(၂၆)
ကျွန်တော်တို့နှစ်ယောက်ရဲ့ရှေ့ကကော်ဖီခွက်အေးစက်နေခဲ့ပြီ။ ဦးကျော်မြင့်ဦးနဲ့အတူ ကော်ဖီအတူတူ သောက်ခွင့်ရဖို့ဆိုတာ လွယ်ကူသောကိစ္စတစ်ခုမဟုတ်။ ကျွန်တော့်လိုဘာမဟုတ်တဲ့အလုပ်အကိုင်မရှိ အသည်းကွဲနေတဲ့ ကောင်လေးတစ်ယောက်အတွက်ဆို ပိုဆိုးမည်။ ဒါပေမဲ့ အခုတော့ကျွန်တော်က ဦးကျော်မြင့်ဦးနဲ့ကော်ဖီအတူသောက်ရုံတင်မဟုတ်။ သူစိတ်ဝင်စားသောစကားတွေကိုပါ ဆရာကြီးအ ထာနဲ့ပြောခွင့်ရနေသည်။
ကားအတူစီးခွင့်၊ သူခေါ်ဆောင်သောနေရာကိုလိုက်ပြီးကော်ဖီအတူသောက်ခွင့် ဒါတွေကိုကျွန်တော် အလွယ်တကူရရှိခဲ့တာပင်။ ရွှေရည်ဆိုသော ကျွန်တော်မမြင်ဖူးသောအမျိုးသမီးနာမည်တစ်ခုကြောင့်။
“ဆရာလင်းက အဲဒီနောက်ပိုင်းမြောက်ဦးကိုဘယ်တော့မှမပြန်တော့ဘူး၊ သူ့မိသားစုရှိရာကိုစာနဲ့ဖုန်းနဲ့ ပဲဆက်သွယ်တော့တယ်၊ သူူအခြေချနေထိုင်ဖြစ်တာက ကျွန်တော်တို့ရဲ့ညောင်တုန်းမြို့လေးမှာပါ ဆရာ”
“ရွှေရည်…ရွှေရည် ကရော”
သူ့ပုံစံက တကယ့်လူငယ်လေးတစ်ယောက်ကိုစိတ်အားထက်သန်စွာမေးပါသည်။
“ရွှေရည်ကတော့ မြောက်ဦးမှာဧည့်လမ်းညွှန်ပဲဆက်လုပ်နေတယ်လို့ကြားတယ်ဆရာ၊ ဆရာလင်းဆီ ကို အဲလိုပဲတစ်ဆင့်သတင်းတွေရောက်ရောက်လာတာပါ၊ ဆရာလင်းကတော့တကူးတကစုံစမ်းမနေခဲ့ တော့ဘူး၊ စိတ်ပင်ပန်းတယ်လို့ရင်ဖွင့်ဖူးတာပဲ”
ကျွန်တော်နားရည်ဝနေသောအကြောင်းအရာတစ်ခု၊ အချစ်နဲ့ပတ်သက်တဲ့အဖြစ်အပျက်လေးတစ်ခုဖြစ် ပြီးဘာအကျိုးသက်ရောက်မှုမှမရှိဘူးလို့ ယူဆထားတဲ့အကြောင်းအရာတစ်ခုဟာ ဦးကျော်မြင့်ဦးလို အထင်ကရလူတစ်ယောက်အတွက် ဘဝနဲ့ရင်းပြီးတန်ဖိုးရှိမှန်းသိတော့ ကျွန်တော်ကျေနပ်မိ၏။
“ကျွန်တော့်နေရာမှာ သားသာဆိုရင်ဘာလုပ်မလဲ”
ဘုရား။ ဘုရား။ သူက ကျွန်တော့်ဆီကအဲဒီလိုမျိုးအကြံတောင်းလိမ့်မယ်လို့ ဘယ်လိုထင်မိမှာလဲ။ လူ တော်တွေထဲကလူတော်တစ်ယောက်ဟာ ငချွတ်တစ်ယောက်ပေးတဲ့အကြံကိုမျှော်လင့်စောင့်စားနေ တယ်ဆိုတာ ဘယ်သူ့ကိုပြောလို့ယုံမှာလဲ။
“ကျွန်တော်ဆိုရင်လား”
သူခေါင်းညိတ်ပြသည်။
“ကျွန်တော်ဆိုရင် ရွှေရည့်ဆီကိုလိုက်သွားမယ်၊ မတွေ့ခဲ့ရတဲ့ကာလတစ်ယောက်လုံးအတွက်အတိုးချ ပြီးတစ်သက်လုံးချစ်သွားမယ်၊ ရွှေရည်ဟာသစ္စာတရားကိုတန်ဖိုးထားတတ်တဲ့အမျိုးသမီးတစ်ယောက် ဆိုရင်တော့ အခုချိန်ထိဆရာတို့နှစ်ယောက်လုံးကိုစောင့်နေမှာပါ”
“အဲတော့…သား သာ ကျွန်တော့်နေရာမှာဆိုရင်မြောက်ဦးကိုလိုက်သွားမယ်ပေါ့”
“ဟုတ်တယ်ဆရာ၊ အဲဒါအဖြစ်သင့်ဆုံးပဲ”
“ကျွန်တော်ကတော့ အဲလိုလုပ်မိမယ်မထင်ဘူး၊ အဲဒါကြောင့်မို့အမြင်ချင်းတူနိုင်မလားလို့မေးကြည့် လိုက်တာပါ”
“ဗျာ”
“ငဇော်ရှိတဲ့နေရာကို ကျွန်တော့်ကိုလိုက်ပြပေးနိုင်မလားသား၊ ကျွန်တော်ငဇော်နဲ့တွေ့ချင်တယ်၊ အချစ် အတွက် အဲဒီလောက်တောင်ပေးဆပ်ခဲ့တဲ့သူ့ကိုစကားပြောပြီး မြောက်ဦးကိုပြန်ခေါ်သွားချင်တယ်၊ ပြီး တော့ ကျွန်တော်သူ့အပေါ်အမြင်မှားမိတာတွေအတွက်လည်းတောင်းပန်ချင်တယ်၊ ကျွန်တော်တို့နှစ် ယောက်ရဲ့တွေ့ဆုံမှုပြီးမှ ရွှေရည့်ဆီကိုဘယ်သူအသွားသင့်ဆုံးလဲဆိုတာဆုံးဖြတ်ချင်တယ်”
အသက်အရွယ်ပဲကွာခြားလွန်းလို့လားတော့မပြောတတ်ပါ။ ဦးကျော်မြင့်ဦးရဲ့အဲဒီအယူအဆကိုတော့ ကျွန်တော်သဘောမတူနိုင်ပါ။ ဆရာလင်းကိုမှရွှေရည်ကမချစ်တာ။ အခုချိန်မှာရွှေရည်ရှိရာကိုအသွား သင့်ဆုံးက သူပဲလေ။ ဘာကြောင့်တွေဝေနေရတာလဲ။ သူငယ်ချင်းအတွက်ကိုဘာကြောင့်စဉ်းစားပေး နေရတာလဲ။
“ဒါပေမဲ့ ဆရာ့အစီအစဉ်ကမဖြစ်နိုင်တော့ဘူး ခင်ဗျ”
“ဟင် ဘာလို့လဲ”
“ဆရာလင်းက မနှစ်က ကတည်းကဆုံးသွားပါပြီ၊ ကျွန်တော်တို့မြို့မှာပဲ ဆိုင်ကယ်မှောက်ပြီး ရုတ်တရက်ဆုံးသွားတာပါ”
“ဟာ”
အံအားသင့်ခြင်းနှင့်အပြိုင် သူဘာလုပ်သင့်လဲဆိုတာကိုပါတွေးနေပုံရ၏။
အဲဒီတော့ ကျွန်တော်ကလည်းဆရာကြီးလုပ်ခွင့်ကြုံကြိုက်သွားတာပေါ့။
“ဆရာ လုပ်စရာတစ်ခုပဲရှိတော့တယ်လို့ကျွန်တော်ထင်တယ်ခင်ဗျ၊ အဲဒါက ရွှေရည်ရှိရာဆီကိုလိုက် သွားပြီး ဇာတ်လမ်းကိုပျော်ရွှင်မှုနဲ့ပဲအဆုံးသတ်စေချင်ပါတယ်”
သူခေါင်းမညိတ်တော့ပါ။ တွေဝေသွား၏။ သူ့မျက်နှာအမူအရာမှာလည်း ကျွန်တော်အကဲခတ်နိုင်သော ပုံစံ နည်းနည်းကလေးမှပေါ်မနေခဲ့ပါ။
“ကျွန်တော် ပြန်သင့်ပြီထင်ပါရဲ့”
ဟုတ်တယ်။ ကျွန်တော်ပြန်သင့်ပြီ။ ကျွန်တော့်ဘဝအတွက်ဘာဆက်လုပ်ရမလဲစဉ်းစားဖို့အချိန်လိုအပ် သည်။ ကျော်ကျော်ရွေ့လျားစာအုပ်ဆိုင်မှာပဲလုပ်ရင်ကောင်းမလား။ အခုခေတ်ကပိုလို့တောင်တွက် ခြေကိုက်ရင် ကိုက်နိုင်သည်။ စာအုပ်တင်မဟုတ်။ လှည်းပေါ်မှာဖုန်းကတ်တို့တစ်ခြားသီချင်းခွေ၊ ဇာတ် ကားခွေတွေကိုပါတင်ပြီးရောင်းနိုင်ရင်မဆိုး။
သူ့ဆီက အကြံဉာဏ်တောင်းရင်ကောင်းမလားဆိုပြီးတော့လည်း တွေးမိပြန်သည်။ ဒါပေမဲ့ အခုချိန်မှာ သူ့ကိုအာရုံနောက်စေမယ့် အကြောင်းအရာတစ်ခုတစ်လေမျှမပေးချင်ပါ။
“ကောင်းပါပြီ၊ ဒါပေမဲ့ ကျွန်တော် သားကိုတစ်ခုလောက်မေးချင်တယ်”
“ဟုတ်ကဲ့ပါဆရာ”
“ဒီနေ့ဟောပြောပွဲကနေ ဘာတွေများရလိုက်သလဲ”
ဟုတ်ပါရဲ့။ ဒါသူသိချင်နေမယ့်အဖြေတစ်ခုပဲ။ ကျွန်တော်ကရော ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ခဲ့သလား။ ဟင့်အင်း။ ဇာတ်လမ်းလေး၊ ပုံပြင်လေးကိုနားထောင်ပြီးပြန်လာရသလိုပါပဲ။ ဘာမှမတွေးမိခဲ့။ အခု သူ ပြောမှ ဆန်းစစ်မိသည်။ ကျွန်တော်အဲဒီဟောပြောပွဲကနေ ဘာများရလိုက်သလဲ။
“လူတစ်ယောက်ရဲ့အကြောင်း၊ ဘဝမှာရုန်းကန်လှုပ်ရှားရတဲ့အဖြစ်အပျက်တွေကတစ်ပိုင်းရယ် အချစ် နဲ့ပတ်သက်တဲ့ အကြောင်းရယ်ကတစ်ပိုင်းပေါ့ အဲဒီနှစ်ပိုင်းကိုနားထောင်ရတယ်၊ ကျွန်တော်ဘာရလဲ ခြုံကြည့်ရင်တော့ အဖြေကနှစ်ခုထွက်တယ်ဆရာ”
“အင်း ပြောပါဦး”
“လူတိုင်းလူတိုင်းရဲ့ဘဝမှာအခက်အခဲကိုယ်စီရှိကြတယ်၊ အဲဒီအခက်အခဲတွေကိုရုန်းကန်ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ဆီကိုမရောက်ရောက်အောင်သွားနိုင်ဖို့လိုအပ်တယ် အဲဒါကတစ်ခုပါ”
ဦးကျော်မြင့်ဦးလိုပဲ ကျွန်တော့်မှာလည်းအခက်အခဲရှိသည်။ ကျွန်တော်ရုန်းကန်ရမည်။ လူတိုင်းလူတိုင်း မှာလည်း ကိုယ်ဖြစ်ချင်တာမဖြစ်သေးခင်ကြီးမားတဲ့ပြသနာတွေရင်ဆိုင်ရမှာပါပဲ။ အဲဒါတွေကို ဦးကျော် မြင့်ဦးဖြတ်သန်းခဲ့သလိုပဲ ဖြတ်သန်းရမည်ဆိုတာ ကျွန်တော်သဘောပေါက်လိုက်လေသည်။
“နောက်တစ်ခုကတော့ …အချစ်ကဘဝတိုက်ပွဲအတွက် အရေးပါတဲ့ခွန်အားတစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ် ဆရာ”
သူပြုံးသည်။ မှန်သလားမှားသလား မဆုံးဖြတ်ပါ။ သူပြောသမျှကဘာကိုဦးတည်တာလဲကျွန်တော်မသိ ပေမယ့် ကျွန်တော်နားလည်သလိုပဲ ယူဆသည်။
“ကျွန်တော်တစ်ခုထပ်ဖြည့်ပေးချင်တယ်”
“ဟုတ်ကဲ့ဆရာ”
“ပန်းတိုင်ကိုလျှောက်မယ့်ခရီးမှာ အချစ်ကြောင့်လမ်းမှားရောက်မသွားဖို့လည်းလိုအပ်တယ် ဆိုတာပါ”
သိပ်သေချာတာပေါ့ဆရာ။ ကျွန်တော် သူ့ကိုလေးစားစွာပြုံးပြလိုက်သည်။ ကျွန်တော်ပြန်သင့်ပြီမို့ နှုတ် ဆက်ကာ ထွက်ခွာလာခဲ့၏။ သူဘာဆက်လုပ်မလဲဆိုတာစိတ်ထဲမှာတော့ သိနှင့်ပြီးသားပါ။ ရွှေရည့် ဆီကို သူမသွားဘဲနဲ့တော့မနေပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ရွှေရည့်ကိုတစ်ယောက်တည်းထားနိုင်ပါ့မ လား။ သူ့ကိုစောင့်နေတဲ့လူတစ်ယောက်ကို ဥပေက္ခာပြုဖို့အင်အား သူ့ထံမှာရှိမည်မဟုတ်။ ကိုယ်တ ကယ်ချစ်တဲ့သူကို ဥပေက္ခာပြုနိုင်ဖို့ကလွယ်ကူတဲ့ကိစ္စမှမဟုတ်တာ။
ရုတ်တရက် ကျွန်တော့်ဘောင်းဘီအိတ်ထဲကလက်ကိုင်ဖုန်းသံလေးမြည်လာသည်။ ချစ်သူဆီကလား လို့စိတ်ထဲမှာမျှော်လင့်မိပေမယ့် ဒီမနက်တင်ပြတ်စဲခဲ့တာကြောင့် မဖြစ်နိုင်ပါ။ ဖုန်းအဝင်နာမည်ကို ကြည့်လိုက်တဲ့အခါမှာတော့ မျက်လုံးပြူးသွားမိသည်။ ကျွန်တော်မမျှော်လင့်ထားသူတစ်ဦး။ ခုနလေး တင် သူ့အကြောင်းပြောခဲ့သေးသည်။ အင်းလေ။ ကျွန်တော်သူ့အကြောင်းကို လိမ်ပြောခဲ့သေးသည်။
“ဟုတ်ကဲ့ ဆရာလင်း”
“………”
“ဘာအလုပ်မှမရသေးပါဘူး ဆရာလင်းရာ၊ ကျွန်တော်အိမ်လည်းပြန်မလာချင်ဘူး၊ ရန်ကုန်မှာပဲနေ ချင်တယ်၊ ပါလာတဲ့ပိုက်ဆံတွေလည်းကုန်နေပြီ၊ ဘာလုပ်လို့လုပ်ရမှန်းမသိပါဘူး”
“….”
“ဟုတ်ကဲ့၊ ကျွန်တော်ညကျရင်ဖုန်းထပ်ဆက်လိုက်ပါ့မယ်ဆရာ၊ ဒါနဲ့ဆရာလင်းကို ကျွန်တော်တစ်ခု လောက်မေးစရာရှိတယ်၊ အခုအရေးပေါ်..”
“…”
“ကျွန်တော်လေ အသက်ရှင်ရက်ရှိနေတဲ့လူတစ်ယောက်ကို သေပြီလို့လိမ်လိုက်မိတယ်..အဲဒါ…”
Xxxxxxxxxxxxxxxxxxxxxx