ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၅)

(၂၅)

“ငါတောင်းပန်ပါတယ် ကျော်ကျော်”

“ငါတောင်းပန်ပါတယ်”

သူနဲ့ရွှေရည်ရဲ့အသံကတစ်ပြိုင်တည်းနီးပါး ထွက်လာသည်။

“ရပါတယ်၊ မင်းတို့နှစ်ယောက်လုံးပျော်ရွှင်ပါစေ”

ကျော်ကျော်ရဲ့ဝမ်းနည်းအက်ကွဲသံပါသောဆုတောင်းမှုကို ခံယူအပြီးမှာတော့ သက်ပြင်းတွေကိုယ်စီချ လို့။ နှစ်ယောက်လုံးစိတ်မကောင်းပါ။ သူမ က ပိုဆိုးတာပေါ့။ ကျော်ကျော့်ကိုယတိပြတ်လမ်းခွဲလိုက်ရ တဲ့အတွက် ခံစားရတဲ့သောကတွေကိုသူမြင်နေရသည်။ ချစ်သူရဲ့ဟန်ပန်တွေကို ကြည့်နေ မြင်နေရ တာတွေက သူ့အတွက်ပူလောင်လှလေသည်။

တွေဝေနေတဲ့ သူမရဲ့အမူအရာတွေကို သည်းခံနိုင်စွမ်းလျော့နည်းသည်ထက်လျော့နည်းလာတာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ သူဖက်ကမပြတ်မသားဖြစ်နေတာတွေကို ပြတ်ပြတ်သားသား၊ အမှန် တရားကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့အသင့်ပြင်လိုက်သောအချိန်လည်းဖြစ်သည်။

“ရွှေရည်”

သူမေးမှဖြစ်တော့မည်။ သူမ ကို သူဘယ်လိုမှအဆုံးရူံးမခံနိုင်ပါ။ ဒါပေမဲ့ ကိုယ့်ရင်ခွင်မှာမနေချင်တဲ့ သူတစ်ယောက်ကို အတင်းဆွဲသိမ်းထားဖို့ကိုလည်း သူလိပ်ပြာမသန့်တော့ပါ။

“အင်း”

“နင့်ကို ငါမေးစရာရှိတယ်”

သူမ ရဲ့မျက်ဝန်းအိမ်ထဲမှာမျက်ရည်တွေကိုတွေ့လိုက်ရတော့ သူမ ကို သူစွန့်လွှတ်သင့်ပြီဆိုတာပိုနား လည်လိုက်သည်။ အခုချိန်ကနောက်ကျနေပြီလား။

“ပြောပါ”

“နင် တကယ်ချစ်တာ ဘယ်သူလဲ”

အမှန်တော့မေးစရာမလိုပါ။ သူရော သူမရော စိတ်ထဲမှာသိနှင့်နေပြီးသားဖြစ်သည်။

အခုချိန်မှာဒါမေးလို့ ရလာဒ်ကောင်းထွက်မလာဘူးဆိုတာသိပေမယ့်…။

“နင် ဖြေပါရွှေရည်၊ ငါ တစ်နေ့တစ်နေ့ နင့်ရဲ့စိတ်မသက်မသာအခြေအနေကိုမမြင်ရက်လို့ပါ”

“အဲဒါဖြေလို့ဘာအကျိုးရှိမှာလဲ ငဇော်ရယ်၊ ငါတို့အိမ်ပြန်မယ်၊ မင်္ဂလာဆောင်မယ်၊ ဒါပဲလေ၊ ဒါနင် လိုချင်တဲ့အခြေအနေမှလား၊ ပြီးပြီပေါ့၊ ဒီအချိန်အထိရောက်လာခဲ့ပြီးမှ ကျန်တာမေးမနေပါနဲ့တော့”

“ငါ သိချင်တယ်”

“နင်ဘာလို့သိချင်နေတာလဲ”

“နင် ငါ့ကိုတကယ်မချစ်ဘူးဆိုတာငါသိနေလို့ပဲရွှေရည်၊ နင့်အသက်ကိုကယ်ခဲ့တဲ့တစ်ခဏမှာငါက အခွင့်ကောင်းယူပြီး နင့်ဆီကအဖြေတောင်းခဲ့တယ်၊ နင်မပေးချင်တဲ့အဖြေကိုအတင်းတောင်းခဲ့တယ်၊ နင် တွေဝေခဲ့ပြီး ငါ့ကိုအားနာလို့ခေါင်းညိတ်ပြခဲ့တယ်၊ နင်ငါ့ကိုချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ကိုငါအတင်း လုပ်ယူခဲ့တယ်…”

“အခုချိန်မှာ ဘာလို့ဒါတွေလာပြောနေရတာလဲ ငဇော်ရယ်”

“ဟင့်အင်း၊ ငါပြောချင်တယ်၊ နားထောင်ပေးပါဟာ….”

