ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၅)

(၅)

ဖရဲခင်းမှာအလုပ်လုပ်ရတဲ့အတွေ့အကြုံက သူ့ဘဝရဲ့ဝင်ငွေရရှိခြင်းအစပင်ဖြစ်သည်။ စိမ်းလန်းကြည် လင်လှတဲ့ လေးမြို့မြစ်ရဲ့အလယ်တည့်တည့်မှာရှိတဲ့ကျွန်း။ အဲဒီကျွန်းပေါ်မှာတော့ ရှည်လျားလှ တဲ့သဲသောင်ပြင်တန်း။ အဲဒီသဲသောင်ပြင်ကျွန်းတစ်မျှော်တစ်ခေါ်ကြီးထဲက အစိတ်အပိုင်းလေးတစ် ခုဖြစ်သည့် ဦးမိုးသီးတို့ကိုင်း။

ကိုင်းရဲ့အနောက်ဖက်ဆီမှာလေညှင်းတောင်ကျေးရွာတန်း။ အထက်ရွာနဲ့အောက်ရွာဆိုပြီးခွဲထားတဲ့ လေညှင်းတောင်ကျေးရွာရှိသည်။ အဲဒီလိုခွဲထားတဲ့ရွာနှစ်ရွာရဲ့အလယ်မှာ အကျဉ်းထောင်တစ် ခုရှိသည်။ အပေါ်အောက်အဖြူ အကျဉ်းသားဝတ်စုံနဲ့ခြေကျင်းတန်းလန်းနဲ့အလုပ်လုပ်နေကြတဲ့ အကျဉ်းသားတွေကိုအဲဒီနေရာတစ်ဝိုက်မှာတွေ့ရမယ့်အပြင် ကိုင်းလယ်ကျွန်းနေရာတစ်နေရာမှာလည်း တွေ့ရသည်။ ကိုင်းရှိသဲသောင်ပြင်တစ်နေရာမှာလည်း သူတို့(အကျဉ်းသားများ) အလုပ်လုပ်ကြရပါ သည်။

ကိုင်းရဲ့အရှေ့ဖက်ဆီမှာတော့ ဗြုတ်ချောင်းကျေးရွာတန်းရှိပြီး စျေးနေ့ဆိုရင်တော့လှေတွေတရုန်းရုန်း နဲ့ပေါ့။ တောင်ဖက်မှာတော့ စိမ်းစိုမြင့်မားလှတဲ့တောင်တန်းနဲ့တောအုပ်ကိုမြင်ရမှာဖြစ်ပြီးတစ်နှစ်တစ်ခါ ဘုရားပွဲကျင်းပတတ်တဲ့နတ်သျှင်တောင်စေတီကိုလည်းဖူးမျှော်ရမည်ဖြစ်သည်။ မြောက်ဖက်ဆီမှာက တော့ သဲသောင်ပြင်ကျွန်းအဆုံးနေရာကနေရှည်လျားလှတဲ့လေးမြို့မြစ်မြစ်စိမ်းစိမ်းကြီးကို ရှုမဝနိုင် အောင်မြင်ရပေလိမ့်မည်။

“ကျော်ကျော် ဧည့်သည်လာတယ်၊ ဖရဲသီးခွဲလိုက်ပါဦး”

အနီးတစ်ဝိုက်ရွာတွေဆီကနေ ကုန်သည်လှေတွေကတစ်ကိုင်းဝင်တစ်ကိုင်းထွက် ဖရဲသီးတွေဝယ်ပြီး ပင်မဒိုင်ဆီကိုသွင်းသူသွင်း၊ ကိုယ့်ရွာဆီကိုပြန်ရောင်းသူရောင်းနဲ့ နွေတစ်နွေလုံးမအားနိုင်အောင်ရှိ ကြလေသည်။ သူ့လုပ်က ကိုင်းပေါ်ကိုဖရဲသီးလာဝယ်တဲ့သူတွေကို ဖရဲသီးခွဲကျွေး၊ ဝယ်မယ်ဆိုရင်ကိုင်း ထဲမှာ အသီးလိုက်ခူးပေး၊ လှေပေါ်ကိုသယ်ပေး၊ ဖရဲသီးတွေမှည့်နေပေမယ့် ဝယ်သူမလာရင်တော့ လှေပေါ်တင်ပြီး စျေးနေ့မှာသွားရောင်း စတဲ့ဗာဟီရအလုပ်မှန်သမျှဖြစ်သည်။

သူအလုပ်လုပ်နေရတယ်ဆိုပေမယ့် ပျင်းရိခြင်း၊ ငြီးငွေ့ခြင်း လုံးဝမရှိလှပါ။ ပြီးတော့ ဦးလှမောင်နဲ့ဝေး နေရတဲ့အတွက်ပျော်လည်းပျော်လေသည်။ တစ်ခါတစ်လေမှာတော့ ရွှေရည်နဲ့ငဇော်တို့ သူ့ဆီကို လာလည်သည်။ အဲဒီအချိန်တွေဆိုရင်တော့အပျော်ဆုံးပေါ့။ ကိုင်းထဲကအကောင်းဆုံးဆိုတဲ့ အချိုဆုံး လို့ယူဆရတဲ့ ဖရဲသီးကိုခွဲကျွေး၊ တစ်မျှော်တစ်ခေါ်ကြီးမြင်နေရတဲ့ဖရဲပင်တွေကြား အစီအရီပေါက်နေ တဲ့ ဖရဲသီးတွေကိုကြွား၊ စကားတွေအများကြီးပြောနဲ့ နေစောင်းလို့စောင်းမှန်းမသိဖြစ်သွားတတ်သည်။

“ဖရဲသီးမှည့် မမှည့်ဘယ်လိုကြည့်ရမလဲ နင်တို့သိလား၊ အပင်မှာရှိနေတုန်းမှာ ဖရဲသီးကိုလက်ဝါးပေါ် တင်ပြီး တစ်ခြားလက်တစ်ဖက်နဲ့အသာလေးပုတ်လိုက်၊ လက်ဝါးပေါ်ကဖရဲသီးကခုန်ထွက်သလို မြောက်လာရင်အဲဒါမှည့်ပြီ၊ ဒါမှမဟုတ်လည်းအသီးပေါ်မှာရှိနေတဲ့ အညှာကိုကြည့်လိုက် ခြောက်နေပြီ ဆိုရင် မှည့်ပြီ၊ အဲဒါမှမဟုတ်ရင် အသီးကို လက်နဲ့တောက်ကြည့်လိုက်တောက်တောက်လို့မြည်သံ ကြားရင်မမှည့်သေးဘူး၊ ဘတ်ဘတ်ဆိုပြီးမြည်နေရင်တော့ မှည့်ပြီ”

သူသိသမျှ၊ ထင်သမျှ သူငယ်ချင်းနှစ်ယောက်ကိုအားရအောင်ပြော၊ ကိုင်းထဲရှိတာချကျွေးသည်။ ကိုင်း ရှိတဲလေးနားမှာတော့ သဲသောင်ပြင်ပေါ်စိုက်ပျိုးရတဲ့အခြားစားပင်၊ သီးပင်တွေလည်းရှိတာမို့ သွားရည် စာလို့ ယူဆသမျှအကုန်ကျွေးသည်။

ဖရဲခင်းဆိုပေမယ့် ဖရဲသီးတင်စိုက်ထားတာမဟုတ်၊ သဲသောင်ပြင်မြေအစိုနေရမှာတော့ မြေပဲပင်တွေ စိုက်ထားသည်။ တဲကိုအတက်မြေလမ်းလေးဘေးမှာတော့ ပဲတောင့်ရှည်တွေကိုတိုင်စိုက်နွယ်ထောင် ထားသည်။ ပြီးတော့သခွားသီးပင်၊ ငရုတ်ပင်၊ ခရမ်းသီး၊ ခရမ်းချဉ်သီးပင်၊ ရွှေဖရုံပင်တွေလည်း စိုက်ပျိုးထားသည်။

“ငရုတ်သီးထဲမှာရော စပ်တာနဲ့မစပ်တာဘယ်လိုခွဲရလဲသိလား၊ ငရုတ်သီးတောင့်ကိုလက်မနဲ့လက်ညိုှး ကြားဖိညှစ်ကြည့်လိုက်၊ အစေ့တွေရဲ့အသံနဲ့ဗြီ လို့မြည်ရင်အဲဒါအစေ့ရင့်တာ၊ အစေ့ရင့်ရင်တော့အဲင ရုတ်သီးစပ်တယ်၊ ညှစ်ကြည့်လို့အသံမမြည်ရင်တော့မစပ်ဘူး၊ အသီးနုသေးတာပေါ့”

“ကျော်ကျော် ငါတို့လာမေးတာက နင်ကျောင်းတက်ဖို့အခြေအနေ”

သူတွေဝေသွားသည်။ နောက်လဆိုရင် ရွှေရည်တို့ကမြောက်ဦးမှာကျောင်းသွားတက်တော့မှာ။ နောက် နှစ်က ဆယ်တန်းမို့သူတို့မိဘတွေက မြို့မှာထားကြသည်။

“ငါ ဘယ်လိုလုပ်ရမလဲ မသိသေးပါဘူးဟာ၊ တက်တော့တက်ချင်တာပေါ့”

အမေကတော့ သူ့ကိုထားပေးမယ်တဲ့။ ဒါပေမဲ့ အမေ့ကိုအပူမပေးချင်ပါ။ သူအခုအလုပ်လုပ်နေတဲ့ ပိုက်ဆံကဘယ်လောက်ရမလဲ၊ ကျောင်းတက်ဖို့ဖူလုံမလား မသိရသေး။

“အေး ငါတို့လည်းနင့်ကိုပါလိုက်စေချင်တယ်ဟာ၊ နောက်လဆိုတော့သိပ်မလိုတော့ဘူးလေ”

“ငါကြိုးစားပါ့မယ်ဟာ၊ ငါပညာတတ်မှရမယ် ဟ၊ အဲဒီလူကြီးနားမှာမနေချင်တော့ဘူး”

“အေး၊ အခုရော ဦးလှမောင်က မင်းအလုပ်လုပ်နေတာကိုဘာပြောလဲ”

“ဘာပြောမှာလဲ ငါပိုက်ဆံရှာနေတာပဲ သူပြောလို့မရဘူးလေ၊ ခြံအလုပ်ကိုတော့ငါမရှိလို့ပိုလုပ်ရတာမို့ လို့ နည်းနည်းတော့တင်းနေမှာပေါ့”

“မင်းအမေကရော”

“အမေကတော့ ကျောင်းတက်စေချင်တာပေါ့၊ တက်လို့ရအောင်လည်းလုပ်ပေးမယ်လို့ပြောတယ်၊ ဒါပေမဲ့ ငါ အမေ့ကိုစိတ်ပင်ပန်းတာမမြင်ချင်ဘူးကွာ၊ ဒါနဲ့နင်တို့ကကျူရှင်တူတူတက်ကြမှာလား”

“အေး၊ ဟုတ်တယ်၊ ငဇော်တို့တက်တဲ့နေရာမှာပဲ ငါ့ကိုထားမယ်လို့အမေတို့ကစီစဉ်ထားတယ်၊ ကျောင်း ရောပဲ၊ ငါလည်းမြောက်ဦးကိုစျေးဝယ်ပဲရောက်ဖူးတာ၊ တစ်ခါမှအကြာကြီးမနေဖူးတော့ အားငယ်မှာ စိုးတယ်လေ၊ နှစ်ယောက်တူတူဆိုတော့ ဘာပဲဖြစ်ဖြစ်တိုင်တိုင်ပင်ပင်နေလို့ရတာပေါ့”

သူ့ရင်ထဲမှာ တစ်စုံတစ်ရာကို မကျေမနပ်ဖြစ်သွားမိ၏။ ဘာကိုလဲဆိုတာရေရေရာရာတွေးမရခဲ့။ ဒါပေမဲ့ ရွှေရည်နဲ့ပတ်သက်နေမှန်းတော့ ခံစားရသည်။ သူရွှေရည်နဲ့အတူတူကျောင်းတက်ချင်ပါသည်။ အရင် နှစ်တွေတုန်းကလို ကျောင်းအတူတူသွား၊ စာအတူကျက် အဲလိုဘဝလေးလိုချင်လိုက်တာ။

“အင်း၊ ကောင်းပါတယ်”

အဲလောက်ပဲပြန်ပြောနိုင်သည်။ ငဇော်ကတော့ သူ့ရင်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကို သိနေဟန်နဲ့ပြုံးလိုက်သည်။ ပြီးတော့ ….။

“သုံးယောက်ဆိုတော့ ပိုကောင်းတာပေါ့ကွာ၊ အဲဒါကြောင့်မင်းကိုခေါ်တာပေါ့၊ ငါတို့ကငယ်ငယ်က တည်းကအတူတူတက်လာခဲ့ပြီးမှ မခွဲချင်တာအမှန်ပဲ”

လို့သူ့ကိုနှစ်သိမ့်သည်။

“အင်း၊ ငါတက်နိုင်အောင်ကြိုးစားမယ်ကွာ၊ ငါအခုပိုက်ဆံစုနေတယ်၊ မနက်ဖြန်ဖရဲသီးရောင်းပြီးရင် တော့ ဦးမိုးသီးကငွေရှင်းပေးမယ်နဲ့တူတယ်”

နွေရာသီခဏတာရှာလို့ရမယ့် ပိုက်ဆံနဲ့တစ်နှစ်လုံးကျောင်းတက်ရမှာတော့မဟုတ်။ တစ်နှစ်လုံးကို ဘယ်လောက်ကုန်မလဲသူမသိပါ။ သိနားလည်တဲ့သူတွေကိုတော့မေးကြည့်ရမည်။

“အင်း၊ အဆင်ပြေမှာပါ၊ ငါတို့တော့မျှော်နေမယ်”

ဦးမိုးသီးဆီကလုပ်အားခရလာမယ့်ပိုက်ဆံတွေကို အမေ့ကိုအပ်ထားမည်။ တဖြည်းဖြည်းနဲ့များလာရင် ပိုပွားအောင် အတိုးနဲ့သူများကိုချေးရင်ချေး၊ ဒါမှမဟုတ်ရွာမှာအရင်းအနှီးရမယ့်အလုပ်တစ်ခုမှာ မြှပ်နှံဖို့ အမေ့ကိုပြောမည်။

အဲဒီကရလာမယ့် ပိုက်ဆံနဲ့သူကျောင်းပုံမှန်တက်နိုင်မည်။ ကျောင်းတက်ရင်းလည်းရရာအလုပ်ကိုလုပ် ဖို့စိတ်ကူးမိသည်။ ဘာပဲဖြစ်ဖြစ်ကျောင်းတက်မှရမည်။ ကိုးတန်းပြီးတာနဲ့ဆယ်တန်းအတွက်သိမ်းကျုံး ကြိုးစားလုပ်ဖို့လည်း တစ်ဆက်တည်းစိတ်ကူးထား၏။

“မြောက်ဦးမှာနေဖို့ကိုလည်းတစ်မျိုးတစ်ဖုံစဉ်းစားရဦးမယ်”

သူငယ်ချင်းနှစ်ယောက်အတွက်တော့ မြောက်ဦးမှာကျောင်းသွားတက်ဖို့ဆိုတာ ခဲယဉ်းတဲ့အရာ မဟုတ်ပါ။ မိဘတွေက အလိုက်သင့်စီစဉ်ထားပေးပြီးသားရယ်။ သူ့အတွက်ကတော့ အစစအရာရာ ကိုယ်တိုင်စီမံရမည်။ ဒါပေမဲ့ သူစိတ်မပူပါ။ အဆင်ပြေမယ်၊ အဆင်မပြေပြေအောင်ဖန်တီးမယ် ဆိုပြီးတော့ပဲ ဆုံး ဖြတ်ချက်ချထားသည်။ တကယ်လည်းသူကြိုးစားခဲ့ပါသည်။

ဒါပေမဲ့…။

လေးနက်တဲ့အကြောင်းကိစ္စတိုင်းမှာ အနှောက်အယှက်တွေပေါ်လာတတ်တဲ့သဘာဝအတိုင်းပဲ ကြီးမား တဲ့အနှောက်အယှက်တစ်ခုဖြစ်လာခဲ့လေသည်။ သာယာနေတဲ့သူ့စိတ်ကူးတွေကို ဖျက်ဆီးလိုက်တဲ့ အဖြစ်အပျက်တစ်ခုလည်းဖြစ်သည်။ ရွှေရည်နဲ့ကျောင်းအတူတက်ခွင့်ရဖို့ဆိုတာ သူ့ရဲ့လက်ရှိအကြီး မားဆုံးသောမျှော်လင့်ချက်။ ဒါပေမဲ့ အဲဒီမျှော်လင့်ချက်ကို ဖျက်ဆီးခံလိုက်ရတဲ့အဖြစ်အပျက်တစ်ခုဖြစ် လာခဲ့ပါသည်။ နောက်တစ်နေ့….. နောက်တစ်နေ့မှာပေါ့။

Xxxxxxxxxxxxxxxxxxxxxx