(၁၆)
ဟိန်းဇော်ထင်ဟု အမည်တွင်ခဲ့သော ကျွန်တော်သည် ငြိမ်းနှင့်သူငယ်ချင်းအဖြစ်ရှိနေခဲ့ပါသည်။ ခါတိုင်း လိုပဲ ငြိမ်းတို့၏ ဆောင်တော်ကူးဆိုင်ကို အွန်လိုင်းတွင်အရောင်းတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ် စွမ်းရှိသမျှကူညီ ပေးခဲ့သည်။ ငြိမ်း ဆိုင်မှာရှိနေသည့်အချိန်ဆိုပါလျှင် ကျွန်တော်ပျော်မိသလို ဝမ်းလည်း နည်းရသည်။ ငြိမ်းနှင့် သူငယ်ချင်းဖြစ်ခွင့်က သာယာသလို စိတ်လည်းကျဉ်းကြပ်ရသည်။
“ပေါက်မယ်လို့ထင်ထားတဲ့ တစ်ချို့ပို့စ်တွေကမပေါက်ဘူး မထင်မှတ်တာတွေက ထ ပေါက်တယ်”
ကျွန်တော့်ဆောင်ရွက်ချက်တော်တော်များများကို ငြိမ်းတို့ကအသိအမှတ်ပြုကြလေသည်။ တစ်ခုရှိ သည်က အရင်လိုအခမဲ့ပေးမလုပ်တော့။ ပညာရှင်ကြေးဆိုပြီး စာအိတ်အဖြူလေးထဲ ဒေါ်လာအချို့ထည့် ပေးတတ်သည့်အလေ့အထရှိလာသည်။ ပထမတော့အကြောက်အကန်ငြင်းပေမယ့် ကျွန်တော်မယူ လျှင်ဆောင် တော်ကူးဆိုင်ကိုဖိတ်ခေါ်တော့မှာမဟုတ်သည့်ပုံစံကြောင့်ယူရတော့သည်။ ကျွန်တော့်အ လုပ်ကလည်း ဆောင်တော်ကူးဆိုင်ကိုသွားရန်အတွက် အချိန်သပ်သပ်ခွဲပေးလေတော့ ရသည့်ပိုက်ဆံက အလုပ်ကိုတစ်ဝက်ပြန်အပ် ပြန်ခွဲပေးလိုက်၏။
“ဆိုရှယ်မီဒီယာရဲ့သဘာဝကအဲဒါပါပဲ၊ တကယ့်ခံစားချက်အပြည့်နဲ့ရေးတာမျိုး တကယ်အားစိုက် ထားတာမျိုးက လူသိမများဘဲမထင်မှတ်ဘဲ ခပ်လွယ်လွယ်ပေါ်ပင်လုပ်လိုက်လို့ပေါက်သွားတာကများ တယ်၊ အခြေအနေနဲ့အချိန်အခါကိုက်ညီတာကြောင့်လည်းဖြစ်မယ်”
ဇင်လင်းမောင်ကိုတော့ တစ်ခါတစ်လေတွေ့ရပါသည်။ ငြိမ်း၏သူငယ်ချင်းများနှင့်အကြောမတည့် သည်ကြောင့် ဆိုင်ထဲကိုတော့မလာ၊ ဆိုင်အပြင်ကနေ အပြန်လာလာကြိုတတ်တာတွေ့ရသည်။ ရန်ဖြစ်တာ ကိုတော့ သိပ်မတွေ့ရတော့။ ဇင်လင်းမောင်၏အချိုးက အရင်ကထက်စာလျှင် အဆင်ပြေ သည့်ပုံစံပေါက် လာသည်။ ကျွန်တော့်အပေါ်ကိုလည်း သိပ်တင်တင်စီးစီးမဆက်ဆံတော့။ ပြုံးပြတာမျိုး အခိုက်အတန့်ကိုတောင် လုပ်တတ်လာသည်။
သူတို့နှစ်ယောက်လက်ထပ်ဖို့သေချာသည်ထက်သေချာလာလေ ကျွန်တော်ငြိမ်းအပေါ်မခွဲနိုင်တာပိုပြီး ခိုင်မာလာလေဖြစ်လာတော့သည်။ ဟုတ်တယ်။ ကျွန်တော်ငြိမ်းကိုလက်လွတ်ဆုံးရှုံးမခံချင်ပါ။ ဘယ်လို မှ လက်မခံနိုင်ပါ။ ငြိမ်းဟာ ကျွန်တော့်ချစ်သူ၊ ကျွန်တော်အမြတ်နိုးဆုံးမိန်းကလေးဖြစ်လာခဲ့ပြီးမှ ဘာလို့ ဇင်လင်းမောင်နဲ့လက်ထပ်ရမှာလဲဆိုတဲ့အတွေးမျိုးဝင်လာသည်။ အိပ်မက်ထဲအထိခြောက်ခြားမှုများ တိုး လာလေသည်။
“ငါ ငြိမ်းနဲ့တကယ်ဝေးရတော့မှာလား”
နာကြင်မှုများနှင့် ငြိမ်းအနားတွင်ရှင်သန်နေရသည့် ဘဝက ချိုမြိန်ချင်ယောင်ဆောင်နေပေမယ့် ခါးသက် လှပါ သည်။ ရာသီဥတုသာယာသောနေ့တစ်နေ့တွင်ပဲ ကျွန်တော့်ခါးသက်မှုက အထွဋ်အထိတ်ဆီကို ရောက် လာခဲ့ပါသည်။
ရုံးပိတ်ရက်မို့အေးအေးလူလူအိပ်နေသည်မှ တံခါးခေါက်သံကြောင့်လန့်နိုးလာခဲ့၏။ ကျွန်တော့်ဆီကိုလာ လေ့ရှိသူများမှာ ကြည်သာအပြင်အခြားသူငယ်ချင်းသုံးလေးယောက်ထက်မပိုပါ။ ဒါကြောင့်မို့ သူတို့တွေ ထဲကတစ် ယောက်လို့ပဲထင်ထားခဲ့သည်။ တံခါးဖွင့်လိုက်တော့ ငြိမ်းနှင့်ဇင်လင်းမောင်ကို လက်ချင်းချိတ် ရက်တွေ့ရ လေသည်။
“အော်”
ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ကြည်ကြည်နူးနူးနှင့်ကျွန်တော့်ဆီရောက်လာသည့်အကြောင်းက တစ်ခုသောအကြောင်းကလွဲရင်အခြား ဘယ်အရာမှမဖြစ်နိုင်။
“အိမ်ထဲဝင်လေ”
“ရတယ် မဝင်တော့ဘူး၊ အခြားနေရာလည်းသွားစရာရှိလို့လေ၊ မင်္ဂလာဆောင်လာဖိတ်တာပါ”
ရင်ထဲတွင် အောင့်သက်သက်ခံစားမှုနှင့်အတူ စိတ်မကောင်းခြင်းတို့ကြီးစိုးလာခဲ့သည်။ အဲဒီအခိုက်အ တန့်ကို ကျွန်တော်ဟန်ဆောင်မှရမယ်ဆိုသောအသိနှင့်အတတ်နိုင်ဆုံးသော သရုပ်ဆောင်ခြင်းအတတ် ပညာကို အသုံးပြုရလေ၏။
“ဟာဗျာ ဒီလောက်အနီးကပ်နေပြီးတော့မသိရဘူး၊ ကျွန်တော်က တကူးတကဖိတ်ရမယ့်သူလည်း မဟုတ်ပါဘူး၊ ဒီလောက်ဝင်ထွက်သွားလာနေတဲ့ သူငယ်ချင်းပဲကို”
သူတို့၏လုပ်ပုံကတကယ်ကိုပိရိခဲ့ပါသည်။
