အလုပ်တွေလည်းပုံမှန်လျှောက်ရက်သားနဲ့ မရတာ ဘာကြောင့်လဲ

ဒီကာလမှာ အလုပ်လျှောက်သူတွေ အလုပ်မရတာမျိုး အင်တာဗျုးတောင်မခေါ်တာမျိုးတွေများပါ တယ်။ အေဂျင်စီတွေကို ဝန်ဆောင်ခပေးပြီးအပ်ထားပေမယ့်လည်း အကြောင်းပြန်မလာတာမျိုးတွေလည်းရှိ လာပါတယ်။ ဒီအကြောင်းပြချက်တွေကြောင့် အလုပ်မရနိုင်တာဖြစ်သလို ဒီလိုလေးလိုက်လုပ်ကြည့်ရင် အခုထက်ပိုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်မလားလို့ ဦးတိမ်က ဝေမျှချင်တာပါ။

အလုပ်ခေါ်ဝက်ဘ်ဆိုက်တွေမှာ CV တင်ထားရက်သားနဲ့ ဘာလို့မရတာလဲ

ဦးတိမ်သိရသလောက်ကတော့ တစ်ချို့ အလုပ်ခေါ်ဝက်ဘ်ဆိုက်တွေက သူတို့ တကယ်လိုအပ်နေလို့မ ဟုတ်ဘဲ သူတို့ရဲ့ကျန်နေသေးတဲ့ Credits point တွေကိုသုံးနေကြတာပါတဲ့။ ဟိုဝက်ဘ်ဆိုက်မှာလည်း CV ဒီထားတယ်။ ဒီဖက်မှာလည်းတင်ထားတယ်။ ဒါပေမဲ့ ကြာပြီ သုံးလေးလရှိပြီ။ ဘာအကြောင်းမှမထူး လာဘူး ဆိုတာမျိုးတွေခဏခဏကြားနေရပါတယ်။ ဖြစ်နိုင်ရင်တော့ သူတို့ကိုလည်းသိပ်အားမကိုးတော့ ဘဲ ကုမ္ပဏီကိုသာ တိုက်ရိုက်လျှောက်စေချင်ပါတယ်။

အေဂျင်စီတွေကိုယုံသင့်ရဲ့လား

ဦးတိမ် တကယ်ကိုလက်တွေ့ကြုံဖူးတာပါ။ အင်တာဗျုးကျိန်းသေဝင်ရမယ်လို့အာမခံထားတဲ့အေဂျင် စီတစ်ချို့မှာလျှောက်ဖူးတယ်။ အင်တာဗျုး ငါးခါကို ငါးထောင်ပေးရတယ် (လွန်ခဲ့တဲ့ ၈ နှစ်လောက်က)။ ဦးတိမ်လျှောက်တာက Script Developer ရာထူး။ သူတို့ကတော့ ချိတ်ပေးတာ မာကတ်တင်းတွေရော၊ အရောင်းဝန်ထမ်းတွေရော၊ အံမယ် MP3 ပြင်တဲ့ရာထူးပါ ပါလိုက်သေးတယ်။ ပြောချင်တာကတော့ သူတို့ကတော့ အင်တာဗျုးအခေါက်ရေအလိုက်ပိုက်ဆံယူကြတာဆိုတော့ ကိုယ်လျှောက်တဲ့ရာထူးနဲ့ ကိုက်သည်ဖြစ်စေ မကိုက်ဘူးဖြစ်စေ လျှောက်ပေးမှာပဲ။ ဒီတော့ အေဂျင်စီတွေကို ရာနှုန်းပြည့်မယုံစေ ချင်ပါဘူး။ တကယ်ယုံရတာလည်းရှိမှာပါ။ ဦးတိမ်ကြုံခဲ့ရတာကိုပြောပြတာ။

အမြဲမပြတ် စူးစမ်းလေ့လာနေဖို့လိုပါတယ်

သူများကိုအားမကိုးစေချင်ပါဘူး။ ဒီကာလအလုပ်ရှားနေတာမို့ ပိုလို့တောင်အားမကိုးစေချင်ပါဘူး။ အေဂျင်စီတွေကို CV ပေးထားပြီးပြီ။ အသိကိုပြောထားပြီးပြီဆိုပြီး ထိုင်မနေစေချင်ပါဘူး။ ကိုယ်လျှောက် ထားတဲ့ရာထူးနဲ့သက်ဆိုင်တဲ့ Facebook Group တို့ ကုမ္ပဏီဝက်ဘ်ဆိုက်တို့ကိုရှာဖွေစူးစမ်းပြီး အလုပ် အကိုင်အတွက် အမြဲတမ်းစူးစမ်းစေချင်ပါတယ်။

CV ကိုပုံသေမလုပ်ထားပါနဲ့

အလုပ်ခေါ်တဲ့အခါ တစ်ချို့က ဒီရာထူးပဲ ဒါပေမဲ့ Job Description မတူပါဘူး။ ဒါကြောင့် အလုပ်ခေါ်တဲ့ JD ကိုကြည့်ပြီး CV တို့ Cover Letter တို့ပြင်ဆင်ရတာမျိုးရှိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် CV ကို ပုံသေ လုပ်ထားပြီး ဘယ်ကုမ္ပဏီကခေါ်တဲ့အလုပ်ပဲဖြစ်ဖြစ် ဒီ CV နဲ့ပဲတင်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။

Second Plan အမြဲတမ်းထားစေချင်ပါတယ်

လူတစ်ယောက်ရှာတစ်အိမ်လုံးစားတဲ့ခေတ်မဟုတ်တော့တဲ့အပြင် လူတစ်ယောက်က အလုပ်နှစ်ခုလုပ် မှ တစ်အိမ်လုံးစားနိုင်တဲ့အဖြစ်ပါ။ ဒါကြောင့် လက်ရှိအလုပ်အပြင် အခြားအချိန်ပိုင်းအလုပ်တစ်ခုခုကိုပါ တွဲပြီးလုပ်ကိုင်ထားသင့်ပါတယ်။ အခုလို ကိုဗစ်ကာလမှာဆိုရင် အွန်လိုင်းပေါ်မှာဈေးရောင်းကြတာ၊ စားသောက်စရာပို့တဲ့အလုပ်လုပ်ကြတာတွေက လက်ရှိအလုပ်အပြင်အခြားအပိုထပ်ဆောင်းအလုပ်အ ဖြစ်လုပ်ကိုင်ကြတာတွေ့ရပါတယ်။

အားလုံးအလုပ်အကိုင်အဆင်ပြေပါစေနော်။