(၃)
နောက်တစ်နေ့ နှင်းမြူတွေစဲခါစအချိန်မှာပဲ သူမတည်းခိုရာအိမ်ဆီကို ကျွန်တော်ရောက်လာခဲ့ပါသည်။ အိမ်ရှေ့ဆိုင်ကယ် စက်ရပ်သံကြောင့် အိမ်ထဲက ခေါင်းလေးထောင်ကြည့်တဲ့သူမ မျက်နှာလေးကိုလှမ်းတွေ့လိုက်ရတော့ ကြည်နူးမိသွားသည်။ ကျွန်တော်လာတာကိုတော့ အံသြသွားပုံပင်။ ဝဏ္ဏပျောက်သွားတဲ့ကိစ္စကို သူ့မိသားစုကရဲတိုင်ထားပြီးပြီမို့ အဲဒီသတင်းကို လည်းပေးရင်း၊ သူမ မျက်နှာလေးကိုလည်းမြင်ခွင့်ရဖို့ကြိုးစားရင်း နောက်ပြီးတော့…သူမနဲ့အတူ ကျွန်တော်တို့ရဲ့ကျောက်မဲ မြို့လေးကို လည်ပတ်ခွင့်ရလိုရငြားအချက်တွေနဲ့ လာခဲ့ခြင်းပါ။
သိမ့်သီတာက အိမ်ထဲမှနေရင်း လာလေဆိုပြီးလှမ်းခေါ်သည်။
“ဝဏ္ဏကိစ္စ သူ့မိသားစုကသက်ဆိုင်ရာကိုအကြောင်းကြားထားပြီးသွားပြီတဲ့၊ အဲဒါလာပြောတာ၊ ပြီးတော့ နှင်းကိုပြောထား တာရှိတယ်လေ၊ ဝဏ္ဏသွားနေကျနေရာတွေကိုလိုက်ပို့ပေးမယ်ဆိုတာ..”
အိမ်ထဲကို ဝင်ရင်းပြောပြလိုက်၏။ မဟုတ်ရင် ကိစ္စမရှိဘဲနဲ့လာတယ်ဆိုပြီးတစ်မျိုးမြင်သွားမှာလည်းစိုးရိမ်သည်။
“အေး ကောင်းတာပေါ့ စိုင်းလုံရယ်၊ ငါလည်းနေသိပ်မကောင်းတာနဲ့ အိမ်အလုပ်တွေမပြတ်တာနဲ့ နှင်းကိုဘယ်ကိုမှလိုက်မပို့ နိုင်သေးဘူး၊ နင်လာတော့ ဝဏ္ဏကိုရှာရင်းမြို့အနှံ့လိုက်ပို့လို့ရတာပေါ့၊ ကောင်းတယ်၊ နှင်း စိုင်းလုံကိုအားနာစရာမလိုဘူး၊ ငါတို့ကတစ်ရပ်ကွက်တည်းသားတွေမို့ အချင်းချင်းမောင်နှမတွေလိုပါပဲ၊ နှင်းသွားချင်တဲ့နေရာတွေကိုလိုက်ပို့ခိုင်းလို့ရတယ်၊ နေရာတွေမသိရင်လည်း စိုင်းလုံလိုက်ပို့ပေးလိမ့်မယ်၊ လိုက်သွားနော်”
“သူလိုက်မပို့ချင်တိုင်း…”
နှင်းက သိမ့်သီတာကိုမျက်စောင်းလေးလှမ်းထိုးရင်းပြောလိုက်တော့ “မဟုတ်ပါဘူးဟာ၊ နင့်ကိုငါသပ်သပ်လိုက်ပို့မယ်နေရာ တွေလည်းရှိပါတယ် ”ဆိုပြီး သိမ့်သီတာကချွေးသိပ်လိုက်၏။ အမှန်တော့ ကျွန်တော့်ရဲ့အခြေအနေကိုသိမ့်သီတာ သဘော မပေါက်ပဲမနေ။ ကျွန်တော်ဘာကြောင့်လာတယ်ဆိုတာ တစ်ရပ်ကွက်တည်းသားအချင်းချင်းသဘောပေါက်ပြီးသားရယ်။
ကျွန်တော်နဲ့တစ်ရပ်ကွက်တည်းရှိနေမှန်းသိရက်နဲ့၊ ကျွန်တော်တို့မြို့ကိုလာလည်ပြီး နေရာအစုံကိုမရောက်သေးမှန်းသိ ရက်နဲ့ ကျွန်တော်နှင်းကိုလာမတွေ့ဘဲ၊ လိုက်မပို့ဘဲမနေနိုင်ပါ။ နှင်းကိုချည်းကပ်ခွင့်ရဖို့ကြိုးစားနိုင်သမျှကြိုးစားဖို့တော့ဆုံး ဖြတ်ထားမိသည်။
“လည်စရာတော့သိပ်မရှိပါဘူးနှင်းရဲ့၊ ကျွန်တော်က ဝဏ္ဏသွားနေကျနေရာတစ်ချို့ကိုအရင်ပို့မှာ၊ ပြီးမှ နှင်း စိတ်ဝင်စား လောက်မယ်ထင်တဲ့နေရာလေးတစ်ချို့ကိုလိုက်ပို့ဖို့စိတ်ကူးထားတယ်”
“နှင်း ကဘယ်နေရာတွေကိုစိတ်ဝင်စားမယ်လို့ စိုင်းလုံထင်လဲ”
သူမရဲ့ပုံစံက အရင်ကထက်ပေါ့ပါးသွက်လက်နေဟန်။ စကားပြောသံတွေကလန်းဆန်းတက်ကြွလို့နေလေသည်။ ကြားရ တာစိတ်ချမ်းသာလိုက်တာ။ ကျွန်တော် သူမမျက်နှာလေးကိုပြုံးကာကြည့်နေမိ၏။
“အင်း၊ လိမ္မော်ခြံ၊ နဂါးမောက်ခင်း၊ မြို့ရှုခင်းကိုကြည့်လို့ရတဲ့တောင်ပေါ်လမ်းလေးတွေပေါ့၊ နောက်တစ်ခုကတော့ ကျွန်တော်နဲ့တူတူသွားလို့မရတဲ့နေရာတစ်ခုပေါ့”
“စိုင်းလုံပြောတဲ့နေရာတွေကို နှင်းအရမ်းသွားချင်တာပေါ့၊ စိုင်းလုံနဲ့တူတူသွားလို့မရတဲ့နေရာကို ပိုစိတ်ဝင်စားတယ်၊ ဘယ် နေရာလဲ”
ကျွန်တော် ရယ်လျှက် “ဆေးပေါင်းချိုးတဲ့နေရာ” လို့ပြောလိုက်တော့ သူမမျက်နှာလေး ရှက်သွေးဖြန်းသွားလေသည်။ ဒါပေ မဲ့ ချက်ချင်းနီးပါး ဟန်မပျက်ပြန်နေကာ…
“ဆေးပေါင်းချိုးတာ ဟုတ်သားပဲ၊ ကျောက်မဲမှာဆေးပေါင်းချိုးတဲ့နေရာတွေရှိတာနှင်းဘာလို့သတိမရတာပါလဲ၊ ဆရာမောင် သာချိုရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာဖတ်ဖူးတယ်၊ အင်း အရမ်းစိတ်ဝင်စားတယ်၊ သိမ့်သီတာ နင်ငါ့ကိုလိုက်ပို့ပေးရမယ်နော်” ဆိုပြီးပြန်ပြောသည်။
“နှင်းဖတ်တဲ့ဆောင်းပါးနာမည်က ကျောက်မဲမြို့၌ဆေးပေါင်းချိုးခြင်းမှလား”
“အင်း ဟုတ်တယ်”
ကျောက်မဲမြို့နေရာတစ်ချို့မှာရှိတဲ့ ဆေးပေါင်းရုံတွေကိုလိုက်ပြဖို့တော့စိတ်ကူးထားမိ၏။ ခဏကြာတော့ သူမကိုအဝတ်အ စားလဲစေရင်း ဆိုင်ကယ်ပေါ်တင်ကာ မြို့အနှံ့လိုက်ပို့ခရီးစဉ်စတင်တော့သည်။ ဝဏ္ဏ ကိုတွေ့ဖူးတဲ့နေရာတစ်ချို့ပေါ့လေ။ လမ်းမှာတွေ့တဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာမနက်စာစားစေ၏။ ဝဏ္ဏ နဲ့ကျွန်တော်မကြာခဏဆုံတတ်တဲ့နေရာ၊ သူမကိုဆိုင် ကယ်ပေါ်တင်ပြီး အေးအေးလူလူသွားလို့ရတဲ့နေရာကိုအရင်ဆုံးရွေးချယ်လိုက်သည်။ ငြိမ်းချမ်းရေးကုန်း။
“ပလောင်တွေနေတဲ့နေရာလေ၊ ပွဲတော်ရက်တွေရှိရင်တော့အရမ်းစည်တယ်၊ လူတွေကျိတ်ကျိတ်တိုးပဲ၊ အခုချိန်ကတော့ တိတ်ဆိတ်အေးချမ်းလို့ပေါ့၊ အေးအေးလူလူအပန်းဖြေတဲ့သဘောနဲ့ပဲသွားကြတာပါ၊ ဒီနေရာကိုအေးဆေးစကားထိုင်ပြော ချင်တဲ့သူတွေအများစုရောက်ကြတယ်၊ အဲဒီအထဲမှာ ကျွန်တော်ရော၊ ဝဏ္ဏရောပါတာပေါ့”
ငြိမ်းချမ်းရေးကုန်းဆီကို ဦးတည်မောင်းရင်းသူမကိုရှင်းပြလိုက်သည်။ ဧရာမညောင်ပင်ကြီးတွေရဲ့အောက်အုတ်ခုံတန်း လေးတွေပေါ်မှာ သမီးရည်းစား၊ သူငယ်ချင်းတွေ အေးအေးလူလူစကားပြောတတ်ကြသည်။ ဘုရားဖူးကြသည်။ ဘုရား ကုန်းပေါ်မှာတော့ ညနေခြောက်နာရီကနေ နံနက်လေးနာရီအထိဘယ်သူမှမတက်ရဖို့တားမြစ်ထား၏။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ လူငယ်တစ်ချို့ရောက်နှင့်နေကြပြီ။
“ဒါက အောင်မြေသာယာ ဘုရားတဲ့ နှင်း၊ ဟော ဟိုးရှေ့မှာမြို့ရှုခင်းတစ်စိတ်တစ်ပိုင်းကိုမြင်ရတယ်”
လူနေအိမ်တစ်ချို့ရယ်၊ တောင်တန်းမှိုင်းညှို့ညှို့ကြီးတွေရယ်ကို လှမ်းမြင်ရသည်။ နေ့လည်ဖက်ဆီကိုဦးတည်နေပေမယ့် နေရောင်မှိန်ပျပျသာမြင်ရပြီးတိမ်ဖြူဖြူတွေက ဝါဂွမ်းအဆုတ်လိုက်ကြီးတွေလို တောင်တန်းတွေနားဝဲပျံလို့နေလေသည်။ တိမ်တွေကအဖြူရောင်၊ ကောင်းကင်ကအပြာ၊ တောင်တန်းမှိုင်းညို့ညို့နဲ့ လွမ်းမောဖွယ်ကောင်းနေပေမယ့် ကျွန်တော့် ဘေးမှာ သူမရှိနေတာကြောင့် ကြည်နူးဖွယ်အသွင်ဆီကိုပဲ ကူးပြောင်းခဲ့ပါသည်။
ကျွန်တော်တို့လာတဲ့ အဓိကအချက်ကလူလာရှာမို့ နှင်းကိုထိုင်ခုံမှာအတူထိုင်ဖို့ရော ရှုခင်းကြည့်ဖို့ရောမခေါ်ဖြစ်သေးပါ။ ဘုရားရင်ပြင်နားက ကျွန်တော့်အသိတစ်ယောက်ရှိရာဆီကိုပဲ ဦးတည်သွားဖြစ်သည်။ အခုရက်ပိုင်းဝဏ္ဏလာတာတွေ့မိလား လို့သူ့ကိုမေးတော့ မလာဘူးတဲ့။
“သူက ကျွန်တော်ရောဝဏ္ဏရော သိတဲ့သူပဲနှင်း၊ ကျွန်တော်တို့ကိုသူသတိထားမိတယ်၊ ဝဏ္ဏကိုမနေ့ကဖြစ်ဖြစ် တစ်နေ့က ဖြစ်ဖြစ်တွေ့ရင်သူမှတ်မိမှာပဲ”
သူမ စိတ်သက်သာရာသက်သာကြောင်း ပြောပြနေမိသည်။ အမှန်တော့ အမြဲတမ်းသတိထားကြည့်နေတာမှမဟုတ်ဘဲ ဘယ်လိုလုပ်သတိရပါ့မလဲ။ ဝဏ္ဏဒီကိုဘာလာလုပ်လေ့ရှိသလဲ နှင်းမမေးပါ။ အဲဒီအတွက် ကျွန်တော်နည်းနည်းလေးတော့ စိတ်သက်သာရသွားရပါသည်။ ဝဏ္ဏအပေါ်စိတ်ဝင်စားမှုလျော့ကျသွားတာသေချာပြီလို့ပဲ ကျွန်တော်သတ်မှတ်လိုက်၏။ ကိုယ်ချစ်ရတဲ့သူက သူချစ်ရတဲ့တစ်ခြားတစ်ယောက်နဲ့ပတ်သက်လို့ စိတ်ဝင်တစားရှိနေတာကို ဘယ်သူကကြိုက်ပါ့မလဲ။ နှင်း ဘာလုပ်လုပ်အပြစ်မမြင်ချင်သူမို့သာ အခုလိုရှာပေးရတာပေါ့။ ငြိမ်းချမ်းရေးကုန်းဆိုတာ အေးအေးလူလူကြည်နူးဖွယ် ရာ စကားတွေချည်းပြောလို့ကောင်းမယ့်နေရာပဲလေ။
“ကျွန်တော်တို့ခဏထိုင်ကြမလားဟင်”
နှင်းနဲ့ အတူထိုင်ခွင့် စကားတွေအများကြီးပြောလို့ရခွင့်ကို ကျွန်တော်မမက်မောပဲနေပါ့မလား။
“အင်း ထိုင်ကြည့်ချင်တယ်၊ ဒါပေမဲ့…”
နှင်း ဘာကိုဆိုလိုသလဲဆိုတာ ကျွန်တော်သဘောပေါက်မြန်လိုက်လေသည်။ ထိုင်ချင်တယ်၊ ဒါပေမဲ့ မထိုင်သင့်ဘူး အဲဒီလို ပဲဖြစ်မှာပေါ့။ ကျွန်တော်တို့နှစ်ယောက်တူတူထိုင်ရင် သူများတွေကတစ်မျိုးမြင်သွားမှာကြောက်နေတာလား နှင်းရယ်။ ကျွန် တော် ဝမ်းနည်းမိသွားသည်။
“ဒါပေမဲ့ နှင်းကအကြာကြီးထိုင်ချင်တာ”
“ဗျာ”
ကျွန်တော် နှင်းကိုငေးရင်းကြည်နူးမိသွားလေသည်။ ထိုင်ခုံပေါ်မှာကြွေကျနေတဲ့ သစ်ရွက်တွေကိုဖယ်ရှားပေးရင်းနှင်းကို ထိုင်စေလိုက်ပါသည်။ ပြီးတော့ နှင်းရဲ့အနားမှာကျွန်တော် ကပ်ထိုင်ရင်း….အိုး ကြည်နူးလိုက်တာ။
နှင်းနဲ့အတူထိုင်ခွင့်ရလို့ အခုလိုကြည်နူးမိတာ တကယ်လို့များသူမအချစ်ကိုပိုင်ဆိုင်ခွင့်များရခဲ့ရင် ကျွန်တော်ဘယ်လောက် ပျော်လိုက်မလဲလေ။ ကျွန်တော်တို့နှစ်ယောက် အကြောင်းထက်ကျွန်တော်နေထိုင်ရာ ဟောဒီကျောက်မဲမြို့လေးအကြောင်း ကိုပဲ ပြောဖြစ်ကြပါသည်။ နှင်းကဧည့်သည် ကျွန်တော်ကအိမ်ရှင်ဆိုတော့ ကိုယ့်ဒေသအကြောင်းကိုယ်သိသလောက်တော့ ပြောပြရမှာပေါ့။
ကျွန်တော်တို့ထိုင်နေတဲ့နေရာရဲ့ရှေ့မှာဘုရားရင်ပြင်နေရာတစ်ချို့ကိုပဲမြင်ရ၏။ ဟိုးဖက်ဆီမှာတော့ ရှုခင်းကောင်းကောင်း မြင်ရပေမယ့် အခုလိုထိုင်ပြီးသူမမျက်လုံးထဲပုံပေါ်အောင်ပြောတဲ့နည်းလမ်းကိုပဲကျွန်တော်ရွေးချယ်လိုက်သည်။
“ကျောက်မဲမြို့ဆိုတာ ၁၉၀၂ ခုနှစ်မှာဖြစ်လာတာတဲ့၊ အရင်တုန်းကတော့ မြို့ရယ်လို့မဟုတ်ဘဲရွာလို ဈေးရောင်းဈေးဝယ် လုပ်ငန်းအတွက် အချက်အချာကျတဲ့နေရာတစ်ခုသတ်မှတ်ထားသလိုမျိုးနေရာလို့ကြားဖူးတယ် နှင်း၊ ကပ်မဟန်လမ်ဆိုတဲ့ နေရာကနေ ကျောက်မဲဆိုပြီးဖြစ်လာတာပေါ့၊ ရှမ်းဘာသာစကားအရ ကပ်ဆိုတာက ဈေး၊ မဟန်ဆိုတာက ကျောက်တုံး၊ လမ် ဆိုတာက မည်းနက်တဲ့အဓိပ္ပါယ်ပေါ့၊ အရင်ကတည်းကနေအခုချိန်အထိ ကျွန်တော်တို့မြို့လေးကစီးပွားရေးအတွက် အချက်အချာကျတဲ့နေရာတစ်ခုပေါ့၊ လာရှိုးကကားတွေ၊ နမ့်စမ်ကကားတွေဆင်းသလို ရန်ကုန်၊ မန္တလေးအဝေးပြေးကား တွေ ယာဉ်တစ်ထောက်နားရာနေရာလည်းဖြစ်တယ်”
ကျွန်တော်က ကိုယ့်မြို့ကိုအမွှန်းတင်ပြောပြနေတာမှန်သမျှ နှင်းကပြုံးပြီးနားထောင်နေလေသည်။
“ဒီမှာ အဓိကစီးပွားရေးက ဈေးရောင်းဈေးဝယ်ပဲအဓိကပေါ့၊ တစ်ချို့တွေကျတော့လည်းတောင်ပေါ်သွားပြီးလက်ဖက်ခင်း စိုက်ကြတယ်၊ တစ်ချို့ကျတော့လည်း လိမ္မော်ခြံစိုက်ပေါ့၊ အခုနောက်ပိုင်းတော့ လိမ္မော်စိုက်တဲ့သူတွေအရင်ကထက်စာရင် နည်းသွားပြီ”
“အင်း၊ လက်ဖက်ခင်းတွေဆီကိုတော့ အရမ်းသွားချင်တယ်၊ အခု နှင်းနားထောင်နေတဲ့သီချင်းထဲမှာ လက်ဖက်ခူးတဲ့စာသား ပါလို့ အဲသီချင်းနားထောင်ပြီးကတည်းက လက်ဖက်ခူးတဲ့မြင်ကွင်းကိုသိပ်မြင်ချင်တာပဲ”
“နည်းနည်းတော့ဝေးတယ်နှင်းရဲ့၊ နှင်းမပြန်သေးဘူးဆိုရင် ကျွန်တော်လိုက်ပို့ပေးပါ့မယ်”
ကျွန်တော့်ရဲ့ မပြန်သေးဘူးဆိုရင် စကားကြောင့်နှင်းမျက်နှာလေးတစ်မျိုးဖြစ်သွားတာမြင်လိုက်ရ၏။ ကျွန်တော်စကားများ မှားသွားပြီလား။ ဒီကနေအနီးဆုံး လက်ဖက်ခင်းတွေဆီကိုသွားဖို့ တစ်နာရီနှစ်နာရီတော့အနည်းဆုံးမောင်းရမည်။ အခွင့်ရှိ ရင်တော့ လိုက်ပို့ပေးချင်လှသည်။ ပတ်ဝန်းကျင်နဲ့အဝေးဆုံးနေရာ ဟော…ဟိုးတောင်တန်းကြီးတွေရှိတဲ့နေရာဆီကိုမောင်း ရင်း နှင်းကကျွန်တော့်ခါးလေးကိုဖက်ရင်း ဘယ်လောက်များကြည်နူးဖို့ကောင်းလိုက်ပါသလဲ။ မျက်နှာလေးညှိုးနေတာကို ဘယ်လိုဖြေဖျောက်စေမလဲဆိုတာ လျှပ်တစ်ပြက်စဉ်းစားနေမိ၏။
“အော်၊ နှင်းနားထောင်နေတဲ့ သီချင်းက ဘာသီချင်းလဲဟင်”
“စာချွန်တော် တဲ့”
“ဇွဲပြည့်ရဲ့သီချင်းမှလား၊ ကျွန်တော်လည်းအရမ်းကြိုက်တယ်၊ အေးအေးလူလူဖြစ်နေတဲ့အချိန်၊ တစ်ယောက်တည်းအထီး ကျန်နေတဲ့အချိန်တွေမှာ ညည်းနေကျပေါ့၊ ကျွန်တော်ဆိုပြမယ်ဆိုရင် နှင်းနားထောင်မလား”
ကျွန်တော် သဘောကျနှစ်ခြိုက်တဲ့မိန်းကလေးရဲ့ရှေ့မှာသီချင်းဆိုပြခွင့်တောင်းတာ ပထမဆုံးအကြိမ်ဖြစ်လေသည်။ ရုပ်ရှင် ထဲမှာလို မိန်းကလေးအဆောင်ရှေ့၊ မိန်းကလေးအိမ်ရှေ့ တွေမှာသီချင်းဆိုတာမျိုးတစ်ခါမှမလုပ်ဖူးပါ။
“စိုင်းလုံဆိုပြမယ်ဆိုရင်နားထောင်ချင်တယ်”
ဘယ်လောက်တောင်များ ကြည်နူးဖွယ်ကောင်းလိုက်ပါသလဲ။ ကျွန်တော် သူမကို ခဏနော်လို့ပြောပြီး အနောက်ဖက်ခုံ တန်းလေးတွေဆီကိုရောက်သွားမိသည်။ ဂစ်တာတစ်လက်ကိုမရမကငှားဖို့လိုအပ်နေတဲ့အချိန်ပေါ့။ လူငယ်အုပ်စုတွေထဲ မှာ ဂစ်တာပါလာတဲ့အဖွဲ့ကိုလိုက်ရှာမိသည်။ ဘုရားရင်ပြင်နဲ့ နီးတာမို့ ဂစ်တာမတီးတတ်ကြပေမယ့် ဒီနေရာကနေတစ်ခြား တစ်နေရာဆီကိုဆက်သွားဖို့စီစဉ်တဲ့လူငယ်တွေ၊ ဘုရားရင်ပြင်နဲ့ခပ်လှမ်းလှမ်းဝေးတဲ့ကုန်းလေးနားမှာဂစ်တာတီးတာတွေ လည်း ရှိနေတော့ သူမအတွက် ဂစ်တာတစ်လက်ကိုမိနစ်ပိုင်းအကြာမှာငှားယူရရှိခဲ့လေသည်။
ကျွန်တော့်ရဲ့လက်ခတ်တွေက ဂစ်တာအိုးပေါ်သို့ဖြည်းညှင်းစွာ။ သူမရဲ့အကြည့်တွေကအေးချမ်းစွာ။ ကျွန်တော်နားထောင် နေကျ ရင်းနှီးနေကျ သီဆိုနေကျ သီချင်း။ ဇွဲပြည့်ရဲ့စာချွန်တော်သီချင်းပေါ့။ ဘူတာရုံဟောင်းအိုလေးဆီကိုတော့ ကျွန်တော်မသွားပေမယ့် လက်ဖက်ခင်းတွေရှိရာဆီကိုတော့ တကူးတကရောက်အောင်သွားတတ်ပါသည်။ စိမ်းစိုစိုတောင် တန်းတွေရဲ့ နောက်ခံမှာ အစီအရီပေါက်နေတဲ့လက်ဖက်နုနုလေးတွေကိုခူးပြီးပလိုင်းခြင်းထဲထည့်တဲ့အလုပ်ကို တစ်ခါတစ် လေ လုပ်ဖူးပါရဲ့။
“ငါအိတ်ကပ်ထဲကစာ ရင်ခုန်စွာရေးခဲ့…လူမမြင်ခိုးပြီးဖတ်ရတာ ဘော်ဒါတွေရှုပ်တယ်၊ စာအိုရုံအဟောင်းရယ်..မင်းမမေ့နဲ့၊ ကြင်နာသူရှိရာ ဟိုးတစ်မြို့ဆီ…အချိန်မှန်မှန် အချိန်မှန်မှန် အချိန်မှန်မှန် ပို့…..”
ကျွန်တော့်အသံက ထင်တာတာထက်ပိုပြီးတိုးလျလျလေးဖြစ်နေပါလိမ့်မည်။ သူမရဲ့နားထဲမှာ ချိုမြိန်စွာရောက်ရှိသွားဖို့ အသုံးတော်ခံခွင့်ရရှိတာကပဲ ကျွန်တော့်အတွက်ရင်ခုန်စရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခု မဟုတ်လား။
“ဘယ်အချိန်လဲ ငါမသိဘူး၊ လက်ဖက်ခူးပြီးတဲအပြန် ဟိုဒီငေး အပျော်တွေတွေး အဖော်တွေဝိုင်းငေးလို့ရယ်တေးဆို ယေး…အို… စာချွန်တော်ရောက်တယ် ယေး…အို…စာချွန်တော်ပါးတယ်၊ လူပုံလယ်မဖတ်နဲ့…”
သူမ မျက်နှာလေးရွှင်လန်းလာတာကိုတွေ့ရတော့ ကျွန်တော်ကျေနပ်ပြီပေါ့။ သီချင်းအပြီး လက်ခုပ်သံလေးခပ်ဖွဖွကို ကျွန်တော့်အတွက်တီးပေးရင်း နှစ်လိုဖွယ်ကောင်းလှစွာပြုံးပြနေလိုက်တာ။ ခုနက ညှိုးငယ်ခဲ့သောမျက်နှာလေးကို ကြည်နူး လာအောင် ကျွန်တော်စွမ်းဆောင်နိုင်ခဲ့ပြီ။
“စိုင်းလုံက သီချင်းဆိုကောင်းတယ်နော်”
“ဟင့်အင်း၊ အဲလောက်လည်းမဟုတ်ပါဘူး နှင်းရာ”
နှင်းရှေ့မှာသီချင်းဆိုပြရတာကို ရှက်စရာအဖြစ် အခုမှမြင်ယောင်လာမိတော့ မျက်နှာမထားတတ်အောင်ဖြစ်သွားမိလေ၏။ သူမ ကတော့ ကျွန်တော့်ကိုချီးကျူးနေဆဲ။ ဂစ်တာပြန်ပေးပြီး ငြိမ်းချမ်းရေးကုန်းကထွက်လာပြီးတဲ့အထိတောင် သူမက ကျွန်တော့်ကို နောက်ထပ်သီချင်းတွေအခွင့်ရရင်ရသလိုဆိုပြဖို့ တောင်းဆိုနေဆဲ။
“အခု သွားရမယ့်နေရာက ဒီအချိန်ဆိုလူနည်းတယ်၊ ညနေမှသွားရင်ကောင်းမယ်နှင်း၊ အဲဒီတော့ ကျွန်တော်တို့ခဏပြန်ပြီး နားလိုက်ရင်ကောင်းမလား၊ ညနေမှထွက်လာမယ်လေ၊ တကယ်တော့ ဝဏ္ဏတို့သူငယ်ချင်းအုပ်စုတွေလာနေကျအချိန်က လည်း ညနေပိုင်းဆိုတော့လေ…”
“ဘယ်နေရာလဲ စိုင်းလုံ”
“ငါးကန်လေ၊ ဒီကနေပဲဆက်သွားရတာ”
“အဲဒီမှာ ဘာရှိလဲဟင်”
“ငါးတွေရှိတာပေါ့နှင်းရဲ့၊ ငါးကန်လေ၊ သူငယ်ချင်းတွေအပျော်သွားကြတဲ့နေရာပါ၊ အဲဒီမှာငါးကြော်တို့၊ ငါးကင်တို့ စား ရေနွေးသောက်လို့ရတယ်၊ အေးအေးလူလူစကားပြောလို့ရအောင်တဲလေးတွေလုပ်ပေးထားတယ်၊ စိမ်းစိုစိုစိုက်ခင်း တွေ ကြည့်လို့ရတယ်”
“အင်းလေ၊ ညနေဆိုလည်း ညနေမှသွားကြတာပေါ့”
သိမ့်သီတာတို့အိမ်ဆီကိုမောင်းလာရင်း လမ်းမှာ စကားတစ်ခွန်းမျှမပြောဖြစ်တော့ပါ။ ငါးကန်ဆီကို ညနေပိုင်းလိုက်ပို့ပေးဖို့ ကိုပဲ ထပ်မံရင်ခုန်ရလေသည်။ တကယ်လည်း ဝဏ္ဏတို့ကအဲဒီအချိန်မှလာတတ်တာမို့ ဝဏ္ဏသူငယ်ချင်းအုပ်စုထဲကတစ် ယောက်ယောက်ကိုများအလွယ်တကူရှာပြီးသဲလွန်စရနိုင်မလားပေါ့။
အိမ်ပြန်ရောက်တော့ ကျွန်တော်တို့ထင်မှတ်မထားတဲ့သတင်းတစ်ခုက စောင့်ကြိုနေလေသည်။
ဆိုင်ကယ်လည်းရပ်ရော သိမ့်သီတာက အိမ်ရှေ့ကိုအပြေးတစ်ပိုင်းထွက်လာ၏။
“အေး၊ နင်တို့ကိုငါဖုန်းဆက်နေတာ ဆက်လို့မရဘူး”
“အင်း၊ ဘာထူးလို့လဲ”
“ဦးလေးကောင်း ပျောက်သွားလို့တဲ့”
“ဘယ်လို”
ကျွန်တော်နဲ့ သူမ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိသည်။
“ဘယ်လိုပျောက်တာလဲ”
“အဲဒါတော့ သေချာမသိဘူး၊ ပုံမှန်သမားရိုးကျပျောက်တာမဟုတ်ဘူးလားလို့ ငါစိုးရိမ်မိတယ်ဟ၊ အဲဒါကြောင့် နင်တို့ရော ဘယ်လိုမြင်လဲလို့ ငါဖုန်းဆက်ကြည့်တာ၊ ငါ့ကိုဈေးထဲကပြန်လာတဲ့သူတွေပြောပြလို့သိရတာ”
“ရိုးရိုး အိမ်ပြန်မလာတာပဲဖြစ်မှာပါ သီတာရယ်”
သူမကတော့ ရိုးရိုးပဲတွေးပေမယ့် အကြောင်းအရာတစ်ခုခုရှိနေပြီဆိုတာ ကျွန်တော်သဘောပေါက်လိုက်လေသည်။
ဦးလေးကောင်းကိုမနေ့ကအကောင်းတိုင်းကြီးတွေ့လိုက်တာပဲ။ မိန်းမဖြစ်သူကိုတောင်ရိုက်နှက်နေသေး။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးထဲမှာတော့ အကြောင်းစုံကိုသိနိုင်လိမ့်မည်။
“ကျွန်တော်ဈေးထဲလိုက်ပြီးမေးလိုက်ဦးမယ်ဗျာ၊ ပုံမှန်ရိုးရိုးအိမ်ပြန်မလာတာပဲဖြစ်ပါစေလို့ပဲဆုတောင်းတယ်၊ ကျွန်တော်တို့ က ဝဏ္ဏကိစ္စကြုံထားတော့ အစိုးရိမ်လွန်တာလည်းဖြစ်နိုင်တယ်လေ”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx