ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၁၇)

(၁၇)

အရာရာတိုင်းကိုပုံသေတွက်ထားလို့မရဘူးဆိုတာ သူနားလည်လိုက်ချိန်မှာတော့ အဲဒီမြင်ကွင်းကို သူမြင်ရပြီးသားဖြစ်နေလေသည်။ ရွှေရည်က သူတို့နှစ်ယောက်ကိုပြောစရာ၊ တိုင်ပင်စရာရှိတယ်ဆိုပြီး ချိန်းထားရာကို လာခဲ့တာဖြစ်သည်။ သူဘယ်လိုမှထင်မှတ်မထားတဲ့မြင်ကွင်းတစ်ခု။

အဲဒီမြင်ကွင်းကို မြင်မှန်းမသိမြင်လိုက်ရလေသည်။

ငဇော်။ အဲဒီကောင် ရွှေရည့်ကိုဖျတ်ခနဲငုံ့နမ်းလိုက်တာကို သူမြင်ဖြစ်အောင်မြင်လိုက်သည်။ ဘုရား၊ သူ အံသြလွန်းလို့ ခဏတာမျှငြိမ်သက်နေမိသည်။

“ဟာ၊ ဘယ်လိုလုပ်လိုက်တာလဲ ငဇော်”

ရွှေရည့်ရဲ့အံအားသင့်မှုကိုလည်းမြင်ဖြစ်အောင်မြင်လိုက်ကာ သူတို့နှစ်ယောက်ရှိရာဆီကိုအပြေးတစ် ပိုင်းရောက်သွားလိုက်၏။

“ငဇော် မင်း မင်း အဲဒါဘာလုပ်လိုက်တာလဲ”

ရွှေရည့်ရဲ့အနီးကပ်ဆုံးနေရာမှာရှိတဲ့ ငဇော်ကိုသူဆောင့်ဆွဲယူလိုက်ကာ တစ်ချက်ပိတ်ထိုးလိုက်သည်။

“မိုက်ရိုင်းတဲ့ကောင်”

ငဇော်က သူ့ကိုပြန်မထိုးပါ။ ရွှေရည့်ကိုသာကြည့်နေလေသည်။

“ငါရွှေရည့်ကိုချစ်နေတယ်ဆိုတာ မင်းကောင်းကောင်းသိရက်နဲ့ကွာ၊ မင်းသူ့အချစ်ကိုမရနိုင်သေးဘဲနဲ့ ဘာလို့အဲလိုလုပ်ရတာလဲ၊ မင်းနှမချင်းမစာနာဘူးလား၊ ရွှေရည်က ငါတို့သူငယ်ချင်းအရင်းဆိုတာရော မင်းခေါင်းထဲမှာရှိလား၊ ဘယ်လိုသဘောနဲ့အခုလိုလုပ်လိုက်ရတာလဲ”

သူမကျေနပ်နိုင်သေး။ အဲဒီကောင်ကို နောက်တစ်ချက်ဆွဲထိုးဖို့အကျင်္ီစ ကိုလှမ်းဆွဲလိုက်၏။ ဒါပေမဲ့ ရွှေ ရည်က ဝင်တားသည်။

“တော်ပါတော့ ကျော်ကျော်၊ တော်ပါတော့ သူများတွေမြင်သွားရင် ငါပိုအရှက်ရလိမ့်မယ်”

ဒီထက်မက လူသူရှင်းလင်းတဲ့နေရာမှာဆုံတွေ့နေကျ။ သုံးယောက်သားစကားတွေဖောင်ဖွဲ့ပြီးပြောနေ ကျ။ ဒါပေမဲ့ အခုတော့အဲဒါတွေကွယ်ပျောက်မှန်းမသိကွယ်ပျောက်တော့မည်ဖြစ်သည်။ အသက်အ ရွယ်ကြီးပြင်းလာမှုဟာ ငယ်ငယ်ကရခဲ့တဲ့လွတ်လပ်ပျော်ရွှင်မှုနဲ့ ဘောင်ကန့်သတ်မထားတဲ့သူငယ်ချင်း သံယောဇဉ်တွေကို ကွယ်ပျောက်စေခဲ့တာအမှန်ပင်ဖြစ်သည်။

“ရွှေရည် နင်ဘာကြောင့်သူနဲ့နှစ်ယောက်တည်းအခုလိုတွေ့နေရတာလဲ”

သူမ ကို မဲမိတော့သူမကမျက်နှာငယ်လေးနဲ့ “ဟဲ့ ငါနင်တို့နှစ်ယောက်လုံးနဲ့စကားပြောဖို့ချိန်းတာလေ၊ ငဇော်တစ်ယောက်တည်းကိုကွက်ချိန်းတာမှမဟုတ်တာ” လို့ပြန်ပြောသည်။

ရွှေရည်ချိန်းလို့ သူတို့နှစ်ယောက်ရောက်လာရတာဖြစ်သည်။ ငဇော်ကသူ့ထက်အရင်ရောက်ပြီးရွှေရည့် နဲ့စကားပြောနေခြင်းပင်။

“အေး၊ အခုကိစ္စကိုဘယ်လိုလုပ်မလဲ၊ ငဇော်မင်း ဒီကိစ္စကိုဘယ်လိုရှင်းမလဲ”

ငဇော် သူတို့နှစ်ယောက်ကို တစ်လှည့်စီကြည့်ကာတိတ်ဆိတ်နေ၏။

“မင်းကိုမေးနေတာ ဘယ်လိုလုပ်မလဲ လို့”

ငဇော့်သက်ပြင်းချသံကို သူအတိုင်းသားကြားလိုက်ရသလို ရွှေရည်လည်းကြားရပါလိမ့်မည်။ သူတို့သုံး ယောက်ကြား မိနစ်ပိုင်းမျှတိတ်ဆိတ်သွား၏။ အနီးအနားတစ်ဝိုက်မှာရှိတဲ့ ဘုရား၊ ပုထိုးကိုလာတဲ့သူ တွေရဲ့စကားသံ၊ ဆူညံသံတစ်ချက်တစ်ချက်စီကိုတော့ကြားရသည်။

“ငါ ငါတောင်းပန်ပါတယ်”

ဘာလုပ်ရမှာလဲ၊ အဲဒီတောင်းပန်မှုကိုဘာလုပ်လို့ရမှာလဲ၊ သူတန်ဖိုးထားလွန်းတဲ့၊ သူအရမ်းချစ်ရတဲ့ ချစ်သူရဲ့ပါးပြင်ကို ပထမဦးဆုံးအကြိမ်နမ်းရှိုက်ခွင့်ရသူမှာသူမဟုတ်ခဲ့။ သူဘာဆက်လုပ်ရမလဲ။ အဲဒီ ကောင်ကို စိတ်ရှိလက်ရှိဆွဲထိုးပစ်လိုက်ရမလား။

“ကျွတ်…ရွှေရည် နင်တစ်ခုခုတော့ပြောဟာ”

ရွှေရည် သူတို့နှစ်ယောက်ကိုတစ်လှည့်စီကြည့်သည်။ ငဇော့်လိုပဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

“ငါ ငါဘာပြောရမှာလဲ”

“ဟင်”

ရွှေရည့်စကားကြောင့် သူစိုးရိမ်စိတ်တွေတဖွားဖွားပေါ်ထွက်လာလေသည်။ ဘာမှမပြောချင်တဲ့သဘော က ငဇော့်ကိုသူမ လက်ခံတဲ့သဘောလား။ ဟင့်အင်း။ ငဇော့်ကိုသူမရှုံးချင်ပါ။ ရွှေရည့်ကိုလည်း သူမြတ် နိုးလွန်းအားကြီးလှသည်။ ငယ်ငယ်ကတည်းက ရွှေရည်နဲ့ပတ်သက်လာရင် အမြဲတမ်းနီးပါးနောက် ကောက်ကျခဲ့ရပေမယ့် အခုတစ်ခါတော့လုံးဝမဖြစ်စေရပါ။ ရွှေရည့်ကိုချစ်တဲ့သူ့အချစ်တွေက သူမကို ပိုင်ဆိုင်လိုစိတ်လည်း တစ်ပြိုင်တည်းမှာဖြစ်ပေါ်ခဲ့လေ၏။ သူဘာလုပ်ရမလဲ မစဉ်းစားနိုင်အောင်ဖြစ် နေမိလေသည်။

“နင် ဘာမှမပြောချင်ဘူးဆိုရင် နင် ငဇော့်ကို..”

“အာ….တော်တော့ကျော်ကျော်၊ နင်တော်တော့”

“ဒါဆိုဘာလဲ၊ နင်ဘာဆက်လုပ်မှာလဲ”

“ငါ စိတ်ညစ်တာပဲသိတယ်၊ ငါတို့ကြားမှာဒီလိုပြသနာတစ်ခါမှမှမဖြစ်ဖူးတာ၊ ငါရှက်လည်းရှက်တယ်၊ ဘာလုပ်ရမှန်းလဲမသိဘူး”

ငဇော်က သူ့ပခုံးကိုတစ်ချက်ပုတ်ကာ ရွှေရည့်ကိုလည်းညိုးငယ်တဲ့အကြည့်တွေနဲ့ကြည့်လိုက်၏။

“ငါ တကယ်တောင်းပန်ပါတယ်၊ စည်းဆိုတာကြီးကိုငါချိုးဖောက်မိပြီသူငယ်ချင်းတို့၊ မင်းတို့ကြိုက်တဲ့ အပြစ်ကိုပေးပါ၊ ငါခံပါ့မယ်၊ ငါ..ငါ ရွှေရည့်ကိုချစ်တဲ့အချစ်က…”

“တော်တော့ဟေ့ကောင်၊ မင်းဆက်မပြောနဲ့တော့..”

“မင်းအရမ်းစိတ်ဆိုးမယ်ဆိုတာငါနားလည်ပါတယ်ကျော်ကျော်၊ မင်းရောငါရော ရွှေရည့်ကိုအရမ်းတန် ဖိုးထားချစ်ကြတာပါ၊ တဒင်္ဂသာယာမှုအတွက် တစ်သက်လုံးခိုင်မြဲလာတဲ့သူငယ်ချင်းသံယောဇဉ်တွေ ကိုပျက်စီးစေခဲ့ပြီကွာ”

ငဇော် မတ်တပ်ရပ်အနေအထားကနေ ထိုင်ချလိုက်သည်။ လက်နှစ်ဖက်ကဆံပင်တွေကိုထိုးသွင်း လျက် ခေါင်းကိုလည်းငုံထားလေ၏။

သူတို့ကြားမှာ မိနစ်အနည်းငယ်မျှတိတ်ဆိတ်သွား၏။

“ငါ နင်တို့ကိုပြောစရာရှိလို့ ချိန်းလိုက်တာ”

ရွှေရည့်စကားသံကြောင့် သူတို့နှစ်ယောက်သားအကြည့်ချင်းဆုံမိသည်။ ပြီးတော့သူမရှိရာကို တည့် တည့်ကြည့်လိုက်ကြ၏။ ထိုင်နေသော ငဇော် မတ်တပ်ပြန်ရပ်လာသည်။

“ငါ၊ ရန်ကုန်ကိုသွားတော့မလို့”

“ဟင်”

သူ အံသြလျက်ငဇော့်ကိုကြည့်လိုက်၏။ သူလည်းအံသြနေမှာသေချာတာပေါ့။

“ဘယ်လိုဖြစ်လို့ နင်ကရန်ကုန်သွားမှာလဲ”

“အေး အစတုန်းကတော့သွားရမလား၊ မသွားရဘူးလား နင်တို့နဲ့တိုင်ပင်မလို့၊ ဒါပေမဲ့ အခုဆုံးဖြတ် လိုက်ပြီ၊ ငါရန်ကုန်ကိုသွားမယ်၊ တစ်နှစ်ကြာချင်လည်းကြာမယ်၊ နှစ်နှစ်ကြာချင်လည်းကြာမယ်၊ ဧည့် လမ်းညွှန်သင်တန်းတက်မလို့၊ ငါအခုလုပ်နေတဲ့အရည်အသွေးက လိုချင်သလောက်မပြည့်ဝသေးလို့၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျပန်စာဒီပလိုမာသင်တန်းကိုလည်းတက်ချင်သေးတယ်၊”

“ဟာ၊ ရန်ကုန် အဝေးကြီးပဲ၊ နင် စစ်တွေလောက်ဖြစ်ဖြစ်တက်လို့မရဘူးလားဟာ”

“စစ်တွေမှာ ငါလိုချင်တဲ့သင်တန်းမှာမရှိတာ”

“ဟား…..”

သူ သက်ပြင်းရှည်ကြီးချလိုက်မိတော့သည်။ ဘာလုပ်ရမလဲ၊ ဘာဆက်လုပ်ရမလဲ။ ရွှေရည် သူ့အနား ကနေ အချိန်အကြာကြီးခွဲခွာတော့မည်။

“ရွှေရည် နင်…”

“ငဇော် နင်ငါ့ကိုစကားမပြောတာကောင်းမယ်ဟာ”

သူမ ငဇော့်ကိုဒေါသထွက်နေမှန်းပြတော့ သူကျေနပ်သလိုခံစားရသည်။ အချစ်နဲ့ပတ်သက်လာရင် အချစ်ဆုံးသူငယ်ချင်းကိုတောင် မနာလိုဝန်တိုစိတ်ပွားများလာတတ်တာပါလားရွှေရည်ရယ်။

“နင်ဆုံးဖြတ်ပြီးသွားပြီလား ရွှေရည်”

“အင်း”

“သေချာပြီလား”

“အင်း”

သူမရဲ့ဆုံးဖြတ်ချက်ခိုင်မာမှုက သူတို့နှစ်ယောက်ကိုတားဆီးခွင့်မပေးတော့ပြီ။ အဲဒီတော့ သူဘာဆက် လုပ်ရမလဲ။ သိပ်လွယ်ကူတဲ့ကိစ္စပေါ့။ သူ့လိုထင်ရာစိုင်း၊ ဘုန်းကြီးကျောင်းကပ်နေရတဲ့သူတစ်ယောက် အနေနဲ့ ကိုယ်လုပ်ချင်တာဖြစ်ချင်တာကိုလုပ်ပိုင်ခွင့်အပြည့်အဝရှိတာပေါ့။ တားဆီးပိတ်ပင်တဲ့သူဆိုလို့ သူ့ဘဝမှာရှိတောင့်ရှိခဲပါ။

ရွှေရည့်လိုပဲ သူလည်းဆုံးဖြတ်ချက်တစ်ခုကို ခိုင်မာစွာချလိုက်မိလေသည်။ အဲဒီအတွက်နောင်တရမည် မဟုတ်ပါ။

တကယ်လို့များနောင်တရစရာများကြုံလာခဲ့ရင်လည်း အချစ်ကြောင့်ရတဲ့အဖြစ်မို့သူလုံးဝ ဝမ်းနည်းလိမ့် မည်မဟုတ်ပါ။

Xxxxxxxxxxxxxxxxxxxxxx