ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၀)

(၂၀)

ချစ်သူနဲ့အတူရှိနေခွင့်လောက် ဘဝမှာပျော်စရာ၊ကြည်နူးစရာကောင်းတဲ့အချိန်မရှိပါ။ ပိုင်ဆိုင်ခွင့်မရရှိ သေးပေမယ့် သူမရဲ့အနားမှာခဏတာရှိနေခြင်းဟာ သူ့အတွက်ဘာနဲ့မှမလဲနိုင်တဲ့စိတ်ချမ်းမြေ့မှုကို လက်ဝယ်ဆုပ်ကိုင်နိုင်တဲ့အချိန်တွေပင်။

ရွှေရည့်အနားမှာ သူအမြဲတမ်းနေချင်ခဲ့သည်။ အချိန်တိုင်းသူမကိုတမ်းတခဲ့သည်။ အရာရာတိုင်းနဲ့ဆက် နွယ်ပြီး သူမအကြောင်းကိုတွေးသည်။ ညစဉ်ညတိုင်းသူမအကြောင်းတွေးပြီးမှ စိတ်ချမ်းမြေ့စွာအိပ် စက်နိုင်သည်။ သူ့ဘဝအတွက် ရွှေရည်ဟာမရှိမဖြစ်အရေးပါတဲ့မိန်းကလေးတစ်ယောက်ဆိုတာနား လည်ပြီးရင် နားလည်လာခဲ့လေသည်။

သူမရဲ့အစီအစဉ်က လူတစ်ယောက်နဲ့တွေ့ပေးရုံသာ။ ဒါပေမဲ့ အဲဒီလူကသူ့ဘဝအတွက် အတိုင်းအဆ မရှိ အရေးပါသောလူတစ်ယောက်ဖြစ်ခဲ့သည်။

ဇွန်ပန်းရုံ စာပေတိုက် တဲ့။ အဲဒီစာပေက ရန်ကုန်မြို့ရဲ့အထင်ကရ၊ အကြီးဆုံးစာပေတိုက်တစ်ခုဖြစ် သည်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ကြီးတွေမှာလည်း ဇွန်ပန်းရုံစာအုပ်တိုက်ဆိုင်ခွဲတော်တော်များ များရှိလေသည်။

“ရွှေရည့်သူငယ်ချင်းပါအန်ကယ်၊ ရွှေရည်ပြောပြောနေတဲ့တစ်ယောက်လေ၊ သူကရန်ကုန်မှာအခြေချ နေတယ်၊ စာအုပ်ဆိုင်လေးလည်းဖွင့်ထားတယ်၊ အန်ကယ်နဲ့ရွှေရည်နဲ့တစ်ခါပြောထားတာရှိတော့ သူ့ကိုခေါ်လာတာပါ”

ရွှေရည်တို့နှစ်ယောက်ဘယ်လိုအကြောင်းအရာတွေ ပြောထားကြသလဲတော့သူမမေးမိပါ။ သေချာတာ ကတော့ သူ့အတွက်အကျိုးရလာဒ်အများကြီးရခဲ့တာပဲဖြစ်သည်။ ဇွန်ပန်းရုံဆိုင်တွေကနေစာအုပ်တွေ သူယူရောင်းခွင့်ရှိဖို့ပြောနိုင်ခဲ့သည်။ အကောင်းဆုံးအချက်က သူ့ရွေ့လျားလှည်းကိစ္စပင်။

“မြောက်ဦးမှာတော့ ငှားကြပါတယ်၊ ရန်ကုန်မှာတော့ မြောက်ဦးထက်စာရင်သိပ်မငှားရပေမယ့် တ ဖြည်းဖြည်းနဲ့တော့ငှားရလာပါပြီ၊ ကျွန်တော်က အရောင်းပါတင်တော့အိမ်အရောက်အရောင်းပုံစံလည်း ဖြစ်လာတယ်၊ အဲဒီတော့ ဝင်ငွေကမကောင်းသေးပေမယ့် မဆိုးဘူးလို့ပြောလို့ရပါတယ်”

“အန်ကယ်သဘောကျတာအဲဒါပဲ၊ စာအုပ်ကိုလှည်းနဲ့လိုက်ရောင်းတယ်ဆိုတာကအန်ကယ်မတွေးမိ သေးတဲ့ကိစ္စတစ်ခုဖြစ်နေတယ်၊ ရပ်ကွက်ထဲမှာ လှည်းလေးနဲ့စာအုပ်တွေလိုက်ငှားတာတော့ကြားတော့ ကြားဖူးပါတယ်၊ ဒါပေမဲ့ကိုယ်တိုင်ကတော့မတွေ့ဖူးဘူးပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါအရမ်းကောင်းတဲ့အ လုပ်တစ်ခုဆိုတော့ မောင်ရင့်ကိုအန်ကယ် လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်၊ ပြီးတော့ မောင်ရင့်လိုလူ ငယ်တစ်ယောက်နဲ့ အန်ကယ်အလုပ်လည်းလက်တွဲပြီးလုပ်ချင်ပါတယ်”

“ဗျာ၊ အလုပ်လက်တွဲလုပ်ချင်တယ်”

“အင်း၊ ဟုတ်ပါတယ်၊ ရွှေရည်လေး နဲ့ အန်ကယ်ကမောင်ရင့်အကြောင်းကိုပြောပြောနေကျပါ၊ မောင် ရင်လုပ်နေတဲ့လှည်းလေးကိစ္စကအဓိကပါတာပေါ့၊ အန်ကယ်လည်းစာအုပ်တွေကိုလှည်းလေးနဲ့ရောင်း ချင်ပါတယ်”

“ဟာ အန်ကယ်၊ နောက်နေတာတော့မဟုတ်ပါဘူးနော်၊ ဇွန်ပန်းရုံစာအုပ်တိုက်အနေနဲ့အဲဒီလိုမျိုး…”

“အန်ကယ်တို့ ဇွန်ပန်းရုံစာအုပ်တိုက်အကျိုးအမြတ်အတွက်မဟုတ်ပါဘူး၊ စာဖတ်ချင်တဲ့သူတွေအ တွက်အိမ်တိုင်ရာရောက်ငှားနိုင်၊ ဝယ်ဖတ်နိုင်ဖို့နဲ့ အလုပ်လုပ်ချင်တဲ့လူငယ်တွေအတွက်အလုပ်ပေးနိုင် တဲ့ပရဟိတအလုပ်မျိုးကို အန်ကယ်ကလုပ်ချင်တာပါ”

“ဗျာ၊ ကျွန်တော်သိပ်နားမလည်ဘူး အန်ကယ်”

ခက်ခဲကြမ်းတမ်းမှုတွေကို ထိုက်သင့်သလောက်ကျော်ဖြတ်ခဲ့ပြီးတဲ့သူ့အဖို့ ရေကန်အသင့်ကြုံလာပြီဖြစ် သည်။ သူဖွင့်ချင်တဲ့စာအုပ်ဆိုင်လေးကိုဖွင့်ခွင့်ရခဲ့ပြီ အဲဒီထက်အဆင့်တက်ကာရွှေရည့်အကူအညီနဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်နဲ့အလုပ်အတူလက်တွဲလုပ်ခွင့်၊ အကူအညီတွေအများကြီးပိုင်ဆိုင်ခွင့်ရ တော့မည်။ ဘယ်လောက်များကံကောင်းလိုက်ပါသလဲ။

“ဆိုလိုချင်တာက အန်ကယ်တို့ဆီကမောင်ရင့်ကိုယုံကြည်မှုနဲ့ စာအုပ်တွေလိုသလောက်ထုတ်ပေးမယ်၊ မောင်ရင်က စာအုပ်လှည်းလေးတွေတိုးပွားလာအောင်လုပ်ဖို့ပဲ”

အဲလောက်ဆို သူသဘောပေါက်လိုက်ပြီ။ သူ့မျက်နှာရွှင်လန်းသွားတာကို ရွှေရည်ကကြည့်ပြီးပြုံးနေ၏။ ကျေးဇူးတင်လိုက်တာချစ်သူရယ်။ ဇွန်ပန်းရုံနဲ့ သူ အဲဒီလိုမျိုးတွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဖူးပါ။

အပြန်လမ်းတစ်လျှောက်လုံးပျော်ရွှင်မှုတွေပြည့်နှက်နေခဲ့သည်။ ရွှေရည့်ရဲ့ကြည်ဖြူမှုတွေ၊ ဂရုစိုက်မှု တွေကြောင့် သူအခုလိုမျိုးအခြေအနေကိုရောက်လာခဲ့ရတာ။

“ငါ နင့်ကိုဘယ်လိုကျေးဇူးတင်ရမှန်းတောင်မသိတော့ပါဘူး ရွှေရည်ရာ”

အဲဒီလိုပြောတော့ သူမ ကရွှန်းလဲ့တဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်သည်။ သူမရဲ့အကြည့်တွေထဲမှာ သူပျော်ဝင်သွား၏။

“ငါ နင့်ကို ဇွန်ပန်းရုံဆီမခေါ်လာရင်လည်း နင်အဲဒီအလုပ်ကိုလုပ်နိုင်ပါတယ်”

သူ့ကို အပြည့်အဝယုံကြည်နေဟန်။ တကယ်ရော သူလုပ်နိုင်ဖို့ဆုံးဖြတ်ထားပါသည်။ ဒါပေမဲ့အခုလို မျိုးအခြေအနေပေးလာတော့လည်း သူအတွက်မလျှောက်ရဘဲခရီးပေါက်ခဲ့တာပေါ့။

“ငါ ပေတစ်ရာလျှောက်ရမယ့်ခရီးမှာ ပေနှစ်ဆယ်သုံးဆယ်လျှောက်ရုံနဲ့ခရီးရောက်အောင်နင်လုပ်ပေး နိုင်ခဲ့တဲ့အတွက် နင့်ကိုငါလှိုက်လှိုက်လှဲလှဲကျေးဇူးတင်တာပါဟာ”

သူတဆက်တည်းမေးလိုက်ချင်သည့် စကားတစ်ချို့လည်းရှိပါသေးသည်။ နင်ငါ့ကိုဘာလို့အဲလောက် ဂရုစိုက် စေတနာထားနေရတာလဲ ဆိုသည့်စကား။ စာအုပ်လှည်းလေးတွေကိုလုပ်၊ အလုပ်လုပ်ချင်နေ တဲ့ သူတွေကိုစုစည်းကာ စာအုပ်လှည်းလေးထောင်ပေး။ သူ့ရှိရင်းစွဲစာအုပ်ဆိုင်ကနေတစ်ဆင့်စာအုပ် လှည်းလေးပေါ်ကို စာအုပ်တွေအပြည့်တင်ပေးမည်။ အငှားလိုင်း၊ အရောင်းလိုင်းသပ်သပ်ခွဲပေးမည်။ လိုသမျှစာအုပ်တွေကိုတော့ ဇွန်ပန်းရုံကနေမှာရမှာပေါ့။

လက်တွေ့အကောင်အထည်ဖော်ဖို့က သူတွေးသလောက်တော့မလွယ်ကူမှန်းသိပါသည်။ ဒါပေမဲ့ ဖြစ် အောင်လုပ်ဖို့စိတ်ကူးထားသူ ပီပီတက်ကြွလို့နေလေသည်။

“ရွှေရည်”

“ဟင်”

“နင် ငါ့အပေါ်မျှော်မှန်းထားသလိုဖြစ်လာတော့မယ်ဟ”

သူဘာသဘောနဲ့ပြောသလဲ ဆိုတာသူမ ကောင်းကောင်းသဘောပေါက်လောက်ပါသည်။ ဒါပေမဲ့..

“အဲဒီတော့”

သူ ရယ်ကျဲကျဲလုပ်ကာ သူမ မျက်နှာကိုသေချာကြည့်လိုက်မိသည်။

“နင် ငါဘာလိုချင်တာလဲ သဘောမပေါက်ဘူးလား၊ ငါထပ်ပြောရမှာလား ရွှေရည်”

“ဘာလဲ နင်ကကလေးမုန့်ဖိုးတောင်းသလို တတွတ်တွတ်တောင်းနေတော့မှာလား”

“နင်မပေးမချင်းတောင်းချင်တာပေါ့”

သူမ ရယ်လိုက်၏။

“နင် ငါလိုချင်တဲ့အနေအထားရောက်နေပြီလား”

“ဆုံးဖြတ်ချက်ခိုင်မာပြီးသားလူတစ်ယောက်အနေနဲ့နင့်ကိုရဲရဲကြီးအာမခံပါတယ်”

“ငါကလက်တွေ့ကျမှ ကျေနပ်မှာ”

“ဟင် အဲဒါနင်သပ်သပ်ရစ်တာ”

ဒီတစ်ခါတော့ သူမ ဟက်ဟက်ပက်ပက်ရယ်ပါသည်။ သူက သူမရဲ့ရှေ့မှာကလေးတစ်ယောက်လို မျက်မှောင်ကြုတ်လျှက်။

“ငါရစ်တာမဟုတ်ပါဘူးကျော်ကျော်ရယ်၊ ငါမှာသံယောဇဉ်တွယ်စရာဆိုလို့မိသားစုကလွဲရင်နင်နဲ့ငဇော် နှစ်ယောက်ပဲရှိတာ၊ ဘဝအတွက်ရွေးချယ်တဲ့အခါလည်းနင်တို့နှစ်ယောက်ထဲကပဲရွေးချယ်သွားမှာပါ၊ အခုချိန်မှာ ဆုံးဖြတ်ဖို့ကခက်နေတယ်၊ နင်တို့နှစ်ယောက်လုံးငါလိုချင်တဲ့အနေအထားကိုမရောက်ကြ သေးဘူးလေ”

သူမ ပြောမှငဇော်ကိုသတိရမိလိုက်သည်။ ရွှေရည်ရဲ့အဖြေကိုစောင့်စားနေတာသူတစ်ယောက်တည်း မဟုတ်၊ သူ့ထက်အစစအရာရာသာလွန်နေတဲ့ငဇော်လည်းရှိနေသေးတာကို သူမသိချင်ယောင်ဆောင် နေသလိုဖြစ်သွားခဲ့သည်။

ဘုရား၊ ဘုရား။ ငဇော်နဲ့သူနဲ့ယှဉ်ရင် သူ့ကိုရွေးချယ်ဖို့ဆိုတာ ဘယ်လိုအတိုင်းအတာထိမှရနိုင်မှာလဲ။ တွေးပြီးစိုးရိမ်ပူးပန်စိတ်တွေတဖွားဖွားပေါ်လာလေသည်။ မြင်ကွင်းထဲမှာငဇော့်ကိုမမြင်ရတော့သာယာ နေပြီလို့ထင်ထားခဲ့တာ၊ တကယ်တော့ အချစ်ရေးနဲ့ပတ်သက်လာရင်ဒီကောင့်ကိုဖြတ်သန်းရဦးမယ်ဆို တာအခက်အခဲဆုံးအလုပ်တစ်ခုလိုပင်။

“နင်လိုချင်တဲ့အနေအထားကို ငါတစ်ယောက်ပဲရောက်ဖို့လိုတာပါဟာ၊ ဟိုကောင်ကတော့ရောက်နှင့် နေခဲ့ပြီမှလား”

“အဲဒီတော့လည်း နင်အမြန်ရောက်အောင်လုပ်လေ”

“ဟုတ်ပြီရွှေရည် နင်ကျေနပ်နိုင်တဲ့အနေအထားကျမှ ငါနင့်ကိုလာတွေ့မယ်”

သူ ကတိကိုလွယ်လွယ်နဲ့ပေးလိုက်တာတော့မဟုတ်ပါ။ သူ့ကိုယ်သူချည်နှောင်လိုက်တာလည်းဖြစ် သည်။ သူရွှေရည့်ကိုဘယ်လောက်တန်ဖိုးထားသလဲ၊ အချိန်နဲ့အမျှတွေ့ချင်နေသလဲဆိုတာ သူ့ကိုယ်သူ အသိဆုံးပင်။ ရန်ကုန်လိုမြို့ကြီးမှာနှစ်ယောက်တည်းတွေ့နိုင်ခွင့်ရရက်သားနဲ့ လက်လွှတ်ဆုံးရှုံးခံလိုက် မည်။

“ငါ နင်နဲ့တွေ့ဆုံနိုင်ဖို့ မျှော်နေမယ်ကျော်ကျော်၊ အခုလိုအခြေအနေနဲ့မဟုတ်ဘဲနဲ့ပေါ့”

သူမ လက်ခံသဘောတူခဲ့ပြီးမှ သူ့ဆုံးဖြတ်ချက်မှားသွားပြီလားသံသယဝင်မိပေမယ့် နောက်ပြန်လှည့် ဖို့စိတ်ကူး လုံးဝမရှိပါ။

ရွှေရည်ရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်ရရှိဖို့နေ့တွေကို လက်ချိုးရေရင်းစောင့်မည်။ သူ့ရင်ထဲကကြယ်လေး ရင် ခွင်မှာကြွေကျလာဖို့ဆုတောင်းမည်။

မိန်းမတစ်ယောက်ကိုချစ်တဲ့ အချစ်က ဘဝရဲ့ပန်းတိုင်ဆီကိုလျှောက်လှမ်းဖို့ခွန်အားလည်းဖြစ်သည်။ ရွှေရည်နဲ့နီးစပ်ခွင့်ရဖို့ဆိုပြီး သူတွေးမိလိုက်သည့်အခါတိုင်းအလုပ်ကြိုးစားဖို့ အားအင်တွေတိုးတိုးလာ သလိုခံစားရလေသည်။

“ငဇော်နဲ့ပတ်သက်လာရင် နင့်အတွက်ငါကအမြဲတမ်းလိုလို ဒုတိယနေရာမှာပဲရှိခဲ့တယ်၊ အဲဒီအတိတ် တွေကို ပြန်မတွေးချင်ဘူးဟာ၊ နင့်ကိုပိုင်ဆိုင်ဖို့နေရာမှာတော့ ငါမကျန်ခဲ့ချင်ဘူးရွှေရည်၊ နင့်ကိုငါဘယ် လောက်တန်ဖိုးထားတယ် ဆိုတာနင်သိမှာပါ”

“နင်တန်ဖိုးထားသလိုပဲ ငဇော်လည်းငါ့ကိုတန်ဖိုးထားတယ်ဆိုတာ နင်သိထားဖို့လိုတယ်ကျော်ကျော်”

တဲ့။ သူမ သူ့အပေါ်စေတနာ၊ အကြင်နာတွေပိုနေတာဘာကြောင့်လဲ။ သူထင်သလိုမဟုတ်ဘူးလားဆို ပြီး သံသယဖြစ်ရပြန်သည်။

“ငါ အဲဒီနေ့ကိုရောက်ချင်နေပြီရွှေရည်”

ဟုတ်တယ်။ သူအမျှော်လင့်ဆုံးနေ့လေးတစ်နေ့ပေါ့။ အဲဒီနေ့ကိုရောက်ဖို့ဆိုတာ သူကအဓိကဖန်တီး သူလည်းဖြစ်နေလေသည်။

အမျှော်လင့်ဆုံးနေ့၊ အဲဒီနေ့။

Xxxxxxxxxxxxxxxxxxxxxx