(၁၅)
ငြိမ်း ကျွန်တော့်ဆီကိုရောက်လာခဲ့ပါသည်။ အဲဒီမနက်က ကြည်သာလည်းရှိနေလေသည်။
“ငြိမ်းရယ်”
ကြည်သာကတော့ ဇင်လင်းမောင်တို့အကြောင်း ငြိမ်းကိုပြောပြနေ၏။ ကျွန်တော့်ကိုလာပြီးလုပ်ကြံသွား သည့်အကြောင်းပေါ့။ ကျွန်တော့်အကြောင်းကိုလည်း ငြိမ်းသိအောင်ပြောပြနေလေသည်။ ဒါတွေကို ငြိမ်း သိပ်စိတ်ဝင်စားလိမ့်မှာမဟုတ်ပါဘူး။
“ဇော်ထင်က စိတ်ရင်းကောင်းတယ်၊ သူများအပေါ်မှာလည်း တော်ရုံဆိုသည်းခံတတ်တယ်ဗျ၊ ဘာလို့ အဲဒီလိုဖြစ်သွားရတာလဲကျွန်တော်မသိတော့ဘူး၊ အဲဒီလောက်ထိတော့မလုပ်သင့်ဘူးထင်တာပဲ”
ညက ကျွန်တော် ဆေးခန်းသွားရသည်။ ဆေးခန်းနှစ်ခုတောင်ရောက်သွားရ၏။ ကြည်သာ၏ အကူအညီမပါဘဲနှင့် ထိုဆေးခန်းများကိုမရောက်နိုင်သည်မှာအသေအချာပင်။ ပထမဆေးခန်းက ဆရာဝန်ကတော့ ကျွန်တော့်ဒဏ်ရာတွေကိုမြင်သည်နှင့် သူမကုပေးနိုင်ကြောင်း ဒါတွေကမှုခင်းတစ်ခု ခုနှင့် ပတ်သတ်လာလျှင် သူ့ဆေးခန်းတာဝန်ဖြစ်ကြောင်း သေချာရှင်းပြသည်။ ကြည်သာက အချင်းချင်း ရန်ဖြစ်လို့ရလာတာဖြစ်ပြီး မှုခင်းနှင့်မပတ်သက်ဘူးဟုရှင်းပြသော်လည်း မရ။ ဆေးရုံ ဒါမှမဟုတ်အခြား ဆေးခန်းကိုသွားလိုက်ပါလို့ပဲ ညွန်တော့သည်။ ဒီတော့လည်း ဒုတိယဆေးခန်းကိုရောက်လာရ တော့၏။
ဆေးရုံသွားရလောက်အောင်လည်း ဒဏ်ရာကမကြီးကျယ်ဘူးလို့ယူဆထားသည်မို့ ဆေးခန်းကြီး ကြီးတစ်ခုဆီကိုပဲ ဦးတည်တော့တာပေါ့။ ဆေးခန်းရောက်တော့ ဆရာဝန်က ကျွန်တော့်ဒဏ်ရာ ဒဏ်ချက်များ ကိုကြည့်ပြီး ပြစ်မှုကောလွတ်ရဲ့လား၊ ဥပဒေနဲ့ကင်းရဲ့လား ဘာညာမေးသည်။ တစ်ခုခုဆို သူ့ဆေးခန်း တာဝန်ကျမှာကိုး။ အားလုံးအဆင်ပြေတယ်၊ စိတ်ချပါလို့ အခါခါအာမခံတော့မှ ဒဏ်ရာများ ကို ကြည့်ပေးခဲ့သည်။
အမှန်ဆို ကြည်သာနှင့် ကျွန်တော်က အတူတူသောက်ရင်း ခံစားချက်တွေရင်ဖွင့်ကြဖို့ စီစဉ်ထားကြ တာလေ။ အခုတော့ ကျွန်တော့်ဒဏ်ရာများကိုဆေးထည့်ရင်းသာအချိန်ကုန်သွားခဲ့ရတော့သည်။ ငြိမ်းပေး သောဒဏ်ရာတွေက အများသားရယ်။ အတွင်းရော အပြင်ရောမို့ ကျွန်တော့်ရင်ထဲမဆံ့နိုင် အောင်ပါပဲ။ အဲဒီအထဲမှာမှ အတွင်းဒဏ်ရာကပိုခံစားရသည်။
“ငြိမ်း တောင်းပန်ပါတယ်”
တောင်းပန်ရုံနှင့် စိတ်ဒဏ်ရာ၊ ခန္ဓာကိုယ်က ဒဏ်ရာများအကုန်ပျောက်သွားရင်ကောင်းလိမ့်မယ် ငြိမ်း ရယ်လို့ သူ့ကိုကြည့်ပြီးစိတ်ထဲကပြောမိလေသည်။ ကျွန်တော်တို့အချင်းချင်းစကားပြောဖို့လိုအပ် လာပြီမို့ ကြည်သာက အိမ်နောက်ဖေးသွားပြီး တစ်ခုခုပြင်ဆင်ဟန် အလုပ်ရှုပ်ဟန်ဆောင်ရလေ သည်။ ငြိမ်းကို ကျွန်တော် စကားတွေအများကြီးပြောချင်တာပေါ့။
“ငြိမ်း ကျွန်တော့်ဆီကို ကျွန်တော့်ချစ်သူအနေနဲ့လာတာမဟုတ်တော့ဘူးပေါ့နော်”
ကျွန်တော့်ကြောင့်ပဲလား၊ စိတ်ဖိစီးမှုတွေပဲများနေတာလားမပြောတတ်။ ငြိမ်းမျက်နှာလေး ချောင်ကျ သွားသလိုခံစားရသည်။ ငြိမ်းဆီမှာအပျော်တွေရှိမနေတာတော့အသေအချာပင်။ ကျွန်တော် ကောင်း ကောင်းသိတာပေါ့။
“ငြိမ်းကိုနားလည်ပေးပါ၊ ဇော်ထင့်ကိုလှည့်စားမိခဲ့တယ်”
“ကျွန်တော် ဘယ်လိုနားလည်ရမှာလဲ ငြိမ်းရယ်”
လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိတယ်ဆိုပေမယ့် သူနဲ့ပတ်သက်သမျှအပြုအမူအရာအားလုံးကို ချစ်ဖို့ ကတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငြိမ်းနှင့်ပတ်သက်၍အရာအားလုံးကိုချစ်မိနိုင်အောင် ကျွန် တော်ကြိုးစားခဲ့သော်လည်း ကျွန်တော့်ကိုဥပေက္ခာပြုသွားသည့်အချက်ကိုတော့ ကျွန်တော်ဘယ်လို နား လည်ရပါ့မလဲဗျာ။
“သူတို့ပြောတာတွေက တကယ်လားငြိမ်း”
ငြိမ်းက ကျွန်တော့်မျက်ခုံးပေါ်က အနာစသေးသေးလေးကိုတယုတကလှမ်းကိုင်ပေးနေလေသည်။ သူ့ အယုအယအောက်မှာ ကျွန်တော်သာယာနေမိလေသည်။
“ဟင်”
“ငြိမ်းနဲ့ သူ လက်ထပ်ကြမယ်ဆိုတာ”
ကျွန်တော် ငြိမ်း၏လက်ကိုဖမ်းယူဆုပ်ကိုင်မိလေသည်။
ဘာလို့လှည့်စားခဲ့တာလဲဆိုသည့်အဖြေကိုတော့ ကျွန်တော်သိခွင့်ရှိပါတယ်လေ။
“ကျွန်တော့်ကို အမှန်အတိုင်းပဲပြောပါ ငြိမ်းရယ်၊ ငြိမ်းပြောတာကိုကြားချင်လို့ပါ”
သိနှင့်ပြီးသားကိစ္စတစ်ခုကို ဘာလို့ ထပ်ကြားချင်နေရတာလဲ ကျွန်တော်ကိုယ်တိုင်လည်းဝေခွဲလို့ မရနိုင် အောင်ပါပဲ။ ဖြေရမှာဆိုပေမယ့် ဖြေဖို့ဆွံ့အနေသည့် ငြိမ်းကို ကျွန်တော်စိုက်ကြည့်နေမိလေ သည်။ ကျွန်တော် တယုတယချစ်ရသူ၊ တန်ဖိုးအထားရဆုံးသူလေး။ ကျွန်တော့်ကိုရက်ရက်စက်စက်ခွဲခွာ သွားတဲ့ သူလေး ငြိမ်းပါပဲ။
“ဟုတ်တယ်ဇော်ထင်၊ ငြိမ်းနဲ့ ဇင်လင်းမောင်က လက်ထပ်ရတော့မယ့် လက်ထပ်ဖို့လည်းအစော ကြီးကတည်းကစီစဉ်ထားတဲ့သူတွေပါ”
“ဟာ”
အဖြေကြိုသိနေခဲ့ပေမယ့် ကျွန်တော့်ရင်ထဲမှာဆို့နှင့်ကြေကွဲစွာပါပဲ။
“ဒါနဲ့များ ငြိမ်းရယ်”
ဆုပ်ကိုင်ထားသည့် ငြိမ်း၏လက်ကိုနမ်းရှိုက်မိလိုက်သည်။
ဇင်လင်းမောင်ပြောသလိုပဲ ကျွန်တော်ဟာ ကြာကူလီကောင်ဖြစ်နေစေဦးတော့ ဒီအခွင့်အရေးလေး ကို လက်မလွှတ်ချင်ပါ။ ကျွန်တော်ဟာအရှုံးသမားလေ။ အဲဒီအတွက် ဒီလောက်ကတော့လုပ်ပိုင်ခွင့်ရှိ တယ်မဟုတ်လား။
“ငြိမ်းလေ..”
ကျွန်တော့်ကိုတောင်းပန်မည့်စကားများကို ကျွန်တော်မကြားချင်တော့ပါ။ ငြိမ်းလက်ကိုကျွန်တော့်နှုတ် ခမ်းနှင့်ပွတ်သပ်ရင်းခေါင်းခါလိုက်သည်။ မပြောပါနဲ့ငြိမ်း။
“သူနဲ့ငြိမ်းက ခဏခဏရန်ဖြစ်တယ်၊ စိတ်ကောက်ကြတယ်၊ အလျှော့လည်းမပေးကြဘူး၊ ဒါပေမဲ့ လက်ထပ်ဖို့အထိရည်ရွယ်ပြီး နှစ်ဖက်မိဘကိုအသိပေးစီစဉ်ခဲ့ကြတယ်၊ သူ့ကိုနောင်ကြဉ်အောင်လို့ ဇော်ထင့်ကိုအသုံးချခဲ့တယ်၊ သူ့ကိုအရမ်းအမြင်ကပ်မိတဲ့အခိုက်အတန့်မို့ ငြိမ်းလည်းဘယ်အရာကို မှ မမြင်တော့ဘူး၊ ပညာပေးမယ်ဆိုပြီး အနားမှာရှိတဲ့ဇော်ထင့်ကိုအသုံးချမိခဲ့တယ်၊ ဒါပေမဲ့ ..ဒါပေမဲ့ ငြိမ်း ဇော်ထင့်ကို တကယ်လည်းသံယောဇဉ်ရှိခဲ့လို့…”
“ငြိမ်းရယ်”
ကျွန်တော်တို့နှစ်ယောက်မျက်ရည်ဝဲမိကြလေသည်။
ကျွန်တော့်ကိုသံယောဇဉ်ရှိလို့ ကျွန်တော့်ဂုဏ်သိက္ခာကိုအပြည့်အဝယုံကြည်လို့ ကျွန်တော့်အခန်း ကိုတစ်ယောက်တည်းလာခဲ့တဲ့ငြိမ်း။ ကျွန်တော်အရမ်းချစ်ရတဲ့ငြိမ်း။
“အခု ကျွန်တော်တို့တကယ်ပြတ်ကြပြီပေါ့နော်”
ရန်ဖြစ် စိတ်ဆိုးစိတ်ကောက်၍ ပြတ်ကြတာမျိုးမဟုတ်။ ငြိမ်းနှင့်ကျွန်တော်သည် နှစ်ယောက်သားကြား တွင် အဖုအထစ်လည်းမရှိ၊ ဘယ်တုန်းကမှလည်းရန်မဖြစ်ခဲ့၊ ဘယ်တုန်းကမှလည်းအကြီးအကျယ် စိတ်ဆိုးစိတ်ကောက်တာမျိုးမရှိခဲ့။ အရာရာအဆင်ပြေချောမွေ့လွန်းသည့် ချစ်သူသက်တမ်းတိုတိုလေး မှာပဲ ပြတ်စဲခဲ့ရပြီကော။
ခန္ဓကိုယ်၌ တစ်ဆစ်ဆစ်နာကျင်ကိုက်ခဲလာသည်။ ဒဏ်ရာတွေကြောင့်ထင်ပါရဲ့။ ဆရာဝန်ပေးသည့် ဆေးများသောက်ရန်အချိန်တန်ပြီထင်ပါရဲ့။ ကြည်သာကလည်း ရှောင်ကောင်းကောင်းနှင့်များရှောင် ပေးနေသလားမပြောတတ်။ တော်ရုံနှင့်အိမ်ရှေ့ကိုထွက်မလာ။
“ဘယ်တော့လဲ”
ကျွန်တော့်စိတ်ထဲရှိသည်ကို ငြိမ်းကိုမေးဖို့လိုအပ်ပြီလေ။
“ဟင်”
“ငြိမ်းတို့ဘယ်တော့လက်ထပ်မှာလဲ”
“လာမယ့်လ..”
“ဟာ”
အဲဒီလောက်ထိနီးစပ်သွားလိမ့်မည်ဟု ကျွန်တော်ဘယ်ထင်ထားပါ့မလဲ။ ဒါကြောင့်ပဲကျွန်တော်နှင့်ငြိမ်း ချစ်သူသက်တမ်းက တိုသွားတယ်ထင်ပါရဲ့။ နောက်နှစ်လောက်မှဆိုပါလျှင် ငြိမ်းနှင့်ကျွန်တော်အကြာ ကြီးချစ်ခွင့်ရကောင်းရဦးမည်။ အခုတော့လည်း တစ်မျိုးကောင်းပါတယ်။ ငြိမ်းအတွက် သံယောဇဉ်ကြိုး နည်းနည်း တိုသွားတာပေါ့။ ကျွန်တော့်ဖက်ကတော့ နှုတ်မရတဲ့မြားတစ်စင်းလိုခိုင်မြဲနေပြီးသားကတော့ မတတ် နိုင်တော့ဘူးလေ။
“ကျွန်တော့်ကို တစ်ခုလောက်တော့ဖြေပေးပါလားငြိမ်း၊ နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်ပေါ့”
“အင်း”
ဒီအဖြေဒီစကားတွေပဲ ဝေ့ဝိုက်ပြောဆိုမေးမြန်းနေတယ်လို့ပဲ ငြိမ်းထင်စေဦးတော့။ ကျွန်တော် မေးချင်ပါသေးသည်။ ငြိမ်းနှင့်တွေ့ချင်ပါသေးသည်။ ငြိမ်းကိုလက်လွှတ်ဆုံးရှုံးရတယ်ဆိုတာကိုလည်း လက်မခံချင်၊ မယုံချင်အောင်ဖြစ်နေမိလေသည်။
“ကျွန်တော့်ကို ငြိမ်းတကယ်ချစ်ခဲ့တာလား”
သူ ကျွန်တော့်ကိုစချစ်ကတည်းက မချစ်ဘဲနဲ့အောင့်မနမ်းပါနဲ့လို့ ပြောဖူးခဲ့တာမို့ ငြိမ်းဆီမှာ ကျွန်တော့် အတွက် သံယောဇဉ်ထက်ပိုသည့်အရာတစ်ခုရှိမည်ဟု ထင်ထားခဲ့လေသည်။
အဲဒီမေးခွန်းကို ငြိမ်းဖြေခဲ့ပါသည်။ ကျွန်တော့်အတွက် သဘောကျ၊ စိတ်ချမ်းသာစေမည့်အဖြေကို ငြိမ်းပေးခဲ့ပါသည်။ အဲဒါဟာ သူ့ရင်ထဲမှာရှိနေသည့်အဖြေလို့ပဲ ကျွန်တော်ယုံကြည်လိုက်သည်။
“ငြိမ်း ဇော်ထင့်ကိုတကယ်ချစ်ခဲ့တယ်”
“ဟား”
အရှုံးထဲကပျော်ရွှင်မှုကို ကျွန်တော်ရှာဖွေတွေ့ရှိသွားခဲ့သည်။ ဒါပေမဲ့…။
“အဲဒါဟာ အခိုက်အတန့်ဆိုတာ ငြိမ်းဝန်ခံပါတယ်၊ ကိုယ့်ချစ်သူက ကိုယ့်အပေါ်အလိုမလိုက်၊ ကိုယ်နဲ့ အပြိုင်စိတ်ဆိုးစိတ်ကောက်နေတဲ့အချိန် ကိုယ့်ဘေးမှာယုယကြင်နာတတ်တဲ့သူတစ်ယောက်ရှိနေ တော့ ဘယ်သူက မသာယာပဲနေပါ့မလဲ၊ အဲဒီတော့ ဇော်ထင့်ကိုငြိမ်း ကြင်နာမိခဲ့တယ်၊ ဇော်ထင့်ကို ငြိမ်းရဲ့ ချစ်သူအဖြစ်နဲ့သဘောထားမိခဲ့တယ်”
“….”
“ငြိမ်းလေ..တကယ်တော့ ကိုယ့်အပေါ်ကောင်းတဲ့အနွံတာခံပေးဆပ်တဲ့သူတစ်ယောက်ကို ဥပေက္ခာ ပြုဖို့တော်တော်ကြိုးစားရပါတယ်”
“ငြိမ်း ကျွန်တော့်နောက်လိုက်ခဲ့ပါလား”
“ရှင်”
ကျွန်တော်ရုတ်တရက်ခေါင်းထဲပေါ်လာတဲ့မေးခွန်းတစ်ခု၊ ခြိမ်းခြောက်မှုတစ်ခု ငြိမ်းကိုပြောလိုက် မိသည်။
“ငြိမ်းနဲ့ ကျွန်တော် အဝေးဆုံးကိုထွက်သွားကြမယ်၊ ဇင်လင်းမောင်နဲ့ဝေးရာ၊ ဆောင်တော်ကူးနဲ့ဝေး ရာ၊ ဒီပတ်ဝန်းကျင်နဲ့ဝေးရာဆီကိုပေါ့၊ နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ကြမယ်လေ”
“ဇော်ထင်ရယ်၊ ဘာလို့ကလေးကလားတွေပြောနေရတာလဲ”
“ကျွန်တော်ငြိမ်းကိုလက်လွှတ်မခံချင်လို့ လက်လွှတ်မခံနိုင်လို့ပါ၊ ကျွန်တော်အရမ်းခံစားရတယ်ငြိမ်း၊ အခုအခြေအနေကို ကျွန်တော်မယုံနိုင်ဘူး”
ကျွန်တော်ပျော့ညံ့တယ်ပဲဆိုဆို မျက်ရည်ကျမိသည်။
ငြိမ်းအတွက်၊ ငြိမ်းကိုချစ်လို့ပေါ့။
“ငြိမ်းဇော်ထင့်ကိုအပြီးလာနှုတ်ဆက်တာပါ၊ ငြိမ်းနဲ့ ဟိန်းဇော်ထင်တို့ဟာ သူငယ်ချင်းအဖြစ်ပဲဆိုရင် တော့ ရှေ့ဆက်ရှိနေမှာဖြစ်ပြီး ချစ်သူတွေအဖြစ်ကတော့ပြီးသွားပြီ နှုတ်ဆက်ပြီ”
အဲဒီနောက် ငြိမ်းထွက်သွားခဲ့ပါသည်။
ကျွန်တော့်ကို သူ့ဘဝထဲကနေဆွဲထုတ်ပြီး ငြိမ်းထွက်သွားခဲ့ပါသည်။
>>>>>