မြစိမ်းရောင်လွင်ပြင် အပိုင်း (၇)

အပိုင်း (၂)

နှင်းငွေရည်

(၇)

ရုတ်တရုက်မို့ စိတ်ဆိုးယောင်ပြလိုက်မိပေမယ့် သူ နှင်းကိုနင်ကျင်သွားမလားတွေးပူမိနေပြန်သည်။

နှင်းကိုလွယ်လွယ်နဲ့ ရနိုင်တဲ့မိန်းက လေးတစ်ယောက်အဖြစ်မမြင်စေချင်လို့ ပြောပစ်ခဲ့တာပင်။ လွမ်းမောဖွယ် လှတဲ့ မြို့လေးမှာ နှင်းကိုချစ်တဲ့ လူတစ်ယောက်တွေ့ရှိခဲ့လိမ့်မယ်ဆိုတာ ဘယ်တုန်းကမှမတွေးခဲ့ဖူးပါ။ သူ နှင်းကိုတကယ်ချစ်ကြောင်း သူ့အမူအရာတွေက သက်သေပြနေခဲ့၏။ အစားအသောက်တစ်ခုခုစားရင် တူကိုခွာပေးတတ်တာ၊ တယုတယနဲ့ ရေနွေးငှဲ့ပေးတတ်တာ၊ တစ်သျှူးကို အဆင်သင့်ဖြစ်အောင် အခေါက်လေးတွေလုပ်ပေးပြီး သုတ်စေတာ၊ သူ့ပန်းကန်ထဲကအသားဖတ်လေးတွေကို ရွေးပြီး နှင်းကိုစားစေတာ အဲဒီအပြုအမှုသေးသေးလေးတွေဟာလည်း နှင်းကိုသူအလေးအနက်ထားတယ်ဆိုတာ သိသာ ထင်ရှားစေတဲ့ လက္ခဏာတွေပါပဲ။

“စိုင်းလုံဟာ အရမ်းရိုးသားဖြူစင်တဲ့ လူတစ်ယောက်ပါ”

သိမ့်သီတာရဲ့စကားကို နှင်းအပြည့်အဝယုံကြည်ပါသည်။ နှင်း သူ့ကိုမရိုးသားတဲ့လူတစ်ယောက်အဖြစ် ဘယ်တုန်းကမှမ မြင်ခဲ့ဖူးပါ။ ရက်ပိုင်းလေးအတွင်းမှာပင် သာမန်ထက်ပိုတဲ့သံယောဇဉ်ဖြစ်ခဲ့ရ၏။

နှင်းရဲ့စကားတွေကြောင့် နာကျင်ဝမ်းနည်းစွာ ထွက်ခွာသွားတဲ့သူ့ကျောပြင်ကို ငေးကြည့်ပြီးနှင်းကိုယ်တိုင်လည်းစိတ်မ ကောင်းဖြစ်ရသည်။ သူနှင်းကို စိတ်များနာသွားပြီလား။

နောက်တစ်နေ့ နှင်းဆီကိုသူရောက်မလာခဲ့ပါ။ အဲဒီတော့လည်းနှင်းဝမ်းနည်းရပြန်သည်။ နှင်းရဲ့စိတ်ဆိုးတုန်းပြောတဲ့စကား တွေကို သူနာကျင်သွားပြီလား။ နှင်းလူတစ်ယောက်အပေါ် စိတ်နာအောင်ပြောမိသွားပြီလား။ အဲဒီနေ့က စကားတွေကိုပြန် သုံးသပ်ကြည့်မိသည်။

“နင်လွန်တာပေါ့၊ မချစ်နိုင်ဘူးဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပဲငြင်းသင့်တာပေါ့၊ ကိုယ့်ကိုနေရာအနှံ့တကူးတကလိုက် ပို့တဲ့သူကို ပစ်ပစ်ခါခါကြီးရန်မတွေ့သင့်ပါဘူး”

သိမ့်သီတာပြောသမျှ လှိမ့်ခံနေရ၏။ ဟုတ်တော့လည်းဟုတ်တာပါပဲ။ နှင်း သူ့ကိုအဲဒီလောက်ထိမပြောသင့်ခဲ့ပါဘူး။ အပြော ခံနေတဲ့ကြားထဲက လိမ္မော်သီးတွေခူးပြီး နှင်းစားဖို့ပေးခဲ့တဲ့ သူ့မျက်နှာငယ်လေးကိုမြင်ယောင်ကာသနားနေမိ၏။ အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ သူ့ကိုတွေ့ချင်လာသည်။ သွားတွေ့ဖို့ဆိုတာကလည်း တော်တော်စဉ်းစားယူရမယ့်ကိစ္စ။

“ငါ ဘာလုပ်သင့်လဲ”

“နင် သူ့ကိုသွားတွေ့ပေါ့”

“တွေ့ြ့ပီး ဘယ်လိုပြောရမှာလဲဟင်”

“အော် မှားသွားတယ်၊ တောင်းပန်ပါတယ်ပေါ့ဟာ”

“ငါကအဲဒီလိုတောင်းပန်တယ်ထင်ရင် သူ့အချစ်ကိုလက်ခံတယ်ဆိုပြီးထင်သွားမှာလည်းစိုးရိမ်တယ်”

နှင်းရဲ့တွေဝေမှုကို သိမ့်သီတာက အားမလိုအားမရဖြစ်နေသည်။

“နှင်း၊ နင်ကတော့လေ မပြတ်မသားနဲ့၊ နင်သူ့ကိုဘယ်လိုသဘောရလဲ သေချာဆန်းစစ်ကြည့်၊ အဲဒီနေ့ကနင်ပြောလိုက်တာ နင့်ကိုလွယ်လွယ်နဲ့ရမယ့် မိန်းကလေးလို့ထင်သွားမှာစိုးရိမ်တဲ့စိတ်တစ်ခုကြောင့်ပဲမှလား၊ အဲဒီတော့ ရှင်းပါတယ်၊ နင့်စိတ်ထဲ မှာ သူတစ်နေရာရှိနေတယ်ဆိုတာ ငြင်းစရာမလိုဘူးလေ၊ စိုင်းလုံဟာ နင်ထင်သလိုထင်မယ့်လူစားမျိုးမဟုတ်ပါဘူး၊ နင့်ကို ချစ်တဲ့စိတ်ပဲ သူ့မှာရှိတာပါ၊ နင့်ကိုအထင်သေးအမြင်သေးတဲ့စိတ်သူ့မှာမရှိဘူး၊ အဲဒါကိုတော့ ငါအာမခံပါတယ်”

အပြတ်အသပ်ကိုထောက်ခံပေးနေသည်။ နှင်းဖက်ကရော စိုင်းလုံအပေါ်ကိုဘယ်လိုမြင်သလဲ။ အဲဒီနေ့က ပြန်ရန်တွေ့ရုံက လွဲလို့ သေသေချာချာ မဆန်းစစ်မိခဲ့။ အခုချိန်မှာ သူများပေါ်လာမလားဆိုပြီးမျှော်နေမိတာကလွဲရင် ကျန်တာမသိတော့ပါ ဘူး။ တစ်ရပ်ကွက်တည်းနေတာသာဆိုတယ် ကိုယ်တော်ချောကဖြတ်သွားဖြတ်လာတောင်ပေါ်မလာ။ ဟိုဖက်ထိပ်နဲ့ဒီဖက် ထိပ်မို့လို့လားမပြောတတ်။

“အဲဒီတော့…”

“အဲဒီတော့ နင်သူ့ကိုတွေ့ပြီးတောင်းပန်ရမှာပေါ့၊ အဖြေမပေးချင်သေးရင်လည်းစဉ်းစားပါရစေဦးပေါ့၊ ဒါပဲရှိတာပဲ၊ နင်တို့ ရန်ကုန်သူတွေများ အထာကိုကိုင်လွန်းပါတယ်ဟယ်”

“အထာကိုင်တာမဟုတ်ပါဘူးဟာ၊ ရုတ်တရက်ဆိုတော့ ရှက်သွားတာပါ”

“နင်ရှက်တာနဲ့တင် ဟိုမှာကြောက်ပြီးမလာရဲတော့ဘူး၊ သနားပါတယ်၊ အိမ်သွားကြည့်ရင်ကောင်းမလား၊ ဟိုဖက်လေးတင် ရယ်၊ ဘယ်လိုလဲ”

“အာ မသွားချင်ပါဘူး၊ နေပါဦးဟာ၊ သူလာမလားစောင့်ကြည့်ကြတာပေါ့၊ ချက်ချင်းကြီးတော့မလိုက်သွားချင်ပါဘူး”

သူ့အပေါ်ကို နှင်းငြိုငြင်ပြီးချက်ချင်းသွားမတွေ့တာတော့မဟုတ်ပါ။ နည်းနည်းတော့အထာကိုင်ပြီးစောင့်ဖို့ဆုံးဖြတ်လိုက်ခြင်း ပင်။ နှစ်ရက်လောက်ဆိုရင်တော့ သူရောက်လာမှာပါ။ သူလာတာကိုပဲ နှင်းစောင့်ချင်ပါသည်။ နှင်းကိုတယုတယနဲ့ဂရုစိုက် လွန်းတဲ့ သူတစ်ယောက်ဘယ်လိုပုံစံမျိုးနဲ့ပေါ်လာမလဲ စောင့်မျှော်နေမိ၏။

ကျောက်မဲရဲ့ဘယ်နေရာတွေကိုသူလိုက်ပို့ဦးမလဲ နှင်းစိတ်ဝင်စားမိသည်။ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ပုံစံတွေကိုနှင်းမျှော်လင့် နေမိသည်။

“အေးဟာ သဘောပဲ၊ ပြီးမှာဘာဖြစ်တယ်ညာဖြစ်တယ် လာမပြောနဲ့ နားညည်းတယ်နော်”

သိမ့်သီတာကို မျက်စောင်းလှမ်းထိုးပစ်လိုက်၏။ စိုင်းလုံနဲ့ နှင်းကိုအရမ်းဖြစ်စေချင်ပုံရသည်။ ခဏတာလာလည်တဲ့အခိုက် မှာ ချစ်သူတစ်ယောက်ကောက်ထားရမယ့်အဖြစ်ကိုတော့နှင်းမတွေးခဲ့ပါ။ ဒါပေမဲ့ သူ့ရဲ့ပုံပန်းသဏ္ဍာန်၊ အမူအရာတွေ ဟာ နှင်းကိုစိတ်ဝင်စားစေခဲ့တာတော့အသေအချာပဲဖြစ်သည်။

“အေးပါဟာ၊ ငါစဉ်းစားနေပါတယ်”

“နင့်ကိုသူပဲစိတ်ရှည်လက်ရှည်လိုက်ပို့နိုင်တာ၊ ငါဆို အဲဒီလောက်အထိနှံံ့အောင်ပို့နိုင်မယ်မထင်ဘူး၊ ငါသတ်မှတ်ထားတာ က ကျောက်မဲမှာလည်စရာပတ်စရာဆိုလို့ ဗဟိုဈေးမှာဈေးဝယ်တာလောက်ပဲရှိတယ်”

“နင် အကျင့်ပုတ်မှန်းသိပါတယ်၊ ကြည့်နေ ရန်ကုန်လာရင်နှစ်ရက်လောက်ဆက်တိုက်လိုင်းကားတိုးစီးခိုင်းဦးမယ်၊ ကားပိတ် လို့ ကိုယ့်ကိုကိုယ်သတ်သေချင်စိတ်တွေပေါက်သွားအောင်”

“အမလေး နင်တို့ရန်ကုန်မလာရဲတော့ပါဘူးဟာ၊ နေရာတကာကားကြပ်၊ လူကြပ်၊ အသက်ရှုကြပ်နဲ့၊ ကျောက်မဲမှာပဲအဆင် ပြေသလိုလေး သာသာယာယာနေပါရစေ”

ကျောက်မဲမှာပဲ သာသာယာယာနေပါရစေတဲ့။ ဟုတ်တယ်။ ရန်ကုန်လိုအရောင်စုံတဲ့မြို့ကြီးဆီကိုနှင်းဘယ်လိုအင်အားတွေ နဲ့ပြန်သွားရပါ့မလဲ။ မြူခိုးတဝေေ၀ထနေတဲ့တောင်တန်းကြီးတွေကိုမမြင်ရပါ၊ ဇာပုဝါနှင်းမှုန်တွေမရှိပါ၊ မျက်စိအေးစေတဲ့ သစ်ပင်စိမ်းစိုစိုကြီးတွေကိုတွေ့ရမည်မဟုတ်ပါ။ အဲဒီအစား ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ကျိတ်ကျိတ်တိုးစည်ကားနေတဲ့လူ့ ပင်လယ်ကြီးတွေ၊ အော်ဟစ်ငေါက်ငမ်းနေတဲ့ယာဉ်လိုင်းပေါ်ကအသံတွေ၊ ဟန်ဆောင်မှုမျက်နှာဖုံးတွေနဲ့အလုပ်လုပ်နေကြ ရတဲ့ ဝန်ထမ်းတွေ ကိုသာတွေ့ရပေမည်။ အဲဒါတွေအားလုံးထက်ပိုပြီး နှင်းကိုတွေဝေစေတာကတော့ စိုင်းလုံဆိုတဲ့လူတစ် ယောက်ပင်။

စတွေ့တွေ့ချင်းနေ့ကတည်းကနှင်းကိုတောက်လျှောက်လိုက်ကူညီပေးနေတာ၊ နှင်းနဲ့ထပ်တူနှင်းပြသနာတွေကိုလိုက်လံခံ စားပေးတာ၊ အိမ်ရှင်ကောင်းပီသစွာဧည့်ဝတ်ကျေပွန်တာ အဲဒါတွေအားလုံးက စိုင်းလုံဆိုတဲ့သူ့ဆီမှာချစ်စရာကောင်းစွာ ဖြစ် တည်နေလေသည်။ နှင်း ရက်ပိုင်းလေးအတွင်းမှာသူ့ကိုသံယောဇဉ်ဖြစ်ခဲ့သည်။ သူ့ကိုခွဲခွာပြီး ရန်ကုန်ကိုပြန်ရမယ်ဆိုရင် နှင်း ဝမ်းနည်းမှသေချာပါသည်။ ဒါဟာတဒင်္ဂဝမ်းနည်းမှုမျိုးလား ပြန်ဆန်းစစ်ကြည့်တော့အဲဒီထက်ပိုနေသယောင်ခံစားရပြန် လေသည်။

“ဒါဆို ငါဘာလို့ စိုင်းလုံရဲ့အချစ်ကိုထည့်မတွက်ဘဲနဲ့ရန်တွေ့ခဲ့ရတာပါလိမ့်”

အဲဒီလိုတွေးမိပြန်တော့ နှင်းကိုယ့်ကိုကိုယ်မုန်းမိသွားလေသည်။ နှင်းကြောင့်သူနာကျင်ခဲ့ရပြီ။ နှင်းအခုလိုမျိုးသူ့အကြောင်း တွေး၊ ခံစားနေတာထက်ပိုပြီး အဆပေါင်းများစွာသူခံစားရမှာသေချာပါသည်။ စိတ်သဘောထားနူးညံ့လွန်းတဲ့လူတစ် ယောက်။ သူ့ရှေ့မှာမတရားတာမြင်ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ကောင်လေးတစ်ယောက်။

“ငါ့အတွက်တော့မိန်းကလေးဆိုတာ နူးညံ့သိမ်မွေ့တဲ့အရာ၊ တန်ဖိုးထားရမယ့်အရာပဲဟေ့ကောင်၊ နောက်ငါ့ရှေ့မှာဒါမျိုးဖြစ် လို့ကတော့ ဒီထက်ပိုနာမယ်မှတ်”

သူနဲ့ပထမဆုံးတွေ့တဲ့နေ့ကပြောတဲ့စကားကိုပြန်ကြားယောင်လာသည်။ မိန်းကလေးတွေကိုတန်ဖိုးထားတတ်တဲ့သူ့ကိုနှင်း ချီးကျူးမိသွားရသည်။ အမျိုးသမီးတစ်ယောက်ကိုလင်ယောင်္ကျားဖြစ်သူက ရက်ရက်စက်စက်နှိပ်စက်နေတဲ့မြင်ကွင်းမျိုးကို တော့ သူအကြောက်ကြီးကြောက်တတ်ခဲ့သည်။ ဦးလေးကောင်းတို့လင်မယားရန်ဖြစ်တုန်းက သူ့ပုံစံတွေကပုံမှန်မဟုတ် အသားတွေ တဆတ်ဆတ်တုန်ယင်လာကာ အနိဌာရုံမြင်ကွင်းတစ်ခုကိုမြင်ရသလိုတုန်လှုပ်နေခဲ့၏။

သူ့အကြောင်းတွေကိုတွေးရင်းသူ့ကိုမျှော်နေခဲ့ပေမယ့် နှစ်ရက်မြောက်နေ့ကုန်ဆုံးသွားတဲ့အထိသူပေါ်မလာခဲ့ပါ။ သုံးရက် မြောက်နေ့လည်ခင်းမှာတာ့ နှင်းတည်းတဲ့သိမ့်သီတာတို့ရဲ့အိမ်ဘေးအိမ်ကို သူ့အစ်မဖြစ်သူရောက်လာတာလှမ်းတွေ့လိုက် ရသည်။

“သိမ့်သီတာ၊ ဟိုမှာ စိုင်းလုံ အစ်မ မှလား”

“အေး ဟုတ်တယ်လေ”

သူ့ကိုတွေ့ချင်စိတ်တွေ တော်တော်ထိန်းသိမ်းထားခဲ့ရတာ သူ့အစ်မဖြစ်သူကိုမြင်တော့ ထိမ်းချုပ်နိုင်စွမ်းနည်းလာသည်။ စိုင်းလုံဘယ်မှာလဲလို့ ပြေးပြီးတော့သာမေးလိုက်ချင်တော့၏။ သုံးရက်မြောက်အထိစောင့်မျှော်ခဲ့ရတာ။ ဘာကြောင့်လဲ။ ဘာလို့ ပျောက်နေတာလဲ စိုင်းလုံရယ်။

သိမ့်သီတာက သူ့အစ်မ အဲဒီအိမ်ကိုလာတဲ့အဖြစ်အပျက်ကိုမထူးဆန်းစွာပြန်ဖြေသည်။

“စိုင်းလုံနေများကောင်းရဲ့လားမသိဘူး၊ ငါတို့သွားမေးရအောင်ဟာ”

သူမလာတဲ့နေ့ရက်တွေမှာ သိမ့်သီတာကအပြင်ကိုလိုက်ပို့ပေးမယ်ပြောပေမယ့် ဘယ်ကိုမှမသွားဖြစ်ခဲ့။ ဈေးထဲကိုလည်း မသွားဖြစ်ပါ။ သိမ့်သီတာကလည်း အိမ်ထဲကအိမ်ပြင်ထွက်တတ်သူမဟုတ်။ ယောင်္ကျားဖြစ်သူအလုပ်အသွားအပြန်ပြင် ဆင်ပေးပြီးတာကို တစ်ကမ္ဘာထင်နေတဲ့မိန်းမ။ ရပ်ကွက်ထဲ ဟိုအိမ်ဒီအိမ်ဝင်ပြီးစကားနည်းနည်းပါးပါးပြောတာနဲ့တင်သိမ့် သီတာရဲ့ဘဝကသာယာနေခဲ့တာပင်။ ဈေးထဲသွားမယ်ဆိုတာကလည်း နှင်းရောက်လာလို့လိုက်ပို့ပေးမယ်ဆိုတဲ့သဘော ရယ်။ နှင်းကလည်းမထွက်ချင်လို့ဆိုလေတော့ မနက်မနက်အိမ်ရှေ့လာရောင်းတဲ့ဈေးသယ်ဆီကပဲအသီးအရွက်သားငါး ဝယ်ပြီးချက်ပြုတ်စားသောက်လိုက်ကြသည်။

သူမလာတော့ ဝဏ္ဏအကြောင်းကိုလည်းသဲ့သဲ့မျှမကြားရ။ နှင်းတို့ကိုယ်တိုင်ကလည်းဟိုဟိုဒီဒီမမေးဖြစ်တော့ပါ။ အိမ်အပြင် ကို သိပ်မထွက်ဖြစ်တဲ့အဓိကအကြောင်းအရာတစ်ခုက ရာသီဥတုကြောင့်လည်းပါသည်။ အခုရက်ပိုင်းရာသီဥတုကလွန် လွန်ကဲကဲ အေးနေပြန်သည်။ နေ့လည်ဖက်လောက်ရေချိုးပြီးတာတောင်မှ ကိုယ်တွင်းအနွေးဓါတ်ရအောင် ရေနွေးနဲ့ ပျားရည်ရောပြီးသောက်ရတဲ့အနေအထား။ ရာသီဥတုကအေးတော့ အိပ်ရာထဲကွေးလို့ကောင်းကာ အရာရာကိုမေ့ချင်ချင် ဖြစ်နေ၏။ ဒါပေမယ့် သူ့အကြောင်းကိုတော့မမေ့နိုင်ဘဲရှိလေကာ စိုင်းလုံလို့တိုးညှင်းညှင်းခေါ်မိရင်း အေးစက်နေတဲ့ရင် ဘတ်တွေ နွေးထွေးသွားမိလေသည်။

“အင်း အခုတော့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေပြီပေါ့လေ၊ အေးပါ၊ အစ်မပြန်တော့ ငါဒီကိုလှမ်းခေါ်လိုက်ပါ့မယ်”

“အေး၊ အဲအစ်မက ခဏခဏလာလည်တယ်ထင်တယ်နော်၊ ငါအခုမှသိတယ်ကြည့်စမ်း”

“လာတယ်လေ၊ အဲဒီအိမ်ကအစ်မက အစ်မနန်းမြတ်ဝေရဲ့ငယ်သူငယ်ချင်းပဲ၊ ဆိုးတိုင်ပင်ကောင်းတိုင်ပင်ပေါ့၊ အခုလိုအခြေ အနေမျိုးမှာ အစ်မနန်းမြတ်ဝေလာတာမဆန်းပါဘူး၊ အားပေးနှစ်သိမ့်ရမယ်လေ”

“ဘယ်လို နင်ပြောတာငါမရှင်းဘူး”

“ဒီလို နှင်းရ၊ အဲဒီအိမ်က မသက်ထားရဲ့ယောင်္ကျားကသွေးအရမ်းဆိုးတယ်၊ ဟိုတစ်ခါနင်တွေ့တဲ့ဦးလေးကောင်းလိုပဲလေ၊ ဦးလေးကောင်းက အရက်မူးလာမှသွေးဆိုးတာ၊ ဟိုလူကမိန်းမကိုမထင်ရင်မထင်သလိုအချိန်ပြည့်ရိုက်တာ၊ အရမ်းနိုင် တယ်၊ ဒါပေမဲ့ မသက်ထားယောင်္ကျားကမြာတော့မပွေဘူး၊ မယားငယ်တွေမရှိဘူး၊ ဆိုးတာက လောင်းကစားအရမ်းလုပ် တယ်၊ ဘိန်းရှုတယ်၊ ဘောပွဲတွေလောင်းတယ်၊ နိုင်ရင်အကောင်း ရှုံးလာရင်မဲပြီးမိန်းမကိုရိုက်တာနှက်တာ၊ ပိုက်ဆံတောင်း တာတွေလုပ်တယ်၊ အခုရက်ပိုင်းအိမ်ပြန်မလာဘဲလောင်းကစားဝိုင်းမှာသွားသွားအိပ်တာနှစ်ရက်သုံးရက်ရှိပြီတဲ့၊ သူ့မိန်းမ ကစိတ်ပူပြီးလိုက်သွားတာ ပြသနာတွေတက်လို့လေ၊ သူ့မိန်းမကိုလူရှေ့သူရှေ့မှာရိုက်လိုက်တာမသက်ထားခမျာဒဏ်ရာ ဗလပွနဲ့ပြန်လာရတယ်လေ၊ အစ်မနန်းမြတ်ဝေက အဲဒါကိုလာကြည့်တာနေမှာ”

“ဟယ်၊ ရက်စက်လိုက်တာနော်”

နှင်းတို့ပြောနေစဉ်မှာပဲ အစ်မနန်းမြတ်ေ၀ အိမ်ရှေ့ထွက်လာတာကိုမြင်တော့ သိမ့်သီတာကလှမ်းခေါ်လိုက်၏။ အင်္ကျီခပ် နွမ်းနွမ်း၊ ထမီခပ်နွမ်းနွမ်းနဲ့ ပိုက်ဆံအိတ်ကိုလက်မှာကိုင်လျှက် အစ်မနန်းမြတ်ဝေပုံစံကခပ်ရို့ရို့ပေမယ့် ကျက်သရေရှိစွာ လှနေပါသည်။ စိုင်းလုံနဲ့တူလှသောနဖူးပြင်၊ မျက်ခုံး၊ မျက်လုံးတွေကို နှင်းအခုမှသေချာသတိထားမိသည်။

“အစ်မရေ စိုင်းလုံတစ်ယောက်ပေါ်မလာလို့လေ၊ ဒီမှာ နှင်းကမေးနေလို့”

နှင်းရှက်မိပေမယ့် ဖုံးကွယ်လိုက်ကာ အစ်မနန်းမြတ်ဝေကိုပြုံးပြလိုက်၏။

“အေး၊ ဒီရက်ပိုင်းအအေးပိုလို့ အစ်မသိပ်နေမကောင်းချင်တာနဲ့မောင်လေးဈေးထွက်နေရတယ်ညီမရေ၊ ဆိုင်မှာပဲရှိပါတယ်၊ ဆိုင်မထွက်တဲ့အချိန်ဆိုရင်လည်းအိမ်မှာပဲရှိတယ်၊ ထူးထူးခြားခြားအိမ်ကပ်နေလေရဲ့၊ မျက်နှာကတော့မှုန်ကုပ်ကုပ်နဲ့ ဘာ ကိုအလိုမကျဖြစ်နေသလဲ မသိပါဘူးဟယ်၊ လောလောဆယ်တော့မမေးသေးဘူး၊ စောင့်ကြည့်ဦးမယ်”

“အော် ဟုတ်၊ နေများမကောင်းဖြစ်နေသလားလို့ပါ”

“လူကတော့နေကောင်းပါတယ်အေ၊ ညီမလေးတို့မုန့်လာစားကြဦးလေ”

“ဟုတ်၊ မနက်ဖြန်လာခဲ့မယ်အစ်မ၊ စိုင်းလုံနဲ့လည်းတွေ့ရအောင်”

“အေးအေး၊ ဆိုင်မှာပဲရှိလိမ့်မယ်၊ အစ်မတော့မနက်ဖြန်တစ်ရက်နားဦးမယ်”

“ဟုတ်ကဲ့အစ်မ၊ ဒါနဲ့ မသက်ထားရောသက်သာလားဟင်၊ ညီမတောင်အဲဒီဖက်ကိုအခုသွားမလို့”

“မျက်နှာတစ်ပြင်လုံးကတော့ဖူးရောင်နေတာမကျသေးဘူး၊ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာကြီးကြီးမားမားရှာမတွေ့ဘူး၊ အတွင်းကြေတယ်နေမှာပေါ့၊ သူ့မေးရင်တော့ သက်သာတယ်ပဲပြောနေတာပဲ၊ ယောင်္ကျားရင့်မာကြီးတစ်ယောက်လုံးဆောင့် ကန်၊ ပိတ်ထိုးထားတဲ့ဟာကို သက်သာပါ့မလား”

“အိုး၊ ရက်စက်လိုက်တာ”

နှင်း ဒုတိယအကြိမ်မြောက်ရေရွတ်မိလေသည်။ ဘာဖြစ်လို့များ အဲဒီလောက်ထိရက်စက်တတ်ကြတာပါလဲ။ ပြသနာတစ်ရပ် ကို အဆင်ပြေအောင်ညှိနှိုင်းဖို့ထက် လက်နဲ့ရှင်းဖို့ကြိုးစားတာကို နှင်းမုန်းလှပါသည်။

“အိမ်ထောင်ပြုရင်တော့ဒီလိုပဲပေါ့ညီမရေ၊ လျှာနဲ့သွားဆိုတော့ ကိုက်မိမှာပါပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ၊ အတတ်နိုင်ဆုံးသာ ဆက်ပြီး သည်းခံတော့လို့ပဲ သက်ထားကိုနှစ်သိမ့်ခဲ့ရတယ်၊ အခုချိန်မှာတော့ ဆင်ဖမ်းမယ်ကျားဖမ်းမယ် အမျိုးသမီးရေးရာ တိုင်မယ်ဆိုပြီးဖြစ်နေလေရဲ့၊ ဒါပေမဲ့ ကြည့်နေ သူ့ယောင်္ကျားပြန်လာပြီးကပ်ချွဲလိုက်ရင် အဆင်ပြေသွားလိမ့်မယ်”

အစ်မ နန်းမြတ်ဝေက သူငယ်ချင်းဖြစ်သူအကြောင်းကိုနောကြေနေပုံရသည်။

“အော် အဲလိုလား”

သိမ့်သီတာရော အစ်မနန်းမြတ်ဝေပါ အဲဒီကိစ္စကိုအထူးအဆန်းဖြစ်မနေတာ ဒါကြောင့်ကိုးဆိုပြီးနှင်းသဘောပေါက်လိုက် လေသည်။ လုပ်ချင်တိုင်းလုပ်ပြီးမှ မိန်းမရေလို့ကပ်ခွဲျလိုက်တာနဲ့အရာအားလုံးပြေပျောက်သွားပြီတဲ့လား။ ကောင်းလိုက်တဲ့ ဖြေရှင်းမှု။

“အဲလိုညီမရေ၊ သိမ့်သီတာ နင်တို့လင်မယားကိုတော့ငါချီးကျူးပါတယ်၊ အေးအေးဆေးဆေးပဲ၊ ယောင်္ကျားဖြစ်သူကအလုပ် သွား အလုပ်ပြန်၊ မိန်းမဖြစ်သူက အိမ်မှာဝယျာဝစ္စလေးလုပ်ပေးပြီးတာဝန်ကျေပွန်စွာနေရုံပဲ၊ ကောင်းတယ် ငါ့ညီမ၊ အဲဒီ အတိုင်းလေးပဲ မြင်ချင်တယ်”

“ဟုတ်ကဲ့”

“ဧည့်သည် ညီမလေး၊ ဘယ်လိုလဲ ကျောက်မဲကပျော်စရာကောင်းရဲ့လား၊ ရာသီဥတုကအေးတော့ အပြင်ထွက်လည်လို့ ရော အဆင်ပြေရဲ့လား၊ အကူညီလိုတာရှိရင်ပြောနော်၊ အစ်မရော မောင်လေးရောရှိတယ်၊ ဒီကြားထဲမပြန်သေးရင်အစ်မ တို့ အိမ်ကိုအလည်ခေါ်ပြီးထမင်းဖိတ်ကျွေးဦးမယ်”

“ရပါတယ်အစ်မ၊ အားနာစရာကြီး၊ ကျောက်မဲကပျော်စရာကောင်းပါတယ်၊ ရန်ကုန်တောင်မပြန်ချင်တော့ဘူး”

မွန်းကြပ်နေတဲ့အရောင်စုံမြို့ကြီးကို နှင်းခွဲခွာနေချင်သေးတာအမှန်ပင်။

“ကဲ အစ်မပြန်ဦးမယ်နော်၊ မနက်လာခဲ့လိုက် မောင်လေးရှိလိမ့်မယ်”

“ဟုတ်ကဲ့ အစ်မ”

အစ်မ ကျောခိုင်းသွားတဲ့ပုံစံက စိုင်းလုံရဲ့ကျောပြင်လေးနဲ့တူနေပြန်တော့ လွမ်းသွားရပြန်သည်။

“ကဲ နှင်းငွေရည်၊ မနက်ဖြန် ခေါက်ဆွဲဆိုင်ကိုအရောက်လိုက်ပို့ပေးပါ့မယ်၊ ဟုတ်ပြီလား”

“အေးပါ၊ နင်လည်းအဲဒီလိုပဲဖြစ်စေချင်တာမှလား”

“အင်းပေါ့”

သူမလာမှတော့ သူရှိရာကိုအရောက်သွားရမှာပေါ့လေ။ မနက်ဖြန် သူနဲ့တွေ့ဆုံခွင့်ရမယ်လို့တွေးလိုက်မိတော့ နှင်းရင် ဘတ်လေး ပုံမှန်ထက်နွေးထွေးသွားရသည်။ စိုင်းလုံအတွက် ကျေနပ်စေတဲ့အဖြေတစ်ခုခုပေးဖို့ နှင်းစဉ်းစားနေမိသည်။ ဒီ ရက်ပိုင်းအတွင်း နှင်းကြောင့်နာကျင်ခံစားခဲ့တယ်ဆိုရင် တောင်းပန်ပါတယ် စိုင်းလုံရယ်။

အခုရက်ပိုင်းမသွားဖြစ်ခဲ့တဲ့ သူလိုက်ပို့ဖို့စီစဉ်ထားခဲ့တဲ့နေရာတွေကို အတိုးချပြီးလိုက်ပို့ခိုင်းရမည်။ သူကိုယ်တိုင်လုပ်ထားတဲ့ မြီးရှည်ကိုအရသာရှိရှိစားသုံးမည်။ သူခွာပေးတဲ့တူ၊ သူငှဲ့ပေးတဲ့ရေနွေး၊ သူထည့်ပေးတဲ့အသားဖတ်လေးတွေကို နှင်း မက် မောစွာတမ်းတရင်း မနက်ဖြန်ဆီသို့…။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx