မြစိမ်းရောင်လွင်ပြင် အပိုင်း (၂)

(၂)

“စိုင်းဝဏ္ဏ …ရုတ်တရက်ကြီးပျောက်သွားလို့”

အဲဒီသတင်းနဲ့အတူ သူမကျွန်တော့်ဆီကိုနောက်တစ်နေ့ မိုးလင်းလင်းချင်းရောက်လာခဲ့သည်။ သူမကိုတက်ကြွပျော်ရွှင်နေ တဲ့ပုံစံမျိုးနဲ့သာမြင်တွေ့ရဖို့မျှော်လင့်ထားတာ။ အခုလိုမျိုးစိုးရိမ်ပူပန်စိတ်တွေနဲ့တွေ့ရပြန်တော့ သနားမိသွားကာသူမလိုချင် တာကိုဖြည့်ဆည်းပေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာခဲ့လေသည်။ သူမရောက်လာတဲ့အချိန်က ကျွန်တော်တို့မောင်နှမ နှစ်ယောက်ဆိုင်စခင်းတဲ့အချိန်။ ဟင်းရည်နွှေးဖို့ မီးမွှေးပြီးခါစအချိန်။

“ဟင် ဟုတ်လား၊ မနေ့က ဘုရားပေါ်မှာနောက်ဆုံးတွေ့ပြီးနောက်ပိုင်းထပ်မတွေ့တော့တာလား”

“ဟုတ်တယ်”

သူမဘေးမှာ သိမ့်သီတာပါလာခဲ့သည်။

ဝေလီဝေလင်းဆောင်းမနက်ခင်းက ခါတိုင်းထက်အေးမြနေသယောင်။ စကားပြောလိုက်တိုင်းအာငွေ့လေးတွေတလူလူ ထွက်နေတာကိုက သဘာဝအလှတစ်မျိုးပင်။ သိုးမွှေးအနွေးထည်ထူထူအဖြူရောင်နဲ့ သူမရဲ့အလှကဆောင်းမနက်ခင်းနဲ့ အတူ အေးမြစွာ။

“ပြောပါနှင်း၊ ကျွန်တော်ဘာကူညီရမလဲ”

အခုချက်ချင်းဆိုရင်တော့ ကျွန်တော်မအားဘူးလို့ပြောမိမလားမသိ။ မနက်ဆိုင်ဖွင့်ချိန်ဆိုရင်အစ်မကိုဝိုင်းကူ၊ ဆိုင်မှာလုပ် ပေးနေတဲ့ ကောင်မလေးတွေရောက်လာမှသာကျွန်တော်အားတတ်တာ။

“ဟို…မနေ့ကနေရာမှာသွားရှာမလို့ အဲဒါဘယ်နေရာလဲမသိတာနဲ့လာမေးတာ”

“အော်၊ ဆေးရုံအနောက်ကဘုရားဆိုရင်သိမ့်သီတာသိတယ်လေနှင်းရဲ့၊ စိန္ဒာမုနိဘုရား”

“အေး သူပြောတော့ပြောတယ်စိုင်းလုံရဲ့၊ ငါတို့လည်းသွားရှာမယ့်အတူတူ လမ်းမှာခေါက်ဆွဲလည်းဝင်စားရင်း၊ မေးရင်းနဲ့ နင်ရှိတဲ့နေရာကိုရောက်လာခဲ့တာ”

“အော်၊ ခေါက်ဆွဲစားမှာလား၊ ထိုင်လေ၊ ခဏလေးစောင့် ရတော့မယ်”

ကျွန်တော် သူမတို့နှစ်ယောက်ထိုင်ဖို့နေရာပြင်ပေးလိုက်၏။ အစ်မက ကျွန်တော့်ကိုမေးငေါ့ကာ ဘာလဲဆိုတဲ့သဘောနဲ့လှမ်း မေးသည်။

“စိုင်းဝဏ္ဏပျောက်သွားလို့တဲ့အစ်မရေ၊ တွေ့မိသေးလား”

အစ်မက ဈေးထဲမှာအနေများသူမို့ ကျွန်တော့်ထက်လူတွေနဲ့အထိအတွေ့ပိုများသည်။ ကျွန်တော်ကတော့ဆိုင်အထွက်၊ ဆိုင် အသိမ်းလောက်သာဈေးထဲရောက်ဖြစ်၏။ ကျန်တဲ့အချိန်ဆိုဟိုနေရာဒီနေရာဆိုင်ကယ်လျှောက်မောင်းလိုက်၊ လိမ္မော်ခြံထဲ ခဏတစ်ဖြုတ်သွားလိုက်နဲ့လည်ပတ်နေတာပင်။

