(၁)
အလုပ်ခန့်အပ်ခြင်းခံရတဲ့လူစာရင်းကို တိုးဝှေ့ကြည့်အပြီးမှာတော့ ကျွန်တော့်စိတ်တွေက ဟိုးအောက် ဆုံးကို ရောက်ရှိသွားလေသည်။ သွားပြန်ပြီ။ ဒီတစ်ခါလည်းအလုပ်မရပြန်ဘူး။ အရမ်းကြီးကိုမျှော်လင့် ထားခဲ့တာ။ နောက်ဆုံးလက်နက်အဖြစ်ဒီအလုပ်ကိုအားကိုးထားတာ။ အခုတော့ဝေးပြီပေါ့။
ဒီအလုပ်မရရင်ပြန်လာရမယ် ဆိုပြီးအိမ်ကသတိပေးထားသည်။ ညောင်တုန်းမြို့လေးဆီကို။ ပဲအမျိုးမျိုးကို ရွေးချယ် စျေးဖြတ်ပြီး ရန်ကုန်ကိုတင်ပို့ရတဲ့ပဲဒိုင်လုပ်ငန်းကို လုပ်ကိုင်နေတဲ့ကျွန်တော်တို့ အိမ်ရှိရာမြို့ လေး။ အဲဒီကိုကျွန်တော်မပြန်ချင်ပါ။ အိမ်အလုပ်တွေကိုလည်းမလုပ်ချင်ပါ။ ရေကြည်ရာမြက်နုရာ ရှာရင်းရန်ကုန်ကိုတက်လာခဲ့တာ။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါ၊ နည်းပညာတွေပေါ အရာရာ တိုးတက်နေတဲ့ ရန်ကုန်မြို့ကြီးကိုအားကိုးတကြီးနဲ့တက်လာခဲ့တာ။ အခုတော့မျှော်လင့်ချက်ဝေးပြီ။
ဒီအလုပ်က ကျွန်တော်ရွေးချယ်ခြင်းမခံရတဲ့ငါးခုမြောက်အလုပ်ဖြစ်သည်။ အလုပ်မရနိုင်တော့ပါသမျှ ပိုက်ဆံလည်းဖြူကာပြာကာကျနေပြီ။ လကုန်ရင်အဆောင်လခပေးဖို့ပိုက်ဆံတောင်မလောက်တော့ပါ။ ဘာလုပ်ရမှန်းမသိတော့။ ဒီကြားထဲ ရန်ကုန်မှာနေနေတဲ့ချစ်သူနဲ့လည်း ဒီမနက်တင်ပြသနာဖြစ် ကာ လမ်းခွဲခဲ့ရသည်။
“အရည်အချင်းမရှိလို့ အလုပ်တောင်မရနိုင်တဲ့နင့်လိုလက်ကြောမတင်းကောင်ကို ငါဘယ်လိုလုပ်ဆက် ချစ်နိုင်တော့မှာလဲ၊ သွားတော့ ငါ့ဆီဘယ်တော့မှပြန်မလာခဲ့နဲ့တော့ ”တဲ့။ ခွေးမောင်းသလိုမမောင်းရုံ တမယ်ပြောလွှတ်လိုက်သည်။ တွေးရင်းဒေါသထွက်လိုက်တာ။ နေပေါ့။ ချစ်သူမရှားပါဘူး။ အလုပ်သာ ရှားနေတာ။
“အေး ငါအောင်မြင်တဲ့တစ်နေ့ နင်ငါနဲ့ချစ်သူဖြစ်ခဲ့တယ်ဆိုတာမကြွားမိစေနဲ့” ဆိုပြီးတော့ပြန်ပြောခဲ့ ပေမယ့်သူမကနှုတ်ခမ်းမဲ့ကာတစ်ဖက်ကိုလှည့်ထွက်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်အရေးနိမ့်ခဲ့ ရသည်။ ရန်ကုန်မြို့ကြီးမှာကျွန်တော့်ကိုကြည်ဖြူမယ့်သူဘယ်သူမှမရှိ။ အရာအားလုံးကဘာအမှားလုပ် မလဲဆိုပြီး မျက်လုံးဒေါက်ထောက်ကြည့်နေသယောင်ခံစားရသည်။
