ကျွန်တော်နှင့် ဒရမ်မာ (၁) / ကားဆရာ နှင့် ယာဉ်ပိုင်ကြီး

ရခိုင်ပြည်နယ်ကိုကယ်တင်ရမယ့်အထဲမှာ ခရီးသွားကားဂိတ်တွေလည်းပါတယ်။ အခြားဒေသကို သွားတဲ့ဟိုင်းဝေးကားနဲ့ ရခိုင်ပြည်နယ်ဖက်ကိုသွားတဲ့ ဟိုင်းဝေးကား ကွာပါတယ်။ ဘာကွာလဲဆိုတော့ စေတနာကွာပါတယ်။

မနှစ်ကပေါ့။ ဒီလိုအချိန်မှာ ကျွန်တော်နဲ့မိတ်ဆွေအချို့ ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်းကို ခရီးထွက်ခဲ့ကြ ပါတယ်။ ပိတ်ရက်ရှည်ခံနေတာကြောင့် ပြန်တဲ့သူများလို့ဟိုင်းဝေးကားတွေ လူပိုတင်တော့မယ်ဆိုတာ တော့သိလိုက်တယ်။ ဒါပေမဲ့ အဲလောက်ဆိုးရွားမယ်လို့မထင်ထားခဲ့ဘူး။

ကားဂိတ်မှာကတည်းက လူပိုအလယ်ခုံ ၅ ခုံမှာ လူပါလာတယ်။ အဲလောက်အထိလက်ခံလို့ရ သေးတယ်။ အောင်မင်္ဂလာအဝေးပြေးမထွက်ခင်မှာ ကားဆရာအချိတ်အဆက်နဲ့လူတစ်ချို့တက်လာပါ တယ်။ အလယ်ခုံအတွက်ပဲဆိုတော့ နောက်ထပ် လေးငါးယောက်ထင်ထားတာ အာလားလား။ ၂၁ ယောက်တဲ့။ ကြုံတဲ့ကားနဲ့အိမ်ပြန်ရတာဆို တော့ လူတွေကလည်းရရာကားနဲ့လိုက်တာမို့ အသက်ကြီး တွေရော ကလေးတွေရော မရမကအတင်းထိုးထည့်ပါတယ်။ ဘေးခုံမှာထိုင်တဲ့ ကျွန်တော်က အဖွားအရွယ်တွေကို ထ ပဲဖယ်ပေးရမလား၊ ကလေးတွေကိုပဲ ကောက်ချီပေးရမလားဝေခွဲမရ ဖြစ်ရင်းနဲ့ အံကြိတ်ပြီး လိုက်လာရတာပေါ့။ အဲလောက်လည်းလက်ခံလို့ရပါသေးတယ်။ ဘေးခုံလူအပြည့်၊ အလယ် ခုံလူအပြည့်။ အလယ်ခုံမှာထိုင်တဲ့သူတွေရဲ့ကားခကဘေးခုံမှာထိုင်တဲ့လူတွေနဲ့အတူတူပါပဲတဲ့။

ဟော လမ်းမှာ ကုန်တွေစတင်ပါပြီ။ ကားအောက်ဖုံးကိုဖွင့်ပြီး ကုန်တွေတောက်လျှောက်တင်လာလိုက် တာ ညမိုးချုပ်၊ ညသန်းခေါင်ယံအချိန်အထိရောက်လာတယ်။ တစ်နေရာရပ်လိုက်၊ ကုန်တင်လိုက်။ နောက်တစ်နေရာရပ်လိုက်ကုန်တင်လိုက်နဲ့။ နောက်ဆုံးတော့ ကားအောက်ဖုံးမှာ ကုန်တွေပြည့်လျှံနေလို့ ကားပေါ်မှာရှိတဲ့လူတွေရဲ့အလယ်ခုံ၊ ဘေးခုံအောက်တွေမှာပါ တစ်စထက်တစ်စထိုးထည့်လာပြီ။ နေရာ လည်းကြပ်သိပ် ကုန်အနံ့တွေလည်းမွှန်ထောင်နေတော့တာပဲ။

နောက်ဆုံး ငရုတ်သီးခြောက်တွေအထိတင်လာတော့တယ်။ ဟိုလူခဏဖယ်၊ ဒီလူခဏဖယ် ခင်ဗျားဟိုမှာ သွားထိုင် ဟိုဖက်ကနေရာလွတ်နေတယ် နဲ့ စပယ်ယာကလည်း တစ်လမ်းလုံးဟောက်လာလိုက်တာ အ ကုန်လုံးက တစ်ခွန်းမှ ကွန်ပလိန်းမတက်ဘူး။ တစ်နေရာကိုအရောက် ကုန်ထပ်တင်တော့ မခံနိုင်တဲ့အဆုံး လူတစ်ယောက်က ထပြီး ပြောရပါတယ်။ ကျွန်တော်တို့လူ။ ကျွန်တော်တို့ကို မာန်အောင်ကိုခေါ်လာတဲ့ အစ်ကိုကြီးက အဲဒီစပယ်ယာကိုကောင်း ကောင်းမွန်မွန်မေးလိုက်တာပါ။ “ကားပေါ်မှာလူကြပ်နေပြီ ပစ္စည်းတွေအလယ်ခုံမှာ ဒီလောက်သိပ်ထည့် နေတော့ ထိုင်ရတဲ့လူကကြပ်မယ်လေ” လို့ပြောလိုက်တာ စပယ်ယာကြီးက ကောင်းကောင်းမွန်မွန်ပဲ ပြန် ပြောပါတယ် “ခင်ဗျားကဘေးခုံမှာထိုင်တာမဟုတ်လား၊ ကိုယ်နဲ့မဆိုင်ရင်ဝင်မပါနဲ့၊ အေးဆေးကိုယ့်ခုံမှာ ကိုယ်ပြန်ထိုင်နေ၊ အလယ်ခုံမှာထိုင်တဲ့သူတွေကတောင် ကျေနပ်လို့ဘာမှမပြောတာ ခင်ဗျားက ဘာဖြစ် နေတာလဲ” တဲ့။ အစ်ကိုကလည်း စိတ်တိုပြီး ပြန်ပြောတာနဲ့ ကွိုင်တက်ပါတော့တယ်။ ဇာတ်လမ်း က အဲဒီမှာ စတာပါ။ လက်ခံလို့မရတော့ဘူးလေ။

အစ်ကိုက ကားပေါ်မှာ မတ်တပ်ထရပ်ပြီး အားလုံးကိုမေးလိုက်တယ်။ “ခင်ဗျားတို့အားလုံး ဒီကားပေါ်မှာ အခုလိုကုန်တင်တာကိုကျေနပ်ကြလား” တဲ့။ တစ်ကားလုံးက ကြောင်သွားပြီးတစ်ခွန်းမှပြန်မဖြေကြဘူး။ အံမယ်စပယ်ယာကလည်း သူနိုင်တယ်ပေါ့။ ခပ်မဲ့မဲ့လေးပြုံးတယ်။ အစ်ကိုက နောက်တစ်ခေါက်မေး လိုက်ပါတယ်။ “ခင်ဗျားတို့အားလုံး ဒီကားပေါ်မှာ အခုလိုကုန်တင်တာကိုကျေနပ်ကြလား” ဆိုတော့ တစ် ယောက်က “မကျေနပ်ဘူး မကျေနပ်ဘူး” လို့ ထဖြေလိုက်ပါတယ်။ အဲဒါ ကျွန်တော်လေ။

အဲမှာတင် ကျွန်တော်တို့အဖွဲ့ရယ်၊ ကားပေါ်မှာပါလာတဲ့ကလေးအဖေတစ်ယောက်ရယ်နဲ့ ကားသမား၊ စပယ်ယာ တို့ ပြဿနာစတက်ပါတယ်။ အစ်ကိုတို့တွေ (ကျွန်တော်က အသာလေးဉနေတာ၊ သိပ်မပြောလိုက်ရဘူး) ပြောခဲ့တဲ့စကားတွေက မှတ်မိသလောက် ဒီလိုပါ။

“မင်းတို့ ကားကိုအခုချက်ချင်းရပ်၊ အဲဒီပစ္စည်းတွေအကုန်ပြန်ချ”

“ဒါလူတင်တဲ့ကား ပစ္စည်းတင်တဲ့ကားမဟုတ်ဘူး၊ ကုန်ကားမဟုတ်ဘူး”

“မင်းတို့တွေ တော်တော်တရားလွန်တယ်၊ ခရီးသည်ကိုအားမနာဘူး”

“ဘယ်သူက အဲလိုတင်ခိုင်းတာလဲ ပြောငါတို့ကို ပြော၊ ဘယ်သူကအဲလိုတင်လို့ရတယ်ပြောတာလဲ၊ သူ့ ဖုန်းနံပါတ်ပေး ငါတို့မေးမယ်”

နောက်ဆုံး ကားကြီးကို လမ်းဘေးထိုးရပ်ထားပြီး ကျွန်တော်တို့က ကားဂိတ်ကိုဖုန်းဆက်၊ ဟိုကိုဆက်ဒီကို ဆက်နဲ့ ကားပေါ်မှာပါလာတဲ့ ဒေသခံတွေကတော့ မျက်စိသူငယ် နားသူငယ်လေးနဲ့ ငြိမ်နေကြပါတယ်။ ကားဂိတ်ရဲ့မန်နေဂျာဆိုသူနဲ့ဖုန်းရပါတယ်။ သူကတော့ သူတို့မှားသွားကြောင်း၊ တင်ခွင့်မရှိကြောင်း ကား သမားတွေကို သူပြောလိုက်မှာဖြစ်ကြောင်း စသည်ဖြင့် ဖျောင်းဖျပါတယ်။ ကားဆရာနဲ့စပယ်ယာက လည်း ကျွန်တော်တို့ကို ဘုကြည့်ကြည့်ပြီး တင်ထားတဲ့ပစ္စည်းတွေ အကုန်ပြန်ချပြီး အောက်ဖုံးမှာ သိပ် ထည့်၊ မရတော့တာကို ကုန်တင်နေတဲ့နေရာမှာတင်ပြန်ချထားခဲ့ပြီး ကားဆက်မောင်းပါတယ်။ နှစ်မှတ် တိုင်လောက် မောင်းအပြီးမှာတော့ ကားကိုလမ်းဘေးတစ်နေရာထိုးရပ်လိုက်တယ်။

ပြီးတော့ စပယ်ယာနဲ့ ဒရိုင်ဘာက ခရီးသည်တွေစီးတဲ့အရှေ့ဆုံးခုံနားမှာ မတ်တပ်ရပ်လိုက်ပြီး ကျွန်တော် တို့အဖွဲ့ကို လှမ်းပြောပါတယ်။ “ကျွန်တော်တို့တောင်းပန်ပါတယ်နော်၊ ကုန်တွေလည်းချခဲ့ပြီ၊ လမ်းမှာ လည်း မတင်တော့ပါဘူး” တဲ့။ အဲမှာတင် ကျွန်တော်တို့ကလည်း အော် ဟုတ်ကဲ့ အေးဆေးပါ၊ ရပါ တယ် ဘာညာနဲ့ပြီးသွားပါတော့တယ်။ တောင်ကုတ်ကို မနက် ၆ နာရီလောက်မှ ရောက်နေကျကားဟာ အဲဒီနေ့ က မနက် ၄ နာရီကျော်မှာရောက်ပါတယ်။ ကားပေါ်မှာပါလာတဲ့ခရီးသည်အချို့က ကျွန်တော်တို့ကိုကျေး ဇူးတင်ကြောင်းကပ်တိုးလေးပြောတော့ အစ်ကိုက “အဲလိုမျိုးတွေလုပ်ရင် ငြိမ်မနေရဘူး ပြန်ပြောရတယ်” ဆိုပြီး သင်ပေးလိုက်သေးတယ်။

ကားပြီးတော့ ရေယာဉ်ပါ။ မာန်အောင်ကျွန်းကိုသွားတဲ့ရေယာဉ်က ကမ္ဘာပေါ်မှာအဆိုးရွားဆုံးအလားပဲ။ ရခိုင်ပြည်နယ်ကလူတွေ အတော်ကိုသည်းခံနိုင်စွမ်းမြင့်ကြပါတယ်။ ရေယာဉ်သေးသေးလေးမှာ လူပေါင်း ရာချီတင်ထားရုံနဲ့အားမရသေးဘဲ လူတွေထပ်စောင့်ပြီးရင်းစောင့်တာ နှစ်နာရီခရီးလောက်ကို ငါးပိသိပ် ငါးချဉ်သိပ်စီးလာခဲ့ရတယ်။ ရခိုင်ကလူတွေ ရန်ကုန်ဘတ်စ်ကားကို မမူတာအဲဒါကြောင့်ပဲနေမှာလို့။

ဆိုတော့ ရခိုင်ပြည်နယ်ကို ကယ်တင်ရမယ့်အထဲမှာ အဲဒီကားဂိတ်တွေနဲ့ ရေယာဉ်တွေလည်းပါပါတယ်။ ကောင်းတဲ့ကားတွေလည်းရှိကောင်း ရှိမှာ ပါ။ ကျွန်တော်တို့သွားခဲ့တဲ့ ကားကတော့ တော်တော်ကြီးအခြေ အနေဆိုးလွန်းပါတယ်။

>>>>>

မေတ္တာရိပ်မှာ အေးချမ်းပါစေ။

တိမ်တိုက်ထွန်း။