“မြူခိုးရယ်…..ဝေ” အပိုင်း (၁၈)

(၁၈)

“ဟာ ဇင်လင်းမောင်”

ဖျတ်ခနဲတွေ့လိုက်ရသည်။ ကျွန်တော့်မျက်လုံးထဲမှာ အသေအချာကိုတွေ့လိုက်ရတာပါ။ ဂျာကာတာမြို့ ဟောင်း၏ တစ်နေရာ၌ အသေအချာကိုတွေ့တာ။ မှတ်မှတ်ရရ တရုတ်တန်းကိုမရောက်ခင် အဆောက် အဦဟောင်းတစ်နေရာထဲကနေထွက်လာပြီး ကျွန်တော့်ကို စူးရဲရဲ့ကြည့်နေခဲ့သည်။

“ဇင်လင်းမောင်”

ကျွန်တော် အသံခပ်ကျယ်ကျယ်အော်လိုက်တော့ ဂျက်စီကာ လန့်သွားခဲ့၏။

ခေါင်းစွပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုဝတ်ထားတာသေချာတာပေ့ါ။

“ဇော်ထင်၊ ဘာဖြစ်လို့လဲ”

“ငါ ငါ တွေ့လိုက်တယ်”

ကျွန်တော့်ပုံစံကသွေးပျက်နေပြီ။

ညဖက်ဆိုရင်လည်း လာလာနှိပ်စက်နေကျ၊ အခုနေ့ခင်းဖက်တောင် ကျွန်တော့်ကိုလာပြီးခြောက်လှန့် နေတာများလား။

ဟင့်အင်း။ ဒါ လူအရှင်လတ်လတ်ကြီးရယ်။ ကျွန်တော်သေသေချာချာကိုမြင်လိုက်တာ။ သူ တရုတ် တန်းဖက်ကိုလှည့်ထွက်သွားခဲ့၏။ သူ့အကြည့်က ဇင်လင်းမောင်မှန်းအသေအချာသိနေခဲ့တာပင်။

“ဘာတွေ့တာလဲ”

“ဇင်လင်းမောင်၊ ငြိမ်းရဲ့ရည်စား”

အခုချိန်ဆိုရင်တော့ ငြိမ်း၏ခင်ပွန်းပေါ့။

“ဘယ်သူ့မှမရှိပါဘူးဇော်ထင်ရဲ့၊ ဒါကမြို့ဟောင်းလေ၊ အဆောက်အဦအဟောင်းတွေပဲရှိတာတွေ့ တယ်မှလား”

ဂျက်စီကာတော့ဘယ်မြင်ပါ့မလဲ။ မြင်ရင်လည်းသိမှာမှမဟုတ်တာ။

ကျွန်တော်တို့ ဂျာကာတာမြို့ဟောင်းကိုလာလည်ခဲ့ပါသည်။ အားလပ်ရက်လည်းဖြစ် သွားမယ်လို့ပြော ထားကြတာလည်းဖြစ်တာကြောင့် ကျွန်တော်တို့နေသည့် နေရာနှင့်သိပ်မဝေးသော အဲဒီနေရာကိုလာ ခဲ့ခြင်း ပင်။

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်ဂျာကာတာ၌ စိတ်ဝင်စားစရာနေရာအများကြီးပါ။ ဒါပေမဲ့အဲဒီအထဲက မှ သမိုင်းဝင်နေရာ အဖြစ် မြို့ဟောင်းကိုစိတ်ဝင်စားခဲ့တာပင်။ ဂျာကာတာမြို့ဟောင်း (Jakarta Old Town) ကို Kota Tua လို့လည်းခေါ်ပါသည်။ မူလမြို့ဟောင်း နေရာပေါ့။ ပုံမှန်အမြင်နှင့်တော့ ဘာမှထွေထွေထူးထူးမတွေ့ရပါဘူး။ မြို့ပျက်ကြီးတစ်ခုကို ဘာမှပြင်ဆင်မထားဘဲ ပျက်စီးနေသည့် လက်ရာအတိုင်းတွေ့ရတာပါပဲ။ ဒါပေမဲ့ သူတို့အနေနဲ့ကတော့ တော်တော်တန်ဖိုး ထားပါသည်။