“အို ညောင်တုန်းကိုတော့မပြန်နိုင်ဘူး၊ ငါစားပွဲထိုးပဲလုပ်ရလုပ်ရလုပ်မယ်ကွာ” ဆိုပြီးအားတင်းလိုက်မိ သည်။ ဒါပေမဲ့ ကျွန်တော်လုပ်ချင်တာစားပွဲထိုးမှမဟုတ်တာ။ တယ်လီနောတို့ အူရီဒူတို့လို အော်ပ ရေတာ ကုမ္ပဏီအကြီးကြီးတွေမှာဝယ်ယူသူတွေကိုဝန်ဆောင်မှုပေးတဲ့ Customer Service အလုပ်မျိုး၊ ရုံးတွေ ရဲ့ HR (Human Resource) ဌာန၊ Admin ဌာနတွေမှာဝန်ထမ်းတွေစီမံခန့်ခွဲ၊ လိုအပ်ချက်တွေ ဖြည့်ပေးရတဲ့ အလုပ်မျိုးတွေကို ကျွန်တော်က ရှုးသွပ်ခဲ့တာပင်။ ဒါပေမဲ့ ကျွန်တော့်မှာရှိတဲ့အရည် အချင်းလက်မှတ်တွေက မပြည့်စုံမလုံလောက်တာပဲလား။ ကံပဲမကောင်းတာလားမပြောတတ်တော့။ ချစ်သူမရှိ၊ အလုပ်မရှိ၊ ပိုက်ဆံမရှိ တဲ့ဘဝကိုဘယ်လိုအားအင်တွေနဲ့ဖြတ်သန်းရမလဲ။
“အစ်ကို လက်ကမ်းစာစောင်လေးပါ၊ မည်သူမဆိုအခမဲ့တက်ရောက်နိုင်မယ့်ဟောပြောပွဲလေးပါ”
လက်ကမ်းစာစောင်ဝေတဲ့ချာတိတ်ကို တစ်ချက်ကြည့်ကာ သူကမ်းပေးတဲ့စာရွက်ပိုင်းလေးကိုယူ လိုက်၏။ ရန်ကုန်မှာအဲလိုပဲလား။ လူနည်းနည်းများတဲ့နေရာကိုမြင်လိုက်တာနဲ့လက်ကမ်းစာစောင်သ မားတွေက ရောက်ချလာတော့တာပဲ။
“ဘုရားမ တာပဲ၊ ငါနားထောင်ချင်နေတာကြာပြီ၊ အရမ်းကိုလျှို့ဝှက်ပြီးမီဒီယာတွေနဲ့တောင်မတွေ့တဲ့ သူက သူ့ဘဝအကြောင်းကိုပြောမယ်ဆိုတော့ ထူးဆန်းတာပဲဟ”
“အင်း၊ ဟုတ်တယ်၊ ဦးကျော်မြင့်ဦးဆိုတာအသက်ခပ်ငယ်ငယ်လုပ်ငန်းရှင်တစ်ယောက်ဆိုတာပဲသိ ထားတယ်၊ ဘယ်မှာမွေးတာလဲ၊ ဘယ်လိုလူစားလဲ၊ ဘာကြောင့်အခုလိုမျိုးအောင်မြင်လာတာလဲ ဆို တာကိုအားလုံးကစိတ်ဝင်စားနေကြတယ်လေ”
ကျွန်တော့်ရှေ့ကလျှောက်နေတဲ့ ကောင်မလေးတွေပြောနေတာ လက်ကမ်းစာစောင်အကြောင်းမှန်း ကျွန်တော်တွေးမိလိုက်သည်။ လက်ထဲကစာရွက်ပိုင်းလေးကိုခုမှသေချာကြည့်လိုက်မိ၏။
ဘဝခွန်အားဖြည့်ဟောပြောပွဲ
မြန်မာနိုင်ငံတွင် ရွေ့လျားစာအုပ်ဆိုင်လုပ်ငန်းဖြင့် ကြီးပွားအောင်မြင်လာသူက ယင်း၏ဖြတ်သန်းခဲ့ရ သောအတွေ့အကြုံများကို အသိပညာဝေမျှသွားမည်ဖြစ်ပါ၍ မည်သူမဆိုအခမဲ့တက်ရောက်နားထောင် နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