သူမရဲ့မျက်ဝန်းတွေထဲမှာ မျက်ရည်တွေကွယ်ပျောက်သွားပြီး ပဟေဠိအကြည့်တွေရောက်လာသည်။ သူဘာလို့ပြောနေသလဲ ဆိုတဲ့အဓိပ္ပါယ်ကို သူမနားလည်သယောင်ဖြစ်လာတဲ့ပုံစံ။

“တကယ်တော့ ငါ အမှန်တရားကိုရင်မဆိုင်ရဲလို့၊ နင့်အချစ်ကိုမရမှာကြောက်လို့ ငါလိုချင်တဲ့ပုံစံကိုအ တင်းဖန်တီးမိခဲ့တယ်ရွှေရည်၊ ငါဟာအတ္တအရမ်းကြီးတဲ့ကောင်ပါဟာ..”

“ငဇော်”

မပြောပါနဲ့ဆိုတဲ့အကြည့်နဲ့လှမ်းကြည့်သည်။

“ဖြေပါ ရွှေရည်၊ နင်တကယ်ချစ်တာဘယ်သူလဲ”

သိရက်သားနဲ့ဆိုတဲ့ပုံစံနဲ့ခေါင်းငုံထားတော့ သူ့ရင်တွေတစ်ဖြည်းဖြည်းပူလောင်လာပြန်သည်။

“ကျော်ကျော်လို့ဖြေလိုက်ပါရွှေရည်ရာ”

“ငဇော်၊ နင်အခုချိန်ကျမှာဘာလို့ဒါတွေမေးနေပြောနေရတာလဲဟင်၊ မပြောသင့်ဆုံးအချိန်မှာဘာလို့ ပြောနေရတာလဲဟာ၊ စိတ်ညစ်တယ် နင်နဲ့တော့”

“နောက်ဆို ငါ့ကြောင့်နင်စိတ်မညစ်စေရတော့ပါဘူး ရွှေရည်”

“ဟင်”

ခရီးလမ်းဆုံးကိုရောက်ခါနီးမှ နောက်ပြန်လှည့်သင့်ပါရဲ့လားဆိုတဲ့အတွေး တွေးနိုင်ကောင်းပါရဲ့။ ဒါပေ မဲ့ သူကတော့ဆုံးဖြတ်ပြီးပြီမို့ အသင့်အနေအထားဖြစ်အောင်ဖန်တီးထားသည်။

“ငါတို့လက်မထပ်တော့ဘူး”

သူ့ဆုံးဖြတ်ချက်ကြောင့် သူမထိုင်နေရာမှ မတ်တပ်ရပ်လိုက်လေသည်။ သူ့ကိုပိုပြီးစိမ်းကားတဲ့အကြည့် တွေနဲ့ကြည့်လိုက်၏။

“ဘာကြောင့်လဲ၊ နင်ဘာလို့အဲလိုဆုံးဖြတ်တာလဲ၊ နင်လိုချင်တဲ့အနေအထားကိုရောက်နေပြီလေ၊ နင် ပျော်ရွှင်နေရမယ့်အစား ဘာလို့အခုလိုဆုံးဖြတ်လိုက်ရတာလဲ ငဇော်”

မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကဘာဖြစ်သွားမလဲ။ သူ့အပေါ်ဘယ်လိုမြင်သွားမလဲဆိုတာသူ မသိချင်တော့ပါ။ သူမြတ်နိုးကြင်နာခဲ့ရသောချစ်သူရဲ့အချစ်ကိုအတိုင်းအတာတစ်ခုအထိ သူစောင့်စား ခဲ့ပြီးဖြစ်သည်။ အချိန်လွန်ခဲ့ပြီ။

“ငါ့ကိုမချစ်တဲ့ မိန်းမတစ်ယောက်နဲ့လက်ထပ်ဖို့ သတ္တိငါ့မှာမရှိလို့ပေါ့ဟာ”

သူရော မတ်တပ်ရပ်လိုက်သည်။ ဆိုင်စားပွဲထိုးကောင်လေးရောက်လာပြီး ဘီလ်စာရွက်ပေးတော့ သူ့ ဘောင်းဘီအိတ်ထဲကငါးထောင်တန်တစ်ရွက်ထုတ်ပေးလိုက်၏။ သူတို့နှစ်ယောက်လုံးရဲ့ခြေလှမ်းက ဆိုင်အပြင်ဖက်ဆီသို့။

ဆိုင်တံခါးဝရောက်တော့ စားပွဲထိုးကောင်လေးလိုက်လာပြီးပိုငွေပြန်အမ်းပေး၏။

“ဒါဆို ငါဘာလုပ်ရမှာလဲ”

“နင် ချစ်တဲ့သူနဲ့လက်ထပ်လေ၊ ငါအသာတကြည်နောက်ဆုတ်ပေးလိုက်တာပါရွှေရည်၊ နင်ကျော်ကျော့် ကိုချစ်တာပဲ၊ အခုအချိန်မှာသူလည်းနင်လိုချင်တဲ့အနေအထားကိုရောက်နေပြီပဲလေ၊ နင်သူ့ကိုလက် ထပ်လိုက်ပါ”

လျှောက်လှမ်းစပြုနေသော သူမခြေလှမ်းတွေတုန့်ခနဲရပ်သွားလေသည်။

“ဟင့်အင်း၊ ဒါကလေးကစားစရာကိစ္စတစ်ခုမဟုတ်ဘူး ငဇော်၊ နင်အဲလိုတစ်ဖက်သက်ကြီး”

“ကလေးကစားစရာမဟုတ်လို့ပေါ့၊ နင်သာကစားစရာအရုပ်တစ်ခုဆိုရင် ငါဘယ်သူ့မှမပေးဘဲတစ် သက်လုံးသိမ်းထားမိမှာရွှေရည်၊ အခုတော့ နင်က…နင်က ငါလိုချင်သလိုသိမ်းထားလို့ရတဲ့ပစ္စည်းမှ မဟုတ်တာ..”

“အပိုတွေပြောမနေပါနဲ့တော့ဟာ၊ လာ ငါတို့အိမ်ပြန်ဖို့စီစဉ်သင့်တာတွေစီစဉ်ရမယ်လေ”

“ဟင့်အင်း”

သူငြင်းလိုက်သည်။ ဆုံးဖြတ်ချက်တစ်ခုကိုလည်း ခိုင်မာစွာချပစ်လိုက်သည်။ ကိုယ့်ကိုမချစ်တဲ့မိန်းမ တစ်ယောက်ကို လက်ထပ်ဖို့အင်အားတွေသူ့မှာမရှိပါ။ အရင်ကရှိကောင်းရှိနိုင်ခဲ့ပေမယ့် အခုချိန်မှာ ကွယ်ပျောက်ခဲ့ပြီဖြစ်သည်။

ရွှေရည့်ကိုသူလက်မထပ်ပါ။ သေချာပြီ။ လုံးဝသေချာစွာဆုံးဖြတ်ထားပြီးဖြစ်လေသည်။

“ငါမြောက်ဦးကိုပြန်မလိုက်တော့ဘူး၊ လေညှင်းတောင်ကိုလည်းငါမပြန်တော့ဘူးရွှေရည်”

“ဟာ”

“ငါ ရန်ကုန်မှာပဲနေခဲ့တော့မယ်၊ ဒီကနေတစ်ဆင့်တစ်ခြားရရာအလုပ်တစ်ခုခုနဲ့ငါမသိတဲ့နေရာမှာပဲ ငါပျော်အောင်နေတော့မယ်၊ ငါမပြန်ချင်တော့ဘူး”

“ငဇော်၊ နင် နင့်လုပ်ရပ်တွေကအဓိပ္ပါယ်မဲ့လွန်းတယ်ဟာ”

“နင့်အချစ်ကိုမရနိုင်တဲ့တစ်သက်တာလုံးကလည်းအဓိပ္ပါယ်မှမရှိတာ…”

“ဒါပေမဲ့…နင့်ဆုံးဖြတ်ချက်ကအမှားကြီးလေဟာ”

“ငါ့ကိုမချစ်တဲ့မိန်းကလေးဆီက အချစ်ကိုရအောင်ယူဖို့ဆုံးဖြတ်ခဲ့တဲ့ဆုံးဖြတ်ချက်သာမှားတာပါ”

“အခုချိန်မှာ နင်အဲလိုတွေပြောလာလိမ့်မယ်လို့ ငါမထင်ထားဘူးငဇော်၊ အစကတည်းကဘာလို့အဲဒီလို မဆုံးဖြတ်ခဲ့တာလဲ၊ အရာရာအချိန်နှောင်းပြီးမှအသစ်ကနေပြန်မစနိုင်တော့ဘူးဟ၊ ငါ အခုဘာလုပ်ရမ လဲ၊ ငါအခုဘာဆက်လုပ်ရမလဲ”

သူ့အတွက်ဘာလုပ်ရမလဲဆိုတာကိုပဲသူတွေးမိသည်။ ရွှေရည့်အတွက်ဆုံးဖြတ်မပေးတတ်ပါ။

“ငါဖြစ်ချင်တာကို ဖြစ်လည်းဖြစ်သင့်တာကိုငါလုပ်လိုက်တာရွှေရည်၊ ကျန်တဲ့အပိုင်းတော့ငါမတွေးတတ် ဘူး၊ တကိုယ်ကောင်းဆန်တယ်ပဲပြောပြော….”

“နင် အရူးပဲ ငဇော်”

“အေး ဟုတ်တယ်၊ ငါရူးနေတာ နင်တို့ကြောင့်ငါရူးနေတာသိလား၊ ငါ့ဖက်ကဒီလောက်အထိပေးဆပ်ခဲ့ ပြီးမှ နည်းနည်းလေးတောင်ပြန်မချစ်နိုင်တာ ငါအရမ်းအံသြတယ်ရွှေရည်၊ ဝမ်းလည်းနည်းတယ်၊ ငါနင့် ကို ချစ်တဲ့အချစ်က ဟိုကောင်ကျော်ကျော့်ထက်မသာရင်တောင် နည်းနည်းလေးမှမလျော့ဘူး၊ မေတ္တာ မှာအသွားအပြန်ရှိတယ်ဆိုရင် အချစ်မှာလည်းရောင်ပြန်ဟပ်မှုတော့ရှိသင့်ပါတယ်ဟာ”

သူမျက်ရည်များရစ်ဝဲလာသည်အထိ သူမ ကိုခံပြင်းစွာကြည့်မိသည်။

“ငါလိုချင်တာကို မရတော့တဲ့နောက်မှာ ငါနင်တို့ကိုဥပေက္ခာပြုထွက်သွားပါရစေ၊ နင့်အနားမှာငါ တစ်သက်လုံးရှိနေပြီးစိတ်ဆင်းရဲနေရတာထက်စာရင် နင်တို့နဲ့ဝေးရာမှာလွမ်းရတာကပိုကောင်းမှာပါ”

“ငဇော် ငါတောင်းပန်ပါတယ်”

“ဟင့်အင်း၊ နင်ဘာမှဆက်မပြောပါနဲ့တော့ရွှေရည်၊ မပြောပါနဲ့တော့၊ ငါနင့်ကိုနှုတ်ဆက်ခဲ့ပါတယ်၊ ကျော်ကျော့်ကိုလည်းပြောလိုက်ပါ၊ ငါနှုတ်ဆက်တယ်လို့၊ အရူံးလည်းပေးတယ်လို့၊ နင်တို့ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးပါတယ်”

သူ ခြေလှမ်းသွက်သွက်လှမ်းဖို့ပြင်သည်။ အဝေးဆုံးနေရာ။ သူမနဲ့အဝေးဆုံးနေရာကိုသူသွားမှဖြစ် မည်။ အချိန်အတော်ကြာတဲ့အထိ တိုင်အောင်သည်းခံလာခဲ့ပြီးမှ ထပ်ပြီးသည်းခံနိုင်စွမ်းသူ့မှာမရှိ တော့ပါ။ သူဘာလုပ်ရမလဲဆိုတာတစ်ဖြည်းဖြည်းနာလည်လာရင်းနဲ့ ဆန္ဒကိုအကောင်အထည်ဖော် လိုက်ခြင်းဖြစ်သည်။

“ငဇော်”

သူမ လှမ်းတားသည်။ ဘာဆက်ပြောမလဲဆိုတဲ့အတွေးနဲ့သူပြန်လှည့်ကြည့်လိုက်မိ၏။

“နင် အဲဒီလိုထွက်သွားပြီးငါဘာဆက်လုပ်မလဲသိလား”

မသိဘူးဆိုတဲ့အကြည့်နဲ့ မျက်ခုံးပင့်ပြလိုက်၏။

“ငါ ကျော်ကျော့်ဆီကိုပြန်မသွားမှာတော့သေချာတယ်၊ ငါကျော်ကျော့်ဆီကိုဘယ်လိုမျက်နှာမျိုးနဲ့ သွားရမလဲ၊ ဘယ်လိုစကားတွေပြောရမလဲ မတွေးတတ်ဘူး၊ ပြောလည်းမပြောချင်ဘူး၊ ငါ့ဆီမှာအရင် ကတည်းကဆုံးဖြတ်ချက်တစ်ခုချထားခဲ့ပြီးသားဆိုတာနင်တို့သိမှာပါ”

သိပ်သိတာပေါ့။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်က သူ့အတွက်မဟုတ်ခဲ့ပါ။

“ငါ့ဘဝအတွက်နင်တို့နှစ်ယောက်တည်းက တစ်ယောက်ကိုပဲရွေးချယ်မယ်ဆိုပြီးငါတွေးထားခဲ့တာလေ၊ ငါအိမ်ပြန်ပြီးတော့ မြောက်ဦးမှာဧည့်လမ်းညွှန်အလုပ်ကိုပဲဆက်လုပ်မယ်၊ နင်တို့နှစ်ယောက်ဟာငါ့ဘ ဝရဲ့ အကောင်းဆုံးသူငယ်ချင်းဖြစ်သလို အကောင်းဆုံးသောလက်တွဲဖော်လည်းဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး”

“နင်ဆိုလိုတာက”

“နင်တို့ပြန်လာမယ့်တစ်နေ့ကိုငါစောင့်နေမယ်၊ ဘယ်အချိန်အထိပဲဖြစ်ဖြစ်ငါစောင့်နေပါ့မယ်၊ နင်ပဲဖြစ် ဖြစ် ကျော်ကျော်ပဲဖြစ်ဖြစ် ငါ့ကိုသတိရသေးတဲ့တစ်နေ့ ပြန်လာခဲ့ကြပါ”

သူမ မျက်ဝန်းအိမ်မှ မျက်ရည်တွေလိမ့်ဆင်းလာသည်။ သူ အကြည့်လွှဲလိုက်လေသည်။ ပြီးတော့ သေချာ ခိုင်မာသောစကားတစ်ခွန်းကိုလည်း ပြောလိုက်မိ၏။ ဟုတ်တယ်၊ အဲဒီစကားဟာ သူ့အတွက် တစ်ဘဝလုံးစာ၊ တစ်သက်စာပါပဲ။

“ငါ နင့်ဆီကိုဘယ်တော့မှပြန်မလာဘူး၊ ငါ့ကိုမချစ်တဲ့မိန်းမတစ်ယောက်ဆီကို ငါဘယ်တော့မှပြန်မလာ တော့ဘူး ရွှေရည်”

“…….”

ပြတ်သားလွန်းသော သူ့စကားကြောင့် သူမ အံအားသင့်ကျန်ခဲ့မည်ဆိုတာ သံသယဖြစ်စရာမလိုတော့။ သူ ကျောခိုင်းလိုက်သည်။ သူမရှိရာနေရာကိုတင်မဟုတ် သူမဘဝကိုပါကျောခိုင်းပစ်လိုက်ခြင်းပင်။ သူမ ကိုလက်လွှတ်ဆုံးရူံးမခံနိုင်အောင်ချစ်လွန်းသောအချစ်တွေ လွင့်ပါပျောက်ကွယ်သွားတဲ့အထိ။ အချစ်ဟာ ရောင်ပြန်ဟပ်မှုမရှိရင် ခါးတတ်တယ် ရွှေရည်….

အဲဒါ နင်သိစေချင်တယ်။

Xxxxxxxxxxxxxxxxxxxxxx