ငြိမ်းနှင့်ကျွန်တော်သည် အဆက်အသွယ်မပြတ်ရုံတင်မက ငြိမ်းတို့အိမ်ကိုဝင်ထွက်သွားလာနေကျသူတစ် ယောက်အဖြစ် ကျွန်တော်နေထိုင်နိုင်ခဲ့သည်။ ငြိမ်း၏မိဘနှစ်ပါး၊ အိမ်မှာရှိသည့်အမျိုးများနှင့်လည်း ထိုက် သင့်သလောက်ရင်းနှီးနိုင်ခဲ့သည်။ ငြိမ်း၏မေမေက သူအကူအညီတစ်ခုခုလိုအပ်ရင် ကျွန်တော့် ကိုဖုန်း ဆက်တတ်သည့်အဆင့်အထိတောင်ရောက်လာခဲ့သည်။ စားအိမ် သောက်အိမ်မဖြစ်ရုံတမယ်ပါပဲ။ အဲဒီလိုအခြေအနေကို ကျွန်တော် ရအောင်ဖန်တီးခဲ့ခြင်းပင်။ မေသန့် တို့နှင့်လည်း တကယ့်သူငယ်ချင်း အရင်းကြီးလိုရင်းနှီးနေခဲ့တာ အခုအဖြစ်အပျက်ကိုဘာလို့ကျွန်တော် မသိရတာပါလိမ့်။
“ဇော်ထင်က ငြိမ်းတို့နှစ်ယောက်အတွက်အထူးမိတ်ဆွေမို့လို့ပါ”
ငြိမ်းဘာကိုဆိုလိုတာလဲ ကျွန်တော်သိပ်နားမလည်မိ။
“မင်းကို ငါ ဆက်ဆံပြုမှုခဲ့တာတွေအတွက်လည်း တောင်းပန်တယ်နော် ဟိန်းဇော်ထင်၊ ငါ ငြိမ်း ကိုချစ် တဲ့စိတ်နဲ့ ပြုမှုပြောဆိုခဲ့တာပါ”
“အင်းပါ ငါနားလည်ပါတယ်”
ဇင်လင်းမောင်ဆီက အဲဒီလိုသိမ်မွေ့လွန်းသောစကားကို ပထမဆုံးကြားခဲ့ရတာပင်။
“ပြီးတော့ အခုလိုမင်္ဂလာဆောင်ဖိတ်စာဖိတ်တာတို့ စီစဉ်တာတို့ကို အနီးကပ်ဆုံးမှာနေတဲ့ငါတောင်မသိ လိုက်ရပါလား၊ လုံးဝ ပိရိတယ်နော်”
“အင်း ဟုတ်တယ်၊ ငြိမ်းတို့ တိတ်တိတ်လေးစီစဉ်ကြတာပါ”
ဘာကြောင့် အဲဒီလိုတိတ်တိတ်ကလေးစီစဉ်ရသလဲဆိုတာကို ကျွန်တော်ဆက်မမေးမိတော့ပါ။ သေချာ တာကတော့ သူတို့မြန်မြန်ပြန်စေချင်ပြီ။ ဒါကိုသူတို့လည်းသဘောပေါက်ဟန်တူပါသည်။
“ခွင့်ပြုဦး၊ သွားတော့မယ်”
ကျွန်တော့်လက်ထဲဖိတ်စာကို ကိုင်ကြည့်ရက်သူတို့နှစ်ယောက်ကိုပြုံးပြမိသည်။ သူတို့နှစ်ယောက်က လည်း ကျွန်တော့်ကိုပြုံးပြပြီး လှည့်ထွက်သွားခဲ့သည်။ ဒါပေမဲ့ ဇင်လင်းမောင်။ ဇင်လင်းမောင်၏ အပြုံး က ကျွန်တော်ဘယ်တော့မှမမေ့နိုင်စရာ။
သူကျွန်တော့်ကို ရိသဲ့သဲ့ပြုံးပြခဲ့သည်။ အောင်နိုင်သူအပြုံး။ မင်း အဲဒီလောက်နဲ့တက်မလာနဲ့ ဆိုတဲ့အ ပြုံး။ တစ်ဖက်သူ က ခံပြင်းစေတဲ့အပြုံး။ သူရဲ့အဲဒီအမူအရာသေးသေးလေးတစ်ခုက ကျွန်တော့်ကို ဒေါသထွက် စိတ်ပျက် ခံပြင်း စရာရသတွေပေးစွမ်းနိုင်ခဲ့ပါသည်။
“အား”
သူတို့ ကျွန်တော့်မြင်ကွင်းထဲကကွယ်ပျောက်သွားပြီးသည့်နောက်တွင် တံခါးကိုဝုန်းခနဲပိတ် အခန်းထဲ၌ အသားကုန်အော်မိတော့သည်။ ဒူးထောက်ထိုင်ချလိုက်ပြီး သူတို့ဖိတ်စာကိုဖတ်ကာ ဆွဲဖြဲမိသည်အထိ။ ဖိတ်စာစက္ကူစများကို လွှင့်ပစ်ဖြဲကြဲလိုက်မိသည်အထိပါပဲ။
သွေးရူးသွေးတန်းဖြစ်ပြီး ကြည်သာ့ဆီကိုဖုန်းခေါ်မိလေသည်။
“ကြည်သာ ငါဘာလုပ်ရမလဲ”
သူကတော့ ကျွန်တော့်ကိုအကြံကောင်းပေးပါသည်။ မေ့လိုက်ပေါ့တဲ့။ ကျွန်တော် သူ့ကိုတစ်ခွန်း ဆဲလိုက်မိသည်။
“ငါမေ့လို့မရဘူးကြည်သာ အဲဒါကြောင့်ပဲ သူ့အနားမှာ သူလိုရာကိုဖြည့်ပေးရင် နေပေးခဲ့တာ၊ သူ့အိမ်နဲ့ အနီးကပ်ဆုံးဖြစ်အောင်နေခဲ့တာ၊ သူ့သူငယ်ချင်းတွေနဲ့အရင်းနှီးဆုံးဖြစ်အောင်ဆက်ဆံခဲ့တာ”
“ဒါပေမဲ့ မင်းဘာမှလုပ်လို့မရတော့ဘူးလေ၊ ဟိုက မင်းကိုချစ်မှမချစ်တာဘဲ၊ အစောကြီးကတည်းက မင်းလည်းသိနေတာပဲ”
“ဟင့်အင်း၊ သူငါ့ကိုချစ်ခဲ့တယ်၊ ငါ့ကိုတကယ်ချစ်တာလို့သူပြောခဲ့တယ်ကြည်သာ၊ တစ်ခါတစ်လေ သူ့ အချစ်ကိုသံသယဖြစ်မိတာကလွဲရင် ငါယုံတယ်၊ ငြိမ်းလည်းငါ့ကိုတကယ်ချစ်ခဲ့မှာပဲ”
“မင်း ကလေးလား ဇော်ထင်”
“အေး ငါကလေးမဟုတ်လို့ အခုလိုဖြစ်နေတာပေါ့”
“ဒါဆိုမင်းသိသင့်တယ်လေ၊ မင်းကိုချစ်ရင်မင်းကိုလက်ထပ်မှာပေါ့၊ ဘယ်လောက်ပဲ ဇင်လင်းမောင် နဲ့ စီစဉ်ထား စီစဉ်ထား မင်းကိုတကယ်ချစ်ရင် ဇင်လင်းမောင်နဲ့ပြန်ဆက်သွယ်စရာအကြောင်းကိုမရှိတာ”
“မသိဘူးကွာ၊ ငါ ငြိမ်းကိုလက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး”
ကျွန်တော် ကလေးတစ်ယောက်လို ရှိုက်ငိုမိသည်။
ကြည်သာကို ကျွန်တော်အားကိုးရာလူကြီးတစ်ယောက်အဖြစ်တိုင်တည်မိသည်။ ကျွန်တော့်အဖြစ်ကို အဲဒီကောင် ဘယ်လိုမှဖြေရှင်းပေးလို့မရဘူးဆိုတာလည်းကောင်းကောင်းသိသည်။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုဖြေဖျောက်ရမလဲ။ ဖြေဖျောက်နိုင်မှာလဲ။
“မင်း ကသိသိကြီးနဲ့ တိုးမိခဲ့တာပဲ ဇော်ထင်”
“ငါ..”
“ငြိမ်းမှာ ချစ်သူရှိတယ်ဆိုတာသိရက်သားနဲ့ မင်းသူ့ကိုချစ်ခဲ့တယ်၊ သူ့လိုအင်တွေကိုဖြည့်ဆည်းပေးခဲ့ တယ်၊ သူ့အနားမှာနေပေးခဲ့တယ်၊ မိန်းကလေးတစ်ယောက်အနေနဲ့ကတော့ အခိုက်အတန့်တော့သာ ယာမိမှာပဲ၊ အဲဒီသာယာမှုကို အချစ်လို့ယူဆလို့မရဘူးလေဇော်ထင်”
“ငါ့ဖက်က သူ့အပေါ်ကို အချိန်အတိုင်းအတာကြီးတစ်ခုပေးဆပ်ခဲ့ပြီးမှာ ဘာမှပြန်မရလိုက်တာကိုတော့ ငါ ဘယ်လိုစိတ်ကောင်းမှာလဲ၊ ငါသူ့အချစ်ကိုလိုချင်တယ်၊ သူ့ကိုပိုင်ဆိုင်ချင်တယ်”
“မရတဲ့ဟာကိုပြောမနေနဲ့တော့လေ၊ မင်း အခုချိန်မှာ ဒါတွေပြောလို့ဘာထူးမှာလဲ၊ ဟိုကဖြင့် လင်ယူ တော့မယ်ဟာ”
ဒီကောင်စိတ်မရှည်တော့။
ကြည်သာက ငြိမ်းအကြောင်းကို တော်တော်များများသိသားပြီးဖြစ်သည်။ ကျွန်တော်ပြောပြထားသလို သူကိုယ်တိုင်ကလည်း ကျွန်တော့်အတွက်ငြိမ်းအကြောင်းကိုစုံစမ်းထားပုံရသည်။ ဆောင်တော်ကူးဆိုင် ကိုလည်း မကြာမကြာသွားပြီး ငြိမ်းအကြောင်းကိုလေ့လာခဲ့သည်။
“ငါ…ငါ မယုံနိုင်ဘူးကွာ”
“အေးမယုံလို့မရဘူး၊ မင်းလက်ခံရမယ်၊ ပြီးတော့ မင်း ငြိမ်းကိုမေ့ရမယ်”
ဒီကောင်က အဲဒီလိုနှစ်သိမ့်ပြီး ဖုန်းချသွားခဲ့သည်။
သေချာတာပေါ့။ ညကျရင် အရက်ပုလင်းကိုင်ပြီး ကျွန်တော့်ဆီရောက်လာမှာ၊ ကျွန်တော်နှင့်အတူ ငြိမ်းအကြောင်းကိုပြောရင် မူးကြမှာ။ ကြည်သာက အဲဒီလိုသောက်ဖော်သောက်ဖက်ပါပဲ။ ကျွန်တော် ကျေနပ်အောင်တော့ စကားနှင့်မနှစ်သိမ့်တတ်ခဲ့။ နှစ်သိမ့်လျှင်လည်း ကျွန်တော်ပြေပျောက်မှာမဟုတ် ပါဘူး။ ဒီတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ။
“ငါဘာလုပ်ရမလဲ၊ ငါဘာလုပ်သင့်လဲ”
တောင်စဉ်ရေမရလျှောက်တွေးနေမိသည်။
သွားပြီ။ အရာအားလုံးဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ။ ညဖက် ကြည်သာမလာခင်လေးပဲ ငြိမ်းကိုဖုန်း ဆက်လိုက်မိသည်။ ကျွန်တော့်ဖုန်းကို ငြိမ်းကိုင်ခဲ့ပါသည်။
“ရက်စက်လိုက်တာငြိမ်းရယ်”
ကျွန်တော် ငြိမ်းကိုအပြစ်တင်မိသည်။
ဒီထက်ပိုပြီးဘာပြောနိုင်မှာလဲလေ။
“ရှင်ဘာပြောချင်လို့လဲ”
ငြိမ်း၏လေသံက ခါတိုင်းထက်မာနေသယောင်။ အင်းလေ။ အခုအခြေအနေက ကျွန်တော့်ကိုအပျော့ ဆွဲနဲ့ပြောလို့ရသောအနေအထားမှမဟုတ်တော့တာ။
“ကျွန်တော် ငြိမ်းကို မဆုံးရှုံးချင်ဘူး”
“ဘာလို့အဲဒါတွေလာပြောနေတာလဲ”
“…..”
ကျွန်တော်နှင့်ပတ်သက်၍ ငြိမ်းစိတ်မရှည်ချင်တော့တာအထင်အရှားပါပဲ။
“ငြိမ်းဘဝမှာ နောင်တအရဆုံးတစ်ခုကတော့ ရှင်နဲ့ချစ်သူဖြစ်ခဲ့မိတာပဲ ဟိန်းဇော်ထင်”
အဲဒီလိုပြောပြီးဖုန်းချသွားသည်။
ခံစားရသည်များ နည်းနည်းတော့ပြေပျောက်မလားဆိုပြီး ဖုန်းဆက်ခဲ့မိပေမယ့် သူ့အသံလေးကိုကြားချင် ခဲ့ပေမယ့် သူပြန်ပြောသည့်စကားလုံးကတော့ မသက်သာလှပါ။
သူနှင့်ပတ်သက်၍ခက်ခဲသည့်ရက်များကိုဖြတ်သန်းပြီးရင်းဖြတ်သန်းလာခဲ့လေသည်။ ကျွန်တော့်ပူဆွေး ဝမ်းနည်းမှုများက အထွဋ်အထိတ်ကိုပိုပိုပြီးရောက်လာခဲ့သည်။ သူမင်္ဂလာဆောင်တော့မယ်လေ။ ဒီ တော့ ကျွန်တော် သူနှင့်ဘယ်လိုမှနီးစပ်ခွင့်ရင်းနှီးခွင့်ရတော့မှာမဟုတ်။ သူလည်း ကျွန်တော့်ကိုအရင်လို သူငယ်ချင်းတစ်ယောက်လိုတောင်မှ ဆက်ဆံပြောဆိုလိမ့်မှာမဟုတ်။
ခံပြင်းမှုကြောင့် ကျွန်တော်နာကျဉ်းလာသည်။
“ငါ ငြိမ်းကိုမပိုင်ဆိုင်ရတော့တဲ့အတူတူ…”
ကျွန်တော် ဇင်လင်းမောင်ကိုသိပ်မုန်းတာပေါ့။ အဲဒီကောင်ကိုသတ်ပစ်ချင်လောက်အောင်မုန်းတာ ပေါ့။ ဘယ်သူမှမသိဘဲ တိတ်တိတ်လေး လူတစ်ယောက်ကိုသတ်မယ်ဆိုရင်..။ ကျွန်တော်မပိုင်ဆိုင်ရတော့ သောအရာတစ်ခုကို ကျွန်တော်မုန်းသည့်လူတစ်ယောက်ကပိုင်ဆိုင်ခဲ့တယ်ဆိုပါလျှင်….။
ကျွန်တော် လက်လုပ်ဗုံးပြုလုပ်နည်းကိုလေ့လာခဲ့မိတော့သည်။
>>>>>