ဟောပြောဆွေးနွေးမည့်သူ- ဦးကျော်မြင့်ဦး (ကျော်ကျော်ရွေ့လျားစာအုပ်ဆိုင်လုပ်ငန်း)
အချိန်- ၂၆.၇.၂၀၁၄. နေ့လည် (၂) နာရီ
နေရာ- UMFCCI ခန်းမ
ကျော်ကျော်ရွေ့လျားစာအုပ်ဆိုင်လုပ်ငန်း။ ဟုတ်သားပဲ။ ကျွန်တော်ဘာလို့သတိမထားမိတာပါလဲ။ အဲဒီလုပ်ငန်းကို ကျွန်တော်လုပ်လို့ရတာပဲ။ ကျွန်တော်နေတဲ့နေရာကိုပြော၊ မှတ်ပုံတင်ကိုအပေါင်သ ဘောခဏပေးထားလိုက်ရင် ရွေ့လျားစာအုပ်ဆိုင်လေးတစ်ဆိုင်ကိုပိုင်ဆိုင်ခွင့်ရမည်။ ရွေ့လျားစာအုပ် ဆိုင်လေးက သရက်သီးသုပ်၊ အချဉ်ပေါင်း ရောင်းတဲ့လှည်းလေးသာသာပဲရှိမည်။ အဲဒီအထဲမှာစာအုပ် တွေကို အကန့်နှစ်ခုလုပ်ပြီးခွဲထား၏။ တစ်ကန့်ကငှားဖတ်နိုင်သည်။ နောက်တစ်ကန့်ကတော့ရောင်းချ ပေးသည့်စာအုပ်များ။ အဲဒီဆိုင်လေးရပ်ကွက်ထဲလာရင် စာအုပ်တွေငှားဖတ်နိုင်သည်။ ဝယ်ယူနိုင် သည်။ အိမ်တိုင်ရာရောက်စာအုပ်ရောင်း၊ စာအုပ်ငှားတဲ့စနစ်ပေါ့။ ဆိုင်လေးထဲမှာလိုချင်တဲ့စာအုပ်ပါ မလာရင်နောက်နေ့မှာလို့ရသည်။
အဲဒီလုပ်ငန်းလုပ်ဖို့ကလွယ်ကူပါသည်။ လုပ်ငန်းရုံးချူပ်ရှိရာကိုသွားပြီး ကျွန်တော်စာအုပ်ဆိုင်လေးလို ချင်လို့ပါလို့ပြောလိုက်တာနဲ့ အဲဒီကဝန်ထမ်းတွေကအစအဆုံးကူညီဆောင်ရွက်ပေးတာပဲလို့တော့ကြား ဖူးထားသည်။ စာအုပ်တွေမပြဲမစုတ်ဖို့၊ လှည်းလေးသန့်ရှင်းတောက်ပြောင်ဖို့ စတဲ့စည်းကမ်းချက်တစ် ချို့ရေးထားတဲ့စာချုပ်မှာတော့လက်မှတ်ထိုးပြီးမှတ်ပုံတင်မူရင်းကိုတော့ ပေးထားခဲ့ရတာပေါ့လေ။ ထူး ခြားတာက ကိုယ်ရောင်းချချင်တဲ့မြို့နယ်ရဲ့အကွက်အကွင်းကျတဲ့နေရာ၊ ရောင်းရမယ့်နေရာတွေကိုသူ တို့က သိထားပြီး ဘယ်နေရာမှာဘယ်လိုရောင်း၊ ဘယ်အချိန်မှာတော့ဘယ်လိုငှား စသည်ဖြင့်အကြံ ဉာဏ်တွေကိုလည်းပေးတတ်တာပင်။ မြို့နယ်တိုင်းနီးပါးမှာလည်းလုပ်ငန်းရဲ့အခွဲစာအုပ်ဆိုင်ကြီးတွေ ရှိသည်။ စာအုပ်အထုတ်အသွင်း၊ လှည်းအထုတ်အသွင်းတွေကအဲဒီဆိုင်ကြီးတွေနဲ့ပဲချိတ်ဆက်လုပ် ကိုင်ရမှာဖြစ်သည်။
“ဥပမာ မင်းကဆင်ရေတွင်းတစ်ဝိုက်ရောင်းမယ်ဆိုပါတော့ အဲဒီနားမှာဘယ်နေရာကစာအုပ်ဆိုင်တွေ နဲ့ဝေးလို့ရောင်း၊ ငှားရမယ်ဆိုတာကိုသူတို့ပြောပြပေးလိမ့်မယ်၊ ရွေ့လျားစာအုပ်ဆိုင်ဆိုပေမယ့် အချဉ် ပေါင်းသည်လိုတစ်နေကုန်လျှောက်လည်ပြီးရောင်းနေစရာမလိုဘူး၊ ရပ်ကွက်ရဲ့တစ်နေရာမှာစတည်း ချလိုက်ရင် အဲဒီနေရာမှာပဲစာအုပ်လာဝယ်၊ လာငှားတာမျိုးလုပ်ကြလိမ့်မယ်၊ မင်းကစာအုပ်ငှားတဲ့အိမ် ရဲ့လိပ်စာနဲ့ပြန်အပ်နိုင်မယ့်နေ့ကိုမှတ်ရုံပဲ၊ မသင်္ကာရင်တော့အိမ်လိုက်ကြည့်ပေါ့ကွာ၊ ရပ်ကွက်ထဲက အိမ်တွေကိုပဲငှားတာဆိုတော့ စာအုပ်ငှားပြီးပြန်မအပ်တာတော့ရှားပါတယ်၊ စာအုပ်ငှားလို့ရတဲ့ငွေရဲ့ ၉၀ ရာခိုင်နှုန်းနဲ့စာအုပ်ရောင်းလို့ရတဲ့အမြတ်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကမင်းအပိုင်ပဲ၊ အချိန်တန်ရင် ရွေ့ လျားလှည်းလေးကို မြို့နယ်ရုံးခွဲစာအုပ်ဆိုင်ကြီးတွေကလုပ်ထားတဲ့ခြံနေရာမှာသိမ်းရုံပဲ”
အဆောင်ကသူငယ်ချင်းတစ်ယောက်ပြောတာ အခုမှသေချာအမှတ်ရမိသည်။ အဲဒီတုန်းကတော့အ လုပ်ရမှာပဲဆိုပြီး အားကိုးခဲ့တာ။ အခုတော့ရွေ့လျားစာအုပ်ဆိုင်လုပ်ငန်းပဲ လုပ်ရတော့မလားမပြော တတ်တော့။ စာအုပ်အသစ်တစ်အုပ်ရဲ့ငှားခက (၂၀၀) ပဲထား၊ တစ်နေ့ကို အုပ် (၂၀) လောက်ငှားရရင် (၄၀၀၀)။ ငါးအုပ်လောက်ရောင်းရရင်အမြတ်က တစ်အုပ်ကိုငါးရာနှုန်းနဲ့ (၂၅၀၀) ထား။ စုစုပေါင်းအ နည်းဆုံးငါးထောင်လောက်ရမည်။ နေရာအနှံ့လျှောက်လည်ငှားနိုင်ရင်တော့ ကံကောင်းရင်တစ်နေ့ကို အုပ်ငါးဆယ် လောက်တော့ငှားရမည်။ ဘာဖြစ်လို့လဲဆိုတော့ ကျော်ကျော်စာအုပ်လုပ်ငန်းဆိုတဲ့နာမည် အမှတ်တံဆိပ်က နေရာတိုင်းမှာရောက်နေတာ မဟုတ်လား။ အောင်မြင်နေတဲ့အမှတ်တံဆိတ်မို့ လူတိုင်းကယုံကြည်ကြသည်။ ဝယ်ယူ၊ ငှားယူကြသည်။ ကျွန်တော်အဆောင်နေတဲ့ကမာရွက်မှာဆို ဝယ်တာကပိုတယ်လို့တောင်ထင်ရသည်။ စာအုပ်အသစ်ထွက်ရင်ဆိုင်ကိုသွားမဝယ်တော့ ကျော်ကျော် ကပဲမှာလိုက်သည်။ အိမ်တိုင်ရာရောက်လည်းရ၊ စျေးလည်းမှန်သည်။
“အင်း၊ ဝင်ငွေတော့နည်းပေမယ့်အရမ်းအဆိုးကြီးထဲမှာတော့မပါဘူး၊ ငါအဆောင်နေစားရိတ်နဲ့စား သောက်စားရိတ်တော့ကာမိမှာပဲ၊ ကြိုးကြိုးစားစားလုပ်ရင်တော့ အဆင်ပြေနိုင်မှာပါ”
ကိုယ့်ကိုကိုယ်တွေးမိလိုက်သည်။ အဆောင်ကသူငယ်ချင်းပြောသလိုတစ်နေရာတည်းစတည်းချနေလို့ တော့သိပ်တွက်ချေကိုက်မှာမဟုတ်။ တစ်လမ်းဝင်တစ်လမ်းထွက်သွားရင်တော့ခရီးပေါက်သလောက် ငွေဝင်မည်။
“လုပ်ကြည့်တာပေါ့လေ၊ တွက်ခြေမကိုက်ဘဲနဲ့တော့ဒီလုပ်ငန်းကိုလုပ်တဲ့သူများမှာမဟုတ်ဘူး၊ ပြီးတော့ ဒီလုပ်ငန်းလည်းအောင်မြင်လာမှာမဟုတ်ဘူး၊ ငါမသိနိုင်တဲ့စီးပွားရေးတွက်ခြေကိုက်မယ့်နည်းလမ်းကို လည်းသူတို့ဆီကရကောင်းရနိုင်မှာပါ၊ အင်း ဒါနဲ့ ဒီဟောပြောပွဲကိုငါတက်သင့်တယ်ထင်ပါရဲ့”
ကျော်ကျော်စာအုပ်လုပ်ငန်းရဲ့တည်ထောင်သူဖြစ်နိုင်တဲ့လူနာမည်ကို စာရွက်ပိုင်းလေးထဲပြန်ကြည့် လိုက်သည်။ ဦးကျော်မြင့်ဦး။ ဒီလူအကြောင်းကိုတော့တော်တော်များများပြောနေတတ်ကြသည်။ ဘယ် သူမှသိပ်သတိမထားမိတဲ့လုပ်ငန်းနဲ့ အောင်မြင်လာခဲ့သူမို့ လူငယ်တော်တော်များများက စိတ်ဝင်စား ကြသည်။
“ခုခေတ်ကစာအုပ်ငှားဖတ်တဲ့ခေတ်မှမဟုတ်တာ၊ အွန်လိုင်းခေတ်၊ အွန်လိုင်းမှာစာအုပ်တွေဒေါင်းလုပ် အလွယ်တကူလုပ်ပြီးဖတ်လို့ရတာတောင် သူ့လုပ်ငန်းကဘာလို့အောင်မြင်နေတာပါလိမ့်၊ ပြီးတော့ရပ် ကွက်ထဲကလူတော်တော်များများကနေ့စဉ်စာအုပ်ငှားဖတ်နိုင်ပါ့မလား” ဆိုပြီးကျွန်တော်တွေးမိပေမယ့် တကယ်တမ်းသူ့လုပ်ငန်းအောင်မြင်နေတာအသေအချာပင်။ မြို့နယ်တိုင်းမှာကျော်ကျော်စာပေဆိုရင် တကယ့်ဆိုင်အကြီးကြီးတွေချည်း။ ရွေ့လျားစာအုပ်ဆိုင်တွေရဲ့ စာအုပ်တွေကိုအဲဒီဆိုင်အကြီးကြီးတွေ ကနေဖြန့်ပေးတာပင်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးကျော်မြင့်ဦးရဲ့အိုင်ဒီယာက စိတ်ဝင်စားစရာတော့ကောင်း သား။ သူ့လုပ်ငန်းအကြောင်းကိုမီဒီယာတွေမှာဖော်ပြပေမယ့် သူ့အကြောင်းကိုတော့မတွေ့ရပါ။ မာနပဲ ကြီးတာလား၊ လူရှေ့သူရှေ့ထွက်မပြရဲလောက်တဲ့ပြသနာတစ်ခုခုများရှိနေသလားမပြောတတ်။ ဘယ် လိုပဲဖြစ်ဖြစ် ဒီဟောပြောပွဲကိုတက်ရင်တော့သူ့ကိုတွေ့ရပြီး သူ့အကြောင်းတွေနားထောင်ရမည်။ ကျွန် တော့်စိတ်ဓါတ်ခွန်အားအတွက်တစ်စုံတစ်ရာတော့ အထောက်အပံ့ပေးနိုင်လိမ့်မယ် လို့ယူဆသည်။
“သူဖြတ်သန်းခဲ့ရတဲ့ဘဝကို လူငယ်တွေကိုပြောပြချင်လို့အခုလိုဟောပြောဖို့ လက်ခံလိုက်တာတဲ့”
သူ့အကြောင်းကို လမ်းတစ်လျှောက်လုံးကြားနေရသည်။ အောင်မြင်တဲ့သူတိုင်းကတော့ အခက်အခဲဆို တာဖြတ်သန်းခဲ့ရတာချည်းပဲ။ ဦးကျော်မြင့်ဦးကရောဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းတဲ့ဘဝကို ဖြတ်သန်းခဲ့ရလို့လဲ။ အခုချိန်မှာ ကျွန်တော့်လောက်များဒုက္ခပင်လယ်ဝေနေတဲ့သူဘယ်သူရှိမလဲ။
“အရမ်းချစ်လှပါချည်ရဲ့ဆိုတဲ့ချစ်သူက ရက်ရက်စက်စက်ပြောလွှတ်လိုက်တယ်၊ လကုန်ရင်အဆောင် လခပေးဖို့ပိုက်ဆံလည်းမလောက်တော့ဘူး၊ အလုပ်ကလည်းခုချိန်ထိမရနိုင်သေးဘူး၊ အိမ်ပြန်သွားရင် လည်း အိမ်ကဘာလို့ပြန်တက်လာတာလဲဆိုပြီးမောင်းချရင်ငါးပါးမှောက်ဦးမယ်၊ ငါ့လောက်ကြမ်းတမ်း တဲ့ဘဝပိုင်ရှင်ဘယ်သူရှိဦးမလဲ၊ အခုချိန်မှာ ဦးကျော်မြင့်ဦးကရောငါ့လောက်ခက်ခဲကြမ်းတမ်းတဲ့ဘဝရှိ လို့လား၊ ဒီဟောပြောပွဲကို ဦးကျော်မြင့်ဦးမပြောဘဲနဲ့ငါပြောလိုက်ရင် တက်လာတဲ့သူအားလုံး မျက်ရည် တောက်တောက်တောက်တောက်တောင်ကျသွားဦးမယ်”
လမ်းလည်းလျှောက်၊ ပါးစပ်ကလည်းတတွတ်တွတ်ရေရွတ်မိသည်။ ဟောပြောပွဲက ဒီနေ့မို့အဆောင် ခဏပြန်ပြီး နေ့လည်ဖက်ပြန်ထွက်မည်။
“ကျွီ….”
ရုတ်တရက် ကားဟွန်းသံ၊ ဘရိတ်အုပ်သံ ကြီးနဲ့အတူ ကျွန်တော့်တစ်ကိုယ်လုံးလေပေါ်မြောက်တက် သွားသလိုခံစားလိုက်ရသည်။
“ဘုရား၊ ဘုရား ငါ့ကိုကားတိုက်မိပြီထင်ပါရဲ့”
လမ်းမပေါ်လဲကျသွားတဲ့ ကျွန်တော့်ခန္ဓာကိုယ်၊ လူတွေရဲ့ခြေသံတွေ။ ပြီးတော့ ပြီးတော့….ကျွန် တော်ဘာမှမသိတော့။ အသံတစ်ချို့တော့ကြားသယောင်။
“သွားပြီ၊ သေပြီလားမသိဘူး၊ ငါတိုက်မိတာ”
“နင်ကတော့လုပ်လိုက်ရင်အရမ်းချည်းပဲ၊အဲဒါကြောင့်အစောကြီးကတည်းကငါမောင်းမယ်လို့ပြောတာ”
“ကဲ၊ ခုမှအပြစ်မတင်နဲ့တော့၊ ဘာဆက်လုပ်ရမလဲ၊ ရဲတွေမလာခင်မောင်းပြေးမလား၊ ဒါမှမဟုတ်လူ သိပ်မများခင် သူ့ကိုကားပေါ်တင်ထားမလား”
“လူတစ်ယောက်နှစ်ယောက်ပဲမြင်တယ်ထင်တယ်၊ ကားပေါ်တင်ပြီးနှာနှပ်လိုက်ကြမယ်၊ ဒဏ်ရာတော့ မတွေ့ဘူး၊ အတွင်းကြေနေတာလား၊ ရုတ်တရက်မို့လန့်ပြီးမေ့လဲသွားတာလားမပြောတတ်ဘူး”
“ငါကြောက်တယ်၊ သေပြီလားမသိဘူး”
Xxxxxxxxxxxxxxxxxxxxxx