ပါဖော့မန့်များပြပြီးဆွဲဆောင်တာ၊ သရဲ၊ အရုပ်ပုံတွေလုပ်ပြီး ဓါတ်ပုံရိုက်စေတာမျိုးတွေစုံ လို့ပါပဲ။ ဒက်ချ်လူမျိုးများ၏ စတိုင်အဆောက်အဦဟောင်းများဖြစ်ပြီး ၁၇ ရာစုကာလကလို့ သိရပါသည်။ အဲဒီက တရုတ်တန်းကနာမည်ကြီးလှသည်။ ဂျာကာတာမြို့ဟောင်း၏အချက်အချာမှာရှိပြီး တော်တော် ကျယ်ဝန်းလှသော တရုတ်တန်းပါ။ ထုံးစံအတိုင်း အမှတ်တရပစ္စည်းတွေဘာညာဝယ်လို့ရတာ ပေါ့။

မြောက်ဂျာကာတာနှင့် အနောက်ဂျာကာတာကြား ၁.၃ စကွဲကီလိုမီတာရှိတယ်လို့ ဂျက်စီကာက ရှင်းပြသည်။ ကျွန်တော်တို့ကျတော့ ကုလားဖြူတွေ (အင်္ဂလိပ်တွေ) သိမ်းပိုက်လို့သူ့ကျွန်ဘဝကို ကျရောက်ခဲ့သလိုပဲ သူတို့ကိုလည်း ဒက်ချ့်လူမျိုးတွေသိမ်းပိုက်တာကြောင့် အဆောက်အဦတွေက ဒက်ချ့်တို့၏လက်ရာ ဖြစ်နေတာပေါ့။ မြို့ဟောင်းထဲတွင် အဆောက်အဦဟောင်းများနှင့် ရဲတိုက်ကြီး များရှိပါသည်။

“ဆိပ်ကမ်းမြို့ကြီးဖြစ်ခဲ့တယ်နဲ့တူနော်၊  ဆိပ်ကမ်းနဲ့ပတ်သက်တဲ့အငွေ့အသက်တွေ၊ လက်ရာပစ္စည်း တွေချည်းပဲ၊ကို လိုနီလက်ရာတွေကို ထိန်းသိမ်းထားတဲ့မြင်ကွင်းကို ကြည့်ချင်ရင်တော့ ဒီနေရာကိုမ ဖြစ်မနေလာသင့်တယ်”

“အင်း ဓါတ်ပုံရိုက်လို့တော့သိပ်မကောင်းဘူး”

ရှုခင်းကောင်းကောင်းတော့သိပ်မရှိပေမယ့် လေ့လာရေးကိုစိတ်ဝင်စားရင်တော့ အကြိုက်ပေါ့။ ဂျက်စီ ကာနှင့် နှစ်ယောက်သားဟိုပြောဒီပြောလုပ်နေရင်းမှ ဇင်လင်းမောင်ကိုတွေ့လိုက်ခြင်းပင်။

“သေချာတွေ့လိုက်တယ်”

“ဘယ်နားမှာတွေ့လိုက်တာလဲ”

“ဟိုဖက်နားမှာ”

ကျွန်တော် ဂျက်စီကာ့ကိုညွှန်ပြလိုက်သောနေရာတစ်ဝိုင်တွင် ဘာမှမတွေ့ရတော့ပါ။

“အထင်မှာလို့နေမှာပါဇော်ထင်ရဲ့၊ သူတို့ဒီကိုဟန်းနီးမွန်းတော့မလာလောက်ဘူး၊ မြန်မာနိုင်ငံကလူတွေ လာရင်တော့ ဘာလီကိုပဲအသွားများတယ်လေ၊ ဂျာကာတာမြို့ဟောင်းက ညားခါစလင်မယားကိုအဲဒီ လောက်ဆွဲဆောင်အားကောင်းစေပါ့မလား”

ဂျက်စီကာပြောတာလည်းမှန်ကောင်းမှန်နိုင်တာပေါ့။

သူက ဇင်လင်းမောင်တို့ကိုအသက်ရှင်ရက်ရှိနေသေးတဲ့ပုံစံနဲ့မြင်တာကိုး။ ငြိမ်းတို့နှစ်ယောက်ဟန်းနီး မွန်းထွက်ကြမည်။ အင်ဒိုနီးရှားနိုင်ငံကိုရွေးချယ်ကြမည်ပေ့ါ။ ကျွန်တော်ထင်တာကတော့အဲဒီလိုမဟုတ်၊ ကျွန်တော့်ကို ဇင်လင်းမောင်၏ဝိဉာဉ်ဒါမှမဟုတ်မသေသေးသည့်ဇင်လင်းမောင်က တမင်တကာလိုက်လံ ခြောက်လှန့်နေတာဆိုတဲ့အမြင်။

ကျွန်တော် အင်ဒိုနီးရှားကိုလာတယ်ဆိုတာသူတို့သိတယ်ဆိုဦးတော့။ ဂျာကာတာကိုလာတယ်ဆိုဦး တော့ ကျွန်တော့်အလုပ်ကိုသူတို့လွယ်လွယ်မသိနိုင်၊ ကျွန်တော်သွားလာတတ်သည့်နေရာများကိုလည်း သူတို့ လွယ်လွယ်မသိနိုင်ပါဘဲနှင့်များ ဘယ်လိုလုပ်ကျွန်တော့်ကိုရှာတွေ့ရတာပါလိမ့်။

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသည် ဂျားဗားကျွန်း၏ အနောက်မြောက်ဘက် ကမ်းရိုးတန်း ပေါ်တွင် တည်ရှိပြီး ၂၅၅ စတုရန်းမိုင် (၆၆၁ စတုရန်းကီလိုမီတာ) ရှိသည်။၂၀၁၀ ခုနှစ် လူဦးရေ စာရင်း အရ လူဦးရေ ၉,၅၈၀,၀၀၀ ဦး နေထိုင်သည်ဟု ဝီကီပီးဒီးယားတွင်ဖော်ပြထား၏။ အဓိကမြို့တော်ဖြစ် သည်ကြောင့် နိုင်ငံ၏ စီးပွားရေး၊ ယာဉ်ကျေးမှုနှင့် နိုင်ငံရေးဗဟိုဌာနလို့လည်း ဆိုပါသည်။ အရှေ့တောင် အာရှတွင်လူဦးရေ အများဆုံးမြို့ဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒသမမြောက် အကြီးဆုံးမြို့ ၊ အဲဒီမြို့ကို အရင်က ဘာတေးဗီးယားမြို့လို့လည်းခေါ်တွင်ကြသည်။

“အင်းလေ၊ အမှတ်မှားတာပဲနေမှာပါ”

ကျွန်တော်သေသေချာချာတွေ့တာတော့အမှန်ပင်။ ဒါပေမဲ့ ဂျက်စီကာ့ကို ဖြေသိမ့်လိုက်တော့သည်။

“ဂျာကာတာရဲ့အားသာချက်ကဘာလဲ”

ကျွန်တော့်စိတ်ထဲတစ်မျိုးဖြစ်သွားတာကို ရိပ်မိသွားသလားမပြောတတ်။ ဂျက်စီကာက စကားလမ်း ကြောင်းလွှဲပြောပေးလေသည်။

“သူများတွေအမြင်တော့မသိဘူး၊ ကိုယ့်အမြင်ကတော့ရှင်းတယ်၊ စျေးဝယ်စင်တာတွေပေါတယ်၊ နာမည် ကြီးတံဆိပ်တွေစျေးသက်သာတယ်၊ အစစ်ဟုတ်မဟုတ်တော့မသိဘူး၊ ဟိုတစ်နေ့ကအလုပ်က အပြန် ဝယ်တဲ့အကျီတံဆိပ်ကရန်ကုန်မှာဆိုရင် အနည်းဆုံး ၁၅ ဒေါ်လာလောက်ရှိတယ်၊ ဒီမှာကတော့ ၈ ဒေါ်လာတောင်မကျဘူး၊ တစ်ဝက်လောက်ကိုသက်သာတာ၊ ဒီကထုတ်တာကြောင့်လည်းဖြစ်နိုင်ပါ တယ်၊ ပြီးတော့ အင်ဒိုနီးရှားလာရင် မီလျံနာဖြစ်တယ်လေ၊ ထမင်းတစ်ခါစား ငါးသောင်းလောက် ပဲပေးရတာ ဆိုတော့ ပျော်စရာကြီး၊ မြန်မာငွေနဲ့တွက်ရင်လေးငါးထောင်တောင်မကျဘူး”

“မြန်မာနဲ့ယှဉ်ရင်ငွေကြေးဖောင်းပွတာပေါ့”

“အင်း၊ ဟုတ်တယ်၊ စျေးဝယ်စင်တာတွေမှာ ရောင်းနေတဲ့အရောင်းစာရေးမလေး တွေကို သူတို့ရဲ့ လစာအကြောင်းမေးကြည့်တော့ တစ်လကို အင်ဒိုနီးရှားငွေ သိန်းငါးဆယ်ကျော်ရ တယ်ဆိုပဲ။ ဒါပေမဲ့ အဲဒါက စားသောက်လို့လောက်ရုံပါတဲ့၊ ငွေကြေးဖောင်းပွတာများပြောပါတယ်၊ မြန်မာနိုင်ငံမှာ သိန်း ၅၀ ကျော်ဆိုရင် အရင်းအနှီးလေးတစ်ခုလုပ်ပြီးကိုယ်ပိုင်အလုပ်လုပ်လို့ရပြီလေ၊ လုပ်ငန်းသေး သေးလေးပေါ့”

“အော် ဒါဆို ယူ့အတွက်က ဂျာကာတာဟာ အံအားသင့်ဖွယ်ပေါ့”

“ဒါပေါ့၊ အခြားအံအားသင့်ဖွယ်အကြောင်းတစ်ချို့လည်းရှိသေးတယ်၊ ဒီကပြတိုက်တွေ၊ စျေးဝယ်စင် တာထောင်ချီရှိတာတွေက တကယ်ကိုလည်လို့ပတ်လို့မကုန်တဲ့ကိစ္စ”

“အင်း၊ ဟုတ်တယ်၊ ဂျာကာတာမှာ ပြတိုက်ပေါင်း ၁၄၂ ခုရှိတယ်၊ အဲဒီတော့ သမိုင်းကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ပြ တိုက်တွေကိုသွားလေ့လာတာနဲ့တင်အချိန်ကုန်မြန်တာပေါ့၊ စျေးဝယ်စင် တာပေါင်း မြောက်မြားစွာ ရှိတယ်၊ အိုင်တောင်အကုန်မရောက်ဖူးဘူး၊ ပလာဇာ အင်ဒိုနီးရှား၊ Grand Indonseia စျေးဝယ်မြို့တော်၊ Senayan City and Pacific Place, Ciputra World Jakarta တို့က ထင်ရှားတယ်လေ”

“ဂျာကာတာကိုရောက်တုန်းမဖြစ်မနေရောက်သင့်တဲ့နေရာတစ်ခုကိုညွှန်းကြည့်”

“နာမည်အကြီးဆုံး Landmark ဖြစ်တဲ့ National Monument ပေါ့၊ ၁၃၂ မီတာ ရှိတဲ့အထိမ်း အမှတ်ကျောက်တိုင်ကိုသွားရောက်ကြည့်ရှု စေချင်တယ်၊ မဖြစ်မနေညွှန်းဆိုချင် တဲ့အခြားနေရာတွေက တော့ Ancol Dreamland (ပျော်မယ်ပါးမယ်ဆိုရင်ပေါ့)၊ National Museum၊ National Monument, National Gallery နဲ့ Jakarta Arts Theater တို့ပဲ၊ ပါတိတ်တွေဝယ်ဖို့လည်းမမေ့ပါရဘူး၊ အင်ဒိုနီးရှား ပါတိတ်တွေက ကွာလတီအရမ်းကောင်းတယ်”

“ဒါပေမဲ့ စျေးကြီးတယ်”

သူဟက်ဟက်ပက်ပက်ရယ်ပါသည်။ ပြီးတော့ ကျွန်တော့်ကိုလက်ညိုးထိုးပြီး ယူကသဌေးလေ၊ ဘာလို့ အဲဒီစကားပြောတာလဲတဲ့။

“ဟာ”

ကျွန်တော်တို့ရယ်ရယ်မောမောအခြေအနေမှာပဲ သူပေါ်လာပြန်လေသည်။ ဇင်လင်းမောင်။ ဒီတစ် ခါတော့ ခုနကလိုလှည့်ထွက်သွားတာမဟုတ်။ ဂျက်စီကာ၏အနောက်တည့်တည့်မှာမတ်တပ်ရပ်ပြီး ကျွန်တော့်ကို စူးရဲရဲကြည့်နေပြန်လေသည်။

“ဇင်လင်းမောင်”

ကျွန်တော်သူ့ကိုခေါ်ပြီး အင်္ကျီကိုဆောင့်ဆွဲမည်အကြံနှင့်ဂျက်စီကာ့ကိုတွန်းဖယ်မိသည်။

“အိုး ဇော်ထင်”

ဂျက်စီကာဟန်ချက်ပျက်ကာ လဲကျတော့မည်အပြု ကျွန်တော်လှမ်းဆွဲလိုက်သည်။

“ဆောရီး”

“ဟင်”

ဇင်လင်းမောင်ကိုပြန်အကြည့်မရှိတော့ပါ။

“ဟာ ဘယ်ရောက်သွားတာလဲ”

“ဇော်ထင် ဘာဖြစ်တာလဲ”

“ကိုယ် သေချာတွေ့လိုက်တယ်ဂျက်စီကာ၊ သေသေချာချာကိုတွေ့လိုက်တာ ဒီနေရာမှာမတ်တပ်ရပ် ပြီး ကိုယ့်ကိုကြည့်နေတာ”

ကျွန်တော်အပြေးတစ်ပိုင်းလိုက်ရှာမိသည်။

သူဘယ်နေရာတွေကိုပြန်ပြေးထွက်သွားနိုင်သလဲပေါ့။ ဂျာကာတာမြို့ဟောင်းအနှံ့။ ဂျက်စီကာကတော့ အရူးတစ်ပိုင်းလိုပြေးပြီးလိုက်ရှာနေသည့် ကျွန်တော့်အနောက်ကို တစ်ကောက်ကောက်လိုက်ရင်းပေါ့။ နောက်ဆုံး ကျွန်တော်မောလာသည်။ ချွေးတွေလည်းပြန်လို့။ ဂျက်စီကာလည်းမောလောက်ပြီပေါ့။

“သူ့ကိုတွေ့ရင်ဘာလုပ်မလို့လဲဇော်ထင်၊ သူကရော ဇော်ထင့်ကိုတွေ့ရင်မခေါ်ဘဲထွက်သွားမယ့်သူမို့လို့ လား၊ အခြားဘာအကြောင်းရှိလို့လဲ”

သူသံသယမဖြစ်ဘဲမနေနိုင်ပါ။ ကျွန်တော့်လုပ်ရက်တွေက တစ်မျိုးဖြစ်နေမှာပေါ့။ ဒီတော့မှ အနေအ ထိုင်ဆင်ခြင်ဖို့ကိုသတိရလာသည်။

“မရှိပါဘူး”

“အိုင်တော့ ယူ့ဆီမှာ အိုင့်ကိုမပြောဖြစ်တဲ့ သူတို့နဲ့ပတ်သက်တဲ့အကြောင်းတစ်ခုခုတော့ရှိလိမ့်မယ် ထင်တယ်ဇော်ထင်၊ ယူ့ပုံစံကြည့်ရတာပုံမှန်မဟုတ်ဘူး၊ တစ်ခုခုကိုကြောက်နေသလိုပဲ”

“ဟာ ကိုယ်အဆင်ပြေပါတယ်ဂျက်စီကာ၊ ဘာမှမရှိဘူး အိုကေတယ်၊ အိုကေတယ်”

ကျွန်တော့်မျက်လုံးများက ဟိုဟိုဒီဒီကိုလည်းကြည့်ရသည်။ ဟိန်းဇော်ထင်၏ဘဝတွင် အခုလိုမျိုးခြောက် ခြားလှသော ရက်များကို ဖြတ်သန်းရလိမ့်မယ်ဟု ဘယ်တုန်းကမှမတွေးခဲ့ဖူးပါ။

“ယူ ချွေးတွေတစ်အားထွက်နေတယ်ဇော်ထင်၊ သုတ်လိုက်ဦး”

သူပေးသည့် တစ်သျှူးကိုလှမ်းယူကာချွေးများသုတ်ပစ်လိုက်သည်။ ဇောချွေးတွေထင်ပါရဲ့။ ကျွန်တော့်ကို အားမရတော့ ဂျက်စီကာက ကိုယ်တိုင်သုတ်ပေးခဲ့သည်။ သူ့ကြင်နာမှုကိုတွေ့လိုက်ရသည်။ ကွင်း ကွင်းကွက်ကွက်မြင်လိုက်ရသည်။ အိုး။ ဂျက်စီကာဟာ ကျွန်တော့်ကိုမေတ္တာပါပါနှင့်ဆက်ဆံနေခဲ့တာ ပါလား။

“ဂျက်စီကာ”

“အင်း”

“ကိုယ်တို့ပြန်ကြစို့နော်”

“ကောင်းပြီလေ”

ပြန်ပြီးနားမှဖြစ်တော့မည်။ မဟုတ်ရင် ကျွန်တော်စိတ်တော်တော်နှင့်တည်ငြိမ်လာမှာမဟုတ်။ ဒီပုံစံ အတိုင်းဆိုပါလျှင် အချိန်ဘယ်လောက်ကြာကြာကြောက်လန့်နေရဦးမလဲမသိ။ ဂျက်စီကာက ကျွန်တော် ကြောက်နေသည့်ပုံစံကိုကောင်းကောင်းရိပ်မိသည်။ ကျွန်တော့်လက်ကိုဆုတ်ကိုင်ထားပေး၏။ အဲဒီကြား ကပဲ ကြောက်စရာတစ်ခုကိုတွေ့မိပြန်သည်။

“အား”

ကျွန်တော်အော်လိုက်တော့ ဂျက်စီကာက ခွက်ထိုးခွက်လှန်ရယ်တော့သည်။

အဆောက်အဦကြားထဲကထွက်လာသည့် သရဲတစ်ကောင်။ တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံဝတ်၊ ဦးထုတ်အနက်ရောင်ဆောင်းထားပြီး မျက်နှာပေါ်မှာဖြူဖပ်ဖြူရော်လိမ်းခြယ်ထားသည့် တရုတ်သရဲပုံစံ သရဲတစ်ကောင်ပေါ့။ သရဲအစစ်မဟုတ်။ ဂျာကာတာမြို့ဟောင်းကိုလာလည်လျှင် ဓါတ်ပုံတွဲရိုက်လို့ရ အောင် ဖန်တီးထားသည့်လူတွေပင်။

>>>>>