မြစိမ်းရောင်လွင်ပြင် အပိုင်း (၁)

စိုင်းလုံ

(၁)

အဲဒီနေ့က ဇန်နဝါရီလ (၃) ရက်နေ့။ မြူနှင်းတွေကတစ်မြို့လုံးပိန်းပိတ်အောင်မှောင်နေလေသည်။ ကျောက်မဲမြို့ရဲ့ရှုခင်း တစ်ပိုင်းတစ်စက ကျွန်တော့်မြင်ကွင်းမှာဝေဝါးလို့။ အိုး…အေးချမ်းလိုက်တာ။ လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်ကတည်းက ဒီမြင် ကွင်းနဲ့ရင်းနှီးအသားကျနေပေမယ့် ဘယ်တော့မှမရိုးခဲ့ပါ။ ဆေးရုံအနောက်ဖက်ဆီကိုမောင်းလိုက်တာနဲ့ စိန္ဒာမုနိဘုရားကို ဖူးမျှော်နိုင်မည်။ သာယာအေးချမ်းတဲ့မြို့ ရှုခင်းတစ်ပိုင်းတစ်စကို လွမ်းမောဖွယ်ကြည့်ရှုနိုင်မည်။ အခုအနေအထားမှာတော့ ဘုရားရင်ပြင် အရှေ့ဖက်ဆီမှာခြုံနွယ်ပိတ်ပေါင်းထူထပ်လို့။ အဲဒီခြုံနွယ်တွေရဲ့ကြားထဲမှာ လူသွားလမ်းကျဉ်းလေး။ လူသွားလမ်းအဖြစ်တမင်လုပ်ထားတာမဟုတ်ပေမယ့် လူတွေအသွားများလို့လမ်းကြောင်းလေးထင်း သွားတာပင်။

လမ်းကြောင်းလေးအတိုင်းလျှောက်သွားရင်တော့ မြို့ရဲ့ရပ်ကွက်တွေရှိရာနေရာဆီကို ရောက်မည်။ ကျွန်တော်ကတော့ ဆေးရုံအနောက်ဖက်ကနေတစ်ဆင့် ဒီနေရာကိုရောက်လာခဲ့တာပဲဖြစ်သည်။ မနက် စောစောထပြီး အစ်မဆိုင်ထွက်ဖို့ အတွက် ဝိုင်းကူပေးခဲ့ပြီး အိမ်မပြန်ချင်သေးတာနဲ့ ဆိုင်ကယ် လျှောက် မောင်းရင်းရောက်လာခဲ့တာ။

အဲဒီအခြေအနေကပဲ သူမနဲ့ဆုံတွေ့ရဖို့အကြောင်းဖန်ခဲ့လေသည်။ ဒီအချိန်၊ ဒီနေရာမှာ လူသူ အရောက်အပေါက်မရှိသ လောက်နည်းမယ်လို့တွက်ထားခဲ့ပေမယ့် သူမတို့နှစ်ယောက်က ကျွန်တော့်အရင်ရောက်နှင့်နေကြသည်။ ဇာပဝါနှင်းမှုန် တွေကြား အလိုမကျ ဒေါသထွက်နေတဲ့သူမရဲ့မျက်နှာလေးကို ကျွန်တော်စတင်တွေ့ရှိခဲ့တာပါ။ မျက်ရည်စို့နေတဲ့အကြည့်၊ နီမြန်းနေတဲ့ပါးပြင်၊ ဒေါသကြောင့်တဆတ်ဆတ်တုန်ယင်နေတဲ့ခန္ဓာကိုယ်လေး အရာအားလုံးဟာပူလောင်နေပေမယ့် ကျွန်တော့် မျက်လုံးထဲမှာတော့ ဆွဲဆောင်မှုရှိလှစွာ၊ ကျွန်တော့်ကိုညှို့ငင်ဖမ်းယူစွာပင်။

“ဘာလုပ်ပေးမှာလဲ ရှင့်ကြောင့်နိမ့်ကျသွားရတဲ့ နှင်းရဲ့ဂုဏ်သိက္ခာတွေ၊ မာနတွေ အားလုံးအားလုံးကိုရှင်ဘာလုပ်ပေးမှာလဲ ဝဏ္ဏ၊ ရှင်ရဲ့နစ်နာဆုံးရှုံးမှုတစ်ခုခုကို မမြင်ရဘဲနဲ့ နှင်း ရန်ကုန်မပြန်နိုင်ဘူး”

အော်၊ နာမည်လေးကနှင်းတဲ့လား။ ကျွန်တော်ရောက်နေတဲ့နေရာနဲ့ သူမတို့နှစ်ယောက်ရှိနေတဲ့နေရာက တကယ်ကိုနီးနီး လေးရယ်။ ဘုရားရင်ပြင်အနီးတစ်ဝိုက်မှာလည်း ဒီသုံးယောက်ပဲရှိပါလိမ့်မည်။ စိုင်းဝဏ္ဏကိုတော့ ကျွန်တော်မျက်မှန်းတန်းမိ ပြီး သူ့အကြောင်း အတော်အတန်ကြားဖူးသည်။ ရန်ကုန်မှာသင်တန်းသွားတက်တယ်ကြားပြီး ပြန်လာတာမကြာသေး။ သူမ စကားအရတော့ သူမက ရန်ကုန်ကနေ ဝဏ္ဏ ရှိရာ ကျွန်တော်တို့မြို့ဆီရောက်လာတာဖြစ်မည်။ ရုပ်ချောအပြောကောင်းသ လောက်ရည်းစားများတဲ့ ဝဏ္ဏရဲ့အချစ်စက်ကွင်းထဲမှာ သူမမိပြီးခဲ့ပြီဆိုတာကို ကျွန်တော်သဘောပေါက်လိုက်ပြီ။

သူတို့ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော်တိတ်တဆိတ်ကြည့်နေမိ၏။

“ကျောက်မဲအထိတောင်ရောက်လာပြီးပြီပဲ၊ ကိုယ်ဘယ်လိုလူဆိုတာ မင်းစုံစမ်းသိရှိပြီးဖြစ်မှာပေါ့နှင်း၊ ကိုယ်ဘာမှမပြောလို ဘူး၊ ဆောရီးပါ”

“ဟား…၊ ရှင်သိပ်အောက်တန်းကျလွန်းတယ်၊ နှင်း အချစ်ကိုတဒင်္ဂသာယာမှုအတွက် လှည်းဖြားခဲ့တယ်၊ လူယုတ်မာ ရှင့်ကိုနှင်း သတ်ပြီးမှ ဒီကျောက်မဲကနေ ရန်ကုန်ပြန်မယ်ဝဏ္ဏ၊ ရှင့်ကိုနှင်းသိပ်မုန်းတယ်၊ မုန်းတယ်”

ဝဏ္ဏရဲ့ပါးပြင်ဆီကို သူမရဲ့လက်ဝါးရိုက်ချက်ကဖြန်းခနဲ။ ကျွန်တော် ရောယောင်ပြီးကျွန်တော့်ပါးပြင်ကိုပွတ်သပ်မိလိုက် သည်။ ပါးရိုက်ရုံတင်မဟုတ်၊ ဝဏ္ဏရဲ့ခန္ဓာကိုယ်ဆီကို သူမအားရှိသမျှလွှဲရိုက်ထုထောင်းနေလေတော့သည်။

“ဟာ၊ တော်တော့ နှင်းငွေရည်၊ မင်းလွန်လာပြီ၊ ငါ့အသားနာလာရင် ယောင်္ကျားမိန်းမမခွဲဘူးနော်၊ ဆွဲထိုးပစ်မှာ”

“အေး၊ လုပ်လေ လုပ်လိုက်လေ”

သူမ မျက်ဝန်းများမျက်ရည်တွေလိမ့်ဆင်းလျှက် စိုင်းဝဏ္ဏကိုဆက်ရိုက်နေမြဲ။

“အာ၊ ကဲကွာ”

ကျွန်တော်မထင်မှတ်ထားတဲ့လုပ်ရပ်တစ်ခုကို စိုင်းဝဏ္ဏပြုမှုလိုက်လေသည်။ ဘုရား၊ ဘုရား။ မိန်းကလေးတစ်ယောက်ကို အားကောင်းမောင်းသန်ကောင်က တွန်းထုတ်ပစ်လိုက်သတဲ့လား။ သူမ ခန္ဓာကိုယ်လေး သစ်ရွက်လေးတစ်ရွက်လိုပေါ့ပါး စွာ မြေပေါ်ကိုကြွေခသွား၏။ ကျွန်တော် ဝင်တားသင့်ပြီ။

အဲဒီကောင်က တွန်းထုတ်ပစ်ရုံတင်မဟုတ်၊ ပစ်လဲကျသွားတဲ့ သူမကိုသူ့လက်ခုံနဲ့ဖြတ်ရိုက်ဖို့အားယူနေစဉ်မှာပဲ ကျွန်တော် ဝင်တားမိလိုက်လေသည်။

“သူငယ်ချင်း၊ တော်သင့်ပြီထင်တယ်၊ မြင်မကောင်းဘူး၊ မိန်းကလေးတစ်ယောက်ကိုအဲဒီလောက်ထိမလုပ်သင့်ဘူး”

စိုင်းဝဏ္ဏ ကျွန်တော့်ကိုပြင်းရှစွာကြည့်သည်။

“မင်းနဲ့ဘာဆိုင်လဲ”

“ကျွန်တော်နဲ့တော့ မဆိုင်ပါဘူး၊ ဒါပေမဲ့ လူ့ပတ်ဝန်းကျင်မှာအမြင်မတင့်တယ်တဲ့မြင်ကွင်းမို့ ဝင်တားရတာပါ”

“ကောင်းပြီလေ၊ လျှာရှည်တဲ့မင်းကိုပါတစ်ခါတည်းသတ်ပစ်ပြီး ဟောဟိုကခြုံထဲမှာပစ်ထားခဲ့လိုက်ရုံပေါ့”

သူ့အိတ်ထဲက ဓါးမြှောင်ကိုလက်ခနဲတွေ့လိုက်ရသည်။ အေးချမ်းတဲ့ဘုရားရင်ပြင်၊ ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်၊ သာယာလှတဲ့ ရာသီဥတုအခြေအနေနဲ့ အခုလိုအဖြစ်အပျက်မျိုးကမလိုက်ဖက်လှပါ။ ကျွန်တော့်ကိုတောင်သတ်ပြီး ရင်ပြင်အရှေ့ဖက်ဆီ ကခြုံနွယ်တွေထဲပစ်ထားခဲ့မယ်ဆိုပဲ။ ပြုံးမိလိုက်သည်။

“အိုကေ၊ အိုကေ ကျွန်တော်လှည့်ပြန်လိုက်ပါ့မယ်၊ ပြေပြေလည်လည်ဆွေးနွေးနိုင်ဖို့မျှော်လင့်ပါတယ်”

ကျွန်တော် လှည့်ထွက်လိုက်၏။ ဝင်မပါတော့တာအကောင်းဆုံးပါပဲလေ။ ဒီနေ့ကျမှဒီနေရာကိုလာပြီး ဟိုကြည့်ဒီကြည့်ဆိုင် ကယ်လျှောက်မောင်းမိတာ မှားများမှားသွားပြီလား။ ကျွန်တော်အခုရောက်နေတဲ့ ကျောက်မဲဆေးရုံအနောက်ဖက်မှာရှိတဲ့  စိန္ဒာမုနိဘုရားရင်ပြင်နဲ့ သူတို့ရဲ့မြင်ကွင်းကလုံးဝမဆန့်ကျင်ဘက်။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း။

သူတို့ကိုကျောခိုင်းထွက်လာမိပေမယ့် ဘာတွေဆက်ဖြစ်မလဲဆိုတာနားစွင့်နေမိသည်။ သိပ်မကြာလိုက်ပါ။

“အဲဒီ ဓါးနဲ့နှင်းကိုသတ်မယ်ဆိုရင်လည်းသတ်သွားလိုက်ပါ ဝဏ္ဏ၊ ဂရုမစိုက်ဘူး၊ အေး ရှင်လည်းသေစေရမယ်”

အချစ်စိတ်က အရာရာကိုမစဉ်းစားမဆင်ခြင်နိုင်ဖြစ်သွားရသတဲ့လား။ မင်းရဲ့ပုံစံအနေအထားနဲ့ အဲဒီလောက်ပေးဆပ်ဖို့ မသင့်တော်ပါဘူးကောင်မလေးရေ။ မင်းရန်ကုန်ပြန်တာအကောင်းဆုံးဖြစ်မှာပါ။ စိုင်းဝဏ္ဏလိုကောင်တစ်ယောက်အတွက်နဲ့ ဝမ်းနည်းကြေကွဲမနေသင့်ပါဘူး။

ရုတ်တရက်ဖြန်းခနဲအသံတစ်ချက် ကျွန်တော်ကြားလိုက်ရပြန်သည်။ တစ်ယောက်ယောက်ရဲ့လွှဲရိုက်ချက်။ အဲဒီအသံ ကြောင့်ပဲ ကျွန်တော် လှည့်ကြည့်မိသွား၏။

“ဟင်”

မျက်နှာပြင်ကို လက်ဝါးနှစ်ဖက်နဲ့ဖုံးအုပ်ကွယ်ထားတဲ့ သူမကိုတွေ့လိုက်ရသည်။ ဘုရား၊ ဘုရား။ အဲဒီကောင် သူမကို ရိုက်လိုက်တာပေါ့။ မိုက်ရိုင်းလိုက်တာ။ လဲကျနေရာကနေအားယူထလာတဲ့ သူမကို ထပ်ရိုက်လိုက်တာပေါ့။ ကျွန်တော့် ရဲ့သည်းခံနိုင်စွမ်းက အဲဒီမှာတင်ကုန်ဆုံးခဲ့လေတော့သည်။

ကျွန်တော် သူရှိရာဆီကို အပြေးတစ်ပိုင်းရောက်သွားမိပြီး သူ့လက်ထဲကဓါးကိုလုယူ၊ သူ့မျက်နှာကိုဆင့်ကဲဆင့်ကဲ ပိတ်ထိုးမိ နေတော့သည်။ အဖြစ်အပျက်ကမြန်ဆန်လွန်းတာကြောင့် သူကျွန်တော့်ကိုပြန်ခုခံဖို့မကြိုးစားနိုင်ပါ။

“ကဲကွာ၊ မှတ်ထား၊ မိန်းကလေးတစ်ယောက်ကိုအနိုင်ကျင့်ချင်ဦး”

သူ့ကိုလည်းထိုးရင်း၊ ပါးစပ်ကလည်းတတွတ်တွတ်ရေရွတ်ရင်းနဲ့ သူမရဲ့ဟန့်တားသံလေးကိုတောင်မကြားနိုင်တော့။ ကျွန် တော့် ကျောကုန်းဆီကိုသူမရဲ့နူးညံ့တဲ့လက်အစုံရောက်လာဟန့်တားမှသာ ကျွန်တော်သတိပြန်ဝင်နိုင်ခဲ့လေသည်။ အဲဒီအ ချိန်မှာတော့ ဟိုကောင်ပြန်ခုခံနိုင်စွမ်းမရှိရုံတင်မဟုတ်၊ လဲကျနေရာကနေပြန်မထနိုင်တော့တဲ့အခြေအနေအထိတောင်ဖြစ် သွားလေပြီ။

“ငါ့အတွက်တော့မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့တဲ့အရာ၊ တန်ဖိုးထားရမယ့်အရာပဲဟေ့ကောင်၊ နောက်ငါ့ရှေ့မှာဒါမျိုးဖြစ် လို့ကတော့ ဒီထက်ပိုနာမယ်မှတ်”

မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်မိုးပြီး လဲကျနေရာကနေ ပြန်မထနိုင်သေးတဲ့စိုင်းဝဏ္ဏကို ပြောချင်ရာပြောပြီးသူမရှိရာဆီကို လှည့်ကြည့်လိုက်သည်။

“ဟင်”

ကျေးဇူးတင်စိတ်၊ ကြောက်စိတ်တွေနဲ့ကြည့်နေတဲ့ သူမမျက်ဝန်းတွေကို ရင်ခုန်စွာတွေ့လိုက်ရသည်။

“နှင်း  အဆင်ပြေရဲ့လား”

ခုမှစတွေ့ပြီး မိတ်လည်းမဆက်ရသေးပေမယ့် ပိုင်စိုးပိုင်နင်းဆန်စွာနှင်းလို့ပဲခေါ်လိုက်မိ၏။ ကျွန်တော့်အမေးကို သူမခေါင်းခါ ပြသည်။ အင်းပေါ့။ ဒီလောက်အေးစိမ်းနေတဲ့ရာသီဥတုမျိုးမှာ ခလုတ်တိုက်တာကအစနာကျင်နေတာ၊ ယောင်္ကျားအားနဲ့လွှဲ ရိုက်ခံရတာ မနာကျင်ဘဲနေပါ့မလား။ အသားနာကျင်မှုအပြင် ရင်ဘတ်ထဲမှာပါဝေဒနာတွေပြင်းထန်နေခဲ့မှာပေါ့။ ကျွန်တော် သူမ ကိုဂရုဏာသက်စွာကြည့်မိပါသည်။

“ဘယ်သွားမှာလဲ လာ ကျွန်တော်လိုက်ပို့ပေးမယ်လေ”

စိုင်းဝဏ္ဏ ရှိရာကိုသူမ တစ်ချက်လှည့်ကြည့်သည်။

“ရပါတယ်၊ အဲကောင်ကိုထားခဲ့လိုက်၊ ခဏနေရင်ပြန်ထလာလိမ့်မယ်၊ မသေသေးတာတော့သေချာတယ်”

ဆိုင်ကယ်ရပ်ထားရာနေရာဆီကို သူမ လိုက်လာခဲ့သည်။ ငြိမ်သက်တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်အခြေအနေမှာ သူမ ရော၊ ကျွန်တော်ရော စကားတစ်ခွန်းမှမပြောဖြစ်ကြပါ။ မနက်ခင်းကျေးငှက်လေးတွေရဲ့တေးသီသံတွေကိုတော့ တစ်ချက် တစ်ချက်ကြားနေရသည်။

“ကျွန်တော်ဘယ်လိုက်ပို့ရမလဲဗျ”

အဲဒီမေးခွန်းကသူမကိုတွေဝေသွားစေသည်။ အချိန်အတော်ကြာစဉ်းစားယူရ၏။

“ဟို….နှင်းကသူငယ်ချင်းအိမ်မှာတည်းတာ၊ အဲဒီအိမ်ဘယ်နေရာမှာရှိတယ်ဆိုတာလဲနှင်းမသိဘူး၊ ဒီမနက်စိုင်းဝဏ္ဏခေါ်တဲ့ ဒီနေရာဆီကိုလိုက်လာတာ၊ နှင်းကရန်ကုန်ကပါ၊ ကျောက်မဲကိုအခုမှပထမဦးဆုံးရောက်ဖူးတာ”

စကားသံချိုချိုလေးတွေက အခုမှပီပြင်စွာထွက်ပေါ်လာ၏။ ဒေါသသံမပါတော့တဲ့ လေသံကကျွန်တော့်နားထဲချိုမြိန်စွာ စီးဆင်းသွားလေသည်။

“အော်၊ ဟုတ် အဲဒါဆိုရင်လည်းတည်းတဲ့အိမ်ကတစ်ယောက်ယောက်ဆီကိုဖုန်းဆက်လိုက်လို့အဆင်ပြေမလား၊ ဗဟိုဈေး နားက မနန်းမြတ်ခေါက်ဆွဲဆိုင်ကိုလာခဲ့လိုပြောလိုက်၊ နှင်း အဲဒီမှာမနက်စာစားရင်စောင့်ပေါ့၊ ကျွန်တော် အဲဒီဆိုင်အထိ နှင်းကိုခေါ်သွားပေးမယ်လေ”

သူမ ခေါင်းညိတ်ပြီး အနွေးထည်အိတ်ကပ်ထဲကဖုန်းကိုထုတ်ယူကာ ခေါ်လိုက်သည်။ ဖုန်းက တော်ရုံနဲ့ခေါ်လို့မရ။ အဲလိုပဲ၊ ဖုန်းကတစ်ချက်တစ်ချက်ခေါ်ရခက်တာကြောင့် ဆိုင်ရောက်မှပဲခေါ်တော့ဖို့ပြောလိုက်၏။

“လာ တက်”

