(၄)
“ဘယ်လိုလုပ်ကြမလဲ”
ကျွန်တော်ရယ်၊ နှင်းရယ်၊ သိမ့်သီတာရယ် သုံးယောက်သား ခေါင်းချင်းဆိုင်ဆွေးနွေးစကားပြောရတဲ့အခြေအနေကို ရောက် မှန်းမသိရောက်ရှိခဲ့လေပြီ။ ဦးလေးကောင်းပျောက်ဆုံးသွားတာ ပုံမှန်အခြေအနေမဟုတ်ခဲ့ပါ။
“ပျောက်တဲ့ပုံစံက ဝဏ္ဏပျောက်သွားတာနဲ့နည်းနည်းဆင်နေတယ်၊ ဆင်နေတယ်ဆိုတာကဖုန်းဆက်တာလေ၊ ဦးလေး ကောင်းလည်း သူ့မိန်းမဆီကိုဖုန်းဆက်တယ်တဲ့ မိန်းမရေငါ့ကိုကယ်ပါ ဘာညာဆိုပြီးတော့ပေါ့၊ အဲဒီနောက်ပိုင်းဖုန်းကျသွား တာပဲတဲ့၊ ဒေါ်လေးယဉ်ယဉ်ကို အကူအညီတောင်းတဲ့ပုံစံနဲ့ဆက်တာ”
ကျွန်တော် ဈေးထဲမှာကြားလာသမျှ နှင်းတို့နှစ်ယောက်ကိုပြန်ပြောပြနေမိသည်။ တကယ်ဆိုယောင်္ကျားတစ်ယောက်အိမ် ပြန်မလာတဲ့ညဆိုတာက အထူးဆန်းကြီးမှမဟုတ်တာ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးရဲ့မသိစိတ်ထဲမှာ ပြသနာတစ်ခုခုရင် ဆိုင်နေရပြီဆိုတာမှန်း သိနေခဲ့လေတော့ ပဟေဠိတစ်ခုကိုအဖြေရှာချင်သည်ထက်ရှာချင်လာခဲ့လေသည်။
“အင်း ထူးတော့ထူးဆန်းတယ်၊ ဒါမျိုးက ဒီမှာဖြစ်နေကျလားဟင်”
နှင်းအတွက်ထူးဆန်းသလို ကျွန်တော်တို့အတွက်လည်း သိပ်ထူးဆန်းတာပေါ့။
“အသိထဲမှာ အဲလိုမျိုးရုတ်တရက်ပျောက်သွားတာမျိုးမရှိပါဘူးနှင်းရာ၊ တစ်ခါမှလည်းမကြုံဖူးပါဘူး၊ အခုမှပဲ”
သိမ့်သီတာအဖြေကို ကျွန်တော်ပါရောယောင်ခေါင်းညိတ်ပြလိုက်သည်။
“အင်း တစ်ခုတော့ရှိတယ်ဗျ၊ အခုဟာက ရက်အကြာကြီးမဟုတ်သေးဘူးလေ၊ ပျောက်သွားပြီးတစ်ပတ်နှစ်ပတ်ကြာတဲ့ အထိပြန်မလာတာမျိုးမှ ပြသနာတစ်ခုခုရှိပြီလို့သတ်မှတ်လို့ရတယ်၊ အခုကတော့ နည်းနည်းစောနေသလားလို့ထင်တယ်၊ ဒါပေမဲ့ ဖုန်းဆက်တဲ့ကိစ္စကလည်း ထူးဆန်းနေပြန်တယ်”
ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ခေါင်းစဉ်အောက်ဆွေးနွေးနေကြတာဆိုပေမယ့် ကျွန်တော်တို့စကားတွေကဟိုရောက်လိုက် ဒီ ရောက်လိုက်နဲ့ ဦးတည်ရာပျောက်နေလေသည်။ သမားရိုးကျမဟုတ်သော ပြသနာတစ်ခုကိုရင်ဆိုင်နေရပြီဆိုတာ အားလုံး ကသဘောပေါက်ထားကြတော့ ဘယ်အဖြေကို ဘယ်လိုရှာရမှန်းမသိချေ။
