“မြူခိုးရယ်…..ဝေ” အပိုင်း (၂၅)

(၂၅)

ဂျက်စီကာနှင့်အတူ အလုပ်ပြန်လာသည့်တစ်နေ့တွင်တော့ ကျွန်တော့်စိတ်ထဲကမထင်မရှားအရာ တစ်ခုထင် ထင်ရှားရှားဖြစ်အောင်တွန်းပို့စေသည့် မျက်မြင်သက်သေတစ်ခုတွေ့ရှိခဲ့လေသည်။ ငြိမ်း အကြောင်း တစ်ခုခုဖြစ်လို့ ဂျက်စီကာကဖျောင်းဖျနှစ်သိမ့်ပေးတိုင်းမှာ ကျွန်တော်အသားကျခဲ့သလို နှစ်ရက်သုံး ရက်လောက်တော့ အိပ်မက်ဆိုးမမက်တော့ပါ။ ဂျက်စီကာဟာ ငြိမ်းနေရာကိုတစ်သွေ မသိမ်းအစားထိုး ပေးသည့်ချစ်သူတစ်ယောက်ဖြစ်သလို ကျွန်တော်လိုချင်လွန်းသောအကြင်နာကို ဗုံးဗလ အောပေးနိုင်သည့်သူတစ် ယောက်လည်းဖြစ်ခဲ့၏။ ဒါတင်ဘယ်ကဦးမလဲ။ ကျွန်တော့်ခြောက်ခြားမှုများ ကိုပကတိပြေပျောက်စေ နိုင်သည့် မေတ္တာရေစင်တစ်ခွက်ဆိုရင်လည်းမမှားပါ။ အဲဒီတော့ သူ့ကိုကျွ န်တော် သမားရိုးကျအခြေအ နေထက်ချစ်မိတာမဆန်းတော့။

“ကိုယ်တို့ ဒီည အခန်းထဲမှာပဲအေးအေးလူလူသောက်ရင်း စကားပြောကြမလား”

အပြင်သွားဖို့လည်းနေ့တိုင်းကအဆင်မပြေ။ မိုးရွာလိုက်နေပူလိုက်နှင့်ဆိုတော့ အလုပ်ကပြန်လျှင်အခန်း ထဲမှာပဲနေမလားဟုစဉ်းစားမိသည်။ ဒါကြောင့် ကျွန်တော့်အခန်းထဲမှာပဲဖြတ်သန်းဖို့ သူ့ကိုစကားခေါ်မိ သည်။ ဂျက်စီကာက သဘောတူလက်ခံခဲ့ပါသည်။ အဲဒါကြောင့် အခန်းထဲမှာပဲစားသောက်ဖို့ပြင်ဆင် နေခဲ့သည်။ နှစ်ယောက်သားအလုပ်ရှုပ်နေရင်း ကျွန်တော့်ကုတင်နားကိုဖျတ်ခနဲကြည့်လိုက်စဉ်မှာပဲ အဲဒီအရာကိုတွေ့ခဲ့ပါသည်။

ဓါတ်ပုံတစ်ပုံ။ ကျွန်တော့်ကိုခြိမ်းခြောက်နေသောအရာသည် သာမန်အိပ်မက်ဆိုးမဟုတ်၊ သက်သေပြ စရာ မရှိသည့်ထိတ်လန့်မှုတစ်ခုမဟုတ်တော့ဘူးဆိုတာကို အဲဒီဓါတ်ပုံကသက်သေပြခဲ့လေသည်။ ဇင်လင်းမောင်နှင့်ငြိမ်းတို့၏ဓါတ်ပုံပင်။ ဂျက်စီကာနှင့်အတူ နှစ်ယောက်သားဟိုပြင်ဒီပြင်လုပ်နေရင်း ကုတင်ဘေး ကိုအမှတ်တမဲ့ကြည့်လိုက်သည့်အခိုက်တွင် အဲဒီဓါတ်ပုံကိုမြင်ခဲ့တာပင်။ ပထမတော့ သာမန် ပုံတစ်ပုံလို့ပဲ ထင်ပြီး အနားကိုသွားကြည့်လိုက်တော့မှသူတို့ပုံမှန်းသေချာခဲ့လေ၏။ ကျွန်တော်လည်း ဘယ်တုန်းက မှ မရိုက်ထား၊ ဘယ်သူမှလည်းအခန်းထဲကိုမဝင်ဘဲ အဲဒီဓါတ်ပုံကဘယ်လိုလုပ်ရောက်လာ တာပါလဲဆို ပြီး ဓါတ်ပုံရှိရာ ကုတင်ဘေးကိုသွားအကြည့်မှာတွေ့လိုက်ရတာပင်။

မှန်ဘောင်မှာအသေအချာထည့်ထားပြီး ညအိပ်ခါနီးကြည့်ရတဲ့ပုံတစ်ပုံလို ကျွန်တော့်ကုတင်ဘေးမှာ အကျအန။ ဘယ်သူ့လက်ချက်လဲ။ ကျွန်တော့်ကိုခြောက်ခြားမှုတွေပေးနေတာဟာ စိတ်ကူးထဲမှာတင် မဟုတ်ဘဲ အပြင်ကနေလုပ်နေကြတာလားတွေးမိပြီး တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်း ထသွားမိလေ သည်။

“ဟင်”

ပထမတော့ သေချာအောင်ပုံကိုယူကြည့်သည်။ ရာနှုန်းပြည့်သေချာသောအခါ ကြက်သီးထရုံတင်မဟုတ်‌ တော့။ ကျွန်တော် သွေးပျက်မတတ်ဖြစ်လာမိသည်။ ခါတိုင်းလိုခြောက်လှန့်နေကျ သေသေချာချာမမြင်ရ သည့်သရဲလည်းမဟုတ်။ မျက်ဝါးထင်ထင်မြင်မြင်လိုက်ရသော ချောက်ခြားစရာအကောင်းဆုံးသက်သေ တစ်ခုပင်။

အဲဒီနောက် အလန့်တကြားထအော်မိ၏။

“အား ဂျက်စီကာ လာပါဦး”

ကျွန်တော့်အခန်းကခပ်ကျဉ်းကျဉ်းလေးမို့ ဂျက်စီကာက အလုပ်ရှုပ်နေရာမှချက်ချင်းပင်ရောက်လာသည်။ သူ့ကို ဓါတ်ပုံ ပြလိုက်၏။

“ဒါဘာလဲ ဇော်ထင်”

ငြိမ်းကိုတော့ သူမြင်ဖူးလိမ့်မည်။ ကျွန်တော် ငြိမ်း၏ဓါတ်ပုံကိုပြထားဖူးတာပဲ။ ဇင်လင်းမောင်ကိုတော့ သိမှာမဟုတ်။ ဒါပေမဲ့ ငြိမ်းနဲ့တွဲရက်သားမြင်လိုက်ရသည့်အခါတွင်တော့ ဇင်လင်းမောင်မှန်းအလိုလို သိပြီးဖြစ် လိမ့်မည်။

“ဒါ သူတို့ဓါတ်ပုံလေ”

“အင်း ဘယ်လိုလုပ်ရောက်နေတာလဲ”

ကျွန်တော့်အခန်းထဲကိုဝင်ဖူးသည့်တစ်ဦးတည်းသောဧည့်သည်မှာ ဂျက်စီကာပင်။ ဒါကို သူလုပ်မှာမ ဟုတ်။ ကျွန်တော်နှင့်ပတ်သက်၍ ဒီလိုလုပ်ခြင်းအားဖြင့်ဘာအကျိုးမှလည်းမရှိနိုင်။ လုပ်ဖို့လည်းစိတ်ကူး မရှိဘူးဆိုတာ အသေအချာသိနေခဲ့သည်။ ဒီတော့ ဒီဓါတ်ပုံထားသွားသည့်သူက ဘယ်သူလဲ။

“ဒီဓါတ်ပုံကို တစ်ယောက်ယောက်ကလာထားသွားတာ”

“ဟာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဇော်ထင်၊ မဖြစ်နိုင်ဘူး”

“သေချာတယ် ဂျက်စီကာ၊ အခန်းထဲကို လာထားသွားတာ၊ ကိုယ်ဒီဓါတ်ပုံကို ဒီမှာတင်ထားလိမ့်မယ်လို့ ဂျက်စီကာထင်လို့လား”

“မထင်ဘူး၊ ဒါပေမဲ့ အိုင်လည်းမထားဘူး သူတို့ဓါတ်ပုံကိုသိလည်းမသိဘူးနော်”

“မင်းကို ကိုယ်ဘယ်ထင်ပါ့မလဲ ဂျက်စီကာ မင်းကဘာမှမသိဘူးလေ၊ ဇင်လင်းမောင်ကိုလည်းမင်းသိ မှာမဟုတ်၊ ဒီလိုထားဖို့လည်း မင်းမှာစိတ်ကူးမရှိဘူးဆိုတာ ကိုယ်ကောင်းကောင်းသိတာပေါ့ ဂျက်စီကာ”

“ဒါဆို ဘယ်သူ့လက်ချက်လဲ”

နှစ်ယောက်သားစဉ်းစားခန်းဖွင့်ရတော့သည်။ ရေခဲသေတ္တာထဲကနေ ထုတ်ယူထားသောဘီယာပုလင်း၊ ကြော်ရန်အသင့်ပြင်ထားသည့် အသားပြားများ၊ အရွက်များကို ဘာမျှမလုပ်နိုင်ဘဲ ငေးငိုင်ပြီးစဉ်းစားခန်း ဖွင့်ကြ သည်။ ပဟေဠိဆန်ဆန်ရောက်လာသည့် အဲဒီဓါတ်ပုံက ကျွန်တော့်ကိုတွေဝေခြင်းများစွာပေးစေခဲ့ သည်။ နောက်ဆုံးဘယ်လိုမှစဉ်းစားမရတော့ ကျွန်တော်ဒူးထောက်ထိုင်ချလိုက်ကာ ခေါင်းငိုက်စိုက်ချ လိုက်ရတော့သည်။ ဂျက်စီကာက အဖော်မွန်ကောင်းပီသစွာပင် ကျွန်တော့်ခေါင်းကို သူ့ရင်ခွင်ထဲဆွဲသွင်း ပြီး နှစ်သိမ့်ပေး၏။ ကျွန်တော့်ကို ကလေးတစ်ယောက်လို။

“ဂျက်စီကာ”

“အင်း”

“ကိုယ်ကြောက်တယ်”

“ဒါကြောက်စရာမလိုဘူးလေ ဇော်ထင်၊ အဖြေရှာရမယ့်အရာတစ်ခုလေ”

“မဟုတ်ဘူးဂျက်စီကာ၊ ဒါ စိတ်ကူးသက်သက် ခြောက်ခြားမှုသက်သက်မဟုတ်တော့ဘူး၊ မျက်ဝါး ထင်ထင်ပြလာတဲ့အနေအထားဖြစ်နေပြီ၊ ကိုယ်မကြောက်ဘဲနေရမလားဂျက်စီကာ၊ ကိုယ်မတုန်လှုပ် သင့်ဘူးလား”

“ဟင့်အင်း ဒါကြောက်စရာကိုဖြေဖျောက်စေနိုင်တဲ့အရာတစ်ခုလို့ပဲမြင်တယ်”

“ဘယ်လို”

သူ ကျွန်တော့်မျက်နှာကိုသေချာကြည့်သည်။ တကယ့်ဂရုဏာသက်နေသည့်အကြည့်တစ်စုံကိုကျွန်တော် မြင်ရ၏။ ဒီလောက်ချစ်စရာကောင်းသည့်မိန်းကလေးနှင့် ကျွန်တော်ချစ်သူဖြစ်ခွင့်ရခဲ့သည်။ သူ့ဆီကနေ ကျွန်တော်လိုချင်သောအကြင်နာများရခဲ့သည်။ ပျော်ရွှင်စရာကမ္ဘာတစ်ခုကိုကျွန်တော်ပိုင်ဆိုင်ခဲ့သည်။ ဒီ လိုကောင်းမွန်သည့်အခြေအနေတွင် ဘာလို့ကြမ္မာဆိုးကဝင်နေတာပါလိမ့်။

“အစတုန်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ဇော်ထင်က စိတ်ခြောက်ခြားနေတာလို့မြင်ခဲ့တယ်၊ အိပ်မက် ဆိုးတွေမက်တယ်၊ ဟိုလိုဒီလိုတွေမြင်တယ်ပေါ့၊ အခု ဒီဓါတ်ပုံကိုမြင်ရတော့ ဒါဟာ ဇော်ထင်တစ် ယောက်တည်းမြင်တဲ့အမြင်မဟုတ်တော့ဘူး၊ အိုင်လည်း မြင်နေတယ်၊ ဒီတော့ ဒီအဖြစ်အပျက်ဟာ ဇော်ထင်ရဲ့စိတ်ထဲကခြောက်ခြားမှုတစ်ခုမဟုတ်တော့ဘူး၊ လူတစ်ယောက်ယောက်က သက်သက်ဖန် တီးနေတာလို့မြင်တယ်”

“ဘယ်လို”

ကျွန်တော်မတွေးမိသောအတွေးတစ်ခု ဂျက်စီကာ့ဆီကရရှိခဲ့လေသည်။

“ဟုတ်တယ်၊ သူတို့မသေဘူးလား၊ ဒါမှမဟုတ်အခြားအကြောင်းတစ်ခုခုရှိလို့တစ်ယောက်က လာလုပ် နေတာလားပဲ၊ သေချာတာကတော့ ဒါကြောက်စရာမဟုတ်တော့ဘူး၊ အဖြေရှာစရာကိစ္စဖြစ်နေပြီလေ”

ကျွန်တော်ဘုရားတလိုက်မိသည်။ ငြိမ်းတို့တကယ်မသေဘူးလား၊ ဟင့်အင်း မဖြစ်နိုင်တာ။ ငြိမ်းတို့နှစ် ယောက်လုံးသေဆုံးပြီးကြောင်းကိုကြည်သာက ကျွန်တော့်ကိုအတည်ပြုပြောခဲ့ပြီးပြီ။ ပြီးတော့ သူတို့ တွေရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဝမ်းနည်းကြောင်းစာတွေတင်ထားခဲ့တာပဲ။

“ဇော်ထင် ရန်ကုန်ပြန်ရမယ်”

“အိုး တကယ်လား”

ကျွန်တော် အဲဒီပြသနာကိုအဖြေရှာဖို့ ရန်ကုန်ပြန်ရမယ်လို့ ဂျက်စီကာက သုံးသပ်သည်။ ကျွန်တော့် သဘောကတော့ ဂျာကာတာမှပဲနေချင်သေးသည်။ အလုပ်ကလည်းအဆင်ပြေနေတာပဲလေ။

“ကိုယ်မပြန်ချင်ဘူးလေ ဂျက်စီကာ”

“အခုလိုခြောက်ခြားမှုတွေ ပဟေဠိတွေနဲ့နေ့စဉ်ရင်ဆိုင်နေရမယ့်အစား ပြန်ပြီးအဖြေရှာတာပိုကောင်း တယ်လို့မြင်တယ်ဇော်ထင်၊ ဒီလိုပြသနာတွေမရှိဘူးဆိုရင် အိုင်တို့နှစ်ယောက်ရဲ့ဘဝဘယ်လောက် ပျော်စရာကောင်းလိုက်မလဲတွေးကြည့်၊ ဒီတော့ ရန်ကုန်ကိုပြန်ပါ”

“ကိုယ်သတ္တိမရှိဘူးဖြစ်နေတယ်”

“ဇော်ထင်နဲ့အတူ ရန်ကုန်ကိုလိုက်ခဲ့မယ်”

အိုး။ ကျွန်တော်လုံးဝမထင်မှတ်ထားတဲ့စကား။ ရန်ကုန်ကိုပြန်ရင် ဂျက်စီကာကိုခေါ်ဖို့တော့စိတ်ကူးရှိ ပေမယ့် အခုလိုသူကလိုလိုချင်ချင်ပြောလာတဲ့အခါမှာတော့ အားတက်သွားမိတာအမှန်ပင်။

“ကျေးဇူးတင်လိုက်တာဂျက်စီကာရယ်၊ ကိုယ်လုံးဝမထင်ဘူး၊ မင်းအခုလိုကိုယ့်လိုအင်တွေကိုသိနေ လိမ့်မယ်၊ ကိုယ့်ကိုအဖြေရှာပေးမယ်ဆိုတာကို၊ အရမ်းချစ်တယ်ဂျက်စီကာ”

သူသာပါခဲ့ရင် ကျွန်တော့်အတွက်အရာရာရင်ဆိုင်မယ်ဆိုတဲ့သတ္တိတစ်ခုတော့ရလာမှာအမှန်ပင်။ ငြိမ်း တို့ နှစ်ယောက်ကိုသတ်တဲ့ကိစ္စတော့ဘယ်သူမှသိမှာမဟုတ်။ အဲဒါတော့ သေချာသလောက်လို့ကျွန် တော်ကယူဆသည်။ ရန်ကုန်ပြန်ရင် ဓါတ်ပုံကိစ္စတစ်ခုခုများထူးမလားပဲ။ ကြည်သာ့ကိုမေးရတာလည်း အွန်လိုင်းကနေဆိုတော့ သိပ်အားမရ။ မျက်နှာချင်းဆိုင်တွေ့ပြီး ကျွန်တော်ဂျာကာတာကိုထွက်လာပြီး နောက်ပိုင်းပြောင်းလဲမှုတွေကိုမေးရမည်။ ပြီးတော့ ဆောင်တော်ကူးဆိုင်ကိုလည်းသွားပြီး အခြေအနေ ကိုစနည်းနာရမည်။ ငြိမ်းတို့အိမ်ကိုလည်းသွားပြီး စကားစမြည်ပြောရမည်။ အားလုံးအခြေအနေက အဆင်ပြေချော့မွေ့နေတယ်ဆိုရင်တော့ ဒီဓါတ်ပုံကိစ္စကိုမေ့ထားလိုက်တော့မည်။ နှစ်ယောက်သား ဂျာကာတာကိုပြန်လာပြီး ကမ္ဘာတည်ကြမည်။ အလုပ်ကိုလည်း ဂျာကာတာမှာအခြေချဖို့ ရန်ကုန်က အလုပ်တွေကို ဂျာကာတာကနေပဲလုပ်ပေးဖို့ ညှိခဲ့မည်။

“ကဲ ဒါဆို ဒီညကို အခန်းထဲမှာမဖြတ်သန်းတော့ဘူး၊ ယူ အိုင့်ကိုကျေးဇူးတင်တဲ့အနေနဲ့ ဂျာကာတာ လမ်းဘေးစာ (Street Food) လိုက်ကျွေးပါ”

“အိုကေလေ”

အဲဒီနောက်တော့မထင်မှတ်ဘဲ ဂျာကာတာ၏ ညဖက်လမ်းဘေးစာများကိုစားသောက်ဖြစ်ခဲ့၏။ ဂျာကာ တာ၏နာမည်ကြီးသည့်အစားအသောက်များကတော့ ပြောမဆုံးပေါင်တောသုံးထောင်ပါပဲ။ ဂျက်စီ ကာ၏ အကြိုက်ကတော့ Pisang Goreng Madu Bu Nanik တွင်ရှိသည့် အကြော်စုံပေါ့။ ငှက်ပျောသီး ကြော်၊ ကြက်ကြော် စတဲ့အကြော်အမျိုးပေါင်းစုံကို အိုးကြီးအိုးငယ်အသွယ်သွယ်နှင့်ကြော်နေတာဖြစ်ပြီး လူတွေ လည်းကျိတ်ကျိတ်တိုးစည်ကားတတ်သည်။

ကျွန်တော်တို့လျှောက်လည်သည့် ညဖက်ကိုတော့ လှည်းတန်းညစျေးနှင့်အလားသဏ္ဍာန်တူသောနေရာ တစ်ခုကို သူကရွေးချယ်ခဲ့ပါသည်။

အအေးပုလင်းတွေချည်းရောင်းတဲ့ဆိုင်၊ ထမင်းပုံစားရောင်းတဲ့ဆိုင်၊ အင်ဒိုရိုးရာစားသောက်ဆိုင်၊ တရုတ်စာဆိုင်စသည်ဖြင့်စုံလို့ပါပဲ။ အဲဒီအထဲကမှ အင်ဒိုရိုးရာလမ်းဘေး စာတွေရောင်းတဲ့ဆိုင်ကိုရွေးချယ်ခဲ့ပါသည်။ ဆိုင်မှာ ဘီယာလေးနည်းနည်းပါးပါးသောက်လို့ရတဲ့ဆိုင် ပေါ့။

အစားသောက်မှာတော့ သူကပဲဦးဆောင်မှာပေးခဲ့သည်။ ကြာဆံသုပ်လိုမျိုး ကြာဆံကိုမြေပဲအနှစ်များနှင့် ရောနယ်ထားကာ တို့ဖူး၊ ငါးမုန့်ကြော်တို့နှင့် တို့စားရတာဖြစ်သည်။ ဂျက်စီကာတို့အိမ်မှာ စားခဲ့သည့် အစား အစားများနှင့်တောင်ခပ်ဆင်ဆင်ရယ်။ ဂျက်စီကာတို့အိမ်အကြောင်းကိုတွေးရင်း တစ်စုံတစ် ယောက်ကို သတိရမိသွားသည်။

“ဂျက်စီကာ၊ မင်းရဲ့အရင်ရည်းစားကို ကိုယ်မတွေ့ခဲ့ဘူး၊ သူအခု မြို့မှာပဲလား”

သူ့ EX အကြောင်းကိုစကားမစပ်မိခဲ့ကြပါ။ အရင်ရည်းစားရှိတယ်ဆိုတဲ့စကားတစ်ခွန်းပဲကြားဖူးရုံက လွဲလို့ ကျွန်တော်ဘာမှမသိခဲ့သည့်အတွက် စပ်စုမိခြင်းပင်။ ဂျက်စီကာက သိပ်ပြောချင်ပုံမရ။ ကျွန်တော် ကလည်း အလိုက်မသိဘဲထပ်ခါထပ်ခါမေးမိသည်။

“သူ သေသွားပြီ ဇော်ထင်”

စိတ်မရှည်ဘဲပြောချလိုက်တော့ ကျွန်တော်ပါးစပ်အဟောင်းသားဖြစ်သွားတဲ့အထိ အံသြသွားရသည်။ မြို့မှာရှိတယ်လို့ပဲကျွန်တော့်ကိုပြောထားတာလေ။

“ဟောဗျာ၊ ဘာကြောင့်သေသွားတာလဲ”

“သတ်ပစ်လိုက်တာ၊ သစ္စာဖောက်လို့”

“ဘာ”

ကျွန်တော်လန့်ပြီး စားလက်စပန်းကန်လွတ်ကျသွားမိသည်။ ထိုင်ခုံပုပုလေးပေါ်ထခုန်မိမလိုဖြစ်သွား ခဲ့ ၏။ ကျွန်တော့်အမူအရာကိုတွေ့တော့ ဂျက်စီကာက ဟက်ဟက်ပက်ပက်ထရယ်ပါတော့သည်။ ကျွန် တော်ကတော့ သူ့ကိုကြောင်ကြည့်နေမိ၏။

“အချစ်ကလေးရယ်၊ နောက်တာပါ၊ ဘာလို့အဲဒီလောက်ကြောက်တတ်နေရတာလဲ၊ ဆောရီး ယူ့ကို အိုင် စလိုက်မိတာ၊ သူက မြို့မှာပဲရှိပါတယ်”

ကျွန်တော် သက်ပြင်းရှည်ကြီးဆွဲချလိုက်ကာ သူ့ကိုမကျေနပ်သောအကြည့်များနှင့်ကြည့်ပစ်လိုက်တော့ သူက ကျွန်တော့်ကိုကလေးတစ်ယောက်ကိုကြည့်သည့်ပုံစံနှင့်ကြည့်ပြီး ပြုံးနေလေသည်။ ပြီးတော့ ဘာလို့ သိချင်ရတာလဲတဲ့။ ကိုယ်ရည်းစားပဲ ကိုယ့်ရည်းစားနှင့်ပတ်သက်ခဲ့ဖူးသည့် အရင်းနှီးဆုံးမိတ်ဆွေ များ လူများအကြောင်းသိချင်တာဆန်းမှမဆန်းတာ။

“ကောင်းပြီလေ၊ သူနဲ့ဘာလို့ပြတ်သွားတာလဲဆိုတာပြောပြတာပေါ့”

ဂျာကာတာ၏ညက တိတ်ဆိတ်မသွားဘဲ ပိုပိုစည်လာလေသည်။ စျေးသည်များ၏ဝန်ဆောင်မှုပေးနေ သည့်အသံ၊ နိုင်ငံခြားသား၊ ပြည်တွင်းဧည့်များ၏ဝယ်သံ။ ပန်းကန်ခွက်ယောက်များ၏အသံစသည်ဖြင့်။ ဆူ ညံမှုများကြားထဲတွင် ဂျက်စီကာ၏အတွေးများကသမင်လည်ပြန်လှည့်ကာ အတိတ်ဆီသို့..။

>>>>>