အခုမှ မြင်ဖူးပြီး မရင်းလည်းမရင်းနှီးသေးတဲ့လူစိမ်းတစ်ယောက်ရဲ့ဆိုင်ကယ်ကို စီးဖို့အတွက်သူမ ကြောင်မနေပါ။ အဲဒီ အတွက် တိတ်တခိုးကျေးဇူးတင်မိပါသည်။ ဒီလောက်ချစ်စရာကောင်းလွန်းတဲ့မိန်းကလေးတစ်ယောက် ကျွန်တော့်ဆိုင် ကယ်ပေါ်ကိုရောက်လာလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးပါ။ ကျောက်မဲဆေးရုံကနေ ကားလမ်းမဖက်ကိုအဆင်းလမ်း က နိမ့်ချည်မြင့်ချည်ဆိုပေမယ့် ကျွန်တော့်ခါးကိုသူမ မဖက်ခဲ့ချေ။

အေးမြသာယာတဲ့ဆောင်းမနက်ခင်းတစ်ခု၊ ကျွန်တော့်ဆိုင်ကယ်နောက်မှာ နှစ်လိုဖွယ်အပြည့်ရှိလှသော မိန်းမချောလေး တစ်ယောက်၊ အိုး..ဘယ်လောက်တောင်သာယာလိုက်ပါသလဲ။ သူမအတွက်ကတော့ ပူလောင်တဲ့မနက်ခင်းတစ်ခုဖြစ် ကောင်းဖြစ်လိမ့်မည်။ သစ္စာမရှိတဲ့ချစ်သူဆီကို ရန်ကုန်ကနေလိုက်လာပြီးစာရင်းရှင်းနေရတဲ့အဖြစ်။

“ဘယ်နေ့ကရောက်တာလဲဗျ”

“ဒီမနက်ပါ”

အော်။ သူမ အနားတောင်မယူရသေးပါလား။

“ဒါဆို ဘယ်ကိုမှမလည်ရသေးဘူးပေါ့”

“အင်း ဟုတ်တယ်”

ကျွန်တော်မေးသမျှကို တိုပြတ်ပြတ်ဖြေသည်။ အင်းပေါ့။ ဘယ်စိတ်ကြည်လင်ပါ့မလဲ။ ကျွန်တော်နားလည်ပေးလိုက်၏။ ဗဟိုဈေးနားက အစ်မရဲ့ခေါက်ဆွဲဆိုင်လေးဆီကိုခေါ်လာခဲ့သည်။ နေရောင်ထွက်ခါစအချိန်ရောက်နေပြီမို့ အအေးဓါတ်က အနည်းငယ်လျော့လာ၏။ အစ်မရဲ့ဆိုင်မှာတော့ လူစည်ကားလို့ကောင်းတုန်းအချိန်။

“လာ နှင်း၊ ထိုင်နော် ဒါကျွန်တော့်အစ်မဆိုင်ပါ၊ ကျွန်တော်တို့မြို့ကိုလာတဲ့ဧည့်သည်ဆိုတော့ ကျွန်တော်ကမနက်စာကျွေး ချင်ပါတယ်၊ ဘာစားမလဲမှာနော်၊ နေဦး ကျွန်တော်မီနူးယူပေးမယ်”

လူရှင်းတဲ့နေရာတစ်နေရာဆီမှာ သူမကိုထိုင်စေရင်း ဆိုင်ထဲဝင်ကာ မီနူးလာရှာမိ၏။ တကယ်တော့ အစ်မဆိုင်မှာကမီနူးဆို တာမလို။ ဒီဆိုင်မှာဘာရတယ်၊ ဘာကောင်းတယ်ဆိုတာ လာစားတဲ့သူတွေအားလုံးနီးပါးကသိပြီးသား။ နှင်းတို့လိုခဏတာ လာလည်တဲ့ဧည့်သည်တွေကလွဲရင်ပေါ့။

“အစ်မ ကျွန်တော့်ဧည့်သည်ပါလာတယ်၊ မုန့်ကျွေးချင်လို့၊ မီနူးဘယ်မှာထားလဲ၊ ပေးပါဦး”

မုန့်တွေပြင်ရင်းလက်မလည်နိုင်သော အစ်မက ကျွန်တော့်ကိုတစ်ချက်ကြည့်သည်။ ကျွန်တော်ခေါ်လာတဲ့ဧည့်သည်ကိုစူး စမ်းကြည့်ရင်းတစ်ချက်မဲ့ပြ၏။

“ငါဘာမီနူးမှမထားတော့တာကြာပြီလေမောင်လေးရယ်၊ နင်ကလည်း ဆိုင်မှာဘာရတယ်ဆိုတာအလွတ်ရွတ်ပြလိုက်ပေါ့၊ သွား..ဧည့်သည်ကဟိုကောင်မလေးလား၊ ချစ်စရာလေးဟယ်၊ ဘာလဲ နင့်ရည်းစားလား”

“ဟာ အစ်မကတော့လုပ်ပြီ၊ အဲဒါ ရန်ကုန်ကဧည့်သည်ဗျ၊ ကြားသွားရင်အားနာစရာကြီး”

ကျွန်တော် သူမရှိရာဆီကိုရောက်လာခဲ့၏။ ဖုန်းခေါ်ရင်းအလုပ်ရှုပ်နေတဲ့ သူမမျက်နှာလေးကိုခဏတာငေးကြည့်နေမိသည်။

“ဟိုလေ..မီနူးတွေဘာတွေပြမနေတော့ပါဘူး၊ ခေါက်ဆွဲ၊ အင်း ခေါက်ဆွဲဆိုတာ ရှမ်းခေါက်ဆွဲကိုပြောတာ၊ မြီးရှည်၊ ဆန်စီး၊ တိုဟူးနွေး ဘာစားမလဲနှင်း၊ ဆာခုမ့် တို့ဝက်သားချဉ်တို့မုန်ညင်းပေါင်းတို့က နေ့လည်မှရမယ်”

“နှင်းကို မြီးရှည်ပဲပေးပါနော်၊ ဖုန်းဆက်တာဆက်လို့မရဘူးဖြစ်နေတယ်၊ ဘယ်လိုလုပ်ရမလဲ”

ကျွန်တော်သူမအတွက် မြီးရှည်တစ်ပွဲအမြန်ဆုံးပြင်လာခဲ့၏။ သူမ စားနေတဲ့ပုံစံကိုငေးရင် ဘာလုပ်သင့်သလဲဆိုတာကိုဝိုင်း စဉ်းစားပေးမိသည်။

“နှင်း လမ်းလေးတစ်နေရာလောက်ကိုမမှတ်မိဘူးလားဟင်”

“အင်း၊ မနက်ရောက်ရောက်ချင်းပဲသူငယ်ချင်းက ရွှေကျောက်မဲကားဂိတ်မှာလာကြိုတယ်၊ ပြီးတော့ သူ့ဆိုင်ကယ်နဲ့ပဲတည်း ဖို့သူ့အိမ်ကိုခေါ်သွားတာ၊ လမ်းမှာဈေးတွေရော၊ တောင်ကုန်းလေးတွေရောဖြတ်ခဲ့တယ်၊ လုံးချင်းတိုက်လေးတွေတန်းစီရှိ နေတဲ့နေရာတွေရော အများကြီးပဲ သေချာတော့မမှတ်မိဘူး၊ အိမ်မှာအထုပ်အပိုးတွေကိုချပြီးပြီးချင်းမှာပဲ စိုင်းဝဏ္ဏလာခေါ် တာ”

ကျွန်တော်တို့စကားပြောနေရင်းမှာပဲ သူမရဲ့လက်ကိုင်ဖုန်းလေးမြည်လာလေသည်။ သူမတည်းတဲ့အိမ်ကထင်ပါရဲ့။ သူမ မျက်နှာလေးပြုံးရိပ်သန်းလာသည်။ လိပ်စာမှတ်ဖို့အတွက် ကျွန်တော့်ဆီကိုဖုန်းလှမ်းပေး၏။ အင်း ပုံစံအရတော့ လိုက်ပို့ရ မယ်ထင်ပါရဲ့။ (၉) ရပ်ကွက်၊ အပိုင်း (၁၁) တဲ့။ အိုး..ကျွန်တော်တို့ရပ်ကွက်ပဲ။ ကျွန်တော်တို့အိမ်နဲ့မလှမ်းမကမ်းမှာ သူမ တည်းတာပေါ့။ သိမ့်သီတာတို့အိမ်မှာ။ သိပ်သိတာပေါ့။

“သိမ့်သီတာတို့လင်မယားနှစ်ယောက်စလုံးက ကျွန်တော်နဲ့သိပါတယ်၊ နှင်း နဲ့သူငယ်ချင်းတွေလား”

သူမခေါင်းညိတ်သည်။ မြီးရှည်ကို မြိန်ယှက်စွာစားနေတဲ့ပုံကိုတိတ်တခိုးကြည့်ရင်း ရင်ခုန်လာသည်။ သူမစားအပြီးမှာတော့ ပိုက်ဆံအိတ်ကပ်လေးကိုထုတ်ကာ ငွေရှင်းဖို့ပြင်သည်။

“နေ နေ နှင်း၊ ကျွန်တော်ကျွေးမယ်လို့ပြောထားတယ်လေ၊ ဒါကျွန်တော်တို့မောင်နှမနှစ်ယောက်ရဲ့ဆိုင်ပါ”

သူမကိုပြောထားပေမယ့်  ကျွန်တော့်စကားတွေကိုသူမအာရုံလာပုံမရ။ ဘုရားရင်ပြင်နားမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကိုပဲ တွေးနေပုံရသည်။

“အားနာစရာကြီးရှင်”

“အားမနာပါနဲ့၊ ကျွန်တော်တို့မြို့ကိုလာလည်တဲ့ဧည့်သည်ကို ဧည့်ဝတ်ကျေရမှာပါ၊ လာလေ နှင်း၊ နှင်းတည်းတဲ့အိမ်ကိုကျွန် တော်လိုက်ပို့မယ်”

တောင်တန်းတွေ ပတ်ပတ်လည်ဝန်းရံနေတာကိုမြင်နေရတဲ့ ကျွန်တော်တို့ရပ်ကွက်လေးဆီကို သူမ ကိုခေါ်လာခဲ့ပါသည်။ ဒီမြို့မှာ အလှဆုံးနေရာက ကျွန်တော်တို့ရပ်ကွက်လို့ပဲ ကျွန်တော်ကသတ်မှတ်ထားသည်။ ငယ်ငယ်ကတည်းကတက်ခဲ့တဲ့ အထက (၂) ကျောင်းနဲ့လည်းနီးသည်။ ဈေးနဲ့လည်းသိပ်မဝေးလှ၊ ဘေးအိမ်ကလင်မယားရဲ့မကြာခဏရန်ဖြစ်သံကလွဲရင် အေးချမ်းဆိတ်ငြိမ်လှသည်။ ကျွန်တော်နေတဲ့ရပ်ကွက်ထဲမှာသူမ လာတည်းတာကိုအကြောင်းပြုပြီး သူမနဲ့ကျွန်တော်ရင်းနှီး ခွင့်ရဖို့မျှော်လင့်မိသည်။

“ဒီအိမ်ပဲ၊ ဟုတ်လား နှင်း”

“အင်း၊ ဟုတ်တယ်”

အိမ်ရှေ့မှာသိမ့်သီတာလာစောင့်နေလေသည်။ ဆိုင်ကယ်ပေါ်ကဆင်းပြီးတာနဲ့ ကျွန်တော်သူမ ကိုနှုတ်ဆက်စကားဆိုလိုက် ၏။ နောက်နေ့ပြန်တွေ့နိုင်မယ့်အကြောင်းကိုမျှော်လင့်မိပါရဲ့။

“အားလုံးအတွက် ကျေးဇူးအများကြီးတင်ပါတယ်နော်၊ ရှင့်နာမည် ဘယ်လိုခေါ်လဲဟင်”

ကျွန်တော့်ကိုနောက်ထပ်မတွေ့ရတော့မယ့်လူများထင်နေလေသလားမသိပါ။ ကျေးဇူးသိမ်းကျူံးပြီးတင်လိုက်၏။

နောက် တစ်နေ့မှာ ပုံစံတစ်မျိုးနဲ့ကျိန်းသေပြန်လည်တွေ့ဆုံရလိမ့်မယ်ဆိုတာ ကျွန်တော်မျှော်မှန်းပြီးသားမို့ သူမနှုတ်စကား ကိုပြုံးပြုံးလေး နားထောင်လိုက်သည်။ ကျွန်တော့်နာမည်ကို သူမမှတ်မိအောင် ပုံမှန်ထက်ခပ်ကျယ်ကျယ်လေးရေရွတ်ပြ လိုက်၏။

“စိုင်းလုံ”

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx