(၉)
မှောင်ရိပ်တွေတဖြည်းဖြည်းလွှမ်းမိုးလို့လာနေချိန်မှာပင်သူနဲ့ငဇော်တို့ ကိုင်းဖက်ဆီကိုထွက်ခဲ့ကြသည်။ ရွာမှာက မိုးနည်းနည်းချုပ်ပြီဆိုရင် အိပ်တတ်ကြတာများတော့အဲဒီအချိန်ကိုပဲစောင့်ကာ ငဇော်ကသူ့ ကိုလာခေါ်ပြီး ကိုင်းအထိလှေနဲ့လိုက်ပို့ဖို့ဆုံးဖြတ်ခဲ့ကြသည်။ မိုးချုပ်တာနဲ့လေးမြို့မြစ်ထဲမှာအမှောင်ထု ကလွှမ်းမိုးလာသည်။ ဟိုဖက်ကမ်း၊ ဒီဖက်ကမ်း မြင်ကွင်းတချို့ဆီကနေ မီးအိမ်လေးတွေထွန်းထားကြ တာကို မှိန်ပျပျမြင်နေရသည်။ ချမ်းသာတဲ့အသိုင်းအဝိုင်းတွေဆီမှာတော့ ဖန်မီးချောင်းတွေထွန်းလို့။
“မင်း ဗိုက်ဆာနေရောပေါ့”
“ဟင့်အင်း၊ ငါ့ကိုရွှေရည်တို့အိမ်ကကျွေးလိုက်တယ်”
ရွှေရည်က ငဇော်ကိုခေါ်ပြီး သူ့ကိုကိုင်းထဲအထိလိုက်ပို့ခိုင်းတာဖြစ်သည်။ သူကတက်မကိုင်လှော်ပြီး ငဇော်ကတော့ သံပန်ကန်းပြားနဲ့လှေထဲဝင်လာတဲ့ရေတွေကိုခပ်ထုတ်ပေးနေသည်။ ညဖက်ဆိုတော့ လေးမြို့မြစ်ရဲ့လှိုင်းကနည်းနည်းသန်တာမို့နေ့လည်ဖက်လောက် လှော်ရတာမမြန်ပါ။ စကားတပြော ပြောနဲ့မို့ကြာလို့ကြာမှန်းမသိ ရောက်သွားခဲ့သည်။
“မင်း ပြန်တော့မှာလား”
ဦးမိုးသီးက သူ့အခြေအနေအားလုံးကိုကြားလာခဲ့ပြီမို့ ဘာမှမပြောပါ။ မနက်ဖြန် ကိုင်းထဲမှာလုပ်ရမယ့် အလုပ်တစ်ချို့ကိုပြောပြီး အိပ်ဖို့တဲပေါ်တက်သွားလေသည်။
“ငါမပြန်သေးပါဘူး စကားပြောဦးမယ်လေ၊ လ ထွွက်ပြီးကြယ်စုံမှ ပြန်ရင်ကောင်းမလားလို့ လှေလှော်ရတာလည်း ပိုပြီးလင်းလင်းကျင်းကျင်းရှိတယ်”
သူခေါင်းညိတ်လိုက်ကာ သဲသောင်ပြင်ပေါ်နေရာပြင်လိုက်သည်။ ပိုးမွှားတွေ ခြင်တွေရှင်းအောင်လည်း မီးဖိုလိုက်၏။ သဲမြေပြင်ပေါ် ဖိနပ်ကိုယ်စီခုကာထိုင်လိုက်ကြသည်။ မီးဖိုထားတာ စည်လာတော့ငဇော် က ထလိုက်၏။
“ဘာဖြစ်လို့လဲ ငဇော်”
“ဒီအတိုင်းထိုင်ရမှာပျင်းစရာကောင်းလို့ မြေပဲဖုတ်စားမလို့”
ပြောပြောဆိုဆိုနဲ့ တဲအရှေ့ဖက်ဆီမှာစိုက်ထားတဲ့မြေပဲခင်းထဲက အပင်တစ်ချို့ကိုဆွဲနုတ်လိုက်သည်။ သဲအောက်ထဲရောက်နေတဲ့ အားကောင်းမောင်းသန်မြေပဲတောင့်တွေပြွတ်ခဲလို့ပါလာလေ၏။ အဲဒီ မြေပဲပင်တွေကို မီးဖိုထဲထည့်ဖုတ်လိုက်တော့စက္ကန့်ပိုင်းအတွင်းမှာပဲ မြေပဲဖုတ်ရန့ံသင်းသင်းလေးရ လာသည်။
“ရော့၊ မင်းတို့မြေပဲကအားကောင်းသားပဲ”
ငဇော်ကမြေပဲဖုတ်အပင်တစ်ဝက်လောက်ကို သူ့ကိုခွဲပေးကာစားစေသည်။
“အင်း ဖော်လို့ရနေပြီပဲ၊ နောက်နေ့ဖော်ပြီးနေလှမ်းရတော့မယ်”
သဲမြေဆီအားကောင်းတာမို့ မြေပဲပင်ကပုံမှန်ထက်သန်ကာ မြေပဲတောင့်တွေကလည်းအစေ့အား ကောင်းလေသည်။ မနက်မိုးလင်းရင် မီးဖိုထဲထမင်းကြမ်းခဲကိုထည့်ဖုတ်စားတတ်တာ သူတို့ရွာရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပြီး ညဖက်အခုလိုမျိုးကိုင်းထဲမှာမီးဖိုရင်လည်း မြေပဲဖုတ်စားတတ်တာအလေ့ အထ ဖြစ်လာသည်။
“မင်း လောလောဆယ် ရွာကိုပြန်မလာနဲ့ဦး ကျော်ကျော် ပြသနာတွေကြီးလာနိုင်မယ်ထင်တယ်”
“အေး ငါလည်းမလာချင်ပါဘူးကွာ၊ အမေနဲ့ခဏလာတွေ့တာ၊ တွေ့တာနဲ့ပြသနာကဖြစ်တော့တာပဲ”
ဦးလှမောင်က သူ့ကိုအငြိုးထားမှာကို ငဇော်တို့ကစိုးရိမ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်သူရွာကိုတစ်ပတ် လောက်တော့ အနည်းဆုံးမပြန်ဖို့စိတ်ကူးလိုက်သည်။
“တစ်ခုတော့ ရှိတယ်ကွ၊ မင်းကိုသူပြသနာရှာမယ်ဆိုရင်ဒီကိုလည်းလိုက်လာလို့ရတာပဲ”
“အင်း၊ ဒီကိုတော့ သူလာမယ်မထင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဦးမိုးသီးကို သူနည်းနည်းရှိန်တယ်”
ဦးမိုးသီးက ပိုက်ဆံလည်းနည်းနည်းပါးပါးရှိ၊ ရွာမှာလည်းထိုက်သင့်သလောက်သြဇာညောင်းသူမို့ ဦး လှမောင်က ရှိန်သည်။
“အေး ဟုတ်တော့ဟုတ်ပါတယ်လေ၊ ဒါပေမဲ့ ရွာထဲကလူတွေရဲ့မျက်ကွယ်မှာမင်းကိုတွေ့ရင်တော့ သူရန်ရှာမှာအသေအချာပဲ၊ သူကခံထားရတာကိုး”
“ငါလုပ်လိုက်တာ လွန်များလွန်သွားလား ငဇော်”
လှေစီးတုန်းမှာ သူကြုံလာရတဲ့အဖြစ်အပျက်အသေးစိတ်ကို ငဇော့်ကိုပြောပြခဲ့သည်။ အဲဒီမတိုင်ခင်မှာ လည်း ငဇော်ကသူ့အဖြစ်အပျက်အစုံအလင်နီးပါးကို ရွာထဲကကြားပြီးသား။ ရွာမှာက ကိစ္စတစ်ခုခု ဖြစ်ရင် ခဏလေးအတွင်းပျံ့လွယ်သည်။ တစ်ခါတစ်လေ အထက်ရွာအထိတောင်သတင်းကပြန့်တတ် သည်။ ပြီးတော့ သူစိမ်းဧည့်သည်။ ရွာထဲကိုမျက်နှာစိမ်းတစ်ယောက်များရောက်လာခဲ့ရင် မျက်စိ ဒေါက်ထောက်ကြည့်တတ်ကြတာ သူတို့ရွာရဲ့သဘာဝဖြစ်နေလေသည်။
“မလွန်ပါဘူး၊ မင်းတမင်လုပ်တာမှမဟုတ်တာ၊ ငါ့ကိုလာလုပ်လည်းငါဒီလိုပြန်လုပ်မိမှာပဲ၊ တစ်ခုရှိတာ ကသူက လူကြီး၊ မင်းအမေရဲ့ယောကျင်္ားဖြစ်နေတယ် ၊ တစ်ချို့ကတော့မင်းလွန်တယ်ပေါ့ကွာ၊ တော် တော်များများကတော့မင်းဖက်ကပါပဲ”
“ဘာပဲဖြစ်ဖြစ်ငါဒီမှာခဏအခြေချလိုက်ဦးမယ်ကွာ၊ ရွာကိုတော့ပြန်မလာတာပဲကောင်းပါတယ်၊ အမေ့ ကိုတစ်ခုခုပြန်လုပ်မှာငါစိုးရိမ်တယ်၊ အဲဒါကတော့ အစိုးရိမ်ဆုံးပဲ”
လင်မယားဆိုပေမယ့် ဒေါသထွက်လာရင်လူစိတ်ပျောက်တတ်တဲ့ဦးလှမောင်အကြောင်းကိုသူအသိ ဆုံး။ အမေ့အတွက် စိုးရမ်နေမိသည်။
“ငါတို့ရှိပါတယ်၊ မင်းအမေကိုသူချစ်လို့ယူထားတာပဲကွာ၊ ဘာလုပ်မှာမို့လို့လဲ၊ တောထဲမှာဆိုပေမဲ့ အနီး အနားပတ်ဝန်းကျင်မှာတစ်ခြားတဲတွေလည်းရှိတာပဲ၊ တစ်ခုခုဆိုအသံကကြားလွယ်ပါတယ်၊ ငါတို့ လည်းမကြာမကြာသွားကြည့်ပေးပါ့မယ် ကျော်ကျော်ရာ၊ တစ်ပတ်လောက်ဆိုရင်သူလည်းစိတ်အေး သွားရောပေါ့၊ အဲဒီအချိန် မင်းပြန်လာကြည့်လို့ရမှာပါ”
“အော် ပိုက်ဆံကဘဝမှာတော်တော်အရေးပါတာပဲနော်၊ ငါ့လက်ထဲမှာငွေတော်တော်များများရှိရင် ဒီလို ပြသနာတွေဖြစ်မှာမဟုတ်ဘူး”
“အေး၊ ဟုတ်တယ် လတ်တလောမှာ မင်းပိုက်ဆံရှာဖို့လိုတယ် သူငယ်ချင်း”
ငဇော်ကသူ့စကားကိုအသိအမှတ်ပြုသည်။
ပတ်ဝန်းကျင်မှာ မှောင်ရိပ်သန်းလာတော့ ကြယ်တစ်လုံးစနှစ်လုံးစထွက်လာသည်။ နှစ်ယောက်သား ငေးမောကြည့်လိုက်ကြသည်။ ရွှေရည်၊ သူမဟာသူတို့နှစ်ယောက်စလုံးရဲ့ရင်ထဲကကြယ်လေးတစ်ပွင့် ပါပဲ။ ဘဝနှစ်ခုလုံးဆီကို လင်းလက်တောက်ပနေလိုက်တာ။ အချိန်အတော်ကြာတဲ့အထိ သူတို့နှစ် ယောက်လုံး ငြိမ်သက်နေမိသည်။
ပိုက်ဆံရဖို့သူဘာလုပ်ရမလဲ။ သူ့မှာအကြံကောင်းဉာဏ်ကောင်းပေးမယ့်သူမရှိပါ။ ဘယ်သူကများသူ့ကို နည်းလမ်းကောင်းတွေပေး နိုင်မလဲ စိတ်ကူးထဲမှာအပြေးအလွှားစဉ်းစားမိတော့ လူတစ်ချို့ပေါ်လာ လေသည်။ အင်း ဟုတ်တယ်။ သူတို့တော့ အကြံတစ်ချို့ပေးနိုင်ကောင်းပါရဲ့။ ပြီးတော့ သူရင်ဖွင့် သမျှကိုအချိန်ပေးနားထောင်နိုင်ကောင်းပါရဲ့။
“ငါပြန်တော့မယ် ကျော်ကျော်ရာ”
မြေပဲဖုတ်တွေလည်း ကုန်ပြီ၊ မီးမွှေးထားတာလည်းထင်းမရှိတော့ပြီမို့ ငဇော်ကထိုင်ရာမှထလိုက်၏။
“အေး အေး”
လှေရပ်ထားရာနားဆီအထိလိုက်ပို့လိုက်သည်။ လှေပေါ်တက်ခါနီးမှာ ငဇော်ကသူ့ကိုစကားတစ်ခွန်း ပြောသွားခဲ့လေသည်။ ရွှေရည်နဲ့ပတ်သက်တဲ့စကား။
“အော်၊ ဘုန်းကြီးကျောင်းမှာ ကံ့ကော်ပန်းတွေပွင့်နေပြီကွ၊ ငါတောင် ဘုန်းဘုန်းဆီခွင့်တောင်းပြီး နေ့လည်စောင်းလောက်ကသွားခူးလိုက်တယ်၊ ပြီးတော့ ရွှေရည်တို့အိမ်ကိုတစ်ဝက်ပေးခဲ့သေးတယ်၊ ဘုရား ကပ်ဖို့နဲ့ သူပန်ဖို့လေ”
“အော်”
ရွှေရည်နဲ့ပတ်သက်လာရင် ငဇော်ရဲ့လက်ဦးမှုကိုသူအမြဲတမ်းခံနေရပေမယ့် တစ်ချိန်မှာတော့ပြန်လည် အနိုင်ရနိုင်ဖို့တော့ တိတ်တခိုးမျှော်လင့်နေမိခဲ့လေသည်။
Xxxxxxxxxxxxxxxxxxxxxx