(၄)
“ဟင်၊ ကျော်ကျော် သားခြေတောက်မှာအညိုအမည်းစွဲနေပါလား၊ ဘာဖြစ်တာလဲ”
ဦးလှမောင်ရဲ့ဝါးစိမ်းတုတ်နဲ့ယမ်းရိုက်လိုက်တဲ့တစ်ချက်က ခြေသလုံးပေါ်မှာအညိုအမည်းစွဲလို့လာနေ တာကို ရွှေရည့်အမေမြင်တော့ သူခြေသလုံးကိုကိုင်ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ လက်နဲ့တောင်သေ ချာထိလို့မရ၊ ဖူးယောင်လို့နေပြီ။
“လာ၊ အရီးဆေးလိမ်းပေးမယ်”
“ဟာ၊ ဟို ဟို နေပါစေအရီး၊ ကျွန်တော်အိမ်ရောက်မှလိမ်းလိုက်ပါမယ်”
အားနာနာနဲ့ငြင်းလိုက်သည်။
“နင့်အမေယောကျင်္ားရိုက်တာမှလား ကျော်ကျော်”
သူဘာပြန်ပြောရမလဲ။ မဟုတ်ဘူးငြင်းလို့လည်းဘယ်လိုလုပ်ယုံမှာလဲ။ ဒါဦးလှမောင်လက်ချက်ဆိုတာ တစ်ရွာလုံးသိသည်။ ခေါင်းညိတ်ပြလိုက်တော့ ရွှေရည်ရော၊ ရွှေရည့်အမေရောသက်ပြင်းရှည်ကြီး ကိုယ်စီ ချလိုက်ကြလေသည်။ ဇော်မျိုးလင်းကတော့ ဂရုနာသက်စွာသူ့ကိုကြည့်နေ၏။
“မင်း ပြန်လုပ်ပါလားကွ၊ လက်မပါဘူးလား”
“အာ ငဇော်ကလည်း အားမှမမျှတာကို၊ ပြီးတော့ လူကြီးကိုပြန်မလုပ်ကောင်းပါဘူး”
တစ်ရွာလုံးကသူ့ကို သနားကြင်နာကြတာထက် ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ဂရုနာသက်မှုကိုသူပိုအ လေးထားရပါသည်။ ငဇော်နဲ့သူက တစ်ခါတစ်လေမှာအမြီးအမောက်မတည့်တာရှိပေမယ့် သူ့ဘဝရဲ့သူ ငယ်ချင်းကောင်းနှစ်ယောက်တည်းမှာအပါအဝင်ပင်။ ငဇော်နဲ့ရွှေရည်က သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း၊ သူငယ်တန်းကတည်းကနေ ခုရှစ်တန်းပြီးတဲ့အထိတွဲလာခဲ့ကြတာ။
“ဘာဖြစ်လို့ရိုက်တာလဲ”
“မသိချင်စမ်းပါနဲ့ကွာ၊ ငါမပြောချင်ဘူး”
“အေးလေ၊ ငဇော်ကလည်းမေးမနေပါနဲ့တော့၊ အဲလူကြီးကကျော်ကျော့်ကိုဆို အပြစ်မရှိမပြစ်ရှာရိုက် နေတာတစ်ရွာလုံးအသိပဲ”
“တောက်၊ ငါတွေးရင်းတွေးရင်း ဒေါသထွက်လာလို့ပါဟာ”
ရွှေရည့်မိခင် အရီးသုန်ကဘာမှဝင်မပြောဘဲဘေးကနေသာကြည့်နေသည်။ ပြီးမှတစ်စုံတစ်ခုကိုသတိ ရသွားပုံရပြီး “ကျော်ကျော်၊ သားထမင်းစားပြီးပြီလား၊ အရီးကိုမညာနဲ့သားစားရဦးမှာမဟုတ်ဘူး” လို့ လှမ်းပြောသည်။
သူဗိုက်ကိုပွတ်သပ်ကြည့်လိုက်၏။ ဟုတ်ပါရဲ့သူဗိုက်ဆာနေပြီ။ မနက်ကတည်းကကောက်ညှင်းပေါင်း ငါးဆယ်ဖိုးပဲစားရသေးတာ။ ပန်းရံလိုက်ရင်စားဖို့သောက်ဖို့အတွက်ဦးသဲမောင်ကစီစဉ်ပေးတာမို့ မနက် တဲကထွက်ကတည်းကစားစရာဘာမှပါသွားတာမဟုတ်။
“ကျွန်တော်မဆာသေးဘူးအရီး ပြန်မှစားမယ်”
“အို ဘယ်ဟုတ်မလဲ၊ မဆာလည်းစားသွား အိမ်မှာဘဲဥချဉ်ဟင်းချက်တယ်၊ သားကြိုက်တယ်လေ၊ ပန်း ကန်ထဲပုံထည့်ခဲ့မယ် ဟုတ်ပြီလား”
“ရတယ်အရီး၊ ကျွန်တော်မစားဘူး”
“မရဘူး ကျော်ကျော် နင်စားရမယ်”
“ဟုတ်တယ် ကျော်ကျော်မင်းစားသွား”
အားလုံးက စားစေချင်ပြီး အရီးကထမင်းခူးဖို့နောက်ဖေးကိုသွားပြီမို့သူငြိမ်နေလိုက်ရသည်။ ခဏကြာ တော့ထမင်းပန်းကန်ထဲဇွန်းတပ်ပြီး အရီးရောက်လာသည်။ ဘဲဥဟင်းနံကမွှေးလှပြီးထမင်းပန်းကန်က အငွေ့တထောင်းထောင်းထနေတာမို့ စားချင်စိတ်တဖွားဖွားပေါ်လာကာ ပန်းကန်ကိုလှမ်းယူစားပစ် လိုက်တော့သည်။ သူအရမ်းကြိုက်တဲ့ဟင်းပေါ့။ ကိုင်း ခရမ်းချဉ်သီးကိုဆီသတ်အရည်ကျဲကျဲနဲ့ရော မွှေပြီးပွက် ပွက်ဆူလာရင် ဘဲဥကိုခေါက်ပြီးဖောက်ထည့်ထားသောဟင်းဖြစ်သည်။ ချက်ရလွယ်ကူ သလိုစားလို့ လည်းအင်မတန်ကောင်းလှသည်။ ကိုင်းခရမ်းချဉ်သီးကအခုလိုရာသီမှာ ပေါနေတာမို့ ကိုင်းတောထဲက လေးငါးလုံးခူးပြီး ဘဲဥတစ်လုံးဖောက်ထည့်ကာ အချိန်ခဏလေးနဲ့ ချက်လို့ရသည်။
ထမင်းတစ်ပန်းကန်ကိုခဏလေးနဲ့ကုန်သွားတော့ ရွှေရည်ကထပ်ထည့်ပေးဖို့မေးပေမယ့်သူအကြောက် အကန်ငြင်းလိုက်ရသည်။ အားနာလှပြီ။ ပြီးတော့တဲပြန်ရောက်လို့ထမင်းမစားနိုင်ရင်အမေကစိတ်မ ကောင်းဖြစ်မှာ။
“ငါပြန်တော့မယ်ဟာ၊ အရီး ကျွန်တော်ပြန်တော့မယ်”
“အေး၊ အေး သား”
“ခဏလေးကျော်ကျော် ငါပါပြန်မှာ”
ငဇော်လာပို့တဲ့ပန်းကန်ကိုစောင့်ယူပြီးသူတို့နှစ်ယောက်ရွှေရည်တို့အိမ်ဝင်းထဲကထွက်လာခဲ့ကြ သည်။ ငဇော်တို့အိမ်ကမြစ်ဘေးနားမှာဆိုပေမယ့် သိပ်မလျှောက်ရပါ။
“မင်းကျောင်းဆက်တက်မယ်ဆိုရင် အဲဒီလူကြီးနဲ့ဆက်နေလို့ဖြစ်မယ်မထင်ဘူး ကျော်ကျော်”
လာမယ့်ပညာသင်နှစ်မှာ သူတို့ကကိုးတန်းတက်ရမှာ။ သေချာတာကတော့ ဦးလှမောင်ကသူ့ကို ကျောင်းဆက်ထားချင်မှာမဟုတ်။
“ငါ အမေ့ကိုမေးကြည့်ဦးမယ်ကွာ၊ ဘယ်လိုလုပ်ရမလဲမသိဘူး၊ ကျောင်းတော့တက်ချင်တယ်”
“အင်း၊ ငါရော ရွှေရည်ရော မြောက်ဦးမှာသွားတက်မှာဆိုတော့ မင်းကိုပါလိုက်တက်စေချင်တယ်”
သူတွေဝေမိသည်။ အိမ်ကတော့အဆင်ပြေမှာမဟုတ်။ ရုပ်ရှင်ထဲကလို တစ်ယောက်ယောက်က ကျောင်းထားပေးဖို့ မွေးစားဖို့လာခေါ်ရင်ကောင်းမှာပဲလို့တွေးမိသည်။ ဒါပေမဲ့ သူကရုပ်ရှင်ထဲကလို ငယ်ငယ်လေးအရွယ်လည်းမဟုတ်၊ အမွှာညီအစ်ကိုလည်းမရှိတော့ ကိုယ့်ဘာသာကိုယ်ကျောင်းရမယ် ဆိုတာမှန်းတွက်ဆစရာမလိုတော့ပြီ။
ငဇော်နဲ့လမ်းခွဲပြီးနောက် တောအုပ်လေးထဲကိုသူပြန်ဝင်လာခဲ့သည်။ တောတန်းလေးကငြိမ်သက် တိတ်ဆိတ်လို့နေ၏။ တစ်ခါတစ်ခါတော့ ငှက်တွေရဲ့ပျော်မြူးသီချင်းဆိုသံတော့ကြားရတာပေါ့လေ။ လမ်းတစ်လျှောက်မရမ်းခြံတွေ သရက်ခြံတွေအစီစီအရီရီကိုလည်းမြင်ရသည်။ ကနစိုခြံကြီးတွေကို လည်းတွေ့ရသည်။ ဒီအချိန်မှာပေါ်ပြူလာအဖြစ်ဆုံးကတော့မရမ်းသီးပေါ့။
ချဉ်ခါစမရမ်းသီးကင်းလေးတွေကို ၀ါးကျဉ်တောက်ထဲထည့်၊ အဲဒီအထဲကိုငါးပိ၊ ဆား၊ အချိုမှုန့်တွေ ထည့်ပြီး ၀ါးစိမ်းတုတ်ပိုင်းလေးနဲ့တစ်တောက်တောက်ထောင်းကာ မရမ်းသီးငါးပိထောင်းလုပ်စားကြ သည်။ ညက်ညက်ကြေအောင်ထောင်းပြီးထွက်လာတဲ့မရမ်းသီးထောင်းကို ငှက်ပျောဖက်ရွက်စိမ်းစိမ်း ခင်းပြီးဖြန့်ထည့်အလုအယက်ဝိုင်းစားတတ်ကြ၏။ လေညှင်းတောင်ရှိ အခြေခံလူတန်းစားကလေးငယ် တွေရဲ့သွားရည်စာတစ်မျိုးလည်းဖြစ်သည်။ အဲဒီလိုမျိုးစားဖို့အတွက်ကတော့ အခုလိုရွာအပြင်တော တန်းတစ်လျှောက်မှာရှိတဲ့မရမ်းခြံတွေကနေတောင်းယူ၊ ခိုးယူကြသည်။ တစ်ချို့ခြံပိုင်ရှင်တွေကအသီး နုသေးတော့မပေးချင်။ အဲဒီတော့ လမ်းဘေးခြံစည်းရိုးနားမှာရှိတဲ့အပင်ဆီကနေခြံရှင်မသိအောင်လှမ်း ခူး၊ အရပ်မမီရင်တစ်ယောက်ပခုံးပေါ်တစ်ယောက်တက်ပြီးလှေကားလုပ်ကာ မရရအောင်ဖန်တီးကြ သည်။
သူတို့နေထိုင်ရာတဲနဲ့နီးသည်ထက်နီးလာလေ ရင်ထဲမှာလေးလံသည်ထက်လေးလံလာသလိုခံစားရ သည်။ အဲဒီလူကြီးနဲ့မျက်နှာချင်းဆိုင်လိုတဲ့စိတ်က ယုတ်လျော့အားနည်းလို့နေသည်။ တဲထဲကိုမဝင်ခင် လှမ်းကြည့်လိုက်တော့ သူလာရာလမ်းဆီကိုအမေမျှော်နေတာတွေ့ရသည်။
“အမေ”
အမေ သူ့ကိုစိတ်ပူနေခဲ့တယ်ဆိုတာပြောစရာမလိုတော့ပြီ။
“သား”
သူ အမေ့နားကို အပြေးတစ်ပိုင်းရောက်သွား၏။ ဟိုလူကြီးကတော့ သူရောက်လာတာမြင်လည်းမြင် ရော အိမ်နောက်ဖေးဘက်ကိုထွက်သွားလေသည်။ ပြသနာရင်ဆိုင်ရဦးမယ်လို့မျှော်လင့်ထားပေမယ့် အခုလိုမျိုးကြုံလိုက်ရတော့ ရင်ထဲပေါ့သွားသလိုခံစားရ၏။
“ညီလေးရော အမေ”
“အိပ်နေတယ်လေ ဟိုမှာ”
အမေ့အနောက်ဖက်အိပ်ရာဆီမှာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ညီလေးကိုတွေ့ရသည်။
“ဘယ်တွေသွားနေတာလဲ သားရယ်၊ အမေစိတ်ပူလိုက်ရတာ”
အမေက သူ့ကိုရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။ အမေ့ရင်ခွင်ထဲရောက်လိုက်တာနဲ့ တကယ့်ကလေး တစ်ယောက်လိုခံစားရကာ ဝမ်းနည်းမိသွား၏။ ဝမ်းနည်းမှုနှင့်အတူမျက်ရည်တွေလိမ့်ဆင်းလာလေ သည်။ နောက်တော့ နောက်တော့ ဟန်မဆောင်နိုင်တော့ပါ။ ရှိုက်သံပြင်းပြင်းနဲ့ငိုမိလေသည်။ သူငို တော့ အမေလည်းလိုက်ငိုသည်။ သေချာပြီ။ အမေနဲ့ အဲဒီလူနဲ့ရန်ပွဲတစ်ပွဲတော့နွှဲပြီးလောက်ပြီပေါ့။
“အမေ၊ အမေမှားတာပါသားရယ်၊ အမေ့ကြောင့်သားလေးပင်ပန်းဆင်းရဲနေရတယ်”
အမေစိတ်မကောင်းတာမြင်တော့ သူအရမ်းနာကျင်ရသည်။
“စိတ်မကောင်းမဖြစ်ပါနဲ့အမေရယ်၊ သားမှားတာပါ၊ သားမလိမ်မာတာပါ၊ နောက်နေ့ကစပြီးသားအလုပ် ဆင်းတော့မယ်နော်၊ ကတိပေးပါတယ်အမေ၊ သားပိုက်ဆံရှာပါ့မယ်၊ ပန်းရံလိုက်ပါ့မယ်၊ ပြီးတော့သား ဖရဲခင်းမှာသွားနေဖို့လည်းပြောထားပြီးပြီအမေ၊ ဦးလေးမိုးသီးကိုင်းထဲမှာ၊ သားပိုက်ဆံရှာပြီးအမေ့ကို ပေးမယ်လေ၊ ပြီးတော့ ပြီးတော့ သားကျောင်းတက်မယ်”
အမေက သူ့ခေါင်းကိုပွတ်သပ်ကာ ငိုနေသည်။ အမေ့မျက်ရည်တွေက သူ့ရင်ကိုပူလောင်စေသည်။
“သားကိုအမေကျောင်းထားပေးမှာပါသားရယ်၊ သားဒီအရွယ်နဲ့ပိုက်ဆံရှာစရာမလိုဘူး”
“သားတို့ကဆင်းရဲတယ်လေ၊ ကျောင်းတက်ဖို့ဘယ်ကပိုက်ဆံရမှာလဲ”
“အမေ့မှာရှိပါတယ်သားရဲ့၊ သားလေးအတွက်အမေ့မှာချန်ထားပါတယ်”
“ဟင် တကယ်လား အမေ”
အမေခေါင်းညိတ်ပြသည်။ မျက်ရည်တွေနဲ့ပြုံးပြသည်။ ချိန်မြိန်လိုက်တာ။ အမေ့ရဲ့အဲဒီအပြုံးကချိုမြိန် လိုက်တာ။
“သားအတွက် အမေပိုက်ဆံတစ်ချို့သိမ်းထားတယ်သားရဲ့၊ မပူနဲ့သားလေးကျောင်းတက်ရမယ်၊ ပညာ တတ်ဖြစ်အောင်ကြိုးစားရမယ်နော်”
အမေကသူ့ကိုနှစ်သိမ့်တာဖြစ်ချင်ဖြစ်နိုင်ပေမယ့် အမေ့စကားတွေကအားရှိလှသည်။ ဘယ်လိုပဲဖြစ် ဖြစ်သူအလုပ်လုပ်မှရမည်။ ဦးလှမောင်ကြည်ဖြူမှရမည်။ ဦးလှမောင်နဲ့အဆင်ပြေမှ သူရော၊ အမေ ရော ပြသနာတစ်စုံတစ်ရာဖြစ်လာမှာမဟုတ်။
“ဒါပေမဲ့ သားအလုပ်လုပ်မယ်အမေ”
“အင်း၊ လုပ်လေ၊ သားနေ့တိုင်းလည်းအလုပ်လုပ်နေရတာပဲမှလား”
“မဟုတ်ဘူး၊ ပိုက်ဆံရတဲ့အလုပ်၊ သားအတွက်ဆိုပြီးသပ်သပ်ရတဲ့ဝင်ငွေနဲ့အလုပ်ပေါ့၊ မနက်က ဦးလှ မောင်လုပ်ခိုင်းတဲ့ပန်းရံလိုမျိုးပေါ့၊ အဲဒါမှသားလက်ထဲပိုက်ဆံကိုင်ဖူးမှာ၊ အဲဒီအထဲကဦးလှမောင်ကို ရော အမေ့ကိုရော၊ သားအတွက်ရော ဝေပုံကျခွဲပေးနိုင်မှာလေ”
အမေက စိတ်မကောင်းခြင်းကြီးစွာနဲ့သက်ပြင်းရှည်ကြီးချလိုက်လေသည်။
“သူ့ကွယ်ရာမှာပဲသားကိုအမေ နေစေချင်တာအမှန်ပဲ”
“သားလည်း သူနဲ့တူတူမနေချင်ဘူးအမေ”
Xxxxxxxxxxxxxxxxxxxxxx