(၂၀)
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၏ Tampaksiring ဟုခေါ်ဆိုကြသောမြို့အနားတွင် Tirta Empul temple တည်ရှိပါသည်။ မြင့်မြတ်သောရေကန် အဖြစ်သက်ဝင်ယုံကြည်သူတွေက ရေစိမ်ကြ ရေချိုးကြပါသည်။ လူက တော်တော်လေးလည်းများ သည်။ ဂျက်စီကာက ကျွန်တော့်ကို ဒီကိုခေါ်လာသည့် အကြောင်း ရှိပါသည်။ ကျိတ်ကျိတ်တိုးမတတ်စည်ကားသည့်နေရာမို့ လူအားလုံး၏ယုံကြည်မှုက မည်မျှပြင်းထန်ကြ သည်လဲဆိုသည်ကို အလွယ်တကူခန့်မှန်းနိုင်ပါသည်။ အချို့ကတော့ ခရီးသွားဟန်လွဲလာကြသည်လည်း ဖြစ်ပုံရသည်။
“ယူ့စိတ်ထဲမှာ ငြိမ်းကိုတော်တော်စွဲလန်းနေတယ်၊ သူ့ကိုမရလိုက်တဲ့ဆုံးရှုံးမှုကတစ္ဆေတစ်ကောင်လို ခြောက်လှန့်နေတယ်၊ အခု ငြိမ်းကွယ်လွန်သွားပြီဆိုတော့ ငြိမ်းကိုသတိရတမ်းတစိတ်ကပိုလို့တောင် ဖြစ်နေမယ်၊ ခြောက်ချားမှုတွေပြည့်နေတဲ့ ယူ့ စိတ်နဲ့ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်တဲ့ရေနဲ့ဆေးကြော သန့်စင်ပစ်မှရမယ် ဇော်ထင်”
သူကျွန်တော့်ကို တော်တော်စေတနာထားခဲ့ပါသည်။
ဘာလီလိုနေရာမျိုးကိုခေါ်လာခဲ့သည်မှာ တော်ရုံသံယောဇဉ်ကြောင့်မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါ သည်။ အင်ဒိုနီးရှားနိုင်ငံက ကျွန်းပေါင်းများစွာနှင့် တည်ဆောက်ထားတာကြောင့် တစ်နေရာနှင့် တစ်နေ ရာ နည်းနည်းစီလှမ်း၏။ ဂျာကာတာကနေ ဘာလီကိုလာဖို့ လေယာဉ်စီးလာရပါသည်။
ဘာလီရှိ သူလိုက်ပို့ လိုက်ပြသည့်နေရာများမှာ မြင်မြင်သမျှစိမ်း လန်းသာယာပြီး မျက်စိအေးစေသည်။ ပြီးတော့ ရေတွေ၊ ဘာလီရဲ့ရေတွေကဘာလို့ ပြာလဲ့ကြည်လင် နေပါသလဲ။ နတ်ဘုရားများဖန်ဆင်းထား သလားအောက်မေ့ရအောင် ရင်သပ်ရှုမောဖွယ်လှပါသည်။ ကျွန်တော်ရောက်နေသည့် နေရာလေးကနေ ကြည့်လျှင်တောင် ဒီလောက်လှတာ ခရီးသွားစရာနေရာအနှံ့လျှောက်ပတ်လှည့်လည်ကြည့်မည်ဆိုပါက ဒီထက်ပိုသည့် ရင်သပ်ရှုမောစရာမြင်ကွင်းများကို မြင်ရလိမ့်မည်မှ အသေအချာပင်။
ဂျက်စီကာ ကတော့ သူ့မွေးရပ်မြေကို ကြွားလုံးထုတ်လို့မဆုံး။
