရာကို သွားတဲ့လမ်းက အရမ်းလျှောက်လို့ကောင်းပါတယ်၊ စားသောက်ဆိုင်တန်းတွေ လည်းရှိတာကြောင့် ရှုခင်းနဲ့ဓါတ်ပုံရိုက်လိုက်၊ ဆိုင်တွေမှာ မုန့်တွေဝယ်စားလိုက်နဲ့ မိုက်တယ်ဗျို့၊ လမ်း တစ်လျှောက်မှာ တဝေါဝေါကျနေတဲ့ရေတံခွန်စီးကြောင်းနဲ့ ကျောက်တုံးမည်းမည်းကြီးတွေကို စိတ်ချမ်းမြေ့ဖွယ် တွေ့ရမှာပါ၊ ရေစီးနည်းနည်းသန်တာမို့သတိထားဖို့တော့လိုတယ်ဗျို့၊ နောက်ဆုံးမှာတော့ မိတ်ဆွေတို့ ရဲ့ပန်းတိုင် ဆောင်နိုင်ကြီးရေတံခွန်ကိုမြင်ရမှာဖြစ်ပါတယ်၊ လမ်းတစ်လျှောက်လုံးရော ပင်မရေတံခွန် မှာရော ဓါတ်ပုံရိုက်လို့ကောင်းပါတယ်၊ ကျောက်တုံးပေါ်တက်ရိုက်မလား၊ ရေထဲပဲဆင်းရိုက်မလား၊ ရေ ကူးနေတဲ့ပုံပဲရိုက်မလား၊ သဘာဝရှုခင်းချည်းရွေးရိုက်မလား အားလုံးအဆင်ပြေပါတယ်၊ ရန်ကုန်နဲ့အနီး ဆုံးနေရာမှာရှိလို့ နေ့ချင်းပြန်ပဲဖြစ်ဖြစ်၊ တစ်ညအိပ်ပဲဖြစ်ဖြစ်သွားကြည့်လို့ကောင်းတဲ့ နေရာလေးတစ်ခု အဖြစ်ညွှန်းဆိုချင်ပါတယ်”
“၀ိုး အဲဒီတော့ အနှစ်ချုပ်ဘာလုပ်ရမလဲဆရာ”
“သတိထားသင့်တဲ့အချက်တွေအနေနဲ့ အနှစ်ချုပ်အနေနဲ့ကတော့ (၁) ကင်မရာယူသွားပါ ဓါတ်ပုံ ကောင်းကောင်းရိုက်မယ်လေ၊ (၂) ရေကူးဖို့အတွက်ရေးကူးဝတ်စုံအရေးကြီးပါတယ်၊ (၃) ရေစီး သန်တာကိုသတိထားစေချင်ပါတယ်၊ (၄)ဂျင်းထည့်တတ်တဲ့ အဲဒီနားကလူတွေရဲ့အပြောကို ချင့်ချိန်ပြီး မှယုံပါ လို့ဆိုချင်ပါတယ်”
“Travel Blogger လုပ်စားလို့ရပြီလေ”
“မခံယူဝံ့ပါဘူး”
ငြိမ်း၏အပြုအစုတစ်ချို့ကိုကျွန်တော်ရရှိခဲ့သည်။ ငြိမ်း၏လက်တစ်ဖက်ကို ကျွန်တော့်လက် တစ်ဖက် ကဆုတ်ကိုင်ရင်းကားမောင်းခွင့်ရခဲ့လေသည်။ ကျိုက်ထီးရိုး ဘုရားပေါ်တက်တော့လည်း ငြိမ်းကို ကျွန်တော့်ရင်ခွင်ထဲမှာထည့်ထားပြီး ကားစီးခွင့်ရသည်။ အရာရာ တိုင်းကလှပသာယာ လွန်းနေတော့ တာပါပဲ။
“အရမ်းချစ်တယ်ငြိမ်းရယ်”
အစားအသောက်စားလျှင်ငြိမ်းဆီက ခွံ့ကျွေးတာမျိုး၊ လမ်းလျှောက်လျှင် ငြိမ်းကကျွန်တော့်လက်ကိုဆုတ် ကိုင်ပြီးလျှောက်တာမျိုး၊ ကျွန်တော်က ငြိမ်းပခုံးလေးကိုဖက်ထားခွင့်ရချင်တာမျိုး နူးနူးညံ့ညံ့လေးတွေ ကိုမက်မောလှပါသည်။ အဲဒီခရီးစဉ်မှာတော့ ကျွန်တော်လိုချင်သည့်အနေအထားတစ်ခုအထိတော့မ ရောက်ခဲ့ရပါ။ လက်တွဲလမ်းလျှောက်ခွင့်တောင်တော်တော်တောင်းယူခဲ့ရလေသည်။
“ကျွန်တော်တို့ ချစ်သူတွေလေ ငြိမ်း”
“အင်း ဒါပေမဲ့ ငြိမ်းရှက်တယ်”
“ဟော ကဲ”
ဘာလို့အဲဒီလောက်ရှက်နေရတာလဲ နားမလည်တော့။ ဇင်လင်းမောင်နှင့်ကောအဲဒီလိုလားဟုတွေး မိပေမယ့် မဖြစ်နိုင်မှန်းသိလေသည်။ ကျွန်တော် သူတို့ကိုစပြီးတွေ့တုန်းက ညဖက်ကြီးလေ။ ပုံမှန်ရင်း နှီးမှု ချစ်ခင်မှုအတိုင်းအတာထက်မပိုဘဲနှင့်တော့ သမီးရည်းစားတွေညဖက်လျှောက်သွားပါ့မလား။ ပြီး တော့ ဇင်လင်းမောင်နှင့်စကားပြောသည့်အပြုအမူများသည် ကျွန်တော်နှင့်ပြောသည်ထက်ပိုပြီးရင်းနှီး နွေးထွေးနေသလိုခံစားရသည်။ ရန်ဖြစ်တာတောင် ရင်းနှီးမှုကိုမြင်ရသလိုခံစားရသည်။
“ကျွန်တော်ချစ်တာအနှောက်အယှက်ဖြစ်ရင်ပြောဦးနော် ငြိမ်း၊ ဟိန်းဇော်ထင်အတွက် ဒါဟာပထမဆုံး အချစ်မို့လို့ပါ”
“ရပါတယ်”
“ကျွန်တော်ပြောခဲ့တဲ့ ရန်ကုန်မှာနေထိုင်ခြင်းမှာ မကောင်းတဲ့အချက်တွေရှိပေမယ့် ကောင်းတဲ့အချက် တွေလည်းအများကြီးရှိတယ်လေ၊ အဲလိုမျိုးပေါ့၊ ကျွန်တော်ငြိမ်းကိုချစ်တာကောင်းပေမယ့် ငြိမ်းအတွက် နေရခက်မယ့်အချက်၊ အဆင်မပြေတဲ့အချက်လည်းရှိကောင်းရှိနိုင်တယ်လေ”
ချစ်သူ၏ငြိုငြင်မှုများကို ကျွန်တော်မလိုချင်ပါ။
ကျွန်တော်အလိုချင်ဆုံးက ကျွန်တော်နဲ့ချစ်ရသည့်အတွက် ငြိမ်းပျော်ရွှင်ရစေမှုပဲဖြစ်လေသည်။ တစ်ရက် တော့ ငြိမ်းကို အံ အားသင့်အောင်လုပ်နိုင်ခဲ့လေသည်။ ကျွန်တော့်အချစ်ကိုငြိမ်းအသိအမှတ်ကောင်း ကောင်းပြုနိုင်မယ့်အထောက်အပံ့တစ်ခုပဲဆိုကြပါစို့။
အဲဒီလုပ်ဆောင်ချက်က ထွေထွေထူးထူးကြီးမဟုတ်ပါ။ ဒါပေမဲ့ ကျွန်တော့်အတွက်ခက်ခဲတယ်လို့ဆိုရ မည်။ ငြိမ်း၏သူငယ်ချင်းနှစ်ယောက်နှင့်ပေါင်းပြီးငြိမ်းကို အံအားသင့်စေခဲ့လေသည်။ ငြိမ်းကိုစိတ်လှုပ်ရှား စေချင်၍ ကျွန်တော်ကိုယ်တိုင်လည်း စိတ်လှုပ်ရှားခဲ့ရသော ရက်စွဲတစ်ခုဟုဆိုရပေမည်။
>>>>>