“သံသယဆိုတာရှိတတ်ကြပါတယ်။ ကိုယ်ထင်တဲ့ သံသယကိုမှန်၊ မမှန် အသေအချာဆန်းစစ်ဖို့ တော့ လိုအပ်တာပေါ့၊ ဒါမှ လွဲချော်မှုဆိုတာဖြစ်မလာနိုင်ဘူးလေ”
>>>>>
(၁)
အလုပ်သင်ဆရာဝန်အဖြစ် အင်းစိန်ဆေးရုံတွင် House Surgeon ဆင်းပြီးဆယ်ရက်တိတိပြည့်သောနေ့။ မနက်စာလား၊ နေ့လည်စာလားပြောမပြတတ်သော meal တစ်ခုအပြီးအချိန်ပိုဆယ့်ငါးမိနစ်အတွင်း၌ သူရောက်လာခဲ့ပါသည်။
“မနေ့ကဘယ်သွားတာလဲ”
မေးလိုက်တော့လည်းသူ့ပုံစံကအေးတိအေးစက်။
“အလုပ်ကိစ္စပါ”
“သော်နေဇင်နဲ့ အတူတူသွားတာမဟုတ်လားမောင်”
သူခေါင်းညိတ်သည်။
ဖြူသည် ပတ်ဝန်းကျင်အခြေအနေကိုဟိုလှည့်ဒီလှည့်ကြည့်ပြီးသူ့လက်ကိုဆတ်ခနဲဆွဲကာကားပါကင် ဘေးသို့ခေါ်လာခဲ့သည်။ ဂျူတီကုတ်ကိုတောင်မချွတ်ခဲ့ရပါ။ အိတ်ထဲမှာလည်းနာကြပ်ထည့်ထားတာ တန်းလန်းကြီးဖြစ်လို့နေလေ၏။
“ဒီလောက်တောင် တတွဲတွဲဖြစ်နေကြရင်လည်းသော်နေဇင်နဲ့ပဲယူလိုက်ကြပါလား၊ ဘာဖြစ်လို့ ကျွန်မကိုချစ်သူအဖြစ်ရွေးချယ်ခဲ့တာလဲ၊ မောင်တို့ တော်တော်တရားလွန်နေပြီ၊ ကျွန်မသည်းမခံနိုင် တော့ဘူး”
“ဟာမင်းဘယ်လိုပြောလိုက်တာလဲဖြူ၊ မင်းကိုကိုယ်ပုံမှန်လာမတွေ့လို့လား၊ ကိုယ့်ဘက်ကချစ်သူတစ် ယောက်ရဲ့ဝတ္တရားပျက်ကွက်လို့လားကွာ”
“ဒါဆို ကျွန်မနဲ့ သော်နေဇင်နဲ့ ယှဉ်လာရင် ကျွန်မကိုအမြဲတမ်းချန်ထားခဲ့တာဘာသဘောလဲမောင်၊ ချစ် သူထက် သူငယ်ချင်းကပိုအရေးကြီးသလား၊ ပတ်ဝန်းကျင်ကလည်းပြောနေကြပြီ၊ သော်နေဇင် သာ မိန်းကလေးဆိုရင် မောင့်ချစ်သူပဲဖြစ်မှာတဲ့”
“တောက်…..အဓိပ္ပါယ်မရှိတာတွေလာစွပ်စွဲနေပြန်ပြီကွာ၊ ဘာကိစ္စဒီလောက်အပြစ်ရှာနေရတာလဲဖြူ၊ သော်နေဇင်နဲ့ကိုယ်နဲ့ကမင်းနဲ့ချစ်သူမဖြစ်ခင်ကတည်းကညီအစ်ကိုသူငယ်ချင်းကွ”
“အေး…..အဲဒါဆို ကျွန်မဆီလာတွေ့မနေနဲ့တော့၊ ကျွန်မရဲ့အချိန်တွေကိုလည်းရှင့်ကိုဖဲ့မပေးနိုင်တော့ဘူး၊ ရှင်ပြန်တော့ မောင်”
ဖြူ့မျက်ဝန်းထဲမှ မျက်ရည်များလိမ့်ဆင်းလာသည်။ ဘုရား…သူတကယ်ပဲချစ်သူထက် သူငယ်ချင်း ကိုဦးစားပေးတာပါလား။ ဘယ်သူမဆိုချစ်သူရဲ့ အယုအယ၊ အချော့အမြူလေးတွေကိုခံချင်ကြတာပဲ။ ဒါပေမဲ့ မောင်ဟာ…ဘယ်လိုကြီးပါလိမ့်။
“မင်းဘာဖြစ်နေတာလဲဖြူ”
ဖြူ့ရဲ့ပခုံးကိုလာကိုင်သည်။ ခါထုတ်ပစ်လိုက်မိ၏။
“ရှင်နဲ့ကျွန်မပြတ်ရင်ပြတ်၊ မဟုတ်ရင်သော်နေဇင်နဲ့ ရှင်နဲ့ပြတ်အောင် ကျွန်မလုပ်ရလိမ့်မယ်”
“ဖြူ”
“ဟုတ်တယ်၊ ကျွန်မလုပ်ကိုလုပ်ရတော့မယ်”
“မင်းရူးနေပြီလားဖြူ”
“ကျွန်မရဲ့သံသယတွေတကယ်မှန်နေပြီပြ”
“ဘာတွေလဲ”
“ရှင်ပြန်တော့မောင်၊ ကျွန်မဆေးရုံပြန်ဝင်ရတော့မယ်”
ဖြူပြောလိုက်သောပြတ်သားသည့်စကားကိုတွန့်မတက်ဘဲစုတ်တစ်ချက်သပ်ကာသူကားထဲကိုဝင်သွားတော့သည်။ ဖြူ့ကိုသူနားမလည်နိုင်သောအကြည့်များနှင့်။ သူကားစက်နှိုးနေသည့်အချိန်တွင် ဖြူက ခဏဆိုသည့်သဘောနှင့်လက်ကာပြလိုက်သည်။
“Homosexual ဆိုတာတကယ်ရှိတာပဲနော်…..မောင်”
အဲလိုပြောပြီးလှည့်ထွက်လာခဲ့သည်။ သူစိတ်တိုကျန်ရစ်ခဲ့မည်ဆိုတာပြောစရာမလိုတော့။
>>>>>
(၂)
“ယောင်္ကျားအချင်းခုံမင်တယ်လို့ပြောရအောင် နင့်ချစ်သူကမိန်းမလျာမဟုတ်သလိုဟိုတစ်ယောက် ကလည်းယောင်္ကျားရင့်မာကြီးပဲလေ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဖြိုးသဇင်ကစတင်သုံးသပ်သည်။ ဖြူ့အတွက်ကတော့ ဖြစ်နိုင်ခြေအများကြီးပင်။ ယုံနိုင်စရာ သံသယတွေ လည်းအများကြီးရှိပါသည်။
“ကမ္ဘာကျော် ဟောလိဝုဒ်စတားမင်းသမီးအင်ဂျလီနာဂျိုလီဟာပထမဦးဆုံးဂျပန်မင်းသမီးတစ်ယောက် နဲ့ လိင်တူချင်းစုံမက်ခဲ့တာကရော၊ သူတို့နှစ်ယောက်စလုံးလည်းယောင်္ကျားလျာမဟုတ်ကြဘူးလေ”
ဖြူ့ရဲ့အကြောင်းပြချက်ကိုဘေးနားတွင်ထိုင်နေသည့် ချမ်းမြေ့ကလည်းသဘောတူသည်။
“ငါတို့ဆေးပညာအရခန္ဓာကိုယ်မှာယောင်္ကျားဖြစ်နေပေမယ့် ကိုယ်တွင်း (Oestrogen) ဟော်မုန်း ဓါတ်များလွန်းနေလည်းဖြစ်တတ်ပါတယ်၊ ဒါပေမဲ့သေချာမသေချာဆိုတာနင့်ရဲ့သံသယတွေကိုနားထောင်ကြည့်မယ်လေ”
သူငယ်ချင်းများကိုရှက်မိပါသည်။ ဖြူ့တစ်သက်တွင် မောင်တစ်ယောက်ကိုပဲချစ်ခဲ့မိတာပါ။ ဘာဖြစ်လို့ များမောင်ကအခုလိုဖြစ်နေရတာပါလဲ။
နာကြည်းချက်များနှင့် တိုးလျလျပြုံးရယ်မိကာမောင့်အပေါ် ဖြူ့သံသယအမှန်များကိုပြောပြဖြစ် လေသည်။ အတူတူအလုပ်သင်ဆင်းနေသည့် ဒီသူငယ်ချင်းတွေကပဲအားကိုးစရာရှိတာလေ။
“ငါပထမဆုံးသတိထားမိတာကသူတို့တွေရဲ့အမူအရာပဲ၊ မောင်နဲ့သော်နေဇင်တို့တွေ့တိုင်းမှာမောင်ဟာ ငါ့ဘေးကနေထပြီးသူ့အနားကိုသွားထိုင်တယ်၊ သူတို့နှစ်ယောက်စကားပြောတဲ့အခါတိုင်း မောင်ဟာ သော်နေဇင်ရဲ့ လက်ခုံကိုဖွဖွလေးကိုင်ပြီးပြုံးပြုံးရယ်ရယ်နဲ့ပြောတတ်တယ်”
သူငယ်ချင်းများကဖြူ့စကားလုံးများကိုအာရုံဝင်စားသည်ထက် ဝင်စားလို့လာလေသည်။
“သာမန် လိင်တူသူငယ်ချင်းက အဲဒီလိုလုပ်ပါ့မလားဟင်၊ ဒုတိယတစ်ချက်….မောင်ဟာ ငါ့ရဲ့ရှားရှားပါး ပါး အားလပ်ချိန်အတွင်းမှာတောင်မှ သော်နေဇင်ဖုန်းဆက်ခေါ်ရင် ငါ့ကိုပစ်ထားပြီးသွားတွေ့တယ်၊ တတိ ယတစ်ချက်…..မောင်စကားပြောတဲ့အခါ သော်နေဇင်ရဲ့အကြောင်းမပါဘဲမနေဘူး၊ သူဘယ်လောက်အ ထိမောင့်အပေါ်ခင်မင်တယ်ဆိုတာ အမြဲတမ်းပြောတယ်။ စတုတ္ထ…ငါကြည့်ချင်လွန်းလို့ပူဆာတဲ့ရုပ်ရှင် ကားကို ငါနဲ့အတူတူမကြည့်ဘဲ ငါမသိခင်သော်နေဇင်နဲ့သွားကြည့်တယ်လေ၊ နောက်ဆုံးတစ်ချက်က ပြောရမှာရှက်ဖို့တော့ကောင်းတယ်၊ ဒါပေမဲ့ ငါ့ရင်ထဲမှာ ပူလောင်လွန်းလို့နင်တို့ကိုရင်ဖွင့်ပါရစေဟာ”
ဆေးရုံတွင်း တိတ်ဆိတ်လို့နေလေသည်။ ဖြူ့စကားသံတိုးလျလျထွက်လာပြန်၏။
“မောင်ဟာ သော်နေဇင်နဲ့အတူတူ တစ်ပတ်တစ်ခါ အိပ်ကြတယ်”
“ဟင်”
အားလုံးပါးစပ်အဟောင်းသားဖြစ်သွားတော့၏။
“မောင့်အိမ်မှာဖြစ်ဖြစ်၊ သော်နေဇင့်အိမ်မှာဖြစ်ဖြစ်ပေါ့ဟာ၊ တစ်လောတုန်းကတောင် မောင်ရဲ့ညီမလေး က ငါ့ကိုပြောတယ်၊ သူတို့တွေအိပ်ရင် တိုးတိုး တိုးတိုးနဲ့ညလုံးပေါက်နီးပါးစကားတွေထိုင်ပြောတာတဲ့၊ အိပ်ရာထဲမှာလည်း တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ပြီးအိပ်တာတဲ့လေ”
ပြောရင်းမှသည် ဖြူ့မျက်ဝန်းအိမ်မှ မျက်ရည်များစီးကျလာပြန်သည်။
“ပြောပါဦး၊ ငါ့သံသယတွေဟာ တခြားအကြောင်းရှိပါ့မလား”
“အေး…..နင့်သံသယတွေ မှန် မမှန်ဆိုတာ သိရဖို့ ငါတို့သိသလောက် Homosexual အကြောင်းကိုဆွေး နွေးကြည့်ရအောင်၊ သီတာ နင်အရင်စပြော”
သူငယ်ချင်းငါးယောက်၊ တစ်ပြိုင်နက်တည်း သူတို့တွေ၏ဦးနှောက်တွင်ရှိသော Homosexual နှင့်ပတ် သက်သော အချက်အလက်များစုလိုက်ကြသည်။
“သော်နေဇင်ရော၊ နင့်လူ ဖြိုးဝေလျှံရော …ချမ်းမြေ့ပြောသလို ယောင်္ကျားဟော်မုန်း (Testosterone) နည်းနေလို့ ယောင်္ကျားစစ်စစ်ဖြစ်နေပေမယ့် တစ်ယောက်နဲ့တစ်ယောက် မထင်မှတ်တဲ့အတွေ့အထိလေး ကြောင့် မက်မောနေတာထင်တယ်”
“ဟော်မုန်းဓါတ်မပြောင်းလဲပေမယ့် လိင်တူလိင်ကွဲ မခွဲခြားတတ်တဲ့ဘယ်အထိအတွေ့မဆို ဆက်ဆံချင် တဲ့ လူတချို့ရှိတယ်၊ အဲဒါမျိုးဖြစ်နိုင်တယ်”
“လိင်ကွဲထက် လိင်တူကို ပိုမက်မောတဲ့လူဖြစ်နိုင်မလား၊ ဒါမှမဟုတ် တဏှာကာမတစ်ခုခုမှားပြီးခံစားခဲ့ ရလို့လား၊ အဲလိုမျိုးတွေ့ရင်တော့ သူတို့နှစ်ယောက်စလုံးဘဝ ရှုံးပြီးပဲ”
“Generation နဲ့တော့ မဆိုင်ဘူးထင်တယ်၊ ဒါပေမဲ့ ငယ်စဉ်က မိဘတွေအိမ်ထောင်ရေးအဆင်မပြေတာ တို့၊ Pressure တွေများတာတို့ အဲလိုမိဘလောင်းရိပ်ခါးခါးကြောင့် မိဘတွေဖြစ်တဲ့ လိင်ကွဲကိုကြောက်ပြီး လိင်တူကို စိတ်ဝင်စားတာမျိုးကြားဖူးတယ်၊ အဲဒါမှန် မမှန်ငါလည်းသေချာမသိဘူး”
အားလုံးကထင်ကြေးအမျိုးမျိုးပေးနေကြသည်။
“ငါ ဘာဆက်လုပ်ရမလဲဟင်”
“စိတ်အေးအေးထားဖြူပြာ၊ အကြောင်းရင်းကိုရှာဖို့ ငါတာဝန်ယူတယ်ဟာ၊ သော်နေဇင်တို့အိမ်က မိသား စုဆရာဝန်ဟာ ငါ့ဦးလေးအရင်းပဲ၊ ငါကတော့ ဒီကိစ္စအကြောင်းတစ်ခုခုတော့ရှိမယ်လို့ထင်တယ်၊ Homosexual တော့မဖြစ်နိုင်ဘူး”
“ဖြူပြာရဲ့သံသယမှန်ရင် ဒါဟာ လိင်တူချင်းနှစ်သက်နေကြတာပဲ၊ ဖြိုးသဇင် နင်ဘယ်လိုမှမငြင်းနဲ့”
“ငါတော့မထင်ဘူး၊ အကြောင်းအရာတစ်ခုခုရှိကိုရှိရမယ်”
“ကောင်းပြီလေ၊ ငါတို့လေးယောက်နဲ့ နင်လောင်းမလား”
“ဟေ့အေး ဒါပေမဲ့ အကြောင်းရင်းကိုငါရအောင်ရှာမယ်၊ နင်တို့နဲ့လောင်းဖို့အကြေင်းအရင်းခိုင်ခိုင်လုံ လုံမရှိသေးဘူး”
ဖြူကတော့ မောင်ဟာဘယ်လိုလူမျိုးလဲလို့ သေသေချာချာဆန်းစစ်မိပြန်သည်။
မောင်ရယ်။
>>>>>
(၃)
ဖြိုးသဇင်သာ ဖြူတို့လေးယောက်နဲ့ (ပြေချမ်းမြေ့၊ မောင်မောင်ဖြူ၊ မေသီတာနှင့်ဖြူပြာ) လောင်းကြေး ထပ်ခဲ့ပါက အရှုံးကြီးရှုံးပေလိမ့်မည်ဆိုတာ အဲဒီနေ့ကမှ သေချာခဲ့လေသည်။
ဖြူတို့အားလုံးဆုံပြီး အားလပ်ရက်ရကာ မောင့်ကိုလိုက်ချောင်းတဲ့နေ့ပေါ့။
သူငယ်ချင်းငါးယောက်၊ ကားတစ်စီးပေါ်တက်ကာမောင် သွားရာနောက်ကို တိတ်တိတ်လေးလိုက်လာခဲ့ ကြသည်။ မောင်သွားတဲ့နေရာက အင်းလျားကန်ပေါင်မှာ။
သော်နေဇင်က ထိုနေရာတွင်အဆင်သင့်စောင့်နေတယ်လေ။ နှစ်ယောက်သားလည်းတွေ့ရော စကားတိုး တိုး တိုးတိုးပြောကြ။ ခဏကြာတော့ မောင်က သော်နေဇင့်ကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက် လေတော့သည်။
“တောက်”
ဖြူဘယ်လိုခံစားရမလဲ။ ရှက်လည်းရှက်၊ ဒေါသလည်းထွက်တာကြောင့် ရှိုက်ကြီးတငင်ငိုမိလေသည်။ မောင်ဟာ ဖြူကလွဲပြီးတခြားမိန်းကလေးကိုဖောက်ပြားတယ်ထားဦး၊ အဲဒါသဘာဝဆန်သည်။ အခုတော့ ဖြူလုံးဝထင်မှတ်မထားတဲ့ကိစ္စပင်။
“နင်ယုံပြီလား ဖြိုးသဇင်”
“ငါမယုံနိုင်လောက်အောင်ပဲဟာ”
“နင်ဘာဆက်လုပ်မလဲ ဖြူပြာ”
“မောင် ငါ့ကိုဘာလို့ချစ်ရေးဆိုခဲ့တာလဲ စဉ်းစားလို့မရဘူး၊ သူ့ကိုစွန့်လွှတ်လိုက်ရင်ကောင်းမလားဟင်”
ဖြူမောင့်ကိုချစ်လှပါသည်။ ဒါပေမဲ့…..။
“နင်ပြတ်သားရမယ် ဖြူပြာ”
“မနက်ဖြန် သူငါ့ဆီလာမှမဟုတ်ဘူးဟ၊ သူအလုပ်ကိစ္စရှိတယ်တဲ့၊ ဒါပေမဲ့ ငါ သူနဲ့မနက်ဖြန်တွေ့မှဖြစ် မယ်”
“မနက်ဖြန်ဟုတ်လား”
“အေး မနက်ဖြန်”
>>>>>
(၄)
“မင်းဟာ ဆရာဝန်တစ်ယောက်ဆိုတာ ကိုယ်သိပါတယ်ဖြူ၊ ဒါပေမဲ့ မင်းထင်တာတွေကို ဆေးပညာ မျက်လုံးနဲ့ သံသယမျက်လုံးတွေနဲ့မကြည့်နဲ့ကွ၊ ကြားလို့မှမကောင်း….ရှက်စရာကောင်းလိုက်တာဖြူရာ၊ မင်းသံသယတွေ အမှားကြီးကွ”
“ဒါဆို ခိုင်လုံတဲ့အကြောင်းပြချက် ကျွန်မကိုပေးလေ”
“မင်း…..ကိုယ့်ကိုမယုံဘူးလားဖြူ၊ ရှင်းပြစရာအကြောင်းလုံးဝမရှိတဲ့အတွက် ကိုယ်မရှင်ပြနိုင်ဘူးကွာ၊ Homosexual တဲ့၊ ဟင့်အင်း၊ မင်းရဲ့သံသယတွေက နားမလည်နိုင်အောင် ပြင်းရှလွန်းပါတယ်ဖြူရာ”
ဖြူ့ရဲ့နေ့လည်စာအပြီး ခဏနားချိန်တွင် သူ့ကိုဖုန်းဆက်လိုက်လိုက်တာဖြစ်သည်။ သူလုံးဝမအားသည့် ကြားကလာတာတဲ့လေ။ ဖြူဂရုမစိုက်နိုင်ပါ။ ဒီကစ္စရှင်းကိုရှင်းရမည်။ အခု…..ဖြူ့ဘေးမှာ သူငယ်ချင်း အားလုံးရှိသည့်အပြင် အခြား House surgeon အဖွဲ့တွေရော။
“ဒီမှာရှိတဲ့ လူတွေအားလုံးကိုမေးကြည့်မောင်၊ မောင်တို့ကိုနားလည်ပေးနိုင်မယ့်သူ ဘယ်နှယောက်ရှိမ လဲ”
“ကျွတ်…..ခက်တယ်ဖြူရယ်၊ ကိုယ်ဘယ်လိုလုပ်ပေးရမလဲမသိတော့ဘူး။ ကဲ..ကဲ နောက်မှ ဆွေးနွေး မယ်၊ ကိုယ်အခုလေယာဉ်ကွင်းသွားစရာရှိတယ် သွားတော့မယ်”
“သောနေဇင်နဲ့ပဲမှတ်လား”
မောင်ဘာမှမတုန့်ပြန်၊ ဟုတ်နေပါပြီ။ လုံးဝကိုသေချာနေပြီ။
“ဖြေလေ မောင်”
“ဟုတ်တယ်၊ ကိုယ် သော်နေဇင်ကိုလိုက်ပို့မှာ၊ ဒီကောင် ဘန်ကောက်မှာနှစ်လသွားနေမယ်”
“ဪ…..လုံးဝမအားဘူးဆိုတာ သော်နေဇင်ကိုလိုက်ပို့မှာမို့လို့ပေါ့လေ၊ မသွားရဘူးမောင်….ရှင်လုံးဝ မသွားရဘူး”
“ဘာလို့ဒီလောက်တောင် အတ္တကြီးပြီး ကလေးအတွေးဖြစ်နေရတာလဲဖြူ၊ စိတ်ကောက်ရင်လည်းနောက် မှပဲချော့တော့မယ်ကွာ၊ ကိုယ်တကယ် သွားရတော့မယ်”
“မောင် ရှင်သွားရဲသွားကြည့်၊ ကျွန်မနဲ့အပြတ်ပဲ”
“ကဲ…ဖြူအချိန်မရှိတော့ဘူး၊ နောက်မှပဲချော့တော့မယ်”
ဖြူ့ရင်ထဲ တလှပ်လှပ်ဖြစ်အောင် ဒေါသထွက်သွားမိသည်။ တစ်ပြိုင်တည်းတွင်ပဲ ခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။ ဖြူ့ရဲ့မာနတွေ အပွန်းပဲ့မခံနိုင်၊ သူငယ်ချင်းတွေများကြီးရှေ့မှာ အရှက်မကွဲချင်ပါ။
“သွားလေ၊ ရှင်သွားပြီးနောက်ပိုင်း ကျွန်မတို့လက်ထပ်မယ့်ကိစ္စလုံးဝပျက်ပြီသာမှတ်”
“ဖြူ ကိုယ်တောင်းပန်ပါတယ်ကွာ၊ လိုက်ပို့ပြီးရင် ချက်ချင်းပြန်လာခဲ့ပါ့မယ်ကွာ…နော်”
သူထွက်သွားသည်။ ဖြူ ရှက်လည်းရှက် ဒေါသလည်းထွက်မိသည်။ သေချာပါသည်။ ဖြူ့ရဲ့ဆုံး ဖြတ်ချက် ဟာ တဒင်္ဂတော့လုံးဝမဟုတ်။ မောင့်အတွက် တစ်သက်စာဆိုသည်အချက်မှာ သေချာခဲ့ပြီ။
>>>>>
(၅)
စာအိတ်အဖုံးလေးပေါ်တွင် ဦးဖြိုးဝေလျှံဟုရေးထားသော ဖိတ်စာကလေးကိုဖောက်ဖွင့်ကြည့်ပါက ဒေါက် တာဖြူပြ၏ မင်္ဂလာဆောင်ဖိတ်စာမှန် သူကြိုသိလိုက်ပါပြီ။
“ကျွန်တော် တောင်းပန်တာ၊ ရှင်းပြတာတွေကို သူဘာလို့ရှောင်ဖယ်ပြီး နားမထောင်ခဲ့တာလဲဟင်၊ သူ့ စိတ်က ဒီလောက်တောင် တင်းမာတာ အံဩမိပါတယ်”
သူတိုးတိုးလေးရေရွတ်လိုက်သည်။
“ရှင်းပြဖို့အခွင့်အရေးပေးတုန်းက ရှင်ဘာလို့ရှင်းမပြခဲ့တာလဲ ကိုဖြိုးဝေလျှံ၊ အခုတော့ အားလုံးပျက်သုဉ်း ခဲ့ပြီပေါ့”
ဖိတ်စာလာပေးသူမှာ ဖြူပြာ၏ အရင်းနှီးဆုံးသူငယ်ချင်း ဖြိုးသဇင်ဖြစ်သည်။ သူ ဘာလုပ်သင့်သလဲ။
“ကျွန်တော်ရဲ့ သိက္ခာကို ပွန်းပဲ့စေတဲ့ သံသယမျိုးသူထားခဲ့တယ်မသဇင်၊ သူ့သံသယဟာ ကျွန်တော် ရှင်းပြလို့နားလည်စရာမဟုတ်ဘူးဗျ၊ ဖြူဟာ တစ်စုံတစ်ရာကိုယုံကြည်ဖို့ သိပ်ခေါင်းမာတယ်”
“ဘယ်လိုကြီးလဲ”
“ကျွန်တော်နဲ့သော်နေဇင်ရဲ့သံယောဇဉ်ဟာ သိပ်ဖြူစင်သန့်ရှင်းတဲ့ အရမ်းချစ်စရာကောင်းတဲ့ ညီအစ်ကို မေတ္တာမျိုးပါ၊ ဖြူ့လိုထက်မြတ်ပြတ်သားတဲ့ မိန်းမတစ်ယောက်နားလည်မှာမဟုတ်ပါဘူးဗျာ၊ ပထမတော့ သူ ကျွန်တော့ကို နားလည်နိုင်မယ်ထင်လို့ ရှင်းမပြခဲ့တာပါ၊ သူ့ဘက်က တင်းမာလာတော့ ကျွန်တော် ရှင်းပြမယ်လို့ဆုံးဖြတ်တဲ့အချိန်လည်းကျရော သူက လက်မခံတော့ဘူး၊ အင်း ကျွန်တော့အကြောင်းပြ ချက်တွေကို သူကိုယ်ချင်းစာတတ်မှာမဟုတ်ပါဘူးလေ”
သူ့လေသံက စိတ်ပျော့အားငယ်စွာ။
“ကျွန်မ နားလည်တယ်ကိုဖြိုး၊ ရှင်တို့မှာ အကြောင်းတစ်ခုရှိရမယ်ဆိုတာ အစောကြီးကတည်းက ကျွန်မ တွေးမိပါတယ်၊ အဲဒီအကြောင်းအရာဟာ ဘာလဲဆိုတာမသိပေမယ့် သိမ်မွေ့နက်နဲမယ်ဆိုတာရိပ်မိပါ တယ်၊ ကျွန်မ သိခွင့်မရှိဘူးလားဟင်”
“ကျွန်တော် ပြောပြချင်ပါတယ်ဗျာ၊ အခုချိန်မှာ တစ်ယောက်ယောက်ကိုရင်ဖွင့်ချင်တယ်”
ဖြိုးသဇင်သည် သူ့မျက်နှာကိုငေးကြည့်ကာ သနားဂရုဏာသက်ဝင်မိလေသည်။ သူဘယ်လောက်ခံစား နေရမလဲနော်။ သူ့ဘဝမှာ ခင်တွယ်စရာသူငယ်ချင်းရော ချစ်သူပါ အခုချိန်မှာ မရှိကြဘူးလေ။
“Psychology အကြောင်း မသဇင်ဘယ်လောက်သိထားသလဲဟင်”
“အင်း…ကျွန်မတို့ ဆေးပညာနဲ့ပတ်သက်ပြီးတော့ စာအုပ်တွေမှာ နည်းနည်းပါးပါး တီးမိခေါက်မိရှိပါ တယ်၊ ဒါပေမဲ့ ကိုဖြိုးက စိတ်ပညာနဲ့ Ph.D ဘွဲ့ရထားတာဆိုတော့ ကျွန်မတို့ထက်သိမှာပေါ့”
“Stress အရမ်းများရင် စိတ်ကျန်းမာရေးထိခိုင်နိုင်ခြေရှိတယ်ဆိုတာ မသဇင်သိပါတယ်နော်”
“ဟုတ်တယ်လေ…သိပါတယ်”
>>>>>
(၆)
“သော်နေဇင်”
ဒယ်ဒီ၏ ခေါ်သံသည် တင်းမာပြတ်သားလှစွာ သူ့နားထဲဝင်ရောက်လာခဲ့ပြီ။ ငယ်စဉ်ကတည်းက ဒယ်ဒီ ရဲ့စည်းကမ်းများ၊ ဩဝါဒများကိုလိုက်နာကြောက်ရွံ့ခဲ့ရသည်မှာ အခုချိန်ကတော့ အထွတ်အထိပ်ပေပဲ လားမသိတော့။
“ဆယ်တန်းကို ဆယ်နှစ်ဖြေမယ်ပေါ့လေ၊ ကျပြန်ပြီ ဒီစာမေးပွဲ၊ ဘယ်လိုလုပ်မှ မင်းအောင်မှာလဲ၊ အသုံး မကျတဲ့ကောင်…ကဲကွာ”
လက်သီးသုံးလေးချက်ဆင့်ကြောင့် သူပက်လက်လဲကျသွားသည်။ မာမီက လာဆွဲဖော်ရ၏။
“ကလေးကိုချည်းရိုက်မနေနဲ့ ရှင်ကရော သေချာထိန်းကွပ်ခဲ့လို့လား၊ ရှင်းသားအသုံးမကျတာ ရှင်နဲ့တူလို့ လေ၊ အပြောတစ်မျိုးအလုပ်တစ်မျိုး၊ သားဒီနှစ်အောင်စေရမယ်လို့ ရှင်ပြောခဲ့တယ်လေ၊ ရှင်သေချာ Guide လုပ်ပေးမယ်ဆို”
“ဟ…ငါအားလို့လား၊ မင်းတို့ မျိုဖို့ဆို့ဖို့ရှာနေရတယ်လေ”
“ကျွန်မတို့ထက် ရှင့်ဟာမတွေအတွက်ဆို ပိုမမှန်ဘူးလား၊ ကျွန်မဝင်ငွေနဲ့ ဒီတစ်အိမ်လုံးစားနေရ တာလေ၊ ရှင့်ဝင်ငွေ တစ်လ ဘယ်နှစ်ပြားကျန်လို့လဲ”
“ဟာ ကွာ”
ပတ်ဝန်းကျင်အတွက်တော့ ထိုအသံများသည် ရိုးအီနေလောက်သော်လည်း သူ့အတွက်တော့ဘယ်တော့ မှ မရိုးလှပါ။ တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ခံစားရသော စိတ်ဆင်းရဲမှုများသည် ရင်ထဲတွင်ပြည့်ကျပ်နေ ခဲ့ပြီ။ မိန်းမပွေတတ်သည့် ဒယ်ဒီ၏ပြသနာများ၊ ဒယ်ဒီ၏ လျစ်လျူရှုမှုနှင့်အတူ ကစားဝိုင်းထဲတွင်သာ အချိန်ကုန်တတ်သည့် မာမီ၏ အကျင့်များ၊ သူ့ကို ကောင်းစေလိုသည့် ဆန္ဒနှင့် ဂရုဏာဒေါသစွက်ကာ အမြဲဆက်ဆံတတ်သည် သူ့မိဘများ။
တစ်နေ့တစ်နေ့ ခံစားရသော သူ့ဒုက္ခများကို ဘယ်သူသိနိုင်မလဲ။
ဒယ်ဒီက သူ့ကိုဆုံးမလျှင် စကားနှင့်ဘယ်တော့မှမပြော။ အမြဲတမ်းလက်ပါတတ်သောကြောင့် သူ ကြောက်ရသည်။ မာမီကျတော့ နားမပေါက်မတတ် ဆူပူပြောဆိုတတ်သောကြောင့် မာမီ၏ဒေါသများကို လည်းသူရင်မဆိုရဲ။
မိဘတွေမဆူအောင် သူနေပေမယ့် ဒယ်ဒီပြန်လာတိုင်းတွင် မာမီနှင့်ရန်ဖြစ်နေကျ။ ကုန်ကုန်ပြောမည်ဆို ပါက သူ့ဘဝတွက် စိတ်ချမ်းသာမှုသည် ဟိုးအဝေးဆီမှာပဲရှိသည်။ ပတ်ဝန်းကျင်၏ ဝေဖန်သံများကြောင့် လည်းသူစိတ်ညစ်ရပြန်သည်။
ပြဿနာများနှင့်ကြုံလာတိုင်း ကျိတ်ငိုမိသည်။ ဒါပေမဲ့ ရင်ထဲတွင်တော့ ပေါ့ပါးမသွား။
သူ နှစ်နှစ်ဆက်တိုက်ဆယ်တန်းစာမေးပွဲကျပြီးနောက်ပိုင်း ကိုဖြိုးဝေလျှံနှင့်သိကျွမ်းခဲ့သည်။ ကိုဖြိုး သည် သူ့ကိုနားလည်ပေးနိုင်ဆုံး၊ သူ့ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ဆုံးဖြတ်သည်။ ကိုဖြိုးကို အစ်ကိုရင်းတစ် ယောက်လို သဘောထားချစ်ခွင့်ရခဲ့သည်။
“ညီလေးရယ် လူဆိုတာ အခက်အခဲအတားအဆီးတွေ ကြုံရစမြဲပါ၊ ဒါတွေကို အားအဖြစ်မွေးမြူပြီး ကိုယ် ရောက်ချင်တဲ့ ပန်းတိုင်ကိုလျှောက်ရမှာ အဓိကပဲကွ”
ကိုဖြိုး၏ စကားလုံးများသည် သူ့အတွက်အားဖြစ်ခဲ့သည်။ သူရင်ဆိုင်နေရသည့် ဒုက္ခများကို ကိုဖြိုးအား ရင်ဖွင့်ဖြစ်သည်။ အကြံဉာဏ်များတောင်းသည်။ ကိုဖြိုး၏ ရာနှုန်းပြည့်အားပေးမှုများအောက်တွင်သူစိတ် ချမ်းသာမှုများရရှိခဲ့သည်။ တကယ်ပါ။ သူအားအင်များပြည့်လာသလိုခံစားရသည်။ သူ့ဘဝတွင် ဘယ်သူ့ မှ သူ့ကိုနွေးနွေးထွေးထွေးဆက်ဆံခြင်းမရှိခဲ့။ ဒါပေမဲ့ ကိုဖြိုး၏ သူ့အပေါ်နားလည်မှုများက နွေးထွေးစေ ခဲ့သည်။ ဒါအမှန်တရားပါ။
စကားပြောသည့်အခါတိုင်း အစ်ကိုတစ်ယောက်လိုမျိုး ယုယခြင်းအပြည့်နှင့် သူ့လက်ကိုဖွဖွလေးဆုပ် ကိုင်ပြီးချိုချိုသာသာပြောခဲ့သည့်အခိုက်အတန့်များ၊ သူမက်မောခဲ့သည့် အဖေ့ရင်ခွင်ထဲခိုဝင်အိပ်စက်လို ခွင့်ကို ကိုဖြိုးကကြင်နာစွာပေးခဲ့သည့်အခိုက်အတန့်များ၊ သူဝမ်းနည်းသည့်အချိန်တိုင်း ကိုဖြိုးရင်ခွင်တွင် ရှိုက်ငိုခွင့်ရသည့်အခိုက်အတန့်များ စသည်ဖြင့် အများကြီးပါပဲ။
ရပ်တန့်နေခဲ့သော သူ့ဘဝများသည် ကိုဖြိုးကြောင့် ဆက်လက်ရှင်သန်ခဲ့သည်။ အားအင်များပြည့်နှက် ခဲ့သည်။ သူ့ဆွေမျိုးများရှိရာ ဘန်ကောက်ကို စိတ်ပြေလက်ပျောက်အလည်အပတ်သွားချင်စိတ်များ ဖြစ် လာခဲ့သည်။ ကိုဖြိုးသည် သူ့ဘဝ၏ ဘယ်တော့မှမမေ့နိုင်သော ကျေးဇူးရှင်၊ အစ်ကိုရင်းတစ်ယောက်ပင် ဖြစ်တော့သည်။
>>>>>
(၇)
“Stress တွေအရမ်းများ၊ အစွဲအလမ်းတွေများလွန်းလို့ ဖြစ်တဲ့စိတ်ရောဂါအပျော့စားလို့ ကျွန်တော် ခန့် မှန်းနိုင်ခဲ့တယ်၊ ခံစားရတဲ့အကြောင်းရင်းကိုရှာကြည့်တော့ Generation ကြောင့်လည်းမဟုတ်၊ Accident ကြေင်းလည်းမဟုတ်၊ Virus ပိုးတစ်မျိုးကြောင့်လည်းဟုတ်ပုံမရဘူး၊ စိတ်ဆင်းရဲမှုတွေ ခံစားရလွန်းလို့ ဖြစ်တာမှန်း သိခဲ့ရတယ်”
“ဒီအကြောင်းတွေ ဖြူပြာ့ကိုဘာကြောင့် အစကတည်းက ရှင်းပြမထားခဲ့တာလဲဟင်”
ဖြိုးသဇင်၏ အမေးကို သူသက်ပြင်းခပ်တိုးတိုးချသည်။
“ကျွန်တော့ ချစ်သူဟာ ကျွန်တော့ အပေါ်နားလည်နိုင်ဆုံးလူဖြစ်ရမယ်လို့ ယုံကြည်ထားလို့ပေါ့ဗျာ၊ ထား ပါ၊ ဒါတွေပြီးခဲ့ပါပြီ”
“ဖြူပြာသာသိရင်တော့ စိတ်မကောင်းဖြစ်မှာပဲ ကိုဖြိုးရယ်”
“သူ့ကိုလုံးဝမပြောဖို့ ကတိပေးပါမသဇင်ရယ်”
ဖိတ်စာလေးကို ကြေကွဲစွာကြည့်နေမိသည်။ ဒါဟာ လှည့်ကွက်တစ်ခုဖြစ်ရင် ကောင်းမှာပဲဖြူရယ်၊ ဖြူ ကိုယ့်အပေါ် သစ္စာဖောက်ခဲ့တာပဲနော်၊ ရက်စက်လိုက်တာဖြူရယ်။
“သော်နေဇင်ဟာ စိတ်ကျရောဂါခံစားရမှန်း ဘယ်လိုလုပ်စသိခဲ့သလဲဟင်…ကိုဖြိုး”
“အင်တာနက်ပေါ်မှာ သူရေးတဲ့ Blog ကိုဖတ်ရင်း သူ့စာသားတွေဟာ အကူအညီတစ်စုံတစ်ရာလိုအပ်နေ မှန်းသိခဲ့ရတာကနေ စခဲ့တာပါ”
“တကယ်တော့ ကိုဖြိုးစာ မွန်မြတ်ဖြူစင်တဲ့အလုပ်ကို လုပ်ခဲ့တာပဲနော်၊ ကျွန်မ ချီးကျုးဂုဏ်ယူမိပါတယ်၊ စိတ်ကျရောဂါဆိုတာ စိတ်နဲ့ပဲကုရတာမှန်း သဘောပေါက်မြန်ခဲ့လို့သာ လူတစ်ယောက်ကို ကယ်တင်နိုင် ခဲ့တာပါ”
“ဒါတွေ အားလုံးပြီးဆုံးသွားပါပြီဗျာ၊ သော်နေဇင်လည်း သူ့အနာဂတ်အတွက် အားအင်တွေပြည့် သွားခဲ့ပြီပဲလေ၊ သူ ဒီရောဂါမခံစားရလောက်တော့ပါဘူး၊ သူ့မှာ ရင်ဖွင့်မယ့် ကျွန်တော်ရှိနေပြီလေ၊ အင်း …လူတွေဟာ ကိုယ်ထင်ရာကို ဦးစားပေး သံသယမျက်လုံးတွေနဲ့ အရင်ဆုံးကြည့်တတ်ကြတာပဲနော်”
“ကိုယ်ထင်တဲ့ သံသယမှန်ကန်ဖို့ အသေအချာဆန်းစစ်ဖို့လိုတယ်”
သူထောက်ခံမိပါသည်။
“ကျွန်တော်…မင်္ဂလာပွဲကို ရောက်အောင်လာခဲ့ပါ့မယ်”
ဖြိုးသဇင်ခေါင်းညိတ်သည်။
သူ…ကြေကွဲစွာရယ်မိသည်။ သူ့ဘဝတွင် မကြုံဖူးသေးသောအတွေ့အကြုံအသစ်တစ်ခုပေါ့။ ဒါပေမဲ့ ဒီ အဖြစ်အပျက်သည် သူ့နှလုံးသားနှင့်ရင်းလိုက်ရခြင်းပင်။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
အာရောဂျံ၊ အောက်တိုဘာ ၂၀၀၉။