အလှအပများစုဝေးရာနေရာဆိုပြီးသူကညွှန်းပါသည်။ ကျွန်တော်တို့နိုင်ငံက နေရာတော်တော်များများ ကိုသူ့ကိုခေါ်သွားချင်ပါရဲ့။ သူတို့လိုထိန်းသိမ်းမှုတွေ ဆွဲဆောင်နိုင်မှုတွေသာများများလုပ်နိုင်ရင် မြန်မာ မှာလည်း အဲဒီထက်လှတဲ့နေရာတွေအများကြီးမှ အများကြီးရယ်ပါ။ ဘာလီဟာ ထင်ထားတာထက်ပို လှတာကိုတော့ ကျွန်တော်ဝန်ခံရပါသည်။
“ဘာလီမှာ လူဦးရေ လေးသန်းလောက်နေကြတယ်၊ ခရီးသွားဧည့်တွေကနေ့စဉ်ပျားပန်းခတ်လှုပ်ရှား သွားလာနေကြတာအပြည့်ပဲ၊ သူတို့ရဲ့စိတ်ဝင်စားမှုကအမျိုးမျိုးရှိတယ်၊ တစ်ချို့ကတော့ ကမ်းခြေကို ပိုပြီးသွားကြတယ်၊ တစ်ချို့ကတော့စျေးဝယ်တာကြိုက်ကြတယ်၊ နိုင်ငံတကာတံဆိပ်ပေါင်းမျိုးစုံကို လည်းဝယ်လို့ရတယ်လေ၊ တစ်ချို့ကကျတော့ ဟိန္ဒူဘုရားကျောင်းကိုလေ့လာကြတယ်၊ အနုပညာ လက်ရာမြောက်တဲ့ကျောင်းတွေရှိတယ်လေ”
သူပြောတာထက် ကျွန်တော်သဘောကျသည့်အရာများကတော့ မီးတောင်၊ ရေတံခွန် နှင့် စိမ်းလန်း နေသော စပါးခင်း အလယ်၌ဖွင့်ထားသည့် ရိုးရာစားသောက်ဆိုင်များပင်။ အင်ဒိုနီးရှား၏နာမည် အကြီးဆုံးကပါတိတ်တွေ မို့ ပါတိတ်လုပ်ငန်းများကိုလည်းဒီမှာတွေ့ရသည်။ သွားရောက်လေ့လာနိုင်ဖို့ လည်း စီစဉ်ပေးထားတာ တွေ့ ရလေသည်။ ပြီးတော့ ထင်ထင်ရှားရှားတွေ့ရသည်က သူတို့တွေရဲ့အပြုံး။ ဘာလီဟာအပြုံးတွေနဲ့ပြည့် နှက်နေတဲ့နေရာပါလား။
အဓိကတော့ သူတို့ဆီတွင် အစားအသောက်၊ တည်းခိုစရိတ်စျေးသက်သာပါသည်။ ပြီးတော့အရပ်စ ကားနှင့်ပြောရလျှင် ဂျင်းထည့်တာနည်းလှသည်။ မဟုတ်တာကိုအဟုတ်လုပ်ပြီးမပြော၊ နေချင်စဖွယ် နောက်တစ်ခါလာချင်စဖွယ်ဖြစ်အောင်ဆက်ဆံပြုမူကြလေသည်။
“အရက်ကောင်းကောင်းသောက်လို့ရတဲ့နေရာရှိတယ်မဟုတ်လား”
ကျွန်တော့်စိတ်ဝင်စားမှုက ယေဘုယျဆန်လှသည်မို့ ဂျက်စီကာပြုံးပြသည်။ သူနှင့်အတူရှိခြင်းသည် ငြိမ်း ကို တစ်ချိန်လုံးသတိရစေသောအချက်လည်းဖြစ်သည်။ သူ့နေရာတွင် ငြိမ်းကိုအစားထိုးရန် မလိုဘဲ အလိုလို အစားထိုးရက်သားလိုဖြစ်နေသယောင်။
“သိပ်ရှိတာပေါ့”
ဂျက်စီကာသည် အခြားမိန်းကလေးတွေလိုမဟုတ်ပါ။ အင်ဒိုနီးရှားသူတော်တော်များများကအဲဒီလိုလွတ် လွတ်လပ်လပ်စတိုင်မဟုတ်ကြ။ ဥရောပမဆန်ကြ။ ဘယ်နေရာပဲရောက်ရောက် ကုပ်ကုပ်လေးပဲနေ တတ်တယ်လို့ကျွန်တော်ကထင်ထားတာ ဂျက်စီကာ့ကိုတွေ့တော့မှ မဟုတ်မှန်းသဲသဲကွဲကွဲသိခဲ့ရလေ သည်။
“အခုချိန်မှာ အရက်သောက်လိုက်ရင်တော့ တော်တော်ပျော်စရာကောင်းမှာ”
“ဘာလို့လဲ”
“ဒီလောက်လှတဲ့နေရာကိုရောက်နေတယ်လေ၊ ဟောကြည့်လိုက် မျက်စိတစ်ဆုံးပင်လယ်ပြာရယ်၊ စိမ်း လန်းနေတဲ့တောင်တန်းတွေရယ်၊ စပါးစိုက်ခင်းတွေရယ် ဘယ်လောက်ကြည့်လို့ကောင်းလိုက်သလဲ၊ သာယာတဲ့ပတ်ဝန်းကျင်ကို ရီဝေတဲ့မျက်လုံးနဲ့ကြည့်ဖို့တော့လိုပြီဂျက်စီကာ”
“ယူ့ရဲ့ညစ်ညမ်းနေတဲ့စိတ်တွေကွယ်ပျောက်ခဲ့ပြီးပြီဆိုရင်တော့ကျေနပ်ပါတယ်”
“မင်း ကိုယ့်ကို ဘားကောင်းကောင်းလိုက်ပို့ပါ”
“အိုကေ ညကျရင်ပေါ့”
Tirta Empul temple မှ အပြန်လမ်းတွင်တော့ ညနေစောင်းခဲ့ပြီဖြစ်သည်။ ကျွန်တော်တို့ ဒီနေရာမှာ တစ်ညအိပ်ပြီး မနက်ဖြန်ကျလျှင် ဂျက်စီကာတို့အိမ်ကိုအလည်သွားကြဖို့စီစဉ်ထားသည်။ ဟိုတယ်လည်း စီစဉ်ထားပြီးပြီမို့ အေးအေးလူလူပါပဲ။ Tirta Empul temple ကိုရောက်ဖူးသွားသည့်အတွက် ကျွန်တော် ကကျေနပ်နေသလို ဂျက်စီကာကလည်း သူလိုက်ပို့သော နေရာကိုညွှန်းလို့မဆုံး။
Tirta Empul temple ကို အေဒီ ၉၆၂ မှာတည်ထောင်ခဲ့ပြီး Warmadewa မင်းဆက်လို့ဂျက်စီကာက ရှင်းပြသည်။ အခုအချိန်မှာ သူဟာ ကျွန်တော့်နှစ်သိမ့်ဖော်ဖြစ်သလို ကျွန်တော့် ဧည့်လမ်းညွှန် လည်း ဖြစ်လေသည်။ အမြဲတမ်းကြည်လင်သန့်ရှင်းနေသည့်ရေကိုတစ်နာရီလောက်ကြာသည်အထိစိမ်ပြီးသော နောက်တွင် ကျွန်တော့်စိတ်နှင့် ခန္ဓာကိုယ်သည် တော်တော်လေးကြည်လင်သန့်ရှင်းသွားခဲ့လေသည်။ ဒါပေမဲ့ ငြိမ်းကိုတော့ မေ့ပျောက်လို့မရတာအသေအချာပါပဲ။ ငြိမ်းဟာ ကျွန်တော့်ကိုဘယ်အချိန်အထိ ခြောက်လှန့်နေဦးမလဲမပြောတတ်တော့ပါ။
“ဘာလီရဲ့ ညအလှကို ဒီညသွားမယ်မလား”
“ယူက လည်ချင်ပတ်ချင်သေးလို့လား”
ကျွန်တော်စိတ်တွေခြောက်ခြားနေပြီး ဘယ်မှမသွားချင်မလာချင်ဘူးလို့သူကယူဆထားပုံရသည်။ ကျွန် တော်ကတော့ ရောက်တုန်းရောက်ခိုက်လည်ဖို့ ပတ်ဖို့တော့တွေးချင်သေးတယ်မဟုတ်လား။ သတိရ ခြင်းမရခြင်း က လည်ခြင်းပတ်ခြင်းနှင့်မဆိုင်ပါဘူးလေ။
“ကိုယ်တို့နိုင်ငံကနေဆိုရင် ဒီကိုတမင်သပ်သပ်လာဖို့မလွယ်ဘူး၊ ကိုယ့်အတွက်ပြောတာနော်၊ ဒါကြောင့် ရောက်တုန်း ဘာလီရဲ့ညအလှကိုခံစားကြည့်ချင်တယ်”
“အင်း ကောင်းပြီလေ၊ သွားချင်ရင်တော့လိုက်ပို့ပါတယ်ကွာ၊ ဘာလီကသွားစရာလာစရာလည်စရာ ပတ်စရာအများကြီးရယ်၊ မြန်မာတွေလည်းလာကြတယ်မဟုတ်လား”
“အင်း သိပ်လာကြတာပေါ့၊ တိုက်ရိုက်ဖလိုက်တော့မရှိဘူး၊ ဘန်ကောက်ကနေတစ်ဆင့်စီးကြတာ များတယ်၊ ဒါပေမဲ့အဆင်ပြေပါတယ်၊ နေထိုင်ခွင့်ကလည်းတစ်လတောင်ရတယ်မဟုတ်လား”
ကျွန်တော်သဘောအကျဆုံးက စျေးသက်သက်သာသာနှင့်တည်းခိုလို့ရသည့်နေရာများပေါသည့်အချက် ပါပဲ။ ဒေါ် လာ ၂၀၀ ၊ ၃၀၀ တန်ဟိုတယ်ရှိသလို ဒေါ်လာ ဆယ်ဂဏန်းလောက်နှင့်တည်းခိုနိုင်သည် လည်းရှိတော့ ပျော်စရာကောင်းပြီပေါ့။
ညဖက်လည်လို့ကောင်းသည့်နေရာကို ဂျက်စီကာကလိုက်ပို့ပေးလေသည်။
ပတ္တရား၏ညလိုမျိုးခပ်ဆင်ဆင်ပါပဲ။ ဘာလီကတော့ပိုပြီးသပ်သပ်ရပ်ရပ်ရှိတယ်လို့ခံစားမိသည်။ အများ ဆုံးတွေ့ရသည်ကတော့ ဥရောပနိုင်ငံသားများပင်။ မီးရောင်စုံထွန်းညှိသည့်လမ်းတွင် ဂျက်စီကာ၏ အလှက တစ်မျိုးဆန်းလို့နေသည်။ ဆိုင်သန့်သန့်တစ်ဆိုင်ကိုရွေးချယ်လိုက်ကာ သူက ကျွန်တော့်ကို ဘီယာမှာ ပေးလေသည်။
“ဂျက်စီကာ”
“အင်း”
“ကျေးဇူးတင်ပါတယ်”
“ဘာကိုလဲ ဇော်ထင် ဘာကိုဆိုလိုတာလဲ”
“အရာရာတိုင်းအတွက်ပါ၊ ကိုယ် ဂျာကာတာကိုရောက်လာတဲ့အချိန်ကနေအခုချိန်အထိကိုယ့်ဘေး နားမှာ လိုလေသေးမရှိစောင့်ရှောက်ပေးခဲ့လို့ ပြီးတော့ ကိုယ်အားငယ်နေတဲ့အချိန်တွေမှာ အခုလိုမျိုး စိတ်အပန်းဖြေစရာနေရာကို ခေါ်ဆောင်လာခဲ့ပေးလို့ အားလုံးအားလုံးအတွက်ကျေးဇူးတင်ပါတယ် ဂျက်စီကာ မင်းဟာ ကိုယ့်ဘဝမှာအကောင်းဆုံးပါ”
“အိုး ဇော်ထင်၊ ကိုယ်မြောက်သွားပြီထင်တယ်”
“တကယ်ပြောတာ ကိုယ်အရမ်းပျော်တယ်သိလား၊ မင်းနဲ့အတူရှိတဲ့အချိန်တွေဆိုကိုယ်အရမ်းပျော်နေ ပြီဂျက်စီကာ၊ မင်းကိုယ့်ဘေးကနေထွက်သွားမှာတောင်စိုးရိမ်မိနေတယ်”
“တကယ်”
သူဟက်ဟက်ပက်ပက်ရယ်ပါသည်။
ကျွန်တော်တို့နှစ်ယောက်ခွက်ချင်းတိုက်လိုက်ကြသည်။ ပြီးတော့ ထွေရာလေးပါးတွေပြောပြီး ဘာလီ ရဲ့ညကိုဖြတ်သန်းကြပါသည်။ ဆိုင်ကနေပြန်တော့ မိုးတော်တော်ချုပ်နေပြီ။ ကျွန်တော်တို့နှစ်ယောက် လည်းတော်တော်မူးနေကြပြီ။ ဒါပေမဲ့ ခြေလှမ်းများကတော့ပုံမှန်ပဲရှိပါသေးသည်။ ကျွန်တော်၏အသိ စိတ်ဓါတ်က ဂျက်စီကာ၏ညအလှအပေါ်မူးယစ်ရီဝေစွာခံစားတတ်နေဆဲ။
“တစ်ခန်းတည်းအိပ်ရမှာလား”
“ဘာဖြစ်လို့လဲ”
ကျွန်တော်နှင့်သူ တစ်ခန်းတည်းမှာအတူတူအိပ်ရမှာကို သူကအထူးအဆန်းကိစ္စလို့ထင်မှတ်ထားပုံမရ။ အေးအေးလူလူပင်ဖြေလေသည်။ အခန်းဘိုကင်လုပ်တာလည်းသူလုပ်တာဆိုတော့ တစ်ယောက်ခန်း နှစ်ခန်းမှာလို့ကျွန်တော်ပြောမနေတော့။ သူ့စိတ်တိုင်းကျလုပ်ပါစေ၊ သူကဦးဆောင်သူဆိုပြီးလွှတ်ထား ခဲ့လေသည်။ ပြီးတော့ ဟိုတယ်တွေမှာတစ်ယောက်ခန်းကခပ်နည်းနည်းရယ်မဟုတ်လား။ ဒီတော့ ပိုက် ဆံပိုကုန်မယ့်အလုပ်ကို ဂျက်စီကာက ရှောင်ရှားခဲ့ပုံရသည်။
“မင်းကိုယ့်ကိုယုံတယ်ပေ့ါ”
“ဘာလို့မယုံရမှာလဲ”
“အာဂသတ္တိခဲမပဲ”
ကျွန်တော်က မြန်မာလိုပြောလိုက်တော့ သူက ဘာပြောတာလဲနားမလည်ဘူး နားလည်အောင်ပြော ဆိုပြီး ကျွန်တော့်ရင်ဘတ်ကိုတဘုန်းဘုန်းထုလေသည်။
တကယ်တော့ အဲဒီညက နှစ်ယောက်စလုံးအေးအေးလူလူပင်အိပ်ပျော်ခဲ့ပါသည်။ နှစ်ယောက်ခန်းဆို ပေမယ့် ကုတင်ကသပ်သပ်စီမို့ ကုတင်ပေါ်ကနေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင် စကား ပြောကာ အိပ်ပျော်မှန်းမသိအိပ်ပျော်သွားခဲ့လေသည်။
“ဂျက်စီကာ မနက်ဖြန် မင်းအိမ်ကိုရောက်ရင် ကိုယ့်ကိုဘယ်လိုမိတ်ဆက်ပေးမလဲ”
“ငါ့ ကောင်လေးပေါ့”
“ဘယ်လို”
ကျွန်တော်ကစိုးရိမ်စွာဖြင့် မေးလိုက်မိသောအခါ သူရယ်ပြန်သည်။
သူတကယ်ပဲ ကျွန်တော့်ကိုစိတ်ဝင်စားနေတာလား။ ကျွန်တော်ကတော့ သူ့ကိုငြိမ်းနှင့် တူသည့်အချက် နှင့်တင် စိတ်ဝင်စားနေသည်မှာ မြင်မြင်ချင်းကတည်းကပင်။
“မင်း စိန်မခေါ်နဲ့နော် ဂျက်စီကာ၊ ကိုယ်တကယ်မင်းကောင်လေးဖြစ်ပစ်လိုက်မှာ”
“အိုး ဇော်ထင် မင်းက သိပ်ချစ်စရာကောင်းနေပါလား”
ဂျက်စီကာ၏မူးယစ်ရီဝေဝေပုံစံလေးကလည်းချစ်စရာကောင်းနေပါသည်။ ဒါပေမဲ့ ကျွန်တော့်ပါးစပ်က ထုတ်ဖော်မပြောခဲ့တော့ပါ။ အိပ်ချင်ယောင်ဆောင်ရင်းတကယ်အိပ်ပျော်သွားခဲ့ပါသည်။
အဲဒီညက ကျွန်တော်အိပ်မက်မမက်ခဲ့ပါ။ အေးအေးချမ်းချမ်းအိပ်စက်နိုင်ခဲ့လေသည်။ မြင့်မြတ်သည့်ရေ အိုင်တွင်ရေချိုးခဲ့လို့လား၊ ကျွန်တော့်ခန္ဓာကိုယ်သန့်စင်နေလို့လား ဒါမှမဟုတ် ဂျက်စီကာ ကျွန်တော့် အနားမှာရှိနေလို့လားမပြောတတ်ပါ။ အဲဒီလိုညမျိုးကိုညတိုင်းရချင်လှသည်။
“မင်း ကိုယ့်နားမှာအမြဲတမ်းရှိဖို့တော့လိုနေပြီဂျက်စီကာ”
ကျွန်တော့်ရင်ထဲမှာပြောမိနေလေသည်။
>>>>>