“ဟဲ့ စိုင်းဝဏ္ဏဆိုတာ (၂) ကွက်ထဲကမျိုးဇော်အောင်ညီမှလား၊ ရန်ကုန်မှာသင်တန်းတက်ပြီးပြန်လာတယ်ဆိုတာလေ၊ ရုပ် ကလေးဖြောင့်ဖြောင့်နဲ့လေ”

“ဟုတ်တယ်၊ ဟုတ်တယ် အစ်မ”

သိမ့်သီတာဝင်ထောက်ခံလိုက်၏။ အစ်မက ခဏတာစဉ်းစားဟန်ပြုသည်။

“တစ်နေ့ကတော့ ကောင်မလေးတစ်ယောက်နဲ့ဒီကိုလာစားသေးတယ်၊ မနက်စောစောပဲ၊ သီပေါသွားမလို့ဆိုလားပြောသံ တော့ကြားတယ်၊ သူခေါ်လာတဲ့ကောင်မလေးကဒီကတော့ဟုတ်ပုံမရဘူး၊ တစ်ခါမှမမြင်ဖူးလို့၊ အင်း မနေ့ကတော့မတွေ့ ဘူး၊ ဟုတ်တယ် ဖြတ်သွားဖြတ်လာတောင်မတွေ့မိဘူး၊ ညီမလေးတို့ခေါက်ဆွဲပဲစားမှာမှလား၊ အစ်မပြင်လိုက်မယ်၊ ဟဲ့ မောင်လေး ဝိုင်းမှာ ဝက်ခေါက်ကြော်သွားချချည်”

အစ်မကစကားလည်းပြော နှင်းတို့စားဖို့အတွက်ခေါက်ဆွဲလည်းပြင်ပေးနေသည်။ သိပ်မကြာခင်မှာပဲ ခေါက်ဆွဲနှစ်ပွဲချပေး လာသည်။ ကျွန်တော်ကတော့ ဝက်ခေါက်ကြော်ကိုစားပွဲဝိုင်းမှာချပေးရင်း နှင်းတို့နားထိုင်နေလိုက်သည်။ ဆိုင်စခင်းပြီးဆို တာနဲ့ လာစားတဲ့သူတွေတဖြည်းဖြည်းရောက်လာသည်။ လူများလာတာနဲ့အစ်မလက်မလည်တော့၊ စကားပြောချိန်တောင် မရတော့ဘဲ မှာသမျှတွေပြင်ပေးဖို့လုပ်ရသည်။ အကူကောင်မလေးနှစ်ယောက်လည်းမရှေးမနှောင်းရောက်လာ၏။

“ယောင်္ကျားလေးပဲ နှင်းရဲ့၊ သူငယ်ချင်းအိမ်မှာအိပ်တာတို့၊ ခရီးလွန်နေတာတို့ရှိမှာပေါ့၊ သိပ်လည်းစိတ်မပူပါနဲ့”

ခေါက်ဆွဲကို တူနဲ့မွှေရင်း သူမ ကျွန်တော့်ကိုကြည့်သည်။ အိုး သာယာလိုက်တာ၊ သူမအကြည့်ထဲကျွန်တော်ပျော်ဝင်သွားမိ သည်။ မဖြစ်သေးပါဘူးလေ၊ ငါဘာလို့အဲဒီလောက်ထိစွဲလန်းတတ်သွားရတာပါလဲ။

“မဟုတ်ဘူး၊ သမားရိုးကျပျောက်တာမဟုတ်ဘူးလို့နှင်းထင်တယ်၊ သူ့အိမ်ကလည်းစိတ်ပူလို့လိုက်ရှာနေကြတယ်တဲ့၊ ဖုန်း လည်းဆက်လို့မရဘူးလေ၊ သူ့အိမ်ကိုတော့ နောက်ဆုံးတစ်ခေါက်ဖုန်းဆက်သေးတယ်တဲ့၊ ဘယ်အချိန်လဲတော့အတိအကျ မသိဘူး၊ ဒါပေမဲ့ သူဖုန်းဆက်တော့ အန္တရယ်တစ်ခုခုတွေ့နေရတဲ့လေသံနဲ့ဆက်တာ..သူ့အစ်ကိုကိုအကူအညီတောင်းတာ လို့သိရတယ်”

“ဘယ်လို နှင်း”

သူမ ရဲ့ပန်းကန်ထဲကခေါက်ဆွဲငွေ့တစ်ထောင်းထောင်းက လေထဲကိုတစ်စတစ်စလွင့်ပြယ်လာသည်။ အခုနေမစားရင်တော့ သိပ်မကြာခင်မှာ အေးကုန်တော့မယ် ထင်ပါရဲ့။

“အစ်ကို ကျွန်တော့်ကိုကယ်ပါ၊ ကျွန်တော်ဒုက္ခရောက်နေပြီ ဆိုပြီးပြောတာတဲ့၊ အဲဒါကြောင့် အားလုံးကစိတ်ပူနေကြတာ၊ နှင်းလည်း နှင်းပယောဂကြောင့်ထင်မှာစိုးလို့စိတ်ပူရတာပါ”

ပြသနာတစ်ခုခုတော့ တက်နေပြီဆိုတာ ကျွန်တော်သဘောပေါက်လိုက်၏။ ကျွန်တော်သူ့ကိုလွန်လွန်ကျူးကျူးကိုယ်ထိ လက်ရောက်ပြုမှုခဲ့သေးသည်။

“မဆိုင်ဘူးလေနှင်းရယ်၊ ကျွန်တော်တို့ထွက်လာတာ မနက်စောစောအချိန်ပဲရှိသေးတယ်”

သူမ ကိုနှစ်သိမ့်စကားပြောလိုက်ပေမယ့် ကျွန်တော့်ရင်ထဲတွေဝေစဉ်းစားစရာတွေများသွားလေသည်။ ဒီကောင်ဘယ်လို လုပ်ပျောက်သွားတာလဲ။ ကျွန်တော်ထိုးလိုက်လို့ ပြန်မထနိုင်စရာအကြောင်းတော့မရှိပါဘူး။ တောကောင်တစ်ကောင် ကောင်များ …အဲဒီနေရာက လူပေါင်းများစွာလာတဲ့နေရာ၊ မဖြစ်နိုင်ပါဘူး။

“ဟုတ်တော့ဟုတ်ပါတယ်”

“နှင်းသူ့ကိုသိပ်ချစ်တာပဲလားဗျ”

သူမ ဘေးနားက သိမ့်သီတာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ရှက်အမ်းအမ်းတော့ဖြစ်မသွားပါ။ အဲဒီမေးခွန်းကို ကျွန် တော်အရဲစွန့်ပြီးမေးလိုက်ခြင်းပင်။ အဲဒီစကားကိုကျွန်တော်မမေးသင့်မှန်းသိတာပေါ့။ သူမနဲ့ကျွန်တော်က ရင်းနှီးတဲ့အနေအ ထားလည်းမဟုတ်သေး၊ သူငယ်ချင်းလည်းမဖြစ်သေးတာ။

“ချစ်ခဲ့မိပါတယ်၊ ဒါပေမဲ့ အခုကဆန့်ကျင်ဖက်ကိုပြောင်းသွားခဲ့ပြီ စိုင်းလုံ၊ နှင်းသူ့ကိုလိုက်ရှာပေးချင်တယ်ဆိုတာကစိတ်ပူ လွန်းလို့မဟုတ်ဘူး၊ နှင်းပယောဂမကင်းဘူးဖြစ်မှာစိုးလို့ပါ”

ရင်ထဲမှာ ကျေနပ်စွာပင်လှိုက်လှိုက်လှဲလှဲပြုံးပြမိလိုက်၏။ ကျေးဇူးတင်လိုက်တာနှင်းရယ်။

“အဲဒီတော့ နှင်းကဘယ်နေရာတွေမှာလိုက်ရှာချင်တာလဲ၊ နှင်းနဲ့သူနဲ့ကတစ်မနက်ပဲတွေ့ပြီးပျောက်သွားတာလေ၊ သဲလွန်စ ကျန်နိုင်တယ်လို့ယူဆရတာက ဘုရားရင်ပြင်ပေါ်တစ်ခုပဲရှိတယ်”

“အင်း၊ အခုလည်းအဲဒီကိုပဲအရင်သွားကြည့်ပြီးဘာတွေများအစအနရနိုင်မလဲကြည့်ချင်တာ”

