ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၃)

(၃)

ပခုံးပေါ်ရှိခြင်းမှကျလာတဲ့ရေစက်တွေက ကျော်ကျော်သွားရာလမ်းတစ်လျှောက်တစ်စက်ချင်းစီလမ်း ကြောင်းလေးဖြစ် လို့နေသည်။ သူတစ်စုံတစ်ရာကိုစိုးရိမ်နေပါသည်။ ဦးလှမောင်ကသူ့ကိုဆူတော့မည်။ ဆူတော့မှာမဟုတ်ပါဘူး ဆူမှာသေချာတာပေါ့။

“သဲမောင်တို့နဲ့ ဗြုတ်ချောင်းကိုလိုက်သွား၊ ပန်းရံအကူဆင်းဖို့ငါပြောထားတယ်၊ တစ်ထောင်ရလည်း နည်းတာမဟုတ်ဘူး၊ အလကားနေအလကားပဲ၊ တောထဲသွားပြီးဟင်းခူးလိုက် ၊တောင်တက်ပြီးထင်း ခွေ လိုက်လုပ်နေတာထက်စာရင် ပန်းရံကပိုက်ဆံရတယ်”

သူ့ကိုမနက်အစောကြီးကတည်းက ပန်းရံလိုက်ဖို့မှာထားခဲ့သည်။ သူသွားပေမယ့် ဦးသဲမောင်တို့ကသူ့ ကိုမခေါ်။ နောက်နေ့မှလိုက်ခဲ့ဖို့ပြောလိုက်သည်။ ဒီနေ့တော့လူပြည့်သွားလို့တဲ့လေ။ အဲဒီတော့သူ လည်းကိုင်းတဲကိုမပြန်တော့ဘဲ ဦးသဲမောင်ဆီကပလိုင်း (ခြင်း) ငှားကာ ဂုံးသွားစမ်းနေတာဖြစ်သည်။ ပလိုင်းထဲပြည့်လုနီးပါးရခဲ့၏။ တစ်နေ့စာဖူလုံသည့်အပြင် ဝင်းရွှေရည်တို့မိသားစုအတွက် တစ်နပ်စာ ပိုပိုလျှံလျှံပေးနိုင်သည်။ ဝင်းရွှေရည်က ဂုံးဟင်းဆိုရင်အင်မတန်ကြိုက်။

ရှာဖွေရရှိလာတဲ့ ဂုံးတွေကိုသဲတွေပြောင်အောင်ဆေး၊ ရေနွေးပွက်ပွက်ဆူထဲကိုထည့်ပြုတ်ပြီးမှချက်စား ရတာဖြစ်သည်။ ရေပြုတ်ပြီးနောက်ဂုံးအခွံတွေကွာကျလာကာ ဂုံးသားတွေကိုဆီပြန်ချက်စားရင်စား၊ ဒါမှမဟုတ် သုပ်စားလို့လည်းရသည်။ ခုမှမြစ်ထဲကစမ်း၊ ချက်ချင်းချက်မို့အရသာက ချိုကာနူးညံ့လှ၏။

ခြေလှမ်းသွက်သွက်နဲ့လျှောက်လာလိုက်တာ သူတို့နေထိုင်ရာကိုင်းတဲလေးနဲ့နီးသည်ထက်နီးလို့လာ လေသည်။ နွေရာသီဆိုရင် ဟောဒီရွာအပြင်တောက ကိုင်းတဲလေးမှာအခြေချနေထိုင်သူတွေများလှ သည်။ ကိုင်း(စိုက်ခင်း) ပိုင်ရှင်တွေကမိမိတို့စိုက်ပျိုးထားတဲ့ သီးနှံစားပင်တွေကိုစောင့်ရင်းတစ်ရာသီ လုံးအချိန်ကုန်စေပြီးမှ မိုးဦးပိုင်းမှာရွာထဲကိုပြန်လည်နေထိုင်တတ်ကြသည်။ သူတို့မိသားစုကတော့ ကိုင်းတဲလည်းမပိုင်၊ လယ်လည်းမရှိ၊ ဖရဲခင်းလည်းမရှိ၊ မြေပဲလည်းမလှောင်နိုင်ပါ။ အခုစောင့်ပေးနေ တဲ့ တဲကသူများစိုက်ခင်းတဲမှာအခစားစောင့်နေပေးရတာဖြစ်သည်။ စိုက်ခင်းထဲမှာ ရာသီပေါ်သီးနှံ စိုက်ပျိုးနေတဲ့အပြင် မရမ်းပင်၊ သရက်ပင်၊ နာနတ်ပင် နဲ့ကနစိုပင်ကြီးတွေရှိသည်။ ခြံပိုင်ရှင်က နွေဖက်ဆိုရင် မြောက်ဦးမှာသွားနေတတ်ပြီး မိုးတွင်းမှခြံကိုပြန်လာ၊ ပြန်သွားနဲ့အလုပ်ရှုပ်နေတတ်တာမို့ သူပြန်မလာတဲ့နွေတစ်တွင်းလုံး သူတို့မိ သားစုက နေထိုင်စောင့်ပေးရသည်။

စိုက်ခင်းကိုတော့ သူရယ်၊ အမေ့ယောကျင်္ားရယ်နဲ့ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ထွက်ရှိလာတဲ့အကျိုးအ မြတ်ကိုတော့ ခြံရှင်နဲ့တစ်ယောက်တစ်ဝက်စီယူကြရ၏။ သူတို့ဖက်က နွေတစ်တွင်းလုံးစောင့်ပေးပြီး အရင်းလည်းမကုန်၊ အမြတ်လည်းတစ်ဝက်ရမို့ဟန်ကျလှသည်။

“သား၊ ဘယ်တွေသွားနေတာလဲ၊ ပန်းရံလည်းမလိုက်ဖြစ်ဘူးဆို အမေရွာထဲကကြားခဲ့တယ်”

အမေက သူ့ကိုအရင်တွေ့သွားသည်။ အမေ့နောက်မှာတော့သူ့ကိုဒေါသတွေနဲ့ကြည့်နေသူတစ်ဦး။

“သား ဟင်းစားအတွက်ဂုံးသွားစမ်းနေတာပါ”

အမေ ပြန်မပြောခင်မှာပဲ ဦးလှမောင်အသံကထွက်လာလေသည်။

“အလုပ်မလုပ်ဖြစ်ရင်ဘာလို့အိမ်တန်းမပြန်လာတာလဲ၊ အားအားရှိဟိုယောင်ယောင်ဒီယောင်ယောင် အလုပ်တွေချည်းလုပ်နေတော့တာပဲ၊ အလေလိုက်နေမယ့်အစား ဒီမှာလုပ်စရာတွေတစ်ပုံကြီးရှိသေး တယ်လို့မင်းကိုငါပြောထားတာပဲ၊ မင်းတော့ကွာ”

သူဘာမှပြန်မပြောဖို့တွေးမိလိုက်သည်။ တဲအပြင်ဖက်နံရံဆီမှဇကာတစ်ချပ်ဆွဲယူလိုက်ကာ ပလိုင်းထဲ ကဂုံးတစ်ဝက်ကျော်ကျော်ကိုသွန်ထည့်လိုက်၏။

“ဟေ့ကောင်၊ မင်းကိုငါပြောနေတာကြားလား”

ပြသနာမဖြစ်ချင်လို့ဆက်မပြောတော့တာကို တစ်ဖက်ကရှေ့တိုးလာတော့သည်။ ဦးလှမောင်အသံ ကျယ်လာတော့ အမေကဝင်တားဖို့ပြင်သည်။ ဒါပေမဲ့ အမေကဘယ်တုန်းကဦးလှမောင်ကိုနိုင်ဖူးလို့ လဲ။ ပြသနာဖြစ်တိုင်း သူတို့သားအမိသာရှုံးကြရတာ။

“ကြားတယ်”

ခပ်ဆတ်ဆတ်ပြန်ပြောလိုက်ကာ ဇကာထဲကဂုံးတွေကိုဖြန့်ချနေလိုက်သည်။ ဒါနဲ့တင်မပြီးဘူးဆိုတာ တော့စိတ်ထဲကသိနေပါသည်။ စက္ကန့်ပိုင်းအတွင်းမှာပဲအနောက်ကနေဇက်ပိုးတစ်ချက်အုပ်တာကိုခံ လိုက်ရ၏။

“ကိုလှမောင်၊ မလုပ်ပါနဲ့”

အမေ့တားသံကဦးလှမောင်ကိုမလွှမ်းမိုးနိုင်ခဲ့ပါ။

“ဦးလေး ကျွန်တော့်ကိုမရိုက်ပါနဲ့၊ ကျွန်တော်ဘာအပြစ်လုပ်လို့လဲ”

“မင်းက အလေလိုက်နေတာကိုအပြစ်လို့မထင်ဘူးပေါ့ ဟုတ်လား”

“ကျွန်တော်အိမ်ပြန်မလာချင်သေးလို့ခဏဝင်ပြီးဂုံးစမ်းတာအပြစ်လားဦးလေး၊ ကိုင်းမှာလုပ်စရာရှိတာ မှန်သမျှကျွန်တော်လုပ်ပေးနေတာပဲ၊ လုပ်စရာနည်းလို့ပန်းရံဆင်းဆိုလို့လည်းသွားတာပဲ၊ မရတာကျွန် တော်ဘာတတ်နိုင်မှာလဲ၊ အမြဲတမ်းတော့ခြံထဲမှာမနေချင်တာအမှန်ပဲ”

“ခြံထဲမှာမနေချင်ရင်ထွက်သွား၊ မလာနဲ့၊ ဘယ်တော့မှပြန်မလာနဲ့၊ သွား”

ဦးလှမောင်က သူ့အကျီင်္စ ကိုလှမ်းဆွဲကာလက်သီးနဲ့ထိုးဖို့ပြင်သည်။ အမေကဝင်ဆွဲလိုက်၏။

“မင်း အသာနေနော်၊ သွား တဲပေါ်တက်နေ၊ ဆင်းမလာနဲ့၊ ငါ့ဒေါသကမင်းဆီကိုပါရောက်သွားမယ်”

အမေ့ကိုတွန်းထုတ်လိုက်ပြီးနောက် သူ့ဆီကိုလက်သီးပြင်းတွေကျရောက်လို့လာသည်။ သူအတတ်နိုင် ဆုံးရှောင်ဖယ်ရုန်းထွက်မိ၏။ ဒါပေမဲ့ မရပါ။ သူ့ကိုဂုတ်ပိုးကနေဆွဲလိုက်နားရင်းအုပ်လိုက်နဲ့ ကြာလာ တော့ သူနာကျင်လာကာလက်တွေနဲ့ကာကွယ်ခုခံမိသည်။

“ဦးလေး၊ လွန်ပြီနော်၊ ကျွန်တော်သည်းခံနေတာများပြီ”

အဲဒီစကားတစ်ခွန်းထွက်မိသွားတော့ အခြေအနေကပိုဆိုးသွားသည်။ သူ့ကိုပြန်ပြောရကောင်းမလား ပြန်ခုခံလုပ်ချင်တဲ့သဘောလားဆိုပြီး နှီးဖြာမယ့်ဝါးစိမ်းတုတ်ကိုကောက်ကာခြေသလုံးတွေကို ယမ်း ရိုက်တော့လေ၏။

သူနာကျင်မှုနှင့်အတူ မျက်ရည်တွေကျလာသည်။ ဦးလှမောင်ရဲ့ရိုက်ချက်တွေကြားထဲကတိုးဝှေ့ပြေး ထွက်လိုက်ကာ လက်ကျန်ဂုံးပလိုင်းကိုယူ၊ ရွာရှိရာဖက်ဆီကိုကဆုန်စိုင်းပြေးလိုက်တော့၏။

“ဟေ့ကောင်၊ မင်းချက်ချင်းပြန်လာရင်လာ မဟုတ်ရင်တစ်သက်လုံးပြန်မလာနဲ့၊ အေး တွေ့လို့ကတော့ အသေသတ်ပစ်မယ်”

သူဂရုမစိုက်နိုင်တော့ပါ။ နာကျင်လှပြီ။ ပြေးထွက်လာရင်းခပ်လှမ်းလှမ်းဆီကိုရောက်တော့ အမေရှိရာ ဆီကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။ ညီလေးကိုပေါင်ပေါ်တင်ရင်း သူ့ကိုလှမ်းကြည့်နေတဲ့အမေ။ အမေ့မျက်နှာကိုဝိုးတဝါးသာမြင်ရပေမယ့် မျက်ရည်ဝဲနေမှာသေချာပါသည်။ အမေ့မျက်နှာကြောင့် အခု လိုမျိုး ပထွေးနဲ့အတူသည်းခံပြီးနေရတာ။ မဟုတ်လို့ကတော့ထွက်သွားတာကြာပြီ။

သူတို့နေထိုင်ရာနေရာက ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်ရဲ့ကျေးရွာလေးတစ်ရွာဖြစ်သည်။ မြောက်ဦး ကိုတော့ မြန်မာနိုင်ငံမှာမသိသူမရှိပါ။ ရှေးဟောင်းမြို့တော်၊ ဘုရားပုထိုးတွေနဲ့မြန်မာ့အမွေအနှစ်မြို့ တစ်မြို့ကို လူတိုင်းကရောက်ဖူးချင်ကြမည်။ ဒါပေမဲ့ သူတို့နေထိုင်တဲ့ရွာလေးကိုတော့လူအနည်းစု သာသိပါလိမ့်မည်။ မြောက်ဦးမြို့ရဲ့အရှေ့ဖက်မှာရှိပြီး ကားနဲ့လာရင်လာဒါမှမဟုတ် မြင်းလှည်းနဲ့ခရီး တစ်ဝက်စီးပြီးကျန်ခရီးကို စက်လှေနဲ့လာလို့ရသည်။ ရွာနာမည်ကလေညှင်းတောင်။

လေညှင်းတောင်ကျေးရွာလေးမှာ လူတစ်ယောက်နေထိုင်အသက်ရှင်ဖို့မခဲယဉ်းပါ၊ အခုလိုမျိုးသူများ ကိုင်းစောင့်လုပ်ရင်လုပ်၊ ၀ါးခုတ်ထွက်ရင်ထွက်၊ ရွာထဲပတ်ပြီးစျေးရောင်းချင်ရင်ရောင်း ဘယ်လိုပဲလုပ် လုပ် သူ့အတွက်တစ်ဝမ်းတစ်ခါးတော့ဖူလုံသည်။ အမေ့အတွက်ကိုသာလုံလောက်အောင်ရှာဖွေကျွေး နိုင်ဖို့ခက်ယဉ်းနိုင်တာမို့ အခုလိုသည်းညည်းခံနေနေရတာပင်။

“ငါအကောင်းအတိုင်းနေတာပဲ၊ ဘာအမှားလုပ်လို့လဲ၊ ဂုံးသွားစမ်းတာပဲအပြစ်လား၊ အပိုဝင်ငွေမရှာနိုင် လို့သက်သက်အပြစ်ရှာတာ၊ ပိုက်ဆံရဖို့ဝါးခုတ်လိုက်သွားမယ်ပြောတော့လည်း သူများတွေကငါ့ကိုခိုင်း စားတယ်လို့ ပြောခံရမှာကြောက်တာနဲ့ပဲ မထည့်ဘူး၊ ပန်းရံလုပ်၊ အငှားလိုက် ဘောက်အလုပ်တွေကိုပဲ ညှင်းပြီးခိုင်းတယ်၊ ငါဘာလုပ်ရမလဲ၊ ဒီလူကြီးနဲ့တစ်သက်လုံးနေ သွားဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ”

ထွက်ကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့သုတ်၊ ပါးစပ်ကလည်းတတွတ်တွတ်ရေရွတ်ရင်းအပြေးတစ် ပိုင်းလျှောက်လာခဲ့သည်။

“ကျော်ကျော်၊ ဂုံးတွေနဲ့ပါလား၊ ဘယ်လဲ မျက်နှာမှာလည်းမျက်ရည်တွေလား၊ ငိုနေတာလား”

ဦးလေးမိုးသီးနဲ့လမ်းမှာတွေ့တော့ သူ့ကိုလှမ်းနှုတ်ဆက်သည်။

“ရွှေရည်တို့အိမ်ကိုသွားမလို့”

“အေးအေး”

“ဦးလေးကရောဘယ်သွားမလို့လဲ”

“ငါ လား တောထဲကခြံကိုခဏလာတာလေ၊ အခု မြစ်လယ်ကိုင်းကိုပြန်မလို့”

ဦးလေးမိုးသီးက ကိုင်းနှစ်ခုပိုင်သည်။ အမှန်တော့သူတို့အခုစောင့်တဲ့ခြံက ကိုင်းလို့ခေါ်ရတာထက်ဥ ယာဉ်ခြံလို့ခေါ်ရတာကပိုမှန်မည်။ ကမ်းအစပ်နေရာနားမှာမြေပဲစိုက်ခင်းတစ်ဝက်လောက်သာရှိပြီးကျန် အပိုင်းတွေကတော့ မြေမာဘက်ကိုရောက်လာကာအပင်ကြီးတွေပဲစိုက်ပျိုးထားသည်။ ဦးလေးမိုးသီး တို့ခြံက သူတို့ခြံဘေးချင်းကပ်ရက်ဖြစ်ပြီးမြေပဲစိုက်နိုင်တဲ့သဲမြေတွေမရှိတော့ပါ။ ကနစိုပင်တွေ၊ ရှောက် ချိုပင်တွေကိုသာအဓိကစိုက်ပျိုးထားတဲ့ခြံကြီးဖြစ်သည်။ အဲဒီခြံကြီးကိုဦးလေးမိုးသီးကတစ်ခါတစ်လေ မှသာရောက်လာတတ်ပြီး အမြဲတမ်းလိုလိုကတော့ မြစ်လယ်ကိုင်းမှာရှိသည်။

“ဦးလေး ဖရဲသီးတွေခူးလို့ရပြီလား”

သူအကြံတစ်ခုရလာကာ မေးလိုက်ခြင်းပင်။

“အင်း၊ မနက်ဖြန်လောက်ဆိုစပြီးရှာကြည့်မလို့ တစ်ချို့အပင်တွေခူးလို့ရနိုင်ပြီလေ”

“အဲဒါဆို ဖရဲသီးခူးဖို့ အလုပ်သမားလိုမှာပေါ့”

“ဖရဲသီးတော့ ငါ့ဟာငါခူးလို့ရပါတယ်၊ အများကြီးမှမမှည့်လောက်သေးတာ၊ အင်း ဒါပေမဲ့ ဦးလေးတူ မြင့်ဦးက မြောက်ဦးပြန်ကျူရှင်တက်ရတော့မှာဆိုတော့ ဗာရီဟအလုပ်သမားတစ်ယောက်လောက် တော့ရှေ့အပတ်ထဲရှာမလို့၊ မင်းလုပ်ချင်လို့လား”

“ဟုတ်တယ်ဦးလေး၊ ကျွန်တော်လာလုပ်ချင်လို့”

“မင်း ပထွေးကခွင့်ပြုလို့လား”

“ပိုက်ဆံရမယ့်ကိစ္စပဲ သူခွင့်ပြုမှာပါ”

“သူကတော့မင်းကိုခိုင်းချင်ပါတယ်၊ ဒါပေမဲ့ သူများပြောမှာလည်းကြောက်တယ်လေ၊ ၀ါးဖောင်လိုက် မယ်ဆိုတုန်းကတောင်မလွှတ်ဘူးမဟုတ်လား”

“အဲဒါက တစ်လကိုးသီတင်းကြာမှာမို့လို့တစ်ခုခုဖြစ်ရင် ရွာကသူ့ကိုအပြစ်တင်ကြမှာစိုးလို့မလွှတ်တာ၊ အခုဖရဲခင်းကျတော့ သူခွင့်ပြုမှာပါ၊ သူခွင့်မပြုလည်းကျွန်တော်လုပ်မယ်ဦးလေးရာ”

“အေး အေး၊ အလုပ်ဆင်းမယ်နေ့မင်းကိုဦးလေးလာပြောမယ်”

စကားပြောလိုက်ရလို့ မျက်နှာပေါ်မှာမျက်ရည်တွေတော့မရှိတော့ပြီ။ မြစ်လယ်ကိုင်းမှာတော့ သူအလုပ် လုပ်ချင်ပါသည်။ သူတို့ရွာရဲ့ငွေကြေးအတော်အသင့်ပြေလည်သူတွေပိုင်ဆိုင်ထားတဲ့မြစ်လယ်ကသဲ သောင်ကျွန်းကလေး။

လေညှင်းတောင်ကျေးရွာက အထက်ရွာ၊အောက်ရွာဆိုပြီးနှစ်ရွာရှိသည်။ အလယ်မှာရခိုင်ပြည်နယ်ရဲ့ အထင်ကရမြစ်တစ်ခုဖြစ်တဲ့ လေးမြို့မြစ်ရှိပြီးရွာအရှေ့ဖက်ဆီမှာတော့ ဗြုတ်ချောင်းကျေးရွာရှိသည်။ သဲသောင်ကျွန်းဆိုတာက လေညှင်းတောင်ရွာနှစ်ရွာနဲဲ့ဗြုတ်ချောင်းကျေးရွာရဲ့အလယ်ကလေးမြို့မြစ် ပေါ်မှာထွန်းနေတဲ့သဲသောင်ကိုဆိုလိုခြင်းပင်။ နွေရာသီဆိုအဲဒီမြစ်ကြောတစ်လျှောက်သောင်ထွန်းလေ့ ရှိပြီး သဲသောင်ပေါ်မှာဖရဲ၊ မြေပဲစတဲ့ရာသီပေါ်သီးနှံတွေကိုစိုက်ကြသည်။ ကိုယ့်အပိုင်းနဲ့ကိုယ့်နေရာ တွေတော့ ရှိပြီးသားပေါ့။ ဦးလေးမိုးသီးကတော့ အဲဒီသဲသောင်ပြင်ပေါ်ကမြေကွက်တစ်ကွက်ပိုင် ဆိုင်ထားတာမို့ ရွာရဲ့ကြေးရတတ်တစ်ယောက်ထဲအပါအဝင်ပေါ့လေ။

အဓိကစိုက်တဲ့ဖရဲသီးတွေကို မှည့်တဲ့ဟာရွေးခူး၊ ပြီးရင်တစ်ပတ်နှစ်ရက်ရှိတဲ့ဗြုတ်ချောင်းစျေးနေ့မှာ သွားရောင်းပေး၊ ရတဲ့အမြတ်တစ်ချို့ကိုစိုက်ခင်းပိုင်ရှင်ကခွဲပေး အဲဒီလိုပုံစံမျိုးနဲ့လည်းနွေရာသီမှာအ လုပ်လုပ်တတ်ကြသေးသည်။ သူကတော့အကုန်လုပ်တတ်တာမို့ဘာအလုပ်ပဲဖြစ်ဖြစ်လုပ်ရတာပါပဲ။

“သွားပြီနော် ဦးလေးမိုးသီး”

“အေး အေး”

နှုတ်ဆက်လိုက်ကာ ခပ်သွက်သွက်ပြေးလာခဲ့လိုက်သည်။ ရွှေရည်တို့ဒီနေ့ နေ့လည်စာအမီချက်လို့ရ အောင် ပေးမှ။ နေ့လည်တော့ကျနေပြီမို့သိပ်တော့မသေချာပါ။

ရွှေရည်တို့အိမ်က သူထွက်လာတဲ့တောအစပ်ရပ်ကွက်ထဲမှာပင်။ ဘုန်းကြီးကျောင်းနဲ့လည်းနီးသည်။ ဘုန်းကြီးကျောင်းရှေ့မှာတော့ ရွာဘောလုံးကွင်းရှိပြီး ရွှေရည်တို့ရပ်ကွက်ကဘောလုံးကွင်းနှင့်အပြိုင် လမ်းတစ်ဖက်မှာရှိသည်။

“ရွှေရည်ရေ”

ကျိုးတိုးကျဲတဲကာထားတဲ့ ၀ါးထရံခြံစည်းရိုးတွေကိုဖြတ်ကာ ဝင်လာခဲ့သည်။ အိမ်အပြင်မြေကွက် လပ်ပေါ်မှာဆောက်ထားတဲ့ ကွပ်ပျစ်ပေါ်မှာတော့သူ မြင်ချင်တဲ့သူငယ်ချင်းမလေးကိုအဆင်သင့်တွေ့ လိုက်ရသည်။ ဒါပေမဲ့ တစ်ယောက်တည်းတော့မဟုတ်။

“အော်၊ ငဇော်ပါရောက်နေပါလား”

ဇော်မျိုးလင်းကိုတွေ့လိုက်ရတော့ သူနောက်ကျသွားပြီဆိုတာသိလိုက်ပြီ။

“အေး၊ ငါရွှေရည်စားဖို့ဟင်းလာပို့တာ”

“အော်၊ ဘာဟင်းလဲ”

မေးသာမေးလိုက်ပေမယ့် အဖြေက သိပြီးသား။

“ဂုံးဟင်း”

သူကတော့ ဇော်မျိုးလင်းတို့လိုချက်ပြီးသားမပေးနိုင်ပါ။

“နင်ယူလာတာလည်းဂုံးတွေမှလား ကျော်ကျော်၊ ပြစမ်း ၊ အယ် ခုမှစမ်းလာတာမှလား၊ ကောင်းလိုက် တာ၊ အမေရေ ဒီမှာကျော်ကျော်ဂုံးတွေလာပေးတယ်”

သူမက ဂုံးထည့်ထားတဲ့ပလိုင်းကို ဝမ်းသာအားရလှမ်းအယူမှာတော့ ငဇော်ရဲ့အကြည့်တစ်ချက်ကသူ့ ဆီကိုရောက်လာသည်။ သူကလည်းပြန်ကြည့်လိုက်တော့ သူတို့နှစ်ယောက်အတွက်အမျိုးအမည်မ ဖော်နိုင်သေးသော အဓိပ္ပါယ်တစ်မျိုးပေါ်ပေါက်လာလေသည်။

Xxxxxxxxxxxxxxxxxxxxxx