ငါးကန်ပတ်လည်က ဓနိမိုးထားပြီး တြိဂံပုံစံလေးတွေ တည်ဆောက်ထားတဲ့ တဲတစ်လုံးချင်းစီကို နှင်းငေးကြည့်နေတာ တွေ့ရ၏။
မြက်ခင်းပြင်ပေါ်မှာ တည်ဆောက်ထားတဲ့ တဲလေးတွေဆိုပေမယ့် လူသွားလူလာများတာကြောင့် မြက်ပင်ကျိုးတိုးကျဲတဲ သာကျန်တော့သည်။ ငါးကန်ပတ်ပတ်လည်မှာ တဲလေးတွေကိုဆောက်ထားတာဖြစ်ပြီး သစ်သားထိုင်ခုံလေးတွေကိုပါ တဲအထဲမှာ လုပ်ပေးထားသည်။ အဲဒီအထဲမှာ သမီးရည်းစားချိန်းတွေ့ ဒါမှမဟုတ်သူငယ်ချင်းတွေအေးအေးလူလူစကား လာပြောကြတာပေါ့လေ။
ကန်ထဲမှာတော့ ငါးတွေတော်တော်များများကိုတွေ့ရ၏။ ကန်ပတ်ပတ်လည်ကိုလျှောက်နိုင်မယ့် လမ်းတစ်ချို့နေရာတွေမှာ တော့ ပုလင်းထက်ပိုင်းပြတ်တွေကိုအစီအရီတန်းထားသည်။ မြန်မာဘီယာပုလင်းလို ပုလင်းတွေကိုဖြတ်ပြီးမှောက်ခုံမှောက် ကာ လမ်းလေးတစ်ဖက်တစ်ချက်စီမှာ စီတန်းပြီးခင်းထားတာပင်။ ညနေဆည်းဆာရဲ့ရောင်ခြည်က ပုလင်းတန်းလေးတွေ ပေါ်ကို ဖြာတော့ ပုလင်းအရောင်တွေက ဆည်းဆာရောင်တောက်ပစွာလှနေလေသည်။
“သက်ဆိုင်ရာကိုရော တိုင်ထားသေးလား”
“မပြောတတ်ဘူး နှင်း၊ ဒေါ်လေးယဉ်ယဉ်ကတော့ သူ့ယောင်္ကျားကို သိပ်စိတ်ပူပုံလည်းမရပါဘူး၊ ကျွန်တော်တို့ကသာ ရှေ့မှာတစ်ယောက်ကြုံပြီးသားမို့ သမားရိုးကျမဟုတ်ဘူးဆိုတာ သိပြီး စိတ်တွေပူနေကြတာ”
“အမှန်တော့ ငါတို့က စိတ်ပူရုံပဲတတ်နိုင်ကြတာပါ၊ ဘာလုပ်ပေးနိုင်မှာမို့လို့လဲ၊ ငါတို့ရှင်းနိုင်တဲ့ကိစ္စလို့မထင်ဘူး နှင်း”
သိမ့်သီတာပြောတာလည်း ဟုတ်နေပြန်သည်။
“ဘာပဲဖြစ်ဖြစ် နှင်းကတော့ စိတ်ဝင်စားတယ်၊ အဖြေတစ်ခုခုထွက်လာတဲ့အထိစောင့်ကြည့်ဖို့ဆုံးဖြတ်ထားတယ်”
ကျွန်တော် ကျေနပ်သွားလေသည်။ ပြီးတော့ အဲဒီကိစ္စအဖြေချက်ချင်းမထွက်ပါစေနဲ့လို့လည်း မသိစိတ်ကဆုတောင်းနေ မိပြန်သည်။ အဲဒီလိုဆုတောင်းသင့်တဲ့ကိစ္စလည်း မဟုတ်မှန်းကျွန်တော်သိပါသည်။
“ကဲပါလေ၊ လောလောဆယ် အဲဒီကိစ္စအသာထားပြီး ငါးကြော်စားလိုက်ကြစို့”
စဉ်းစားစရာတွေများနေတဲ့ စကားဝိုင်းကိုကျွန်တော်လက်စသတ်လိုက်သည်။ အခုလေးတင်မှလာချပေးတဲ့ ပူပူနွေးနွေး ငါးကြော်ကို စားဖို့ဟန်ပြင်လိုက်သည်။ ဒါပေမဲ့ ချစ်တဲ့သူကိုအရင်စားစေမှာပေါ့။
တူကိုပလတ်စတစ်ခွာလိုက်ပြီး သူမကိုတစ်စုံ၊ သိမ့်သီတာကိုတစ်စုံ လှမ်းပေးလိုက်သည်။ ကျွန်တော့်တူကိုတော့ ငါးအသား တွေရှိရာနေရာဆီမှာထိုးမွှေဖဲ့ယူလိုက်ပြီး နှင်းစားမယ့်ဖက်ဆီကို ကမ်းပေးလိုက်၏။ တကယ်လို့များ အခုလိုဝိုင်းမှာ သိမ့်သီ တာများ ပါမလာခဲ့ဘူးဆိုရင် အဲဒီငါးကြော်မှာရှိတဲ့အသားတွေမှန်သမျှ နွှာပြီးချစ်သူကိုစားစေမှာပေါ့။ နှင်းရဲ့တူကိုင်တဲ့လက် ကလေး ကို ဒီအတိုင်းလေးချထားစေပြီး ကျွန်တော်ငေးကြည့်နေမိမှာပေါ့။
ရေနွေးခွက်ထဲ ရေနွေးထည့်တာကိုတော့ သိမ့်သီတာကလုပ်ပေးသည်။ သူမကတော့ ကျွန်တော်နွှာပေးတဲ့ငါးအသားတွေကို တူနဲ့ကိုင်ယူမြည်းစမ်းနေလေသည်။
“ဒီနေရာကို အများဆုံးလာတဲ့သူတွေထဲမှာ ဝဏ္ဏလည်းပါတယ်လား စိုင်းလုံ”
ဝဏ္ဏ အကြောင်းကို နှင်းက စ မေးတာမို့ ကျွန်တော်ဖြေရပါသည်။
“အင်း၊ ဟုတ်တယ်နှင်း၊ ကျွန်တော်တို့ကျောက်မဲမှာ လည်လို့ပတ်လို့ကောင်းတဲ့နေရာထဲမှာ ငါးကန်လည်းအချက်အချာတစ် ခုပဲလေ၊ အေးအေးဆေးဆေးရှိတယ်၊ မျက်စိအေးတဲ့ရှုခင်းတွေကိုလည်းမြင်ရတယ်”
“မျက်စိအေးတဲ့ရှုခင်း ဟုတ်လား”
“ဟုတ်တယ်လေ၊ ဟော ဟိုမှာ ကြည့်လိုက်ပါဦး”
ကျွန်တော်လက်ညှိုးညွှန်ပြရာဆီကို နှင်းလိုက်ကြည့်ပါသည်။ မှိုင်းညှို့ညှို့တောင်တန်းကြီးကိုအရင်မြင်ရမည်။ အဲဒီရဲ့အပေါ် မှာတော့ ညနေဆည်းဆာရောင်ခြည်သန်းနေတဲ့ တိမ်တွေနဲ့အတူ ကောင်းကင်ပြာကြီးကိုလွမ်းမောဖွယ်တွေ့ရမည်။ အဲဒီ မြင်ကွင်းကနေ တောအုပ်တွေ၊ သစ်ပင်အထပ်ထပ်တွေ၊ လူနေအိမ်မြင်ကွင်းတွေကိုဖြတ်ပြီး ကျွန်တော်တို့ရှေ့မလှမ်းမကမ်း မှာ စိမ်းစိုစိုစိုက်ခင်းတွေကို စိတ်အေးချမ်းစွာမြင်ရမည်။
“ဟုတ်ပါရဲ့နော်”
နှင်း တီးတိုးရေရွတ်လိုက်၏။ အဝါရောင်၊ အစိမ်းရောင်တွေရောယှက်နေတဲ့ မုန်ညင်းခင်းဆီကို နှင်းရဲ့အကြည့်တွေရောက် နေလေပြီ။ စိုက်ခင်းဘေးမှာတော့ သစ်ရွက်အမှိုက်တွေမီးရှို့နေတဲ့သူတစ်ချို့။ ကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းအားလုံးကို စိုက်ခင်းထဲက မီးခိုးတလူလူက ဇာပဝါသိုင်းခြုံထားသလိုခြယ်မှုန်းပစ်လိုက်သည်။ အဲဒီမြင်ကွင်းလောက်အေးချမ်းသာယာ တာမျိုးဘယ်မှာရှိမှာလဲ။
“သဘာဝတရားကပေးတဲ့ အေးချမ်းမှုမျိုးလောက် စိတ်ချမ်းသာစရာကောင်းတာဘာရှိဦးမလဲနော်”
နှင်းစကားကို ကျွန်တော်ရော သိမ့်သီတာပါသဘောကျမိသွား၏။ အဲဒီအချိန်မှာပဲ ကျွန်တော့်လက်ကိုင်ဖုန်းထ မြည်ခဲ့လေ သည်။ တည်ငြိမ်စပြုပြီး အေးချမ်းတဲ့ဆီကိုသွားဖို့ပြင်နေတဲ့စကားဝိုင်းလေးရုပ်ဆိုးအကျဉ်းတန်သွားမယ့် ဖုန်းမှန်းကြိုသိခဲ့ရင် ကိုင်မိခဲ့ လိမ့်မည်မဟုတ်ပါ။
“ဟယ်လို”
တစ်ဖက်ဆီကနေကြားရတဲ့အကြောင်းအရာက တိုတောင်းပြတ်သားလှပေမယ့် အံသြမှင်သက်ဖွယ်ကောင်းလှပါသည်။ နှင်း တို့နှစ်ယောက်စလုံး ကျွန်တော့်ဖုန်းသံကို စိတ်ဝင်တစားမရှိကြပါ။ ဒါပေမဲ့ ဖုန်းချအပြီး ကျွန်တော်ပြောလိုက်တဲ့စကားက နှစ် ယောက်သားပါးစပ်အဟောင်းသားဖြစ်သွားတဲ့အထိပါပဲ။
“ဦးလေးကောင်းရဲ့အလောင်းကိုရှာတွေ့တယ်တဲ့”
စားလက်စ ငါးကြော်ကို ဒီအတိုင်းထားခဲ့ကာ ထွက်လာခဲ့ကြရသည်။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဝဏ္ဏပျောက်သွားတဲ့ကိစ္စနဲ့ ဦး လေးကောင်း အလောင်းကိုရှာတွေ့တဲ့ကိစ္စ မပတ်သက်ပါစေနဲ့လိုပဲ ဆုတောင်းနေမိ၏။
ရာသီဥတုကအေးစိမ့်စိမ့်ဖြစ်နေပေမယ့် ငါးကန်ရဲ့အပြန်လမ်းကမအေးမြခဲ့ပါ။ လမ်းတစ်လျှောက်မှာတွေ့ရတဲ့ခရစ်စမတ်ပန်း နီနီ တွေကိုလည်း ချစ်သူကိုလက်ညှိုးထိုးပြသခွင့်မရခဲ့ပါ။ အားလုံးရဲ့စိတ်က ဦးလေးကောင်းကိုရှာတွေ့ရာဆီကိုသာရောက် နှင့်နေကြလေသည်။
အလောင်းထားရာနေရာဆီကိုရောက်တော့ လူကျိတ်ကျိတ်တိုးစည်ကားနေတာမြင်ရ၏။ အဲဒီအထဲကမှ အစ်မထွက်လာတာ ကို ကျွန်တော်မြင်လိုက်ရသည်။
“အစ်မ၊ ဦးလေးကောင်းဆိုတာသေချာပြီလား”
အစ်မတို့က ဆိုင်နီးနားချင်းဆိုတော့ အမြဲတမ်းတွေ့နေကျမို့ ဦးလေးကောင်း၊ ဒေါ်လေးယဉ်ယဉ်တို့နဲ့အရင်းနှီးဆုံးလည်းဖြစ် သည်။
“အင်း၊ ဟုတ်တယ်မောင်လေး၊ ဦးလေးကောင်းပဲ”
ကျွန်တော်တို့သုံးယောက်သား လူအုပ်စုထဲကိုတိုးဝင်မကြည့်သေးဘဲ အစ်မပြောတဲ့စကားတွေကိုသာနားစွင့်နေမိသည်။
“ဒဏ်ရာတွေလည်းတစ်ကိုယ်လုံးပွထနေတာပဲဟယ်၊ ညီမလေး သွားမကြည့်နဲ့ဦး၊ လန့်သွားမှာစိုးလို့၊ အင်း ငါတို့ဦးလေး ကောင်းလည်း အကုသိုလ်များလို့ဖြစ်မယ်၊ အခုလိုအသေဆိုးနဲ့သေရတာ”
နှင်းက မျက်လုံးလေး အဝိုင်းသားနဲ့အံသြတကြီးနားထောင်နေသည်။ ရုတ်ရုတ်သဲသဲသတင်းမျိုးတွေဟာ ကျွန်တော်တို့မြို့ လေးအတွက် အဆန်းတကြယ်မဟုတ်တော့ပေမယ့် နှင်းအတွက်တော့ဘယ်ကြုံဖူးပါ့မလဲ။
“ဘယ်လိုဖြစ်တာတဲ့လဲအစ်မ”
“ဒီအတိုင်းသေရက်သားတွေ့လို သယ်လာခဲ့တာတဲ့လေ”
“ဟုတ်လား၊ ဘယ်ကတွေ့တာတဲ့လဲ”
“သီပေါသွားတဲ့လမ်းဘေးတစ်နေရာမှာတဲ့”
ဘုရား။ ဘုရား။ အဲဒီနေရာကို ဦးလေးကောင်းကဘယ်လိုလုပ်ရောက်သွားတာပါလိမ့်။ အရက်မူးမူးနဲ့များဆိုင်ကယ်လျှောက် မောင်းပြီး မတော်တဆဖြစ်တာများလား။
“ဆိုင်ကယ်တွေဘာတွေရော သူနဲ့အတူမတွေ့ဘူးလား၊ ဦးလေးကောင်းက အဲဒီနေရာတွေကိုသွားလေ့သွားထမရှိဘူးလို့ထင် တာပဲ၊ သူ့အဝှာကလည်း မြို့ထဲမှာပဲဟာကို”
“ငါလည်းသေချာဘယ်သိပါ့မလဲ မောင်လေးရယ်၊ အကြောင်းစုံကိုမေးဖို့ကလည်း ဒေါ်လေးယဉ်ယဉ်ကလည်းငါနဲ့အတူတူပဲ သိတာဆိုတော့ ဂဃနဏ မသိရဘူး၊ သက်ဆိုင်ရာကပဲစုံစမ်းလိမ့်မယ်ဟယ်၊ ကဲ အိမ်ပြန်မယ်လေ၊ နင်ဘယ်တွေလျှောက် သွားနေတာလဲ”
“ကျွန်တော်ကြည့်ဦးမယ်အစ်မရာ၊ ဦးလေးကောင်းဟုတ်မဟုတ်”
“ဟဲ့၊ နင်ကြည့်ရဲလို့လားမောင်လေး၊ မကြည့်နဲ့”
ကျွန်တော့်ရဲ့ကြောက်တတ်တဲ့အကျင့်ကို အစ်မကသိနေတော့ အလောင်းသွားမကြည့်ဖို့လှမ်းတားသည်။ ဒါပေမဲ့ ကျွန်တော် ကြည့်မှဖြစ်မှာပေါ့။ နှင်းလည်းအရမ်းကြည့်ချင်နေမှာသေချာပါသည်။
“ရတယ်၊ နှင်း ကြည့်မယ်မှလား လာလေ”
ကျွန်တော်တို့သုံးယောက်သား လူကျိတ်ကျိတ်တိုးရှိရာဆီကို ဝင်တိုးလိုက်၏။ နေရာနီးသည်ထက်နီးလာတော့ ဒေါ်လေး ယဉ်ယဉ်ရဲ့ငိုညည်းသံသဲ့သဲ့ကိုကြားလာရသည်။
“အိုး”
မြင်လိုက်ရတဲ့မြင်ကွင်းက မရှုမလှပင်။ ဦးလေးကောင်းရဲ့ အလောင်းကို အဝတ်ဖြူပါးနဲ့ခြုံထားပေမယ့် မျက်နှာတစ်ပြင်စာ ကိုတော့ မြင်ရအောင်ပြန်လှန်ပေးထား၏။ အဲဒီမျက်နှာကဦးလေးကောင်းမှန်း မှတ်မိရုံကလွဲလို့နီမြန်းဖူးယောင်လို့နေလေ သည်။ ပါးပြင်မှာလည်း အစင်းရာကြီးတွေနဲ့။
“နှင်း မကြည့်နဲ့”
နှင်းကြောက်မှာစိုးလို့ လှမ်းတားလိုက်ပေမယ့် သူမက ကြည့်နှင့်နေပြီးပြီ။ မဝံ့မရဲမျက်နှာလေးကို ကျွန်တော့်ပခုံးနဲ့ကွယ်ထား သေးသည်။
“အဲဒါ ဦးလေးကောင်းဆိုတာသေချာလား စိုင်းလုံ”
“အင်း၊ ဟုတ်တယ် နှင်း”
အလောင်းဘေးမှာ ဒေါ်လေးယဉ်ယဉ်အပါအဝင် ဦးလေးကောင်းရဲ့မိသားစုဝင်တစ်ချို့ပါရှိနေသည်။ အခုလိုမျိုးရုတ်တရက် ကြီး အဖြစ်အပျက်ကို အံအားသင့်လို့မဆုံးနိုင်အောင်ပင်။ ဦးလေးကောင်းနဲ့ ဒေါ်လေးယဉ်ယဉ်တို့ ရန်ဖြစ်တာ၊ ရိုက်ကြ နှက်ကြ တာ အဆန်းတကြယ်မဟုတ်တော့။ အားလုံးနဲ့ရင်းနှီးနေပြီးသားကိစ္စတစ်ခု။
နှင်းနဲ့ဝဏ္ဏတို့ ပြသနာဖြစ်ပြီးနောက်ပိုင်းမှာ ဝဏ္ဏ ပျောက်ခြင်းမလှပျောက်သွားသည်။ အခုချိန်ထိရှာမတွေ့သေး။ အဲဒီအပြင် ဦးလေးကောင်းနဲ့ ဒေါ်လေးယဉ်ယဉ်တို့ရန်ဖြစ်နေကျအတိုင်းရန်ဖြစ်ပြီးနောက်ပိုင်းမှာ ဦးလေးကောင်းလည်းပျောက်ခြင်းမလှ ပျောက်သွားသည်။ ပြန်တွေ့တော့ အသက်ရှင်လျှက်မဟုတ်တော့။
“စိုင်းလုံ နင့်အစ်မပြန်သွားပြီ၊ ငါတို့လည်းပြန်ကြစို့”
သိမ့်သီတာက ပြန်ဖို့လာပြောတော့မှ ခေါင်းညိတ်ကာ အိမ်ပြန်ဖို့ဦးတည်လိုက်သည်။ လှပတဲ့ညနေခင်းလေးတစ်ခု ရုပ်ဆိုး အကျဉ်းတန်သွားခဲ့ပြီ။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရုံမှအပ ဘာလုပ်နိုင်မှာလဲ။
“အင်း၊ နင်တို့ကို အရင်ဝင်ပို့မယ်လေ”
ဆိုင်ကယ်ကိုယ်စီနဲ့ဆိုပေမယ့် သူမတို့မိန်းကလေးနှစ်ယောက်ကို ကျွန်တော်အရင်ဝင်ပို့ပြီးမှ အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်၏။ ဦး လေးကောင်း သေဆုံးတာဟာ မတော်တဆ ထိခိုက်မှုတစ်ခုခုကြောင့်ပဲဖြစ်စေချင်ပြီး တစ်ခြားအကြောင်းအရာတစ်ခုရှိ မနေစေချင်ပါ။ ဒီလိုအခြေအနေကြားထဲမှာ နှင်းဘာတွေများစိတ်ကူးနေသလဲဆိုတာကိုတော့ ကျွန်တော်စိတ်ဝင်စားမိလေ သည်။ နှင်း အိမ်ပြန်ချင်နေပြီလား။ အဲဒီလိုတွေးမိကာ ကျွန်တော်ဝမ်းနည်းမိသွားလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx