(၂၇)
“ဇော်ထင် မင်းပြန်လာခဲ့ပါ၊ ငြိမ်းနဲ့ပတ်သက်ပြီးတော့လည်းနေသားကျ နေပြီလို့ယူဆပါတယ်၊ သူများ နိုင်ငံမှာအကြာကြီးနေလို့မကောင်းဘူး ပြန်လာခဲ့ပါ၊ အင်ဒိုနီးရှားက မင်းကောင်မလေးကိုလည်း ခေါ်လာခဲ့ပေါ့”
ကြည်သာစာပို့ထားသည်ကို အမှတ်တမဲ့တွေ့လိုက်ရတော့အကြောင်းတစ်ခုခုရှိနေပြီလားဆိုတာ သံသယ ဝင်မိလေသည်။ ဂျက်စီကာကလည်း ရန်ကုန်ကိုလိုက်ချင်တယ်၊ ရန်ကုန်ကိုပြန်ဖို့တွန်းအားပေးနေတဲ့ ကာလလည်းဖြစ်နေတော့ စိတ်ထဲမှာတစ်စုံတစ်ခုလေးနေသလိုပင်။
“အေး ပြန်တော့လာချင်တယ်၊ ဒါပေမဲ့”
ကျွန်တော်မတင်မကျပြောလိုက်ပြီးမှ နောင်တရလေသည်။ ကြည်သာ့ကို ရှင်းပြစရာအကြောင်းမှမရှိ တာ။ ရှင်းပြလျှင်လည်း ဟိုကိစ္စပေါ်ကုန်မှဖြင့်။
“အေး ဘာဖြစ်လို့လဲ”
“ပြန်တော့မလာချင်သေးဘူး၊ ငါ ဒီမှာ ပျော်နေတာ”
“မင်းကွာ”
သူ ဘာမျှမှတ်ချက်မပေးတော့လည်း ကျွန်တော်စိုးရိမ်မိပြန်သည်။
“အကြောင်းတစ်ခုခုရှိလို့လား ကြည်သာ”
ဟိုကိစ္စပေါ်သွားရင်သွားပြီ။ အရာအားလုံးအဖတ်ဆယ်လို့မရတော့။ ကျွန်တော့်ဘဝကြီးတစ်ခုလုံးကို ထောင်ထဲမှာပဲဖြတ်သန်းရမည်။ ဒီလိုအဖြစ်ကိုကျွန်တော်မလိုချင်ပါ။ ဂျာကာတာမှာဘယ်လိုအခြေ အနေနဲ့ပဲနေရနေရ ရန်ကုန်တော့ပြန်တော့မှမဟုတ်။ အခြေအနေအေးအေးဆေးဆေးဘယ်သူမှလည်း မသိဘူးဆိုရင်တော့ သိပ်မကြာခင်ပြန်ဖို့ဆုံးဖြတ်ပြီးသားပါ။
“ဟင် ဘာအကြောင်းရှိရမှာလဲကွ၊ မင်းနဲ့ပတ်သက်ရင် ရန်ကုန်မှာငြိမ်းကိစ္စတစ်ခုပဲထွေထွေထူးထူးရှိတာ လေ၊ အခုက ငြိမ်းကိစ္စလည်းတည်ငြိမ်သွားပြီ၊ သူတို့မိသားစုကလွဲရင်ကျန်တဲ့သူက မေ့ချင်ချင်တောင် ဖြစ်နေကြတာကိုဘာအကြောင်းရှိရမှာတုန်း၊ ငါမင်းကိုပြန်ခေါ်တဲ့အချက်က သူများနိုင်ငံမှာအကြာကြီး မနေစေချင်ဘူးကွ၊ နေသင့်သလားမနေသင့်ဘူးလားဆိုတာမင်းလည်းသိပါတယ်”
သူသဘောရိုးနှင့်ပြန်ခေါ်မှန်းသိတော့မှ စိတ်ဒုန်းဒုန်းချမိသည်။
တစ်ဖက်ကလည်း ငြိမ်းသေဆုံးသည့်အဖြစ်ကိုပြန်စဉ်းစားမိသည်။ ကျွန်တော်သေသေချာချာလုပ်ခဲ့တာပဲ။ ဘယ်လိုအကြောင်းကိစ္စမျိုးကများ အမှန်တရားကိုပေါ်စေမှာလဲ။ အမှတ်တရားကဖုံးကွယ်နေတယ်ဆို ပေမယ့် ငြိမ်းတို့သေဆုံးတာကျွန်တော့်အတွက်အမှန်တရားလို့ယူဆမိ၏။
ကျွန်တော့်နှလုံးသားတစ်ခုလုံးရင်းပြီးမှရရှိလာသည့်အမှန်တရားပါ။
“ရန်ကုန်မှာဘာထူးလဲ”
နေ့စဉ်ရက်ဆက် ဆိုရှယ်မီဒီယာစာမျက်နှာပေါ်မှာ ရန်ကုန်အကြောင်းကိုတစ်နေ့တစ်မျိုးမရိုးနိုင်အောင် တွေ့ရပေမယ့်လည်း ကျွန်တော်နေထိုင်သောလှည်းတန်းနားတစ်ဝိုက်ထူးခြားမှုကိုတော့ ကြည်သာပဲသိ နိုင်မယ်လေ။
“ဒီအတိုင်းပဲ၊ မင်းအဲလိုပြန်မလာချင်လို့ မင်းပြန်မလာချင်တဲ့အကြောင်းတစ်ခုခုများရှိမလားဆိုပြီး ငါလိုက် ရှာကြည့်တယ်၊ ဘာမှမတွေ့ရဘူး၊ ဆောင်တော်ကူးဆိုင်ကိုတောင်ရောက်ခဲ့သေးတယ်”
“ဟေ ဟုတ်လား၊ ဘယ်သူတွေရှိလဲ”
“ငါနဲ့ အဲဆိုင်ကလူတွေနဲ့သိမှမသိတာ၊ ဒီအတိုင်းပဲကြည့်ပြီးပြန်လာတာပေါ့ကွ၊ ထွေထွေထူးထူးရှိမလား ဆိုပြီး မင်းနဲ့ပတ်သက်တဲ့နေရာတွေကို အားရင်အားသလိုလိုက်ကြည့်တာ”
စိတ်ချရသောသူငယ်ချင်းပေပဲ။ ကျွန်တော့်အကြောင်းကိုအသေအချာမသိတာတောင် ကျွန်တော်ဘာကို စိုးရိမ်သလဲဆိုတာသူအတပ်သိနေခဲ့သည်။
“အော် ဒါဆို ငါပြန်လာရတော့မှာပေါ့”
“ဘာလဲ မင်းကပြန်မလာချင်သေးဘူးလား”
“ကိုယ့်အိမ်ကိုယ့်နိုင်ငံပဲကွာ ပြန်မလာချင်ဘဲနေပါ့မလား”
“ကဲ ဒါဆိုလည်းပြန်သာလာခဲ့ကွာ၊ ငါကတော့မြန်မြန်ပဲပြန်လာစေချင်နေပြီ၊ မင်းရဲ့လက်ရှိရည်းစား လည်း ရန်ကုန်ကိုရောက်ဖူးသည်ရှိအောင်ခေါ်လာပေ့ါ၊ ငါတို့ရန်ကုန်လည်းဂျာကာတာထက်မညံ့ပါဘူး၊ ကားကြပ်တဲ့နေရာမှာပြောပါတယ်”
ရန်ကုန်ကိုပြန်ဖို့ ကျွန်တော်ပြင်ဆင်ရသည်။ စိတ်ပိုင်းဆိုင်ရာကိုအဓိကပြင်ဆင်ရသည်။ ငြိမ်းနှင့်ပတ်သက် သည့်သူများ ငြိမ်းသူငယ်ချင်းများနှင့်တွေ့လျှင် ဟန်မပျက်အောင်၊ အရင် ဟိန်းဇော်ထင်ဖြစ်အောင် ဟန် ဆောင်ကောင်းရမယ်လေ။
ဆောင်တော်ကူးဆိုင်ကိုသွားလည်သင့်ရဲ့လား၊ ဂျက်စီကာနှင့် သူတို့ကိုမိတ်ဆက်ပေးသင့်ရဲ့လားလို့ မေး ကြည့်မိသည့်အခါတွင်တော့ ကျွန်တော် ဒွိဟဖြစ်သွားတော့သည်။ မေသန့်တို့သည် ငြိမ်း၏အကောင်းဆုံး သူ ငယ်ချင်းများဖြစ်သလို ကျွန်တော့်အတွက်လည်းအကောင်းဆုံးမိတ်ဆွေတွေပါ။ ဇင်လင်းမောင်နှင့် ကိစ္စ ကို သူတို့ပြောလို့ ကျွန်တော်သိခဲ့တာလေ။ သူတို့ ကျွန်တော့်ကိုသနားလို့ ခင်လို့ မိတ်ဆွေ ကောင်းပီသ လို့ ကျွန်တော်သိခွင့်ရခဲ့တာမဟုတ်လား။ ငြိမ်းနှင့်ပတ်သက်လျှင် ငြိမ်းကို ဇင်လင်းမောင်နှင့် ထက်ကျွန်တော့် ကိုပိုပြီး သဘောတူကြတာလည်း သူတို့ပေပဲ။ ဆောင်တော်ကူးဆိုင်ကို ကျွန်တော်လာ လျှင်တံခါးမရှိ ဓါးမရှိဝင်ထွက်သွားလာနိုင်ပေမယ့် ဇင်လင်းမောင်ကိုတော့ တံခါးပိတ်ထားကြသည်။ ဆောင်တော်ကူး ဆိုင်က သူငယ်ချင်းတွေဟာ ဇင်လင်းမောင်အတွက်အမြင်ကတ်စရာလူတွေပေမယ့် ကျွန်တော့်အတွက် ချစ်စရာကောင်းလွန်းခဲ့သည်။ ဒီတော့ ကျွန်တော်ငြိမ်းနေရာကိုအစားထိုးထားသည့် ဂျက်စီကာကို သူတို့နှင့်မိတ်ဆက်ပေးသင့်တာပေါ့။
တစ်ဖက်ကကျတော့လည်း ကျွန်တော့်ကိုတော်တော်အပြောင်းအလဲမြန်တဲ့ကောင်ဟုထင်မှာလည်းစိုး ရသည်။ ငြိမ်းသေဆုံးတာကမှမကြာသေး ရည်းစားသစ်ရနေပြီလားဆိုပြီး သူတို့တွေနှာခေါင်းရှုံ့ကြမှာ။ ကျွန်တော်က ငြိမ်းကိုအသည်းအသန်ချစ်ခဲ့တာကိုး။ ဒီလောက်ကြီးဖြစ်ပြပြီးတော့မှ အခုတော့ချစ်သူ အသစ်နှင့်ပျော်ပါးနေတာများဆိုသောအကွက်ကိုလည်းမဖြစ်စေချင်ပါ။
“ဂျက်စီကာကို လှည်းတန်းရဲ့အပြင်ဖက်ဆီကိုခေါ်သွားတာပဲကောင်းပါတယ်”
အရင်ဆုံးရွှေတိဂုံဘုရားကိုလိုက်ပို့မည်။ ပြီးတော့ ဆူးလေတစ်ဝိုက်ပေါ့။ မြို့တော်ခန်းမ၊ မဟာဗန္ဓလ ပန်းခြံ၊ ဗိုလ်ချုပ်စျေး အဲဒီလောက်ဆိုတော်ပါပြီ။ ရန်ကုန်၏အထင်ကရဖြစ်သည့် ကိုလိုနီခေတ်အဆောက် အဦတစ်ချို့ကိုလိုက်ပြရင်တော်လောက်ပါပြီ။ လှည်းတန်းညနေခင်းကိုတော့ လိုက်ပြရင်ကောင်းမလား မတွေးတတ်သေး။ ဆောင်တော်ကူးဆိုင်ကအဖွဲ့များနှင့်တွေ့မှာလည်းစိုးရပြန်သည်။
ဒါပေမဲ့ ဂျက်စီကာဟာ ငြိမ်းနှင့်တစ်ထေရာတည်းတူသည့်ကောင်မလေးတစ်ယောက်ဆိုတာကို မေသန့် တို့ သိခဲ့ပါလျှင် ကျွန်တော့်ကိုအပြစ်မပြောတန်ကောင်းပါရဲ့။
“ဂျက်စီကာ ရန်ကုန်မှာဘယ်နှစ်ရက်နေချင်လဲ”
ကျွန်တော် ရန်ကုန်ပြန်တော့မည့်အကြောင်းကိုပြောတော့ သူဝမ်းသာသွားခဲ့ပါသည်။ ဟေးခနဲ ထအော် ကာ ကျွန်တော့်ကိုသိုင်းဖက်လိုက်သည်။ ပြီးတော့ ကျွန်တော့်ရှေ့မှာထိုင်ချလိုက်ပါသည်။ သူ့ မျက်နှာ လေးတစ်မျိုးဖြစ်သွား၏။ ဘာကြောင့်လဲ ကျွန်တော်တွေးနေရင်း သူ့အဖြေကိုစောင့်နေမိသည်။
“အလွန်ဆုံးတစ်ပတ်ပါပဲ”
“အင်း၊ ကိုယ်လည်းဗီဇာတိုးရမှာဆိုတော့ အဲဒီလောက်ပဲဖြစ်မယ်ထင်တယ်၊ ဒါမှမဟုတ် ဂျာကာတာ မှာပဲ တိုးလိုက်ရမလား”
“အို မတိုးပါနဲ့၊ ရန်ကုန်ရောက်မှ အေးအေးဆေးဆေးလည်ပတ်ပြီးမှတိုးပါ”
“ဘာလို့လဲ ဂျက်စီကာ”
“ဘာမှမဖြစ်ပါဘူး”
“ကိုယ် ရန်ကုန်ပြန်မယ့်ကိစ္စ တစ်ခုခုထူးခြားနေသလိုပဲနော်”
“ဟင် ဘာဖြစ်လို့လဲ”
ဂျက်စီကာ၏မျက်နှာလေးတစ်မျိုးဖြစ်နေတာကိုသိတာပေါ့။ ဂျက်စီကာဟာ ကျွန်တော့်ကိုရန်ကုန်ကို အရမ်းပြန်စေချင်ပြီး သူလည်းလိုက်ချင်သည်။ တကယ်တမ်းပြန်မယ်လည်းဆိုရော တစ်မျိုးဖြစ်နေသလို ခံစားရသည်။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲမတွေးတတ်တော့ပါ။ ကျွန်တော့်စိတ်ထဲလေးလံနေသလို ခံစားရတာတော့အမှန်။ ဒါဟာ စိတ်ထဲကဖြစ်နေတာနေမှာပါလေလို့ပဲတွေးတန်ကောင်းပါရဲ့။
“ဘာမှမဟုတ်တော့ပါဘူး၊ အဆင်သင့်ပြင်ထားတော့နော် ကိုယ်တို့ရန်ကုန်ကိုပြန်ကြမယ်၊ ပြီးရင် ဂျာကာ တာကိုပြန်လာကြမယ်ဂျက်စီကာ”
“အိုကေ”
ကျွန်တော်သူ့ကိုပွေ့ဖက်လိုက်သည်။ နွေးထွေးမှုအပြည့်နှင့်ချစ်သူရင်ခွင်သည် ကျွန်တော့်တစ်ဘဝလုံးစာ အပ်နှံဖို့သင့်တော်သည့်နေရာပေပဲ။ အဲဒီနေရာမှာ ကျွန်တော်တစ်သက်လုံးနေခွင့်ရနိုင်ပါရဲ့လား။ ရေမြေ မတူ၊ ယဉ်ကျေးမှုမတူ၊ ဘာသာစကားမတူ အရာရာကွဲပြားခြားနားနေတဲ့လူနှစ်ယောက်ပေါင်းစပ်ဖို့ သင့်တော်ပါရဲ့လား။
“ဂျက်စီကာ”
“အင်း”
“ကိုယ့်ကိုခွဲမသွားပါနဲ့ ဟန်နီရယ်၊ ကိုယ်မင်းကိုအဆုံးအရှုံးမခံနိုင်တော့ဘူး”
“ဟော ကဲ၊ ဘယ်လိုဖြစ်ရတာလဲ”
“ကိုယ်တစ်ခုခုခံစားနေရတယ်ဂျက်စီကာ၊ စိတ်ထဲမှာလေးလံနေသလိုပဲ၊ ကိုယ်တို့ရန်ကုန်ပြန်ပြီးရင်ဒီကို ချက်ချင်းပြန်လာခဲ့ကြမယ်နော်၊ အလုပ်တွေအကုန်လုံးကို ဒီကိုပြောင်းဖို့ပါစီစဉ်ခဲ့မယ်၊ ပြီးတော့ ကိုယ့်ကို ဂျက်စီကာတို့မြို့လေးကိုခေါ်သွားပေးပါ၊ မိသားစုနဲ့လည်းတွေ့ချင်သေးတယ်၊ ထမင်းလက်ဆုံးလည်းစား ပါရစေအချစ်ရယ်”
ပြောရင်းနှင့် ဘာလီဖက်တွင်ရှိသည့် သူတို့အိမ်ကိုသတိရလာပြန်သည်။ နွေးထွေးကြင်နာလှသည့်သူတို့ မိသားစု။ ဘဝတွင်နောက်ထပ်မရနိုင်တော့ဘူးဟု ယူဆမိသည့် မိသားစုဘဝကို ဂျက်စီကာ့ကိုချစ်ရင်းပြန် လည်ရရှိနိုင်မည့်အခွင့်အရေးပင်။
အဲဒီညက ကျွန်တော်အိပ်မက်ထပ်မက်ပါသည်။ အရင်လိုအိပ်မက်ကြမ်းကြမ်းမဟုတ်တော့ပါ။ သူတို့ ကျွန်တော့်ကို ရန်လာမမူကြတော့ပါ။
“ဇော်ထင် ငါတို့မင်းအပေါ်ပြုမူမိတာတွေကို လာတောင်းပန်တာ”
အံအားသင့်မိသည်။ ရန်လိုနေသည့်သူများက အခုလိုတောင်းပန်တာမျိုးဖြစ်လာတော့ တစ်ခုခုများထူး ဆန်းနေသလားပေါ့။ သူတို့နှစ်ယောက်လက်ချင်းချိတ်ပြီးလာကြတာကို သဝန်တိုမိပါသည်။ ကိုယ်အ ရမ်းချစ်ရသည့်ငြိမ်း အခုလိုမျိုးဇင်လင်းမောင်၏လက်ကိုတွေ့ပြီး ကျွန်တော့်ဆီကိုလာတွေ့တာ အိပ်မက် ထဲ မှာတောင်ခွင့်မပြုချင်ပါ။ သူတို့ရန်မလိုတာတော့ထူးဆန်းလှသည်။
“ဒါဆို..”
ကျွန်တော်တစ်ခုခုပြန်ပြောချင်နေပေမယ့် အသံကမထွက်ပါ။ ဘီလူးသရဲစီးနေသလို လည်ပင်းကို တစ် ယောက်ယောက်ကလာညှစ်ထားသလိုခံစားရသည်။
“မင်း လုပ်ခဲ့တဲ့အပြုအမူတွေက ဘယ်လိုမှခွင့်လွှတ်နိုင်စရာအကြောင်းမရှိဘူး၊ ငါတို့ခွင့်လွှတ်ပေမယ့် ကံကြမ္မာကမင်းကိုခွင့်မလွှတ်ဘူးဇော်ထင်၊ ငါတို့ မင်းကိုပြုမူခဲ့တဲ့အတွက် အသက်သေဆုံးစေတဲ့ပြစ် ဒဏ်ခံစားခဲ့ရတယ်၊ မင်းငါတို့ကိုသတ်ခဲ့တဲ့အတွက်ကတော့….”
“ငြိမ်းတို့ ဇော်ထင့်ကိုဗွေမယူချင်ခဲ့ပါဘူး၊ သေချာစဉ်းစားမိတော့ လူတိုင်းကကိုယ့်ခံစားချက်နဲ့ကိုယ်ပဲ စိတ်စေရာလုပ်မှာပေါ့ဆိုတဲ့အတွေးကိုတွေးမိတယ်၊ ဇော်ထင့်ကို အခုလိုခြောက်လှန့်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်”
သူတို့ နှစ်ယောက်အတိုင်အဖောက်ညီလှသည်။
သူတို့ခွင့်လွှတ်တယ်၊ ဒါပေမဲ့ ကံကြမ္မာကခွင့်မလွှတ်ဘူးဆိုတာ ဘာအဓိပ္ပါယ်ကိုပြောတာလဲ၊ ကျွန်တော့် အတွက် သူတို့မရှိတော့သည့်နောက်ပိုင်း ခွင့်မလွှတ်စရာ ကံကြမ္မာကဘာများဖြစ်မလဲ။
“ဟင်”
ကျွန်တော် တွေးစရာနှစ်ခုရလာသည်။ သူတို့ကိုသတ်သည့်အမှုများပေါ်မလား။ သဲလွန်စများအကုန် ဖျောက်ဖျက်ခဲ့ပြီးပြီမို့ ပြန်ပေါ်စရာအကြောင်းမရှိ။ အဲဒီကိစ္စကအသားကျနေပြီလို့ ကြည်သာလည်းပြော ဖူးတော့ သိပ်စိုးရိမ်စရာမရှိ။
ဒါဆိုနောက်တစ်ခု။ အဲဒါကတော့ စိုးရိမ်ရသည်။ ဂျက်စီကာနှင့် ကျွန်တော့်အချစ်ရေးလမ်းကြောင်း။ ဟုတ်တယ်။ ကျွန်တော်တို့အချစ်ရေးလမ်းကြောင်းက စိုးရိမ်ရသည်။ ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်ပါ့ မလားဆိုတာရင်ပူရသည်။
“အို ဘာဖြစ်လဲ၊ ငါ့ကံကြမ္မာ ငါဖန်တီးတာပဲ”
ကျွန်တော်စိတ်ထဲကတွေးလိုက်သည်။ သူတို့နှစ်ယောက်ကတော့ ကျွန်တော့်အတွေးကိုထွင်းဖောက်သိ သလိုပင် မဲပြုံးပြုံးက နှုတ်ဆက်ပျောက်ကွယ်သွားတော့သည်။
အဲဒီနောက်တော့…။
>>>>>