“ကောင်းပြီလေ၊ ကျွန်တော်ကနှင်းကိုခေါ်လာခဲ့တာဆိုတော့ ကျွန်တော်ပါလိုက်ခဲ့ပါရစေ၊ ဖြည်းဖြည်းစားပြီးမှသွားကြတာ ပေါ့၊ အဲဒီမှာဘာသဲလွန်စမှမတွေ့ခဲ့ဘူးဆိုရင်လည်း စိုင်းဝဏ္ဏသွားတတ်တဲ့နေရာတွေမှာ ရှာကြည့်ကြတာပေါ့”

“စိုင်းလုံက သူသွားတတ်တဲ့နေရာတွေကိုသိလို့လား”

“သိပါတယ်၊ ကျွန်တော်တို့သူငယ်ချင်းတွေသွားသွားတတ်တဲ့နေရာအားလုံးမှာသူလည်းသွားတတ်တယ်၊ တစ်ခုတော့ရှိတာ ပေါ့လေ၊ ကျွန်တော်တို့ကသူငယ်ချင်းအုပ်စုလိုက်သွားကြတာ၊ သူကတော့ကောင်မလေးတစ်ယောက်ယောက်နဲ့ အိုး ဆော ရီး…”

စကားပြောရင်း အရှိန်ကောင်းလာတာနဲ့ သူမရဲ့ခံစားချက်ကိုမေ့သွားမိ၏။

“ရပါတယ်စိုင်းလုံ၊ နှင်းရင်ထဲမှာ သူနဲ့ပတ်သက်လို့ဘာမှမရှိတော့ပါဘူး၊ အားလုံးကိုထုတ်ပစ်လိုက်ပြီးပါပြီ”

ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။ သိပ်ကောင်းတာပေါ့နှင်းရယ်။

“နှင်း အဲဒါဆိုစိုင်းလုံကလိုက်ပို့ပေးမယ်ပြောလိုက်တာပဲ၊ အတော်ပဲဟ ငါတို့ချည်းပဲလိုက်ရှာနေရင်ခရီးတွင်မှာမဟုတ်ဘူး၊ သူတို့ယောင်္ကျားချင်းကျတော့ ဘယ်နေရာဘာသွားလုပ်တယ်ဆိုတာငါတို့ထက်ပိုသိတယ်လေ၊ နင်သိတဲ့အတိုင်းငါ့ယော င်္ကျားကလည်း အလုပ်မှာတစ်ချိန်လုံးနေတဲ့အခါကျတော့ အိမ်မှာမိုးချူပ်မှပြန်ရောက်တတ်တော့အားမကိုးရဘူး”

သိမ့်သီတာက သူမရဲ့လက်ကလေးကိုပုတ်လိုက်ရင်းဝမ်းသာအားရဖြစ်သွား၏။

“အားနာစရာကြီး စိုင်းလုံရယ်”

မခို့တရို့အကြည့်တစ်စုံနဲ့ ကျွန်တော့်ကိုအားနာစကားဆိုလာတော့ ရပါတယ်လို့ပဲပျာပျာသလဲဖြေလိုက်မိသည်။ အမှန်တော့ ကျွန်တော်ပြောချင်တာက “နှင်းအတွက်ဆို တတ်နိုင်သမျှအရာအားလုံးကို ဆောင်ရွက်ပေးချင်တာပါ” လို့ပေါ့။

“ကဲ နှင်း၊ ငါတို့တတ်နိုင်သမျှရှာကြမယ်၊ စိတ်မပူနဲ့ဟုတ်ပြီလား၊ လက်ရှိအချိန်ဟာအကောင်းဆုံးအချိန်ပဲ၊ နင့်ခေါက်ဆွဲတွေ အေးကုန်ပြီ၊ စားလိုက်ဦး၊ ဒီဆိုင်ကငါတို့ကျောက်မဲမှာအကောင်းဆုံးဆိုင်လေ”

“ဟုတ်လား”

သူမ အခုမှအရသာခံစားကြည့်နေ၏။ တစ်လုတ်နှစ်လုတ်လောက်ဆက်တိုက်စားအပြီးမှာတော့ ချီးကျူးစားဆိုလေသည်။

“ဟုတ်ပါရဲ့ နှင်းစားဖူးသမျှရှမ်းခေါက်ဆွဲတွေထဲမှာ အရသာအကောင်းဆုံးလို့ထင်တယ်”

“စိုင်းလုံတို့မေမေလက်ရာကဒီထက်ကောင်းတယ်နှင်းရဲ့၊ ဆိုင်လည်းဒီထက်ကြီးတယ်၊ လူတွေလည်းကျိတ်ကျိတ်တိုးနေတာ ပဲ၊ ရှမ်းရိုးရာအစားအသောက်အကုန်ရတယ်၊ အားလုံးကဒီမြို့ရဲ့အကောင်းဆုံးလက်ရာချည်းပဲ၊ အခု စိုင်းလုံတို့မေမေဆုံးပြီး နောက်မှာတော့ မမနန်းမြတ်က အမယ်စုံမရောင်းတော့ဘူး၊ ဆိုင်ကိုလည်းချုံ့လိုက်ပြီးတစ်ပိုင်တစ်နိုင်ပဲရောင်းတော့တာ၊ လက်ရာကတော့ အမေဖြစ်သူကိုမမီဘူးဆိုပေမယ့် ကျောက်မဲမှာအကောင်းဆုံးဆိုတဲ့နာမည်ကိုတော့ပိုင်ဆိုင်ထားဆဲပဲ”

“ဟုတ်လား၊ ရှမ်းရိုးရာအစားအစာ အစုံဆိုရင်တော်တော်များမှာပေါ့နော်”

သူမ ကစိတ်ဝင်တစားမေးလာတော့ ကျွန်တော်ကလည်းစိတ်လိုလက်ရပြောပြမိ၏။

“အင်း အမေရှိတုန်းကတော့ တော်တော်စုံတယ်၊ ဆိုင်လည်းအခုလိုပုံစံမျိုးမဟုတ်ဘူးနှင်းရ၊ ဆိုင်ထဲအဝင်မှာရှမ်းခမောက် ရယ် ဓါးနှစ်လက်ရယ်ကိုချိတ်ပြီးအလှဆင်ထားတယ်၊ ဆိုင်နံရံတွေကိုလည်းချစ်စရာကောင်းအောင် ဝါးထရံလက်ကွက်လှ လှလေးတွေကို အငှားအပ်ပြီးကာထားတယ်၊ ခုံလေးတွေကတော့ သစ်သားခွေးခြေလေးတွေနဲ့သစ်သားစားပွဲဝိုင်းဝိုင်းလေး တွေပေါ့၊ အစားအသောက်ကတော့ မနက်တစ်ပိုင်းပဲရောင်းတယ်၊ ဒါပေမဲ့ အမယ်တော့စုံအောင်ရောင်းတယ်၊ ခေါက်ဆွဲ၊ မြီးရှည်၊ ဝက်သားချဉ်၊ အမဲချဉ်၊ ထမင်းဝါ၊ ယာမုတ်၊ မှိုပေါင်း၊ အမဲလုံးခေါက်ဆွဲ စတာတွေပေ့ါ၊ အမေ့ဆိုင်ကခေါက်ဆွဲအ ရည်ဖျော်ရယ်၊ ကောက်ညှင်းပေါင်းရယ်၊ ဝက်ခေါက်ကြော်ရယ်ကိုမနက်စာအဖြစ်တွဲစားဖူးတဲ့သူတိုင်း ဆိုင်ကိုနောက်တစ်ခါ မလာဘဲ မနေနိုင်ဘူးတဲ့၊ ပြောစမှတ်တွင်တာတောင်ရှိတယ်၊ ကြွားပြောတာတော့မဟုတ်ဘူး၊ အမေဆုံးပြီးနောက်ပိုင်းကျမှ ဆိုင်နေရာတစ်ဝက်လောက်ကို သူများကိုပေးရောင်းလိုက်တာ၊ အစ်မကလည်း နေ့လည်ဖက်ဈေးထွက်တယ်ဆိုပေမယ့် သိပ် အများကြီးမရောင်းနိုင်ဘူးလေ”

အမေရှိတုန်းက ဆိုင်အနေအထားကိုပြန်မြင်ယောင်မိသည်။ အခုလိုပဲလူကျိတ်ကျိတ်တိုးစည်ကားလို့၊ လာစားတဲ့သူတွေ များတော့ ဝင်ငွေလည်းကောင်းလှသည်။ ဒါပေမဲ့ အဲဒီဝင်ငွေကကျွန်တော်တို့မိသားစုအတွက်လုံလောက်မှုရှိခဲ့ရဲ့လား။ တွေး တိုင်း ရင်နာရသည်။ အဖြစ်အပျက်တွေကို ရုပ်ရှင်အနှေးပြကွက်တွေလိုမြင်ယောင်မိ၏။ မတွေးတာပဲကောင်းပါတယ်လေ။

သူမတို့နှစ်ယောက် စားအပြီး စိန္ဒာမုနိဘုရားရင်ပြင်ပေါ်ကိုထွက်လာခဲ့ကြသည်။ သူမတို့နှစ်ယောက်ကဆိုင်ကယ်တစ်စီး။ ကျွန်တော်ဆိုင်ကယ်တစ်စီး။ မနေ့ကနေရာလေးက အရင်အတိုင်းပုံစံပင်။ ဘာမှမတွေ့ရပေမယ့် ဝဏ္ဏနဲ့သူမရှိခဲ့သောနေရာ အတိအကျဆီကို ဟိုကြည့်ဒီမွှေလုပ်ဖြစ်ကြသည်။ ကျွန်တော်တို့ဟိုရှာဒီရှာလုပ်နေတာကို ကိုရင်လေးတစ်ပါးကစူးစမ်းနေ ပြီး ခဏကြာတော့ အဲဒီနေရာကိုရောက်လာ၏။

“ဘာပျောက်လို့လဲ”

သုံးယောက်လုံးရဲ့အာရုံက ကိုရင်လေးဆီကိုရောက်သွားခဲ့သည်။

“လူတစ်ယောက်ပျောက်သွားလို့ပါ၊ မနေ့ကဒီနေရာကိုလာပြီးနောက်ထပ်မတွေ့ရတော့လို့ ”

သဲလွန်စတစ်ခုတစ်လေများရှိမလားလို့ လာရှာတာမှန်းကိုရင်လေးသဘောပေါက်သွားကာ ခေါင်းညိတ်ပြသည်။

“ဝဏ္ဏလား”

ကိုရင်လေးရဲ့အမေးကြောင့် သုံးယောက်သားစိတ်ဝင်စားမိသွားကြ၏။ ဟုတ်တယ်ဆိုတဲ့သဘောနဲ့ခေါင်းညိတ်ပြ လိုက် သည်။ အင်းလေ။ ကျောက်မဲမြို့ကကျဉ်းကျဉ်းလေးရယ်။ ငယ်မွေးခြံပေါက်ဒေသခံတွေအဖို့ တစ်ယောက်နဲ့တစ်ယောက်သိ တာ၊ မျက်မှန်းတန်းမိတာမဆန်းပါဘူး။ ကျွန်တော့်လို မြို့အနှံ့နေရာတစ်ကာလျှောက်သွားနေတဲ့သူဆိုရင်တော့ ပိုဆိုးတာ ပေါ့။ ကိုရင်လေးကတော့ ဘုရားပေါ်ကိုလာနေကျသူတော်တော်များများကိုမှတ်မိနေတာလို့ခန့်မှန်းလိုက်သည်။

“ဟုတ်တယ်၊ ကိုရင်ဘယ်လိုလုပ်သိတာလဲ ဟင်”

“မနေ့က ဒကာမလေးနဲ့အတူလာတာကို ကိုရင်မှတ်မိလို့ပါ၊ ဝဏ္ဏက ကိုရင်တို့နဲ့ဆွေမျိုးနီးစပ်တော်ပါတယ်၊ မနေ့ကဒကာမ လေးနဲ့လာတာကို ကိုရင် အဝင်ပေါက်ကနေလှမ်းတွေ့လိုက်တယ်၊ အတော်ကြာတော့ဒကာမလေးကတစ်ခြားတစ်ယောက် နဲ့ဆိုင်ကယ်စီးပြီးထွက်သွားတယ်၊ အဲဒါပြီးတော်တော်လေးကြာမှဝဏ္ဏပြန်ထွက်သွားတာတွေ့လိုက်တယ်”

အဲဒါဆိုရင်တော့ ဒီနေရာကနေပြန်ထွက်သွားတဲ့လမ်းမှာပျောက်တာနေမှာ။ ကျွန်တော်သူမကိုလှမ်းကြည့်လိုက်တော့ သွား ကြမယ်ဆိုတဲ့သဘောနဲ့ ခေါင်းကိုလွှဲပြသည်။

ဆောင်းမနက်ခင်းမြူမှုန်တွေအပေါ် နေရောင်တစ်ဖြည်းဖြည်းကျရောက်လာသည်။ နေရောင်နဲ့ထိတွေ့တော့ နှင်းမှုန်တွေ ကွယ်ပျောက်ကုန်၏။ အစ်မဆိုင်ကိုပြန်ရောက်တော့ မိုးစင်စင်လင်းခဲ့ရုံတင်မကဘဲ ဆိုင်မှာလူပါးချိန်တောင်ရောက်နေခဲ့ပြီ ဖြစ်သည်။ ဆိုင်မှာခဏနားပြီးမှ ကျန်တာဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားဖို့ အကြံပြုကာခေါ်လာခဲ့ခြင်းပင်။

ဆိုင်မှာ ထိုင်ဖို့ခုံပြင်နေဆဲမှာပဲ တစ်ဖက်ဆိုင်ဆီကအိုးခွက်ပန်းကန်ကျကွဲသံတွေကြောင့် ဆူဆူညံညံဖြစ်သွားခဲ့သည်။ ဦးလေးကောင်းတို့ဆိုင်ပေါ့။ ထုံးစံအတိုင်းလင်မယားရန်ဖြစ်ကြပြီထင်ပါရဲ့။

“သည်းခံနေတာများပြီ ရှင်ပြတ်ပြတ်သားသားပြောဖို့တော့လိုနေပြီ၊ အခုလိုမျိုးကျွန်မကိုဒုက္ခတွေချည်းပဲပေးမနေပါနဲ့တော့၊ တောင်းပန်ပါတယ်”

အမျိုးသမီးကြီး၏အသံကထင်ထားတာထက်ကျယ်လောင်စွာထွက်ပေါ်လာ၏။ အေးချမ်းသာယာနေတဲ့ ဆောင်းမနက်ခင်း က အကျဉ်းတန်သွားတော့သည်။ အားလုံးရဲ့အကြည့်ကအဲဒီဆိုင်ဖက်ဆီသို့။

“ဦးလေးကောင်းတို့လင်မယားရန်ဖြစ်ကြတာပါ၊ သူတို့ကအမြဲတမ်းအဲလိုပဲ၊ မယားကြီးငုတ်တုတ်ရှိရက်သားနဲ့ ဖောက်ပြန် နေတာလေ၊ ဒေါ်လေးယဉ်ယဉ် သနားပါတယ်၊ အသက်ကြီးမှဒုက္ခများတယ်၊ မိုးမလင်းသေးဘူး မိန်းမဆီကပိုက်ဆံတောင်း၊ အရက်သွားသောက်ပြီးပြသနာရှာဦးမယ်၊ ညဆိုရင်လည်း မယားငယ်အိမ်မှာသွားအိပ်ပြီး သူကပဲတစ်ပြန်ဒေါ်လေးယဉ်ယဉ် ကို ပြသနာရှာတယ်၊ တော်တော်ယုတ်မာတဲ့လူကြီး၊ ထားလိုက်ပါ၊ သူ့ဇာတ်နဲ့သူသွားလိမ့်မယ်၊ ထိုင်ကြညီမလေးတို့ ဘာစားဦးမလဲ”

အစ်မက ဦးလေးကောင်းတို့အကြောင်းကိုရှင်းပြပြီး သူမတို့ကိုဧည့်ဝတ်ပြု၏။ သူမတို့စားဖို့ တို့ဟူးကြော်တစ်ပွဲချပေးလိုက် သည်။ တစ်ဖက်ဆိုင်ဆီမှာတော့ အိုးခွက်ပန်းကန်ရိုက်ခွဲသံတွေဆူညံနေဆဲ။ ကုန်စုံဆိုင်မို့ ပန်းကန်တွေနဲ့ ဇလုံတွေနဲ့အတူ ထည့်ထားတဲ့ အာလူး၊ ကြက်သွန်တွေပါပြန့်ကျဲကုန်သည်။ အားလုံးရဲ့အာရုံကဆိုင်စားပွဲပေါ်ကတို့ဟူးကြော်ပေါ်မှာမရှိ၊ ဆိုင် မှာလာစားလက်စလူတစ်ချို့ကပါ ဦးလေးကောင်းတို့လင်မယားအဖြစ်အပျက်ဆီကိုပဲ စိတ်ဝင်တစားစောင့်ကြည့်နေကြ သည်။

“ကောင်မ သွားစမ်းဟာ” ဆိုတဲ့အသံနဲ့အတူ ဆိုင်ရှေ့ဖက်ဆီကိုတစ်စုံတစ်ခုလိမ့်လာသည်။ ကြည့်လိုက်တော့ လူတစ် ယောက်။ ဒေါ်လေးယဉ်ယဉ်။ ဆောင့်ကန်ခံလိုက်ရတာကလွဲလို့ဘာဖြစ်နိုင်ဦးမှာလဲ။ ရုတ်တရုက်မို့ ဘယ်သူမဝင်မဆွဲရဲသေး ဘဲ ကြောင်ကြည့်နေကြသည်။ ဒေါ်လေးယဉ်ယဉ် လဲကျနေရာမှ မထနိုင်သေးခင်မှာပဲ အဲဒီနေရာကိုဦးလေးကောင်းရောက် လာကာ နားရင်းပါးရင်းတွေရိုက်တော့၏။

“ငါ့ကိုအာခံချင်တယ် ဟုတ်လား၊ အေး နင့်ကိုအသေသတ်မယ်”

ဦးလေးကောင်းရဲ့ရိုက်ချက်တွေကြားမှာ ဒေါ်လေးယဉ်ယဉ် အလူးအလဲခံနေရသည်။ အသက်အရွယ်အရ ပြန်လည်ခုခံနိုင် စွမ်းနည်းနေပြီဖြစ်သူကို အားကောင်းမောင်းသန်ယောင်္ကျားကြီးက သည်းကြီးမည်းကြီးရိုက်နေတဲ့မြင်ကွင်း။ အိုး ဆိုးရွား လိုက်တာ၊ ကျွန်တော့်ရင်ထဲနာကျင်လာသည်။

အဲဒီမြင်ကွင်းနေရာမှာ ကျွန်တော်ငယ်ငယ်ကရင်းနှီးလှသောမြင်ကွင်းတစ်ခုကအစားထိုးမြင်ယောင်လာသည်။ ရုပ်ဆိုးအ ကျဉ်းတန်လှသည့်မြင်ကွင်း။ ကျွန်တော့်ဘဝအတွက် ဘယ်တော့မှမေ့မရတဲ့၊ မေ့ဖျောက်ဖို့အချိန်တိုင်းကြိုးစားပေမယ့် မမေ့ နိုင်တဲ့မြင်ကွင်း။ ဘုရား၊ ဘုရား။

“အား”

ကျွန်တော့်ခေါင်းတွေမူးဝေလာသည်။ ကြောက်စိတ်ကြောင့်အသားတွေတဆတ်ဆတ်တုန်ယင်လာသည်။ အေးမြနေတဲ့ ရာသီဥတုမှာ ကျွန်တော့်တစ်ကိုယ်လုံးချွေးစေးတွေပြန်လာသည်။ တစ်သက်တာလုံးအတွက် ကျွန်တော်အမုန်းဆုံးမြင်ကွင်း၊ အဲဒီမြင်ကွင်းက ကျွန်တော့်ရှေ့မှာ။ အမျိုးသမီးတစ်ယောက်ကို အမျိုးသားက ရက်စက်စွာအနိုင်ကျင့် နှိပ်စက်နေတဲ့ မြင်ကွင်း။

“ဟဲ့ မောင်လေး၊ အို လုပ်ကြပါဦး”

အစ်မက ကျွန်တော့်အမူအရာပုံမှန်မဟုတ်မှန်းသိတော့ အပြေးတစ်ပိုင်းရောက်လာသည်။ ကျွန်တော့်ကို သူမရဲ့ရင်ခွင်ထဲ ဆွဲထည့်ထားလိုက်သည်။ သမားရိုးကျမဟုတ်သည့် အဖြစ်အပျက်မို့ သူမတို့နှစ်ယောက်ကြောင်ကြည့်နေ၏။ အစ်မရဲ့နွေး ထွေးတဲ့ ရင်ခွင်ထဲကျွန်တော့်ကြောက်စိတ်တွေသက်သာလုံခြုံသွားသလိုခံစားရသည်။ ဒါပေမဲ့ ဦးလေးကောင်းတို့ရဲ့ပွဲက မပြီးနိုင်သေး။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx