တန်းမစီတဲ့ မိတ်ဆွေအသစ်

လူအုပ်က တိုးဝှေ့နေကြသည်။ သေချာရေတွက်ကြည့်လိုက်သည့်အခါ ကျွန်တော်အပါအဝင် ခြောက် ယောက်မျှသာ။ သို့သော်လည်း စာအုပ်ဆိုင်၏ ငွေရှင်းကောင်တာက ကျဉ်းမြောင်းလှသည်မို့ လူအုပ်ကြီး ပြုံတိုးနေသည့်ပမာမြင်ရလေသည်။

“တွေ့ပြန်ပြီ တစ်နေရာ”

ကျွန်တော် ခပ်တိုးတိုးရေရွတ်မိသည်။ ရန်ကုန်မြို့စည်းကမ်းရှိလာပြီဟု အပေါ်ယံပြောနိုင်လာသော်လည်း တန်းစီစနစ်အတွက်တော့ အမှတ်လျော့ပါလိမ့်မည်။ ဈေးဝယ်စင်တာများတွင် ပရိုမိုးရှင်းရှိပါကတိုးဝှေ့ ဝယ်ယူကာတန်းစီဖို့ကို ဘာကြောင့်များမေ့လျော့ထားကြပါလိမ့်ဟုစဉ်းစားရင်း စာအုပ်ကောင်တာဆီသို့ အာရုံရောက်သွားလေသည်။ ဝယ်သူ၏စာအုပ်ကို လက်တစ်ဖက်ဖြင့်ကိုင် ကျန်သည့်တစ်ဖက်ဖြင့်ကုတ်နံ ပါတ်များကို ကွန်ပျုတာထဲရိုက်ထည့်ရင်း အလုပ်များနေသည့်အရောင်းမိန်းကလေး။ သူ၏လက်လှုပ်ရှား မှုများမှာသွက်လက်လှသည်မို့ အတွေ့အကြုံတော်တော်ရင့်နေပြီဟုထင်လိုက်ပါသည်။

“ရော့ ညီမလေး၊ ဒီနှစ်အုပ်ပါထပ်ထည့်ပေး”

လူသုံးလေးယောက်ကျော်ပြီး လက်တစ်ဖက်ထွက်လာသည်။ စာအုပ်နှစ်အုပ်ကိုကိုင်လျှက်ထိုးပေးသည့် ထိုလက်ပိုင်ရှင်အားသမင်လည်ပြန်ကြည့်လိုက်မိသည်။ အသက်ခပ်ကြီးကြီးအမျိုးသမီးတစ်ဦးပင်။ ငွေ ရှင်းကောင်တာမှမိန်းကလေးက သူလှမ်းပေးသည့်စာအုပ်နှစ်အုပ်ကိုယူလိုက်ကာ ဘားကုတ်ထပ်မံရိုက် ထည့်လိုက်သည်။ စောင့်နေသူများက ဘာတစ်ခွန်းမှမပြောကြ။ အားလုံးငြိမ်သက်တိတ်ဆိတ်လျှက်။ သူ ဝယ်ထားတဲ့စာအုပ်တွေအတွက်ငွေရှင်းနေတဲ့ အချိန် အမီလာပေးတာပဲလေ၊ ဘာပြသနာမှမရှိပါဘူး ဟု အားလုံးကြတွေးကြပုံပင်။

ထိုအမျိုးသမီး၏စာအုပ်များကိုငွေရှင်းအပြီး စာအုပ်အသီးသီးကိုင်ထားသောလက်များက ငွေရှင်းကောင် တာမှမိန်းကလေးထံအပြိုင်အဆိုင်အစီအရီထိုးထည့်ပေးကြလေသည်။ သူ့စာအုပ်ကိုအရင်ယူပါ ကိုယ့်စာ အုပ်ကိုအရင်ယူပါ ပုံစံမျက်လုံးများကလည်းထိုမိန်းကလေးဆီပစ်ထည့်လျှက်။ ထိုမိန်းကလေးကလည်း ဘယ်သူ့စာအုပ်ကို အရင်ယူရမှန်းမသိအောင်တွေဝေကာ နောက်ဆုံးတော့ လက်အရှည်ဆုံးလူတစ် ယောက်၏ လက်ထဲမှစာအုပ်ကိုဆွဲယူကာငွေရှင်းပေးဖို့ပြင်လိုက်တော့သည်။ ထိုနေရာတွင် အရပ်ပုသူ လက်တံတိုသူဆိုပါလျှင် နောက်ဆုံးများဖြစ်လေမလားမသိတော့။

“ထုံးစံအတိုင်း ငါတော့နောက်ဆုံးကပဲ”

ကျွန်တော် ရေရွတ်လိုက်ပြီး သူတို့လှုပ်ရှားမှုများကိုသာကြည့်နေလေတော့သည်။ ပြိုင်မလုချင်ပါ၊ ပြိုင်လု ပြီးငွေမရှင်းလျှင်နောက်ဆုံးမှကိုယ့်အလှည့်ရောက်မည်ဆိုသည်ကိုလည်းကောင်းကောင်းသိပါသည်။ အ တွေ့အကြုံလည်းကောင်းကောင်းရှိနေပါပြီ။ သို့သော်လည်း တိုးဝှေ့ပြီးအလုအယက်လုပ်ရမည့်အလုပ် မလုပ်ချင်တော့ပါ။ လူလည်းမများသည်မို့ ခါတိုင်းလိုလက်လျှော့လှည့်ပြန်ဖို့တော့စိတ်ကူးမရှိ။ လေးငါး ခြောက်ယောက်လောက်ကိုစိတ်ရှည်ရှည်နှင့်စောင့်တော့မည်ဟုတွေးလိုက်ကာ ငွေရှင်းပေးနေသည့်ထို မိန်းကလေး၏လှုပ်ရှားမှုများကိုသာ စိတ်ဝင်တစားကြည့်မိနေလေတော့သည်။

“အယ်”

အမှတ်တမဲ့သတိထားလိုက်မိသည့် စက္ကူအိတ်အထပ်လိုက်အပုံလိုက်ကြီး။ စာအုပ်ဆိုင်၏တံဆိပ်ရိုက်နှိပ် ထားသော လက်ကိုင်စက္ကူအိတ်ကလေးများကချစ်စရာကောင်းလှသည်။ စာအုပ်ငါးအုပ်ခြောက်အုပ် တော့ အသာလေးဆံ့လောက်ပါသည်၊၊ အခုနောက်ပိုင်းထိုကဲ့သို့ ပြန်လည်အသုံးပြုပစ္စည်း (recycle) များ ကိုအလေးထားလာကြသည့် ချစ်စရာအလေ့ကိုလည်းသဘောကျမိသည်။

တစ်ခုရှိသည်က ထိုငွေရှင်းကောင်တာမှမိန်းကလေးသည် စက္ကူအိတ်များကိုအသုံးမပြုဘဲ ဝယ်ယူသမျှ စာအုပ်များကို ကျွတ်ကျွတ်အိတ်ဖြင့်သာထုတ်ပိုးပေးနေလေသည်။ အပုံလိုက်ကြီးရှိနေသည့် အိတ်များကို ဘာကြောင့်များ မသုံးဘဲနေရပါသနည်းဟုသည့်သိချင်ဇောကပြင်းထန်လာပြန်သည်။ တစ်ယောက်ပြီး တစ်ယောက်ငွေရှင်းပြီးသွားသည်။ ကျွန်တော့အရှေ့တွင်တစ်ယောက်သာကျန်တော့သည်။

စည်းစနစ်ကျချင်လွန်းလှသည့်ကျွန်တော် အကွက်အကွင်းရောက်လာခဲ့ပြီ။ ထိုတစ်ယောက်၏ အနောက် ဘက်တည့်တည့်တွင်ရပ်ကာတန်းစီလိုက်သည်။ တတိယမြောက်ရောက်လာမည့်သူက ကျွန်တော်တို့ တန်းစီနေသည်ကိုမြင်၍ အနောက်တွင်မတ်တပ်ရပ်တန်းစီလာလိမ့်မည်ဟုယူဆလိုက်ပါသည်။ တစ်ဦး တစ်ယောက်က စတင်လုပ်ပါလျှင် နောက်လူများလည်းလုပ်လာလိမ့်မည်မဟုတ်လား၊၊ သို့သော် ကျွန် တော်ထင်သလိုမဟုတ်ခဲ့ပါ။ နှစ်ယောက်တည်းကျန်ခဲ့သည့်အခိုက်တွင် သုံးယောက်မြောက်လူပေါ်လာ သည်။ ကျွန်တော့အရှေ့မှလူ ငွေရှင်းအပြီး ကျွန်တော့အလှည့်အရောက်တွင် လူတစ်ယောက်က စာအုပ် သုံးအုပ်ကို ငွေရှင်းမိန်းကလေးထံထိုးပေးလာသည်။

“ရော့ ညီမ ဒီသုံးအုပ်ယူမယ်”

ဖျတ်ခနဲလုရှင်းသည်မို့ ကျွန်တော် ထောင်းခနဲဒေါသထွက်သွားမိလေသည်။ တစ်ခုခုပြောဖို့ဟန်ပြင်လိုက် သော်လည်း အော်မကောင်းပါဘူးလေ ဟုတွေးမိပြန်ကာစိတ်လျှော့လိုက်သည်။ အမြင်မတော်ပါက ပက် ခနဲ ပက်ခနဲပြောတတ်မိ၍ ပြဿနာတက်ပေါင်းလည်းများပြီ။ လူပျိုကြီး၊ ဇီဇာကြောင်လှသည်ဟုရှေ့တစ် မျိုး ကွယ်ရာတစ်မျိုးပြောခံပေါင်းလည်းများပြီ။

ခပ်စွေစွေတော့ကြည့်လိုက်မိပါသည်။ သူကတော့ ကျွန်တော့ကို အမှုမှတ်အမှတ်မဲ့ဖြစ်နေပုံရသည်။ ပြိုင် လုပ် ပြိုင်လုရမှာကိုမကြိုက်သော်လည်း ယခုကဲ့သို့လာတင်စီးသည်ကိုတော့ စော်ကားသလိုခံစားရသည်။ Master Chef ဟင်းချက်ပြိုင်ပွဲမှဒိုင်လူကြီး ဒေါ်ဖြူဖြူတင်၏ လေသံကိုသွားကြားယောင်မိ၏။ စော်ကား သလိုခံစားရတယ် ဟူ၏။

ထို့နောက် ငွေရှင်းကောင်တာမှ အမျိုးသမီးငယ်လေးက သူ့စာအုပ်များအတွက်ကျသင့်ငွေကိုရှင်းပေး လိုက်ပြီး သိပ်မကြာခင်တွင်ကျွန်တော့အလှည့်ရောက်လာလေသည်။ စာအုပ်များကိုကျွတ်ကျွတ်အိမ်များ ဖြင့်ထုတ်ပိုးပေးလိမ့်မည်ကိုကြိုသိ၍ စက္ကူအိတ်များအကြောင်းကိုစကားစလိုက်မိသည်။

“ညီမ”

“ဟုတ်ကဲ့”

“အဲဒီစက္ကူအိတ်လေးတွေက စာအုပ်ထည့်တဲ့အိတ်မဟုတ်လားဗျ”

“ဟုတ်တယ်ရှင့်”

ဟန်ကျလေပြီ။ ထိုကဲ့သို့သောစက္ကူအိတ်များဖန်တီးကာ ကျွတ်ကျွတ်အိတ်အစားထိုးပေးသည့်ဆိုင်ရှင်ကို လည်းလေးစားမိသွားလေသည်။

“နေ့စဉ်အလွယ်တကူအသုံးပြနေတဲ့ ကျွတ်ကျွတ်အိတ်တွေဟာ ကာလကြာရှည်စွာမပျက်မစီးရှိနေနိုင်လို့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ညစ်နွမ်းစေပါတယ်၊ ဒါတင်မကသေးဘူး၊ အသုံးပြုသူတွေအပေါ်ကျန်းမာ ရေးထိခိုက်စေမယ့်ဆိုးကျိုးတွေလည်းကျွတ်ကျွတ်အိတ်မှာပါတယ်၊ အန္တရယ်ပေးတဲ့ ဓါတုပစ္စည်တွေးနဲ့ပြု လုပ်ထားတာကြောင့် ကျွတ်ကျွတ်အိတ်ကိုလုံးဝမသုံးသင့်ဘူး” ဟု မသိသေးသည့်သူတော်တော်များများ ကိုပြောနေကျအတိုင်း လက်ချာရိုက်စရာမလိုတော့။ ထိုဆိုင်ကသဘောပေါက်လွယ်စွာ ယခုကဲ့သို့သော ချစ်စရာကောင်းသည့် စက္ကူအိတ်ကလေးများထားပေးထားခြင်း။

“အစ်ကိုက ကျွတ်ကျွတ်အိတ်မသုံးတတ်လို့ အဲဒီစက္ကူအိတ်လေးနဲ့ထည့်ပေးမယ်မဟုတ်လား”

ကောင်မလေးကို အချိုသာဆုံးသောလေသံဖြင့်ပြောလိုက်ပါသည်။

“ဟိုလေ အဲဒါက”

စက္ကူအိတ်အထပ်လိုက်ကြီးက မည်သူမျှမကိုင်ရသေးကြောင်းပြောနေသယောင်ခံစားလိုက်ရပြန်သည်။ ထိုနေရာတွင် ထိုသို့အနေအထားဖြင့် ဘယ်နှစ်ရက်များနေခဲ့ပြီးပါသနည်း။

“အဲဒါက…တစ်သောင်းဖိုးဝယ်တဲ့သူတွေတောင်းရင်ပေးတာပါအစ်ကို၊ အစ်ကိုက ရှစ်ထောင့်ငါးရာဖိုးပဲရှိ သေးတာဆိုတော့လေ…”

မိန်းကလေးက အားတုံ့အားနာနှင့် ကျွန်တော့ကိုကြည့်လေသည်။ သို့သော်လည်း ပကတိရိုးစင်းမှုကို တော့ သူ့မျက်နှာပေါ်တွင်မတွေ့ရ။ သူကပေးလိုသော်လည်းသူ့ထံတွင်အခွင့်အရေးမရှိကြောင်း တမင် လုပ်ယူထားသည့် အမူအရာဖြစ်နေလေတော့ ကြည့်၍သာစိတ်ပျက်မိလေသည်။

“အေးအေး ညီမရယ်၊ ရပါတယ် အစ်ကို့ကို စာအုပ်တွေဒီအတိုင်းသာပေးလိုက်တော့နော်၊ ကျွတ်ကျွတ် အိတ်မယူချင်လို့”

“ဟုတ်ကဲ့ ဟုတ်ကဲ့”

အားနာပါးနာနှင့် တစ်အိတ်တော့ပေးလိုက်မယ်အစ်ကိုရေ ဟူသည့်စကားသံပင်မကြားရသည့်အခါ ဆိုင် ရှင်ကပဲ သူ့ကိုတမင် တွန်းအားပေးထားလေသလားဟု သံသယစိတ်ဝင်နေပြန်လေသည်။ သို့သော်။

“ဟိုလေ ညီမ”

ကျွန်တော့အနောက်ဖက်မှ အသံတစ်သံကြားလိုက်ရသည်။ လှည့်ကြည့်လိုက်သည့်အခါ အခုနကလူဖြစ် နေလေသည်။ ကျွန်တော့အရှေ့ကိုကျော်ကာ စာအုပ်ဝယ်သွားသည့်လူ၊ တန်းမစီသည့်လူပေါ့။

ကောင်တာစာရေးမက သူ့ကိုကြည့်လိုက်ပါသည်။

“အစ်ကို ခုနကယူထားတဲ့ စာအုပ်သုံးအုပ်ရဲ့တန်ဖိုးက ခုနစ်ထောင်ကျော်တယ်လေ၊ အဲဒီဘောင်ချာမှာ ဒီကအစ်ကိုဝယ်တဲ့ဘောင်ချာကိုပါထည့်ပေါင်းလိုက်ပေါ့၊ ဒါဆို တစ်သောင်းကျော်သွားပြီ၊ ညီမဖက်က အစ်ကိုလိုချင်တဲ့ စက္ကူအိတ်ကိုပေးလို့ရပြီလေ”

သူ့စကားကြောင့် အံအားသင့်မိသွားသည်မှာအမှန်ပင်။

စောနလေးတင်ကပဲ သူ့ကိုကျွန်တော်မကျေမနပ်ကြည့်ခဲ့သည်။ ရန်မဖြစ်ရုံတမယ်သဘောထားခဲ့သည်။ သူလည်းရိပ်မိချင်ရိပ်မိနိုင်သော်လည်းယခုခဏတွင်တော့ သူက ကျွန်တော့ကိုကူညီလိုက်ခြင်းပင်။

“ဟို”

အမျိူးသမီးငယ်လေးက သူ့စကားကိုငြင်းရအခက် လက်ခံရအခက်နှင့်တွေဝေနေသည့်ခဏတွင် သူကဖိ ပြောတော့သည်။

“စက္ကူအိတ်ကလှလို့ စျေးကြီးလို့လိုချင်တာမဟုတ်ဘူးညီမရဲ့၊ ကျွတ်ကျွတ်အိတ်ကိုမသုံးချင်လို့ ကျွတ် ကျွတ်အိတ်ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို တစ်ဖက်တစ်လမ်းကနေကာကွယ်ချင်လို့ဆိုတဲ့သ ဘောနဲ့ ညီမဘေးမှာထားတဲ့စက္ကူအိတ်ကိုတောင်းရတာပါ၊ ညီမတို့ဆိုင်မှာလည်း အဲဒီစက္ကူအိတ်ကို အစ် ကိုပြောတဲ့ရည်ရွယ်ချက်တွေနဲ့ထားတာဆိုတာ ညီမအလုပ်ရှင်ကိုမေးရင်သိပါလိမ့်မယ်၊ ကဲ အစ်ကို့ဘောင် ချာရော့၊ ဒီကအစ်ကိုဝယ်တဲ့ပိုက်ဆံနဲ့ပေါင်းပေးလိုက်နော်”

သူက ကျွန်တော့်ကိုတစ်ချက်ပြုံးပြလိုက်ပါသည်။ ထို့နောက် စာအုပ်ဆိုင်လေးကိုကျောခိုင်းထွက်ခွာသွား တော့၏။

ကောင်တာစာရေးမလေးက ကျွန်တော်လိုချင်သည့်စက္ကူအိတ်တစ်အိတ်ကိုယူကာ စာအုပ်များကိုထည့် ပေးလေသည်။ ဟိုလူပြောခဲ့သည့်စကားကိုနားထောင်သည့်သဘောပင်။

ကျွန်တော့်အာရုံထဲတွင် ကောင်တာမှအဖြစ်အပျက်များမရှိတော့။ သူ့ကျောပြင်ကိုသာအာရုံရောက်ကာ ငေးမောကြည့်မိလေသည်။

မိတ်ဆွေအသစ်။ သူသည် ကျွန်တော့်မိတ်ဆွေအသစ်ပါပဲ။ ဘယ်တုန်းကမှလည်းမတွေ့ဖူး၊ မျက်နှာ ချင်းဆိုင်စကားမပြောဖူးသည့် သူ့ကိုသူငယ်ချင်းအဖြစ်သဘောထားလိုက်မိပါသည်။ ကျွန်တော်သူ့ကိုအ မြင်မကြည်လင်ခဲ့။ စိတ်ကိုမထိန်းခဲ့ပါလျှင် ရန်လိုသည့်သဘောဖြင့် ပြောဆိုနေမိခဲ့လိမ့်မည်။ ကျွန်တော် သူ့ကိုရန်လိုမုန်းထားစိတ်ရှိခဲ့ရက်သားနှင့်တောင်မှ သူက ကျွန်တော့်ကို ကူညီပေးသွားခဲ့သည်။ ကျွန်တော့် စိတ်ကိုနားလည်သွားခဲ့သည်။

သူနှင့်ကျွန်တော် နောက်ထပ်ဆုံခွင့်ရဖို့ရှိ ကောင်းရှိသော်လည်း သေသေချာချာမှတ်မိရန်မှာ မသေချာ တော့။ စက္ကူအိတ်ထဲထည့်ထားသည့် စာအုပ်များကိုကြည့်ကာပီတိဖြစ်ရင်း တန်းမစီသော မိတ်ဆွေ အသစ် ထွက်သွားရာလမ်းဆီကိုငေးမောကြည့်နေလေတော့သည်။

>>>>>