“မြူခိုးရယ်…..ဝေ” အပိုင်း (၁၇)

(၁၇)

ညအမှောင်ထုကကြီးစိုးခဲ့လေပြီ။ ကျွန်တော့်ကိုစိုက်ကြည့်နေခဲ့သော ဂျက်စီကာ၏မျက်နှာပေါ်တွင် ကြင်နာသနားမှုများကိုမြင်နေရသည်။ အဲဒီမျက်ဝန်း၊ မျက်ခုံးနှင့်မျက်နှာပြင်၊ နှုတ်ခမ်းတိုသည် ငြိမ်းနှင့် တစ် ထေရာတည်းတူသောအရာများပေါ့။ ကျွန်တော်အရမ်းခုံမင်တပ်မက်ခဲ့သောအရာများပေါ့။ လူမျိုး ချင်းလည်းမတူ၊ ဘာသာချင်းလည်းမတူ၊ နိုင်ငံချင်းလည်းမတူဘဲ ဘာကြောင့်များ ရုပ်တူနေရသလဲ စဉ်း စား၍ မရနိုင်အောင်ပင်။

“အခု သူတို့လက်ထပ်ပြီးပြီပေါ့”

“အင်း ဟုတ်တယ်၊ သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ ငါ ဒီကိုလာခဲ့တာ”

“သူတို့ ရဲ့ ဟန်းနီးမွန်းက အင်ဒိုနီးရှားဆိုရင်ကော…”

ကျွန်တော် မျက်လုံးပြူးသွားမိသည်။

ညတုန်းက အိပ်မက်ထဲတွင် မြင်ခဲ့ရသောသူတို့က တကယ်များလာခဲ့တာလား။ သူတို့ ဂျာကာတာကိုတ ကယ်လာတာလားတွေးပြီး ချောက်ခြားသွားမိလေသည်။

“စတာပါ ဘာလို့အဲဒီလောက်ကြောက်သွားတာလဲ”

ကျွန်တော့်မျက်နှာအမူအရာကို သူကောင်းကောင်းဖတ်မိပုံပေါ်သည်။

“ဆောရီး တစ်ခုခုကိုတွေးမိသွားလို့ပါ”

ဂျက်စီကာပြုံးသည်။ အဲဒီအပြုံးလေးလည်းတူနေတာပါပဲ။ ရုပ်ရှင်ထဲကလို အမွှာတွေငယ်ငယ်တုန်းက တည်းက ကွဲသွားတာများလား။ ကျွန်တော်သိသလောက်ကတော့ ငြိမ်းမှာလည်းအဲဒီလိုအဖြစ်မျိုးမရှိ ပါဘူး။ ငြိမ်းမှာ ညီမတစ်ယောက်ပဲရှိတာ အဲဒီညီမကလည်း သူနဲ့ရုပ်ရော စိတ်ရောတစ်ခြားစီရယ်။

“သူက ဇော်ထင့်ကိုအသုံးချခဲ့တာပဲ”

“အိုး အမှန်ပဲ”

အဲဒီအကြောင်းတွေရော မစွန့်လွှတ်နိုင်တာတွေရောစုပေါင်းပြီး သူတို့နှစ်ယောက်ကိုကျွန်တော်သတ် ပစ်ခဲ့တာပေါ့။ တရားဥပဒေနှင့်မလွှတ်ကင်းသောအလုပ်ကို ယခင်တုန်းကလည်းမလုပ်ဖူး လုပ်ရန်လည်း ဘယ် တုန်းကမှမတွေးခဲ့သောကျွန်တော်သည် လက်လုံးဗုံးကို ကိုယ်တိုင်ဖန်တီးခဲ့သည်။ အကွက်ကျကျစီ စဉ်ခဲ့ သည်။ ငြိမ်းတို့နှစ်ယောက် ကမ္ဘာမြေကြီးကနေကွယ်ပျောက်သွားဖို့ ကြံမိကြံရာ ကြံခဲ့သည်။

“ဂျက်စီကာ”

“အင်း”

“ငါ့နေရာမှာ မင်းဆိုရင် ဘယ်လိုတုန့်ပြန်မလဲ”

“သတ်ပစ်လိုက်မှာပေါ့”

“အိုး တကယ်”

“နောက်တာပါ သူတို့ကိုသတ်ရင် ကိုယ့်အပြစ်ဖြစ်သွားမယ်လေ၊ အဲဒီတော့ ရှောင်နေတာပဲကောင်း ပါတယ်၊ မင်း ကျင့်သုံးတဲ့နည်းလမ်းကအကောင်းဆုံးပဲဇော်ထင်”

“ဟင် ဘာနည်းလမ်းလဲ”

“ရှောင်နေတာလေ၊ သူတို့ကိုရင်မဆိုင်တော့ဘဲ ဂျာကာတာကိုလာခဲ့တာ၊ စိတ်ပြေလက်ပျောက် နေနေတာ ပေါ့၊ အဲဒါဟာ အကောင်းဆုံးသောနည်းလမ်းပဲ”

ဟင့်အင်း။ အဲဒါက အကောင်းဆုံးသောနည်းလမ်းမဟုတ်ပါ။ ကျွန်တော်တကယ်ကျင့်သုံးခဲ့တာကမှ တ ကယ့်အကောင့်ဆုံးသောနည်းလမ်းပေါ့။ ဂျာကာတာကိုရှောင်လာတယ်ထားဦး။ ကျွန်တော်မြန််မာနိုင်ငံ ကို မပြန်ဘဲနေမှာမဟုတ်ဘူး။ တစ်ချိန်ချိန်တော့ပြန်ရမယ်လေ။ အဲဒီအချိန်မှာ ငြိမ်းတို့သာမြန်မာနိုင်ငံ မှာရှိနေတယ်ဆိုရင်တော့ ကျွန်တော်နဲ့မတွေ့ဘဲနေပါ့မလား။ လှည်းတန်းနားတစ်ဝိုက်က ကျွန်တော် သွားလာလှုပ်ရှားရာနေရာဖြစ်သလို ဆောင်တော်ကူးဆိုင်ရှိရာနေရာလည်းဖြစ်လေတော့ ငြိမ်းတို့ကို မတွေ့ဘဲမနေ။ ငြိမ်းနှင့်ပတ်သက်သော သူငယ်ချင်းအပေါင်းအသင်းများကိုမတွေ့ဘဲမနေ။ ကျိန်းသေတစ် ချိန်ချိန်တော့တွေ့မှာပင်။

ကမ္ဘာကြီးကရွာလေးပဲလေ။ တစ်နေ့တစ်ချိန်တွေ့သည့်အခါ ကျွန်တော်ဘယ်လိုမျက်နှာချင်းဆိုင်မလဲ။ သေချာတာကတော့ ငြိမ်းလက်ထပ်ပြီးသည့်နောက်တွင်သူ့အနားကိုအရင်လိုပဲ ပူးကပ်ပြီးလိုအင်ဆန္ဒများ ဖြည့်ဆည်းပေးနေနိုင်မှာတော့မဟုတ်။ အဲဒီလိုနေရင်လည်းဇင်လင်းမောင်ကကြိုက်မှာမဟုတ်ပါ။ ငြိမ်း ကို ကျွန်တော်ချစ်ပေမယ့် ငြိမ်းအနားမှာနေခွင့်မရှိတော့ဘူးလေ။ ငြိမ်းဟာ ကာမပိုင်လင်ယောင်္ကျားရှိ တဲ့သူမို့ နေလို့လည်းသင့်တော်မှာမဟုတ်ပါ။

ဒါဆိုကျွန်တော် ဘာလုပ်ရမလဲ။

ငြိမ်းကိုကျွန်တော့ငြိမ်းအဖြစ်နှင့်သာတွေ့ရအောင်ဘာလုပ်သင့်လဲ။ ဇင်လင်းမောင်နှင့် ခွဲဖို့ကမဖြစ်နိုင် တော့ ရွေးချယ်စရာက သတ်ပစ်ဖို့ဆိုတာပဲစဉ်းစားမိလေသည်။ ဟုတ်တယ်လေ။ ငြိမ်းကိုကျွန်တော်မေ့ ဖျောက်နိုင်ဖို့က ငြိမ်းမရှိတော့ဘူးဆိုမှရမှာလေ။

“ကျေးဇူးတင်ပါတယ် ဂျက်စီကာ၊ ငါ့ဘေးနားမှာ အချိန်တိုလေးတစ်ခုအတွင်း အကောင်းဆုံးသူငယ် ချင်းတစ်ယောက်လိုနေပေးတဲ့အတွက်ကော နားလည်ပေးတဲ့အတွက်ရော အချိန်ပေးနားထောင်ပေးတဲ့ အတွက်ရော အားလုံးအတွက်ပါ”

“အိုကေ ဇော်ထင်၊ မင်းအနေနဲ့လည်း ငါ့ရဲ့စီနီယာတစ်ယောက်အဖြစ်အလုပ်တွေသင်ပေးပါဦးနော်၊ အိုင်ဒီယာတွေမျှဝေပါဦးနော်”

“စိတ်ချပါ”

“ငါတို့ အိပ်သင့်ပြီထင်တယ်နော်၊ မနက်ဖြန်အလုပ်ဆင်းရဦးမှာမဟုတ်လား”

“အင်း၊ ဒါပေမဲ့ ပိတ်ရက်ကျရင်တော့ ငါ့ကိုတစ်နေရာရာလိုက်ပို့မယ်မှလားဂျက်စီကာ”

“သေချာတာပေါ့”

မိုးစုန်းစုန်းချုပ်ပြီမို့ အိပ်ရာဝင်သင့်ပြီလေ။ ကျွန်တော်တို့နှစ်ယောက် အခန်းကိုယ်စီဆီကိုတက်လာခဲ့ ကြသည်။ အခန်းတံခါးကိုဖွင့်ရုံပဲရှိသေး အထဲကရိပ်ခနဲမြင်လိုက်ရသည်။

“ဟင်”

ဆံပင်ရှည်ရှည်နှင့်အမျိုးသမီးတစ်ယောက်။ ငြိမ်း၏ဆံပင်လောက်ရှိမည်။ ငြိမ်းများလား။ ကျွန်တော်ခဏ မျှ စူးစမ်းကြည့်လိုက်မိပြီး မီးခလုတ်ကို ချောက်ခနဲဖွင့်ချလိုက်သည်။

မီးလည်းလင်းလာရော ဘာမှမတွေ့ရတော့။

“ဂျက်စီကာ”

ဂျက်စီကာများအထဲရောက်နေသလားတွေးပြီးခေါ်ကြည့်မိသည်။ ဒါပေမဲ့ အခုလေးတင်ပဲ ဂျက်စီကာနှင့် ကျွန်တော် လမ်းခွဲလာတာလေ။ သူ့အခန်းဆီကိုပြန်သွားတာ ကျွန်တော်မျက်ဝါးထင်ထင်မြင်ခဲ့ရတာမို့ ဘယ်လိုမှမဖြစ်နိုင်။

“ဇော်ထင်”

ကျွန်တော့်နာမည်ခေါ်သံကြားလိုက်ရပြန်သည်။ ငြိမ်း၏အသံမှန်းသိပ်သေချာတာပေါ့။ အသံလာရာနေ ရာက ရေချိုးခန်းရှိရာဖက်မှာ။ ကျွန်တော်အပြေးသွားလိုက်ပြီး ဟိုဟိုဒီဒီရှာကြည့်ပေမယ့် ဘာမှမတွေ့ ရတော့။ သေချာပြီ။ ကျွန်တော်သရဲခြောက်ခံနေရတာ။ ငြိမ်းတို့မကျွတ်သေးတာ။

“ဟေ့ကောင်”

ဇင်လင်းမောင်၏ခေါ်သံအတိုင်းကြားရပြန်သည်။

သူတို့နှစ်ယောက်၏ဝိဉာဉ် ကျွန်တော့်အခန်းထဲရောက်နေတာများလား။ ကျွန်တော် သူတို့နှစ်ယောက် ၏နာမည်ကိုတစ်လှည့်စီခေါ်မိလေသည်။ ဘာသံမှထပ်မကြားရတော့။ ကုတင်ပေါ်ပြေးတက်လိုက်ကာ ရသမျှဘုရားစာတွေရွတ်နေမိတော့သည်။

ခဏကြာတော့ ကျွန်တော့်စိတ်များတည်ငြိမ်နိုင်လာသည်။

သူတို့ မကျွတ်မလွတ်သေးလို့ ခဏတာရန်ရှာနေတာပါလေ လို့ပဲစိတ်ထဲတွေးလိုက်ကာ မေတ္တာသာ ပို့နေမိတော့၏။ မိုးလည်းတော်တော်ချုပ်နေပြီ။ ညသုံးနာရီထိုးသံ ဒေါင်ခနဲမြည်သွားခဲ့သည်။ ကျွန်တော် အိပ်မှရတော့မည်။ မနက်ဖြန်အလုပ်ဆင်းရမယ်မဟုတ်လား။

တိုက်ခန်းတွင်တစ်ယောက်တည်းနေလာသူမို့ သိပ်မကြောက်တတ်တာကြောင့် အခုအခြေအနေကို တော်တော်ကျေနပ်ရမည်။ တော်ရုံကြောက်တတ်သူဆိုလျှင်တော့ သွေးပျက်ပြီးသေသွားမလားပဲ။ ကျွန်တော့်ကို သူတို့နှစ်ယောက်ခြောက်နေခြင်းသည် စိတ်ချောက်ချားမှုတစ်ခုပဲဖြစ်မှာပါလို့ ဇွတ်တွေးပြီး ဘုရားတရားသာတမိလိုက်လျှင် အရာရာအေးချမ်းတည်ငြိမ်သွားတာပါပဲလေ။

နောက်နေ့ အလုပ်ထဲရောက်တော့ ဂျက်စီကာက ခါတိုင်းထက်နောက်ကျလို့နေလေသည်။ ကျွန်တော် အလုပ်ကိုရောက်ပြီးတော်တော်ကြာမှ သူရောက်လာသည်။ လက်ထဲတွင်လည်း သုံးဆင့်ချိုင့်တစ်လုံးနှင့်။ သူ့ပုံစံက မြန်မာမိန်းကလေးနှင့်ပိုလို့တောင်တူနေသေးသည်။

“နောက်ကျတာအပြစ်မတင်ပါနဲ့နော်၊ ညက အိပ်ရာဝင်နောက်ကျလို့ပါ”

ကျွန်တော့်ကို သူ့စီနီယာတစ်ယောက်ပုံစံနှင့်လေးလေးစားစားတောင်းပန်တော့ ကျွန်တော်ကျေနပ်ရ သည်။ ဂျက်စီကာကိုမြင်တိုင်း အတိတ်ကိုပြန်ပြီးတော့ရောက်နေသလို အိပ်မက်မက်နေသလိုပါပဲ။ တစ် ခုရှိတာက ကျွန်တော်၏ ငြိမ်းပုံစံထက် ဂျက်စီကာပုံစံကိုပိုသဘောကျပါသည်။ ငြိမ်းက ကျွန်တော့်ကိုအဲ ဒီလောက်ထိ ညင်ညင်သာသာမဆက်ဆံဖူးဘူးလေ။ ဂျက်စီကာ၏အကြည့်၊ အပြုံး၊ မျက်လုံးများက ငြိမ်းထက်ပိုပြီးနူးညံ့ပါသည်။ အဲဒါကပဲသူတို့နှစ်ယောက်၏အဓိကကွာခြားချက်တစ်ခုပင်။

နေ့လည်စာစားချိန်ရောက်တော့ သူကျွန်တော့်ကိုလာခေါ်သည်။ နေ့လည်စာတူတူစားမယ်တဲ့။ ဆိုင်မှာ စားမယ်ထင်ထားပေမယ့် သူက ရုံးရှိကန်တင်းကိုခေါ်ကာ သူပြင်ပေးထားသောနေ့လည်စာကိုစားစေ တော့သည်။

“ဟင်”

အမဲနံရိုးကင်။ ကျွန်တော်အရမ်းကြိုက်သည့်အစားအစာပေါ့။

“ဒါက”

“ယူ့အတွက် မနက်စောစောထပြီး လုပ်လာပေးတာ”

“အိုးမိုင်ဂေါ့ ဂျက်စီကာ မင်းကဟင်းချက်လည်းရတယ်လား၊ လုံးဝ အံအားသင့်စရာပဲ”

ဂျာကာတာ၏နာမည်ကြီးအစားအစာထဲတွင် အမဲနံရိုးကင်လည်းပါလေသည်။ ဂျက်စီကာချက်ထားသော အမဲနံရိုးကင်ဟင်းသည် ကျွန်တော်သိပ်ကြိုက်သည့်ဆိုင်ကလက်ရာအတိုင်းပါပဲ။ ဧရာမအမဲရိုးများ ကိုပေါင်း ပြီး ပြန်ကင်ထားတာဖြစ်သည်။

“ဒါ ကိုယ်သွားစားနေကျဆိုင်ကပုံစံနဲ့တူတယ် ဂျက်စီကာ၊ မင်း ဘယ်လိုလုပ်သိသလဲ”

“သိတာတော့မသိပါဘူး၊ ကြိုက်မယ်တော့ထင်ထားတယ်၊ ဂျာကာတာရောက်ရင် ဒီအစားအစာတွေ က စားတဲ့သူများတယ်ဆိုတော့လေ”

မြန်မာကလူတော်တော်များများ အမဲသားရှောင်တတ်မှန်း ဂျက်စီကာသိပုံမရပါ။

ကျွန်တော်ကတော့ အစုံစားသတ္တဝါ။ ပြီးတော့အမဲနံရိုးကင်ဆိုတာကလည်းအကြိုက်ဆုံးအစားအစာ ထဲမှာပါလေသည်။ ဂျာကာတာရောက်တိုင်း ရှာဖွေစားသောက်ရသောအစားအစာထဲတွင် အမဲနံရိုးကင် လည်းပါတာပေါ့။ သွားစားနေကျဆိုင်မှာဆို တစ်ပွဲကိုအမေရိကန် ငါးဒေါ်လာလောက်ပေးရသည်။ အ ရမ်းမိုက် အရမ်းကြိုက်မိသည့် အစားအစာပေါ့။

အမဲရိုးများကိုသေချာပေါင်းပြီးအိုးကြီးထဲထည့်ထား၊ အကင်စားမည့်သူဆိုလျှင် တော့ ဆော့ကောင်း ကောင်းသုတ်ပြီးကင်ပေး၊ စွပ်ပြုတ်သောက်မည့်သူဆိုလျှင်တော့ ဧရာမဟင်းရည်အိုးကြီးထဲထည့်ပြီးစွပ် ပြုတ်လုပ်ပေးသောဆိုင်ကြီး။ လမ်းဘေးဆိုင်ကြီး။ ဂျက်စီကာနှင့်အတူ တစ်ခေါက်လောက်တော့ သွားရန် စိတ်ကူးလိုက်သည်။ သူ့ကိုဝယ်ကျွေးနိုင်တာပေါ့။ ဂျာကာတာရောက်လျှင် မီလျံနာဖြစ်ခွင့်ရှိတယ်လေ။ ငွေကြေး ဖောင်းပွသည့်နေရာဆိုတော့ ပိုက်ဆံအတန်ကြီးများများကိုင်နိုင်တာပေါ့။ အင်ဒိုနီးရှား တစ်ရူပီကို မြန်မာကျပ် ၀.၀၉၈ လောက်ပဲရှိသည်။ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို အင်ဒိုနီးရှားရူပီ ၁၄၀၀၀ လောက်ရှိသည်။

“အရသာရှိလိုက်တာ ဂျက်စီကာရယ်၊ မင်းအဲဒီလောက်တော်လိမ့်မယ်မှန်းကိုယ်မခန့်မှန်းမိဘူး၊ ဒါ ကိုယ် ကြိုက်တဲ့ဆိုင်ကလက်ရာအတိုင်းပဲ”

“ကြိုက်တယ်ပြောတာ တကယ်ကျေးဇူးတင်ပါတယ်၊ လုပ်ပေးရကျိုးနပ်တယ်”

“နေ့တိုင်းစားခွင့်ရမယ်ဆိုရင် ကောင်းကင်ဘုံကိုရောက်နေသလိုပဲခံစားရမယ်၊ ဒါနဲ့ ဂျက်စီကာ မင်းမှာ ချစ်သူရှိလား”

“နိုး၊ ချစ်သူနဲ့ပြတ်လို့ ဂျာကာတာကိုထွက်လာခဲ့တာ၊ သူကတော့ မြို့မှာကျန်ခဲ့တယ်”

“အိုး မင်းသူ့ကိုစိတ်နာလို့ထွက်လာတာပေါ့”

“အင်း အဲဒါလည်းပါတယ်၊ တစ်ဖက်ကလည်း ဂျာကာတာမှာအလုပ်လာလုပ်ချင်တဲ့သဘောပါ”

“မင်းရဲ့ချစ်သူကို ကိုယ်ကျေးဇူးသိပ်တင်တယ် ဂျက်စီကာ”

“ဘာလို့လဲ”

“သူနဲ့သာမပြတ်ရင် မင်း ဂျာကာတာကိုဘယ်ရောက်လာပါ့မလဲ၊ အဲဒီတော့ ကိုယ် ဒီအမဲနံရိုးကင် ဘယ် စားရပါ့မလဲ၊ ဟုတ်တယ်ဟုတ်”

“တော်တော်နောက်တဲ့ ဇော်ထင်ပဲ”

ဂျက်စီကာ သွားပေါ်အောင်ရယ်နေသည်။ ကျွန်တော့်ရင်ထဲထိတ်ခနဲ။ ငြိမ်းကိုဖြစ်ပေါ်ခဲ့သည့်ခံစားမှုလား ဆန်းစစ်မိလေ၏။

ကျွန်တော်တို့နှစ်ယောက်တွေ့တာရက်ပိုင်းလေးပဲရှိသေးသည်။ အဲဒီခဏမှာ ဘာလို့ဒီခံစားချက်ဖြစ်ပေါ် နေရသလဲဆိုတာ အကြောင်းပြချက်ကတစ်ခုတည်းသာ။ ဂျက်စီကာဟာ ငြိမ်းနဲ့သိပ်တူနေလို့ပေါ့။

ဒါတင်မကပါဘူး။ ကျွန်တော့်ကိုအရာရာဂရုစိုက်တတ်သည့်ကောင်မလေးတစ်ယောက်ကိုကျွန်တော်တွေ့ ရှိခဲ့ပြီဖြစ်သည်။ သူ ကျွန်တော့်ကိုရင်ထဲကပါပါနဲ့ကို ဂရုစိုက်တာပါ။ ဂျက်စီကာ၏ ကျွန်တော့်အပေါ်မေ တ္တာမှန်ကိုသိလိုက်ရသည့်နေ့က မြို့ဟောင်းကိုသွားလည်သည့်နေ့ပေါ့။ အဲဒီနေ့ဟာ ကျွန်တော်တို့နှစ် ယောက်၏ရင်းနှီးမှုပိုတဲ့နေ့လည်းဖြစ်လာလေသည်။

>>>>>