ချစ်သူပြောတဲ့…..ကြယ်ကြွေပုံပြင် အပိုင်း (၂၇) ဇာတ်သိမ်း

(၂၇)

မြောက်ဦး၏ မနက်ခင်းသည် နှင်းမြူတွေအုံဆိုင်းကာဝေးဝါးနေပေမယ့် အေးချမ်းတိတ်ဆိတ်လို့နေ လေသည်။ တစ်ချက်တစ်ချက် မြင်းလှည်းသံတစ်ချို့၊ ငှက်တွေရဲ့တေးသီသံတစ်ချို့ကိုကြားနေရ၏။ သူ့လက်ပတ်နာရီမှာတော့ မနက်ခြောက်နာရီတဲ့။ တစ်ညလုံးကားစီးလာရတာမို့ သူ့တစ်ကိုယ်လုံး ညောင်းကိုက်လို့နေလေသည်။

သူ့အရှေ့၊ အနောက်၊ ဘေးပတ်ပတ်လည်မှာတော့ စေတီပုထိုးတော်တွေ အဝေးရောအနီးရောမြင် ကွင်းကျယ်ကြီး။ သူ့အရှေ့ခပ်လှမ်းလှမ်းမှာလူတစ်ယောက်ရှိနေပါလိမ့်မည်။ ထိုထက်သေချာစွာပြော ရမယ်ဆိုရင်တော့ အမျိုးသမီးတစ်ယောက်၊ ပြီးတော့ သူချစ်ရသောသူလည်းဖြစ်သည်။

“ရွှေရည်”

လက်ရှိအနာဂတ်ကနေ အတိတ်ကိုတွေးကြည့်လိုက်ရင်တကယ့်ခဏလေးလိုပါပဲလား။ ဖြတ်သန်းလာ ခဲ့ရတဲ့ရက်တွေ၊ ရင်ဆိုင်လာခဲ့ရတဲ့ပြသနာပေါင်းများစွာတွေ၊ ဒါတွေဟာခဏတာအဖြစ်အပျက်တွေလို ပါပဲ။ သူမရဲ့နာမည်လေးကိုခပ်တိုးတိုးရေရွတ်မိသည်။

သူမ ဒီနေရာမှာ ဒီအချိန် ရှိနေမည်မှန်းခရီးရောက်ဦးမဆိုက် အသည်းအသန်စုံစမ်းခဲ့ပြီးအပြေးတစ်ပိုင်း လာခဲ့ရသည်။

သူမ ရှိရာကို ခပ်ဖြည်းဖြည်းချင်းလှမ်းနေမိသည်။ ဟော….တွေ့ပြီ။ သူလာရာနေရာနဲ့ဘေးတိုက်အနေ အထား မတ်တပ်ရပ်လျက် သူမကိုတွေ့ရသည်။ သူမရဲ့ဧည့်သည်တွေလာမယ့်နေရာကိုမျှော်နေတာ ထင်ပါရဲ့။

“ရွှေရည်”

ဒီတစ်ခါခေါ်သံကတော့ သူမကြားလောက်သည်အထိ။ ဖျတ်ခနဲ သူမလှည့်ကြည့်သည်။ သူ့ကိုလည်း မြင်ရော အဓိပ္ပါယ်ပေါင်းများစွာသောအကြည့်တွေနဲ့ကြည့်သည်။ ပထမဖျတ်ခနဲ၊ နောက်တော့သေသေ ချာချာ၊ နောက်တော့ရင်းနှီးကျွမ်းဝင်မှုရှိလှသောလူတစ်ယောက်ကိုမြင်လိုက်ရတဲ့အံသြမှု၊ အဲဒီနောက် တော့ ဝမ်းသာပျော်ရွှင်မှု၊ နောက်ဆုံးကျတော့…ကြေကွဲဆို့နင်မှုတစ်ချို့ရောစွက်သွားပုံရသည်။

“နင်”

သူ့ဆီကိုလက်ညိုးထိုးလျက် စကားဆက်မပြောနိုင်အောင်ကြောင်ကြည့်နေသည်။

“ငါ ကျော်ကျော်လေ”

စက္ကန့်ပိုင်းလောက်မှာပဲ မျက်ရည်တွေရစ်ဝဲလျက် သူ့ဆီလှမ်းလာနေသည်။ သူတို့နှစ်ယောက်ကြားမှာ ခြေနှစ်လှမ်းစာလောက်သာကွာတော့သည်အထိ ရောက်လာသည်။

“ဝမ်းသာလိုက်တာ ကျော်ကျော်ရယ်”

သူမရဲ့အကြည့်တွေဆီမှာ ဝမ်းနည်းမှုတွေအပြင်လွမ်းဆွတ်တမ်းတမှုတွေပါ ရောစွက်ပါလာလေသည်။ ဘယ်လောက်တောင်များ သတိရနေခဲ့တာပါလဲ။ သူနဲ့ထပ်တူဆိုတာ ငြင်းစရာမလိုလောက်အောင် သေချာပြီ။

သူ့ပါးပြင်ကို သူမရဲ့လက်ဖဝါးနုနုတွေနဲ့ပွတ်သပ်ကိုင်ကြည့်သည်။ အမေတစ်ယောက်ကသားဖြစ်သူကို ချစ်စနိုးယုယတဲ့အပြုအမှုမျိုး။

“နင် ဘယ်တုန်းကရောက်တာလဲဟင်”

သူ ရယ်ချင်သွားမိသည်။ ဒီမေးခွန်းကအရေးမကြီးပါ။ အခုသူမဆီကိုသူရောက်လာပြီ။ မျှော်လင့်ချက် များစွာနဲ့ရှင်သန်နေခဲ့ရသော၊ အချစ်နဲ့ပတ်သက်ပြီး တစ်ကြိမ်တစ်ခါသေဆုံးခဲ့ပြီးသော သူ့ဘဝကို ဆက်လက်လျှောက်လှမ်းဖို့ သူမထံကိုသူလာခဲ့တာ။

“ဟင် ငါမေးတာကြားလားကျော်ကျော်၊ နင် ဒီကိုဘာလာလုပ်တာလဲ၊ ဘယ်တုန်းကရောက်တာလဲ၊ ငါ ငါဒီမှာရှိမယ်မှန်း နင်ဘယ်လိုလုပ်သိလဲ”

သဇင်ပန်းခိုင် တစ်မြိုင်မြိုင်ဘုရားပုထိုးပေါင်းများစွာက သူတို့နှစ်ယောက်ရဲ့မြင်ကွင်းဘေးပတ်ပတ်လည် မှာ။ နေရောင်ခြည်နုနုပေါ်ထွက်စပြုလာပြီ။ အချစ်ရန့ံသင်းနေသောနေရာမှာ အရာရာတိုင်းကလှပလို့ နေလေသည်။

သူမ စကားထပ်ပြောမယ်ကြံတော့ သူကသူမရဲ့နှုတ်ခမ်းကိုလက်ညိုးနဲ့ ကန့်လန့်ဖြတ်လေးတား လိုက်မိ၏။

“ငါ့ကို ဘာမှမမေးပါနဲ့ရွှေရည်ရယ်၊ အခုချိန်မှာနင်ပြောတဲ့စကားတွေထက်ငါမေးမယ့်မေးခွန်းကပိုအရေး ကြီးတယ်၊ အသက်တမျှ အရေးကြီးတယ် ရွှေရည်”

“ဟင်”

ဘာများလဲဆိုတဲ့သိချင်ဇောအကြည့်နဲ့ကြည့်နေတဲ့သူမထံကို ကြင်နာနူးညံ့စွာကြည့်နေမိသည်။

“နင် ငါ့ကိုဘာလို့အဲလောက်ထိကြည့်နေတာလဲ ကျော်ကျော်ရယ်၊ ဘာမေးမှာလဲ မေးလေ”

အရမ်းချစ်ခဲ့ရလွန်းသော မပိုင်ဆိုင်ရခဲ့သော သူမကိုသတိရတမ်းတခြင်းများစွာနဲ့ အတိုးချပြီးကြည့်နေ မိခြင်းပင်။

“ငါ…ငါသိချင်တာက…..”

အချိန်တွေဘယ်လောက်ကြာကြာ အသက်တွေဘယ်လောက်ကြီးကြီးအချစ်နဲ့ပတ်သက်ရင်အမြဲတမ်း လူငယ်တစ်ယောက်လို ရင်ခုန်သံမြန်စွာ၊ လတ်ဆတ်ကြည်နူးစွာပင်။

“နင် လက်ထပ်ပြီးပြီလားဟင်”

သူမ အဲဒီမေးခွန်းကိုမျှော်လင့်နေခဲ့သလား။ သူ့အသံကိုကြားရပြီးနောက်ပိုင်းမှာ ပါးစပ်အဟောင်းသား နဲ့ အံသြပုံမပြပါ။ ရွှင်လန်းသောအကြည့်တွေနဲ့အပြုံးပန်းတစ်ပွင့်ကိုဆင်မြန်းကာ သူ့ကိုမဆိုင်းမတွပင် ပြန်ဖြေလိုက်၏။ ခေါင်းလေးပါ ခါပြလို့။

“ဟင့်အင်း” တဲ့။

သူပျော်လိုက်တာ။

“ငါ ဒီကိုဘာလာလုပ်တာလဲသိလား ရွှေရည်”

အဲဒီလောက်ဆို သူမသဘောပေါက်လောက်ပြီဆိုတာ သူအတပ်သိလိုက်ပြီ။

“ဟင့်အင်း မသိဘူး”

မေးခွန်းရဲ့အဖြေကိုသိပေမယ့် တစ်ဖက်လူရဲ့အဖြေကိုတမင်ကြားချင်တာကြောင့် မသိဘူးလို့ ပြော လိုက်တာမှန်း သူသိလိုက်ပြီ။

“ငါ နင့်ကိုလက်ထပ်ခွင့်လာတောင်းတာ”

သူ့စကားအဆုံးမှာတော့ မဖိတ်ခေါ်ရသေးဘဲ သူ့ရင်ခွင်ဆီကိုသူမ တိုးဝင်လာသည်။ အိုး….ကမ္ဘာလော ကကြီးက သာယာလိုက်တာ။ သူမရဲ့ပေါ့ပါးနူးညံတဲ့ခန္ဓာကိုယ်လေးကို တင်းကြပ်စွာဖက်ထားပစ်လိုက် မိ၏။ စိမ်းစိုစိုမြက်ခင်းပြင်တွေ၊ ကြည်ညိုဖွယ်ရာဘုရားပုထိုးတော်တွေ အပြင်မှိုင်းညို့ညို့တောင်တန်း ကြီးတွေကိုပါ သာယာလှပစွာမြင်ရသည်။

“ငါနင့်ကိုချစ်တယ် ရွှေရည်”

ချစ်သူရဲ့ ကိုယ်ငွေ့လေးကနှစ်သက်ကြည်နူးဖွယ်ကောင်းလှစွာ။

“ငါလည်းနင့်ကိုချစ်တယ် ကျော်ကျော်” တဲ့။ ဘုရား၊ ဘုရား။ သူပထမဦးဆုံးကြားလိုက်ရသောစကား။ သူအရမ်းကြီးမျှော်လင့်ခဲ့သောစကား။ အဲဒီစကားကနားဝင်ချိုလှစွာ၊ ကြည်နူးဖွယ်ကောင်းလှစွာ သူ့နား ထဲ စီးမျှောပျော်ဝင်သွားခဲ့လေသည်။ မျှော်လင့်တမ်းတခဲ့ရသော ကြယ်လေးတစ်ပွင့် သူ့ရင်ခွင်ဆီကို တန်းမတ်စွာ ကြွေကျခဲ့ပြီဖြစ်သည်။

…………………………………………………………………………………………………………………………….

ပြီးပါပြီ။