(၇)
“ဟင်၊ ပိုက်ဆံတွေများလှချည်လားသားရယ်၊ ဒါလုပ်အားခပေါ့၊ ဟုတ်လား”
အမေ့မျက်နှာမှာအံသြဝမ်းသာမှုတွေပြည့်လို့။ အမေပျော်ရင်သူပါပျော်တာပေါ့။
“ဟုတ်တယ်အမေ၊ ဦးမိုးသီးပေးလိုက်တာ သားကျောင်းတက်လို့ရအောင်တဲ့၊ အဲဒါကိုပွားအောင်အမေ ပဲစီစဉ်ပေးအမေ”
“အို ရတာပေ့ါသားရယ်၊ အမေ ရွာထဲမှာအတိုးနဲ့ချေးထားလိုက်ရင် ပွားလာမှာပေါ့”
ပိုက်ဆံတွေကို ကိုင်ကြည့်ရင်းအမေက သူ့ကိုကြည်နူးမျက်ဝန်းတွေနဲ့ကြည့်လေသည်။ ဒါပေမဲ့ မကြာပါ အမေ့လက်ထဲရောက်နေတဲ့ အဲဒီပိုက်ဆံတွေကို တစ်စုံတစ်ယောက်ကလုယူလိုက်လေသည်။
ဦးလှမောင်ပေါ့။ တစ်ခါမှမမြင်ဖူးမတွေ့ဖူးသလိုမျက်နှာပေးနဲ့ ပိုက်ဆံတွေကိုတပ်မက်နေလိုက်တာ။
“မင်း ရလာတဲ့ပိုက်ဆံတွေပေါ့ ဟုတ်လားကျော်ကျော်၊ အဲဒါ ပြန်အပ်တာပေါ့”
“ဟုတ်တယ်၊ သားကျောင်းတက်ဖို့အတွက်ပိုက်ဆံရှာတာလေ၊ ကျွန်မတို့သုံးဖို့မဟုတ်ဘူးကိုလှမောင်”
ပြသနာက စတင်ဝင်ရောက်လာခဲ့လေတော့သည်။ ဦးလှမောင်ကပိုက်ဆံမြင်ရင် မရတော့။ သူ့လက်ထဲမှာ ပိုက်ဆံလေးနည်းနည်းပါးပါးရှိရင် အလုပ်မလုပ်ချင်တော့။ ရှိတဲ့ပိုက်ဆံကိုဘယ်လိုဖြုန် းရမလဲဆိုတဲ့ အပေါက်ကိုလိုက်ရှာနေသူပင်။
“မင်းကကျောင်းဆက်တက်ချင်လို့လား တက်မနေနဲ့တော့ ဒီမှာအလုပ်တွေတပုံကြီးဟာကို ပိုက်ဆံရှာ ပေါ့ကွ၊ အရွယ်လည်းရောက်လာပြီပဲ၊ ပညာကရှာပြီးရင်းရှာနိုင်မှ ပညာရှာရာနောက်ငွေမလိုက်နိုင်ရင် ဆုံးခန်းတိုင်မပြီးနိုင်တဲ့ခေတ်ကြီးမှာကွာ”
“အို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မသားကိုကျောင်းဆက်ထားဖို့ဆုံးဖြတ်ထားပြီးသားကိုလှမောင်၊ ရှင်မတား ပါနဲ့၊ ဆယ်တန်းလေးမှမအောင်လို့ဖြစ်မလား”
“သွားစမ်းပါကွာ၊ ဘယ်ဆယ်တန်းအောင်တာလဲ၊ ဘာပညာလိုချင်တာလဲ မင်းသားကိုမေးကြည့်ပါလား၊ တကယ်ပညာလိုချင်တာလားလို့”
“ကျွန်တော် တကယ်တက်ချင်တာပါ”
“အလကား၊ မင်းပညာလိုချင်တာမဟုတ်ဘူး၊ ဝင်းရွှေရည်တို့ကမြောက်ဦးမှာကျောင်းသွားတက်မယ်ဆို လို့ သူတို့နဲ့လိုက်တက်ချင်တာ၊ ငါရွာထဲကသိလာခဲ့ပြီးပြီ၊ လူလေးကလက်မလောက်ပဲရှိသေးတယ် မိန်းမကိစ္စကပါလာချင်ပြီ”
“ဟာ ဦးလေး အဲလိုတော့မပြောပါနဲ့၊ ကျွန်တော်တကယ်ကျောင်းတက်ချင်လို့ ကိုင်းထဲမှာပိုက်ဆံတကူး တကသွားရှာတာ၊ ကျွန်တော်ရှာလို့ရတာနဲ့တက်မှာ ဦးလေးဆီကယူတာမဟုတ်ဘူး၊ ထိုက်သင့်သ လောက်လည်း ပြန်ပေးဖို့ဆုံးဖြတ်ထားပြီးသား”
“ဟေ့ကောင် မရှည်နဲ့ ငါကမတက်နဲ့ဆိုမတက်ရဘူးပဲ၊ ဒီပိုက်ဆံကိုလည်းငါယူထားလိုက်မယ်၊ လော လောဆယ်အသုံးလိုနေလို့”
သွားပြီ။ သူလုယူသွားတဲ့ပိုက်ဆံကပြန်ရဖို့မလွယ်တော့။ ဘယ်လိုလုပ်ရမလဲ။
“ရှင် အဲလိုလုပ်လို့မရဘူးနော်၊ ပေး ပြန်ပေး ကျွန်မသားပိုက်ဆံကို၊ ရှင့်မှာလည်းသုံးဖို့စွဲဖို့ရှိတာပဲ၊ ကလေးဆီကပိုက်ဆံကိုဘာလို့လိုချင်ရတာလဲ ကိုလှမောင်”
“ဘာဖြစ်လဲကွာ၊ ဒီအိမ်မှာငါကအိမ်ထောင်ဦးစီး၊ ဘယ်သူပိုက်ဆံဝင်လာဝင်လာတစ်ပြာမှမချန်ဘဲငါ့ကို အပ်ရမယ်၊ ငါသုံးချင်ရာသုံးမယ် ဘာဖြစ်သေးလဲ”
“ခင်ဗျားကြီးတော်တော်ယုတ်မာတာပဲ”
သူ လက်ညှိုးငေါက်ငေါက်ထိုးတာပြောပစ်လိုက်သည်။ သူ့တပင်တပန်းရှာထားရတဲ့ပိုက်ဆံကိုများ အဲလိုအလကားယူလို့ရမတဲ့လား။ ဟင့်အင်း မပေးနိုင်ပါ။ ဘယ်လိုမှမပေးနိုင်။ လုယူထားတဲ့ပိုက်ဆံကို ဘယ်လိုပြန်ယူရမလဲစဉ်းစားနေမိသည်။
“အေး မင်းကပိုက်ဆံရှာနိုင်ပြီဆိုလို့ ဒီလိုမိုက်မိုက်ရိုင်းရိုင်း ပြန်ပြောလာပြီပေါ့ ဟုတ်လား၊ ငါ့အကြောင်း ပြရသေးတာပေါ့”
“ကျွန်တော်ငြိမ်ခံမှာမဟုတ်ဘူးနော် ဦးလှမောင်”
ခံစားချုပ်တည်းထားရတာတွေများတော့ ပြန်လည်ပေါက်ကွဲချင်လာသည်။ အတတ်နိုင်ဆုံးတော့သည်း ခံခဲ့တာချည်းပဲ၊ ဒါပေမဲ့ အခုဟာကလွန်နေပြီ။
“ရှင်သားကို နှိပ်စက်ချင်နေတာလားကိုလှမောင်၊ ကျွန်မသားကိုရှင်လုပ်ရဲလုပ်ကြည့် ကျွန်မလည်း ငြိမ်ခံနေမှာမဟုတ်ဘူး၊ ရှင်တော်တော်တရားလွန်နေပြီ”
“အဲတော့ မင်းကဘာလုပ်ချင်လဲ”
ဦးလှမောင်က အမေ့ဆီကိုရိုက်မယ်ဟန်ပြင်တော့ သူကဝင်ကာလိုက်သည်။
“အမေ့ကိုလုပ်စရာမလိုဘူး”
“အေး မင်းကိုလုပ်တယ်ကွာ”
သူ့ဘယ်ဘက်နားရင်းထူပူသွားလေသည်။ ပြသနာမဖြစ်ချင်ပေမယ့် ဖြစ်လာခဲ့ပြီ။ ဒီနေ့မနက်အပျော် တွေနဲ့ချည်းပြည့်နှက်နေခဲ့ပေမယ့် အခုတော့ပျောက်ကွယ်သွားရပြီ။ ဒီကိုလာတာ အမေစိတ်ချမ်းသာဖို့ ကျောင်းစားရိတ်အတွက် အမေ့ကိုစိတ်မပူဖို့ပြောဖို့အတွက်လာခဲ့တာ။
ဒါပေမဲ့ ရလာဒ်ကမကောင်းခဲ့ပါ။ ဒီကိုရောက်မလာခင်လေးတင်သူပျော်ရွှင်နေခဲ့၏။ ကိုကြီးကောင်းက လက်ဆောင်ပေးလိုက်တဲ့ ရွှံကျွဲရုပ်လေးနှစ်ရုပ်ကိုတောင်လက်ဆောင်ဝင်ပေးခဲ့သည်။ ပထမတော့ ရွှေရည်တို့အိမ်ကိုဝင်ပေးမလိုပါပဲ။ ဒါပေမယ့်ငဇော်တို့အိမ်ကကမ်းနားနဲ့လည်းနီးနေတော့ငဇော့်ကိုပဲ ပေးခဲ့လိုက်သည်။
“မင်းတစ်ရုပ် ရွှေရည်တစ်ရုပ်၊ ရွှေရည်နဲ့တွေ့တော့ပေးလိုက်ပေါ့ကွာ၊ ငါအပြန်ကျလို့အချိန်ရရင်ရွှေရည် တို့အိမ်ကိုလာခဲ့မယ်၊ မင်းရှိမလား”
“အေး၊ ညနေပိုင်းခဏသွားလိုက်ဦးမယ်၊ ဂုံးဟင်းရထားလို့”
သူပိုက်ဆံရလာတဲ့အကြောင်းရော ကျောင်းတက်ဖို့ကြိုးစားနေပြီဆိုတဲ့အကြောင်းရော ငဇော့်ကိုအ ကြမ်းဖျင်းပြောပြခဲ့သည်။ သုံးယောက်ဆုံတော့မှသေချာပြောမယ်ပေါ့။ သူဝမ်းသာနေတာတွေ့တော့ သူငယ်ချင်းငဇော်ကပါဝမ်းသာသည်။
သိပ်မကြာသေးခင်ပျော်ရွှင်မှုက အခုကျတော့လည်းပျောက်ခြင်းမလှပျောက်ကွယ်ရပြီ။ သူ့ပိုက်ဆံကို လည်း ဦးလှမောင်ကခေါင်းပုံဖြတ်ယူဆောင်သွားခဲ့တဲ့အပြင် အမေ့ကိုပါရန်ရှာဖို့ပြင်နေလေပြီ။ သူ့ကို လည်းနာရင်းတစ်ချက်အုပ်ပြီးသွားလေပြီ။
နာကျင်မှုနှင့်အတူ ဒေါသထောင်းခနဲထွက်လာသည်။
“ပေးဗျာ ကျွန်တော့်ပိုက်ဆံ”
ဦးလှမောင် သူ့ကိုရိုက်တဲ့ကြားထဲကပိုက်ဆံကိုရအောင်လုယူလိုက်သည်။
“ကျွန်တော်တပင်တပန်းရှာထားတဲ့ပိုက်ဆံ ခင်ဗျားကြီးခေါင်းပုံဖြတ်ဖို့မစဉ်းစားနဲ့၊ ကျွန်တော့်အမေ အတွက်၊ ကျွန်တော့်ညီလေးအတွက်ဆိုသေအောင်လုပ်ရလည်းဂရုမစိုက်ဘူး၊ ခင်ဗျားကြီးကိုတော့ သေ တောင်မသထှာဘူးမှတ်”
“ဟင် မင်း မင်း ပိုက်ဆံနည်းနည်းလေးလက်ထဲရှာလာနိုင်တော့ ပြန်ကိုက်ချင်နေတယ်ပေါ့လေ ဟုတ်လား၊ လုပ်ထားတာတောင်မမှတ်သေးဘူး၊ အေး တွေ့မယ်”
သူ့ကို ထပ်လုပ်ဖို့အတွက်ရှေ့တိုးလာသည်။ သူ ဘယ်လိုကာကွယ်ရမလဲစဉ်းစားနေ၏။ အမေကတော့ စိုးရိမ်နေပြီ။
“ကိုလှမောင် ရှင်နော်”
“မင်း အသားမနာချင်ရင်ငြိမ်ငြိမ်နေ ဒီကောင့်ကိုငါနည်းနည်းဆုံးမမှရမယ်”
သူ့ကိုထပ်ရိုက်ဖို့လက်လှမ်းလာသည်။ ဒီတစ်ခါတော့သူရှောင်နိုင်လိုက်သည်။ ပိုက်ဆံကတော့သူ့လက် ထဲရောက်နေပြီမို့ သူသိပ်မစိုးရိမ်တော့။ ထွက်ပြေးဖို့ကြိုးစားရတော့မည်။ ဦးလှမောင်လက်ထဲဝါးစိမ်း တုတ်တစ်ချောင်းရောက်ရှိခဲ့ပြီ။ သူ့ကိုရိုက်ဖို့အငြိုးကြီးစွာလှမ်းလာလေသည်။
“ကဲကွာ”
သူဝါးစိမ်းတုတ်ကိုဖမ်းယူကာကွယ်လိုက်နိုင်သည်။ ဒါပေမယ့် ၀ါးနဲ့ရိုက်တဲ့အရှိန်နဲ့နာကျင်မှုကိုခံစား လိုက်ရ၏။ လက်ဖဝါးတော့သွေးတွေထွက်လောက်တယ်ထင်ပါရဲ့။ သူခပ်ငယ်ငယ်တုန်းကဆိုရင် အဲလို ၀ါးစိမ်းတုတ်နဲ့သူ့ကိုရိုက်နေကျ။သေလောက်အောင်နာကျင်လှသည်။ အရိုက်ခံရပြီးရင်နှစ်ရက်လောက် အထိ နာလို့မပြီးတော့။ အခုလိုအရွယ်နည်းနည်းရောက်လာတော့ အရိုက်မခံအောင်အတတ်နိုင်ဆုံး ရှောင်နေခဲ့ပေမယ့် တစ်ခါတစ်လေကျတော့ထိပ်တိုက်တိုးလာခဲ့ရသည်။
သူရှိသမျှအားအင်တွေစုစည်းကာ ၀ါးစိမ်းတုတ်ကိုဖမ်းယူဆွဲလွှင့်ပစ်လိုက်ပြီး အဲဒီလူကြီးကိုတွန်းထုတ် ပစ်လိုက်သည်။ မလုပ်သင့်သောအရာတစ်ခုကိုသူလုပ်ခဲ့မိပြီလားမသိပါ။ ဦးလှမောင်ကိုကာယကံအား ဖြင့် ပြန်လည်ခုခံမိတာဒါပထမဆုံးပဲဖြစ်သည်။ သူလုပ်လိုက်မိခြင်းဟာလည်း သာမန်ထက်လွန်ကဲသွား ခဲ့လေသလား မပြောတတ်တော့ပါ။
သူ့တွန်းအားကြောင့် ဦးလှမောင်ပစ်လဲကျသွားလေသည်။ ရိုးရိုးတန်းတန်းကျသွားတာမဟုတ်။ ဆောင်း တွင်းတုန်းကသူခုတ်လှဲပစ်ခဲ့သော မာလကာပင်ငုတ်ပေါ်မှာ ဂျိုစောင်းကျလျှက်လဲကျသွားခြင်းပင်။
“ဟင် မင်းငါ့ကိုတွန်းတယ် ဟုတ်လား”
လဲကျနေသောအနေအထားမှ ပြန်လည်ထဖို့ကြိုးစားကာလှမ်းပြောသည်။ သူကြောက်ကြောက်နဲ့ကြည့် နေမိသည်။
“သား ဘယ်လိုလုပ်လိုက်တာလဲသားရယ်”
သူနဲ့သိပ်မဝေးတဲ့အကွာအဝေးမှ အမေ့ရဲ့အသံကိုကြားလိုက်သည်။ အဲဒီတော့မှ သူအသိဝင်လာ သည်။ ပြေးရတော့မည်။ ဟုတ်တယ်။ ဦးလှမောင်ခေါင်းမှာသွေးတွေထွက်လာတာကို သူမြင်လိုက်ရ သည်။
“သွေးတွေ သွေးတွေထွက်လာပြီ၊ ကျော်ကျော် မင်းဒီနေ့တော့ သေပြီသာမှတ်”
ဦးလှမောင် လဲနေရာမှထလာသည်။ သူ့ဆီကိုအရှိန်ပြင်းပြင်းနဲ့ရိုက်တော့မယ်ဆိုတာ စိတ်ထဲကအလိုလို သိနေသည်။ အခြေအနေမဟန်တော့။ ပြေးဖို့စိုင်းပြင်လိုက်သည်။
“ဟေ့ကောင် မပြေးနဲ့ မင်းပြေးလို့မလွတ်ဘူး”
ဟင့်အင်း။ အန္တရယ်ကိုခဏတော့ရှောင်နိုင်ဖို့ပြေးမှရမည်။ ရွာထဲဖက်ဆီကိုတန်းမပြေးဘဲနဲ့တောတန်း တစ်လျှောက်တိုးဝှေ့ပြေးဖို့ဆုံးဖြတ်လိုက်တဲ့ခဏမှာပင် ဦးလှမောင်ကသူ့နောက်ကထပ်ကြပ်မကွာပြေး လိုက်လာခဲ့ပြီ။
Xxxxxxxxxxxxxxxxxxxxxx