“မြူခိုးရယ်…..ဝေ” အပိုင်း (၁၃)

(၁၃)

ငြိမ်းတို့အိမ်က ငြိမ်းကိုအံအားသင့်အောင်လုပ်စေဖို့အတွက်ခွင့်ပြုပြီး တံခါးဖွင့်ပေးခဲ့ပါသည်။ ရန်ကုန်မှာ ခပ်ရှားရှားပန်းတစ်မျိုးလို့ဆိုရမည့် ဆောင်တော်ကူးပန်းကို ကားတစ်စီးနှင့်အပြည့်သယ်လာဖို့ဆိုတာမ လွယ်မှန်းလည်းငြိမ်းတို့အိမ်ကကောင်းကောင်းသဘောပေါက်ပါလိမ့်မည်။

“Surprise လုပ်ချင်လို့သူငယ်ချင်းတွေပေါင်းပြီး နေရာအနှံ့လိုက်ရှာတာ”

ငြိမ်း၏သူငယ်ချင်းနှစ်ယောက်ကတော့ ငြိမ်းတို့အိမ်ကိုပြောပြထားနှင့်ပြီးသားမို့ ကျွန်တော့်အတွက်သိပ် မခက်ခဲတော့။ ခေါ်လာသော အကူကောင်လေးနှစ်ယောက်ကိုဆောင်တော်ကူးပန်းများဘယ်နေရာမှာ ထားမလဲဆိုတာရှင်းပြရသည်။ ငြိမ်း၏အခန်းထဲကကုတင်ပေါ်မှာဖြန့်ကြဲချထားလိုက်ပြီး ဘေးပတ်ပတ် လည်မှာတော့ အရွက်စိမ်းစိမ်းများကိုသီးသန့်ဖယ်ပြီးအလှဆင်ထားစေသည်။ အခန်းထဲကိုဝင်လာမည့် ငြိမ်း၏ခြေလှမ်းလမ်းကြောင်းအတိုင်းကိုလည်းချခင်းထားစေသည်။ တစ်ခန်းလုံး ထိုပန်းရနံ့သင်းထုံ အီလို့နေလေသည်။ ကျွန်တော်ခင်းထားသော ဆောင်တော်ကူးပန်းလမ်းဆီကိုလျှောက်မည့်သူသည် တိမ် တွေပေါ်မှာလမ်းလျှောက်နေသလိုခံစားရမည်၊ နူးညံ့သည့်ပန်းမွေ့ရာလမ်းပေါ်ညင်သာစွာလျှောက်ခွင့်ရ မည်။ အဲဒီအခွင့်အရေးပိုင်ဆိုင်မည့်သူသည် ငြိမ်းကလွဲရင်ဘယ်သူရှိဦးမှာလဲ။

ဖြူလွလွပန်းများသည် ငြိမ်းလာမည့်လမ်းကြောင်းပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနင်းခြေခံဖို့အသင့်အနေအ ထားရောက်အောင် နှစ်နာရီလောက်ဖန်တီးလိုက်ရသည်။ ငြိမ်းအဒေါ်တစ်ယောက်က အခန်းမှာ လာ စောင့်ပြီး လုပ်သမျှကိုထိုင်ကြည့်ပေးနေလေသည်။

“ဇင်လင်းမောင်လုပ်ခိုင်းလိုက်တာလား”

ကျွန်တော်တို့ကို ဝန်ဆောင်မှုတစ်ခုခုကဝန်ထမ်းတွေလို့ သူကသတ်မှတ်ထားသလားမပြော တတ်။ ဟိုမေးဒီမေးနှင့်။

“နာမည်တော့ မသိဘူးခင်ဗျ”

“အော် အေးအေး”

“ဒါနဲ့ အဲဒီငြိမ်းဆိုတဲ့အစ်မကို အခုလိုမျိုးခဏခဏ Surprise လုပ်တဲ့သူရှိလားဒေါ်လေး”

“ဟင့်အင်း မရှိပါဘူးကွယ်၊ ဒါပထမဆုံးပဲ၊ ဒါကြောင့် သူ့ချစ်သူဇင်လင်းမောင်လုပ်တယ်လို့ထင်တာ၊ တကယ်တော့ သူတို့ကြိုက်တာကြာပြီ အခုလိုမျိုးတစ်ခါမှမလုပ်ဖူးဘူးကွဲ့”

“အော်”

ငြိမ်းတို့အကြောင်းကို အိမ်ကတောင်သိနေပြီပဲ။

ဇင်လင်းမောင်ဟာလည်းခေသူမဟုတ်ပေဘူးပဲ။

ဆောင်တော်ကူးပန်းများခင်းထားသည့်မွေ့ရာ၊ ဆောင် တော်ကူးပန်းများခင်းထားသော အခန်းအဝင် လမ်းကိုစိတ်တိုင်ကျပြင်ဆင်ပြီးသည့်နောက် ဒေါ်လေးကိုနှုတ် ဆက်ပြီးပြန်လာခဲ့သည်။ အခန်းထဲက ပန်းရနံ့က တစ်အိမ်လုံးကိုမွှေးပျံ့ထုံသင်းလို့။ ငြိမ်း၏ခန္ဓာကိုယ်သည် ပန်းအခက်၊ ပန်းအပွင့်များကြောင့် ထိုခိုက်ပွန်းရှခြင်းမျိုးတစ်စုံတစ်ရာ မဖြစ်အောင် ပန်းအခက်များကိုသေသေချာချာနူးနူးညံ့ခြွေပြီး ကုတင် ပေါ်တင်ထားသည်မို့ ပုံမှန်ထက်တော့လက်ဝင်လှသည်။

မပြန်ခင် ဒေါ်လေးကိုနှုတ်ဆက်တုန်းကတော့ ဒေါ်လေးက ကျွန်တော်တို့ကို လိပ်စာကတ်လှမ်းတောင်း သေးသည်။

“ဆောရီးဒေါ်လေးရေ ကျွန်တော်တို့က လိပ်စာကတ်ပါမလာဘူးခင်ဗျ၊ ဖုန်းနံပါတ်တော့ပေးခဲ့ပါ့မယ်၊ လိုအပ်ရင်ဆက်သွယ်ပါဦးနော်”

“အေး မင်္ဂလာဆောင်တွေဘာတွေရှိရင် အဲလိုပန်းအလှဆင်ပေးတယ်မှလား”

“ဟုတ်ကဲ့ ဆင်ပေးပါတယ်”

“သားတို့က စိတ်ရှည်တာတွေ့ရလို့လေ”

ကျွန်တော်မကိုင်တော့သည့် ဖုန်းနံပါတ်တစ်လုံးကို စာရွက်ပေါ်ရေးပေးခဲ့သည်။ ကျွန်တော်တို့စိတ်ရှည် လက်ရှည်လုပ်နေသည်ကို သူတွေ့တော့ သဘောကျသွားတယ်ထင်ပါရဲ့။ အပျိုကြီးများလား၊ သူ့မင်္ဂလာ ဆောင်မှာ ပြင်ဖို့များခေါ်မှာလား တွေးမိပြီးပြုံးမိသည်။

“လုပ်ခဲ့ပြီးပြီ မေသန့်ရေ၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မနက်ဖြန်ဆိုင်ကို စောစော လာခဲ့ပေးဦးနော်”

ငြိမ်း၏သူငယ်ချင်းမေသန့်ကိုဖုန်းဆက်အကြောင်းကြားလိုက်သည်။

ကျွန်တော်၏လုပ်ဆောင်ချက်ကအဲဒီမှာတင်မပြီးသေး။ ငြိမ်းတို့၏ဆောင်တော်ကူးဆိုင်ကိုပါအဲဒီပန်း တွေနှင့်ခင်းထားမလို့။ ငြိမ်း၏အလုပ်ခုံရှိရာနေရာမှာပေါ့။ ဒီအတွက် မေသန့်တို့ကိုပဲအကူအညီတောင်း ရပြန်သည်။ မနက်ဖြန်တွင် ငြိမ်းမရောက်ခင်ဆိုင်ကိုစောစောလာပြီးသော့ဖွင့်ပေးစေမလို့ပါ။ ကျွန် တော်၏ချစ်ပြမှုအတွက် ငြိမ်းသူငယ်ချင်းတွေကလည်းသဘောကျကြပါသည်။

“ဆောင်တော်ကူးပန်းတွေ အဲဒီလောက်အများကြီးဘယ်ကရတာလဲ၊ ငြိမ်းအဲဒီပန်းတွေကိုအရမ်းကြိုက် မှန်းဘယ်လိုသိတာလဲ”

ညရောက်တော့ ငြိမ်းနှင့်ဖုန်းပြောဖြစ်သည်။ ကျွန်တော့်လုပ်ဆောင်ချက်များကို အံအားသင့်လွန်းလို့ မေသန့်တို့ကိုတောင်ဖုန်းဆက်ကြွားပြီးပြီဆိုတာ ကျွန်တော်ကသိနှင့်နေပြီးသား။

“ဒီလိုပဲလိုက်ရှာရတာပေ့ါ၊ တစ်ပင်တည်းတော့ဘယ်ဟုတ်မလဲ၊ လေးငါးခြောက်ပင်ဆီကပန်းသန့်သန့် တွေချည်းစုရှာထားတာ၊ ငြိမ်းအဲဒီပန်းကြိုက်တယ်ဆိုတာ ငြိမ်းသူငယ်ချင်းတွေဆီကတစ်ဆင့်သိရတာ ပါ၊ ဆောင်တော်ကူးဆိုင်ဖွင့်မယ်လုပ်တော့ဆိုင်နာမည်ကို ငြိမ်းအကြိုက်ဆုံးပန်းနာမည်ပေးချင်တယ်လို့ အဆိုပြုတာကို သူငယ်ချင်းနှစ်ယောက်ကလက်ခံခဲ့တယ်ဆိုတဲ့အကြောင်းလေ”

အိသဲချိုပြောပြခဲ့တာပင်။

“ရှင်က လူလည်ပဲ ဇော်ထင်”

“ငြိမ်းကိုချစ်တာပါ”

“ကျေးဇူးတင်ပါတယ်”

“ကျွန်တော်တို့ ချစ်သူတွေဖြစ်နေကြပြီလေ၊ အဲဒီစကားလိုလို့လားငြိမ်းရယ်”

“လိုတာပေါ့၊ ဇော်ထင်အခုလိုတကူးတကလုပ်ပေးတာ၊ အပင်ပန်းခံလုပ်ပေးတာ အသိအမှတ်ပြုပေးတဲ့ အနေနဲ့ သိပ်ကျေးဇူးတင်တယ်၊ ကျေးဇူးတင်ကြောင်းလည်းလေးလေးနက်နက်ပြောပြချင်တယ်လေ၊ ငြိမ်းဘဝမှာ အဲဒီလိုမျိုးတစ်ခါမှ Surprise အလုပ်မခံရဖူးဘူး၊ ဇင်လင်းမောင်တောင်…..”

ငြိမ်းအသံလေးတိုးဝင်သွားလေသည်။ စိတ်မကောင်းဖြစ်နေတာလား၊ ဟိုကောင့်ကိုသတိရသွားတာ လားမပြောတတ်၊ သေချာတာကတော့ ကျွန်တော်လည်းစိတ်မကောင်းဖြစ်သွားရသည်။

“ငြိမ်း သူ့ကိုသတိရနေတာလား”

ကိုယ့်ချစ်သူဟာ သူ့အရင်ချစ်သူကိုသတိရနေတဲ့အဖြစ် ဘယ်သူကကြိုက်မှာလဲ။ ကျွန်တော်ကပိုလို့ မကြိုက်ဘူးဆိုတာ ငြိမ်းသိအောင်ဘယ်လိုပြောပြရပါ့မလဲ။ ငြိမ်းသည် ကျွန်တော်ဖန်တီးထားသော ပန်း ခင်းလမ်းကို သဘောအကျကြီးကျကာ ကျွန်တော့အချစ်ကိုအသိအမှတ်ပြု၊ ကျွန်တော်တို့နှစ်ယောက်၏ ချစ်ခြင်းမေတ္တာက သာ၍ တိုးလာစေရန် ရည်ရွယ်ပါသည်။ သို့သော်လည်း သူ့ရည်းစားဟောင်းကိုတမ်းတ သတိရခြင်းက မွှေနှောက်ဝင်လာခဲ့သောအခါ ကျွန်တော်၏ပျော်ရွှင်ကျေနပ်မှုက ရာနှုန်းပြည့်မဟုတ် တော့။ စိတ်မကောင်းခြင်းများရောစွက်လာတော့သည်။

“ဟင့်အင်း ထားလိုက်ပါဇော်ထင်၊ ဆောရီး”

“ရပါတယ်”

ငြိမ်းအကြောင်းတွေးရင်အိပ်မပျော်သည် ထိုညတွင် ငြိမ်းကတော့ ကျွန်တော်ခင်းပေးထားသည့်ပန်းမွေ့ရာ ပေါ် ကောင်းကောင်းအိပ်စက်နိုင်ခဲ့ပါလေစ။ ပန်းရနဲ့များ စူးရှလို့များ ဖယ်ပစ်လိုက်သလား။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီလမ်းကိုခြေတစ်လှမ်းနှစ်လှမ်းလျှောက်၊ အဲဒီမွေ့ရာပေါ်မိနစ်ပိုင်းပဲအိပ် ကျွန်တော်ကျေနပ် ပါပြီလေ။

ကျွန်တော်ကတော့ အိပ်မပျော်မှာအသေအချာပေါ့။ မနက်ဖြန်က ဒီနေ့ထက်စိတ်လှုပ်ရှားစရာကောင်း သောအရာကို အကောင်အထည်ဖော်ရမယ်လေ။ ဆောင်တော်ကူးဆိုင်မှာ ဆောင်တော်ကူးပန်းတွေခင်း ဖို့အတွက်ရယ် ငြိမ်းအကြောင်းရယ်စဉ်းစားပြီး အိပ်မပျော်ခဲ့ပါ။ မှေးခနဲဖြစ်သွားသည့်အချိန်ဖုန်းဝင်လာခဲ့ သည်။ မေသန့်တို့ ဆိုင်ကိုရောက်နေပြီတဲ့။ မနေ့က ကျွန်တော့်ကိုကူညီပေးခဲ့သည့်ကောင်လေးနှစ် ယောက်လည်းပန်းတွေယူပြီးဆိုင်ရှေ့မှာအဆင်အသင့်ရောက်နေပြီတဲ့။

ရေချိုးခန်းထဲကမန်းကတန်းဝင် ပြင်ဆင်ဖြီးကြောပြီးအပြေးထွက်လာခဲ့ပါသည်။

ဆိုင်အဝင်ဝနှင့် အရောင်းနေရာတွေကိုတော့ ပန်းခက်လေးတစ်ခက်နှစ်ခက်သာအလှဆင်ပြီး ဆိုင်ထဲက ငြိမ်းစားပွဲအနားတစ်ဝိုက်နှင့် ငြိမ်းလျှောက်မယ့်လမ်းတွင် ပန်းတွေခင်းထားလိုက်သည်။ မနေ့ကလောက် မပင်ပန်းပေမယ့် မနေ့ကထက်စိတ်လှုပ်ရှားပါသည်။

“သိပ်ရိုတတ်တယ်နော်”

“ချစ်တာကိုးဗျ”

မေသန့်နှင့်အိသဲချိုက ကျွန်တော့်ကိုမျက်စောင်းထိုးသည်။ ကျွန်တော်ကတော့ ညကတည်းကသေချာ ပြင်ဆင်ထားခဲ့သည့်ဆောင်တော်ကူးပန်းစည်းကို တသသလုပ်နေတော့သည်။ ငြိမ်းတို့အိမ်ကပြန်ရောက် ရောက်ချင်း အဲဒီပန်းစည်းကိုပြင်ဆင်ခဲ့တာပင်။ ပန်းခက်တွေကိုစု အရွက်တွေကိုလှအောင်စီထည့်ပြီး ပန်းစည်းအဖြစ်ဖန်တီးရတာ ကျွန်တော့်လိုပန်းအလှဆင်သမားမဟုတ်သည့်သူအတွက်တော်တော်လက် ဝင်လှသည်။ စိတ်တိုင်းကျပန်းစည်းရပြီဆိုမှ ရေချိုးခန်းထဲတွင် ရေနည်းနည်းဖျန်းပြီးသိမ်းထားခဲ့သည်။ မ နက် ဆိုင်ကိုလာသည့် အခါ တစ်ပါတည်းယူခဲ့၏။ ငြိမ်းကိုပေးဖို့အတွက်။

သိပ်ကြာကြာမစောင့်လိုက်ရဘဲ ငြိမ်းရောက်လာခဲ့ပါသည်။

“ဟာ ဆောင်တော်ကူးတွေ လာပြန်ပြီ”

မနေ့ကတွေ့ပြီးပြီမို့ ဒီနေ့ထပ်တွေ့မယ်လို့ ငြိမ်းက လုံးဝထင်မှတ်ထားပုံမရ။ ထပ်ပြီးအံအားသင့် အောင် လုပ်ပြန်ပြီလို့ တိုးတိုးလေးပြောပြီး ကျွန်တော့်ကိုစိုက်ကြည့်နေလေသည်။ အဲဒီအခွင့်အရေးကိုပဲ ကျွန် တော် အမိအရဆုတ်ကိုင်ခဲ့ပါသည်။

ဆိုင်၏ အခန်းတွင်းနေရာမို့ အခန်းထဲတွင် ကျွန်တော်ရယ် ငြိမ်းတို့သုံးယောက်ရယ်ပဲရှိသည်။ ဒါကြောင့် ကျွန်တော်အတင့်ရဲတာလည်းပါမည်။

“ငြိမ်း”

ကျွန်တော်၏ ရွှန်းရွှန်းစားစားအကြည့်က ငြိမ်းကိုမှင်သက်သွားစေခဲ့သလား

“ငြိမ်းကို ကျွန်တော်လက်ထပ်ပါရစေ”

“အိုး”

ပန်းစည်းကို ငြိမ်းဆီကိုကမ်းပေးလိုက်၏။

ကျွန်တော် ငြိမ်းကိုလက်ထပ်ချင်နေပြီ။ အချိန်တိုအတွင်းမှာ ရလာသည့် အခွင့်အရေးကိုအမိအရ ယူ ပစ်လိုက်ချင်ပြီလေ။ ဒါကြောင့် ငြိမ်းကိုလက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့တာပင်။

“ဟိန်းဇော်ထင်”

ငြိမ်း၏ သူငယ်ချင်းများကလည်း လုံးဝထင်မှတ်ထားပုံမရ။ တော်ရုံအံအားသင့်သွားအောင်လုပ်တာ လောက်ပဲဟုထင်ထားကြပုံရသည်။ ငြိမ်းအိပ်စက်ရာတွင် ဆောင်တော်ကူးပန်းများအပြည့်ခင်းထားခဲ့သ လို ငြိမ်းလျှောက်မည့်လမ်းတွင် ဆောင်တော်ကူးပန်းများဝေစေခဲ့သည်။ ထိုအရာအားလုံးအပင်ပန်းခံလုပ် သမျှသည် ငြိမ်းကျွန်တော့ကို ချစ်ကျွမ်းဝင်သည်ထက်ဝင်ပြီး တစ်သက်တာလက်တွဲရမည့်သူတစ်ယောက် အဖြစ် ရှိစေချင်၍ပင်ဖြစ်လေသည်ကို ငြိမ်းသိလိုက်သည့်အခါတွင်တော့ ကျွန်တော်လိုချင်သည့်ရလာဒ်မ ပေးနိုင်ခဲ့တော့ပါ။

ငြိမ်းက ကျွန်တော်မထင်မှတ်သည့်တုန့်ပြန်မှုကိုတုန့်ပြန်ခဲ့လေသည်။

“ငြိမ်းလက်မခံနိုင်ဘူး”

“ဗျာ”

“ဇော်ထင့်ကိုငြိမ်းလက်မထပ်နိုင်ဘူး”

ကျွန်တော့်လက်ထဲကပန်းစည်းကိုမယူဘဲ ဘေးကိုတွန်းဖယ်ပစ်ချပစ်လိုက်ပြီး ဆိုင်အပြင်ဖက်ဆီကို ထွက် သွားခဲ့လေသည်။

“ဟင်”

ကျွန်တော့်ကိုဘာကြောင့်ငြင်းရတာလဲနားမလည်တော့။ ကျွန်တော်ငြိမ်းကိုလက်ထပ်ဖို့အတွက်ရည် ရွယ်ပြီးချစ်ခဲ့တာပါ။

“ဘာလို့လဲ”

နားမလည်နိုင်သည့် အကြည့်များငြိမ်း၏သူငယ်ချင်းများကိုမေးမိသည်။

“ဟို…..”

အိသဲချိုက မေသန့်ကိုလှမ်းကြည့်သည်။

မေသန့်က အိသဲချိုကိုမျက်လုံးပြူးပြသည်။

“စောသေးလို့လား”

ငြိမ်းကိုမေးချင်ပေမယ့် ငြိမ်းကထွက်သွားပြီမို့ သူတို့နှစ်ယောက်ကိုပဲမေးမိလေသည်။

“မဟုတ်ဘူး”

“ဟိုဥစ္စာ..”

သူတို့နှစ်ယောက်လည်းဇဝေဇဝါဖြစ်နေတာလား၊ တစ်ခုခုပြောဖို့ အားနာနေတာလားမသိတော့။ သေ ချာတာကတော့ ကျွန်တော့်မျှော်လင့်ချက်များအကောင်အထည်မပေါ်ခဲ့ခြင်းပင်။ ငြိမ်း၏လက်ခံမှုကိုရ ဖို့ မသိစိတ်ကအခါခါတမ်းတနေမိခဲ့တာပါ။ ကျွန်တော်ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတော့။ ငြိမ်းနှင့် စကားပြောချင်လှပြီ။

“ဇော်ထင်… တကယ်တော့လေ..”

“နေဦး မေသန့်၊ ငြိမ်းကိုပြောပြခိုင်းမှအဆင်ပြေမယ်ထင်တယ်”

“ဟင့်အင်း၊ ငါကတော့ ဇော်ထင့်ကိုငြိမ်းအစားအားနာလှပြီ၊ ပြောလိုက်ချင်ပြီ”

အကြောင်းအရာတစ်ခုခု၊ အဲဒီအကြောင်းကလည်းအရေးကြီးမှန်း၊ ငြိမ်းနှင့်ပတ်သက်မှန်းကျွန်တော် သဘောပေါက်လိုက်ပါပြီ။ ငြိမ်းကျွန်တော့်ကိုငြင်းဆိုခြင်းသည် သူကျွန်တော့်ကို မချစ်၍လား၊ လက်မထပ် ချင်၍လား ဟူသည့်အတွေးပေါင်းများစွာ ဝင်လာခဲ့ရာမှ ငြိမ်းသူငယ်ချင်းများထံမှထွက်လာမည့်စကားလုံး များကို မျှော်လင့်ရတော့သည်။

“ဘာတွေလဲ ကျွန်တော့်ကိုပြောပြပါဗျာ”

>>>>>