(၉)
ငွေရောင်အိမ်ခေါင်မိုးတွေကိုဖွေးနေအောင်မြင်ရပြီး တောင်ညိုတန်းတွေပေါ်မှာရွှေရောင်စေတီတစ်ဆူနှစ်ဆူကိုပါသပ္ပါယ်စွာ မြင်ရသည်။ အရင်လိုပါပဲ။ တောင်တန်းမှိုင်းညို့ညို့တွေကမျက်စိတစ်ဆုံးမြင်ရမြဲပင်။ ဘဝရဲ့အမှတ်တရများစွာထဲကအဓိ ပ္ပါယ်ရှိလှတဲ့နေ့လေးတစ်နေ့ဖြစ်လာမယ်ဆိုတာ နှင်းကြိုတွေးခဲ့ပြီးသားပါ။
သူခေါ်လာတဲ့တောင်ပေါ်လမ်းလေးမှာ အရင်ခေါ်နေကျနေရာတွေထက်တိတ်ဆိတ်လို့နေလေ၏။ ကိုရင်လေးတွေတစ်ပါးစ နှစ်ပါးစ ဆွမ်းခံထွက်လာတာကလွဲလို့ လူသူအရောက်အပေါက်နည်းမှန်းသိသာလှသည်။ အပင်မျိုးစုံစိမ်းစိုစိုကြားထဲမှာ ကတ္တရာလမ်းလေးကမည်းနက်စွာပြောင့်ပြူးလို့နေလေ၏။ သစ်ရွက်ခြောက်တွေကတော့နှင်းစိုစိုကြားထဲတိတ်ဆိတ်စွာပင် ကြွေကျနေဆဲ။
“မော နေပြီလား နှင်း”
တောင်ပေါ်တောလမ်းလေးက အေးအေးလူလူလျှောက်နိုင်အောင်ပင်ပြေပြစ်လှသည်။
“ဟင့်အင်း မမောပါဘူး”
အမြင့်ဆုံးလို့ယူဆရတဲ့ တစ်နေရာဆီကိုအရောက်မှာတော့ သူပါလာတဲ့ဂစ်တာနဲ့ကျောပိုးအိတ်ကို ဖြေချလိုက်၏။ သူ ဘာရည်ရွယ်ချက်နဲ့ အဲဒီကျောပိုးအိတ်ကြီးနဲ့ဂစ်တာကိုယူလာရသလဲ ဆိုတာကို အဲဒီတော့မှသဘောပေါက်တော့သည်။ အိတ်ထဲက ခေါက်ထိုင်ခုံလေးနှစ်လုံးထွက်လာကာ နှင်းအတွက်တစ်လုံးသူ့အတွက်တစ်လုံးဆင်လိုက်ပြီးထိုင်စေသည်။
ကဗျာဆန်လိုက်တာ။ အေးချမ်းဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်၊ သာယာနေတဲ့မြင်ကွင်းတွေနဲ့အတူ သူနှင်းကိုဂစ်တာတီးပြီးသီ ချင်းဆိုပြမယ်ပေါ့။ သူ့မျက်နှာကမလန်းဆန်းသေးပေမယ့် သူအမူအရာတွေက နှင်းအပေါ်မြတ်နိုးလှစွာ။
“ကျွန်တော် နှင်းကိုဒီအတိုင်းခေါ်သွားရင်ပျင်းနေမှာစိုးလို့ပါ”
အချစ်နဲ့ပတ်သက်တဲ့စကား တစ်ခွန်းတစ်လေမှမပြောသလို နှင်းဘာလိုချင်သလဲဆိုတာကိုပဲဖြည့်ဆည်းပေးဖို့သူအားတင်း ထားပုံရသည်။ လက်လျှော့လိုက်တာလား စိုင်းလုံရယ်။ နှင်းကို ဘာမှမမေးတော့ဘူးလား။ ဘာသီချင်းဆိုပြရမလဲလို့လည်း သူမမေးပါ။ သူ့လက်တွေက ဂစ်တာကြိုးပေါ်ဆီကိုသွက်လက်ပေါ့ပါးစွာကစားနေသေည်။ နှင်းကြားဖူးနေကျသီချင်းတစ်ပုဒ် ကို စတီးနေပြီမှန်းသဘောပေါက်လိုက်၏။ ရွှေထူးရဲ့သီချင်းတစ်ပုဒ်။ သူနဲ့နှင်းနဲ့ဘာလို့အကြိုက်ချင်းတူနေရတာပါလိမ့်။
“အို…တွေးနေလို့… ငါ့အချစ်တွေကို စူးရှနေပါတယ် မင်းအကြည့်တွေကြောင့်…အတန်းထဲမှာငါ…အမြဲတွေ့နေကျ…မိန်းက လေးတွေမမြင်ပါကွာ….မင်းတစ်ယောက်တည်း..ဖွင့်မပြောပေမယ့် ချစ်စကားတွေရှိ…အကြည့်ချင်းဆုံရင် သတိထားမိမ လား..နေ့စဉ်..တွေ့ချင် ငါမျှော်နေတတ်လို့…ဆုံတွေ့ချိန်ခဏ အခိုက်အတန့်လေး…နင့်အပြုံးမြင်ရင် ငါငေးတတ်သည်…”
သူ့အသံလေးက ကြည်လင်ပြတ်သားစွာ။ ဆိတ်ငြိမ်အေးချမ်းနေတဲ့အခြေအနေကြောင့်လည်းဖြစ်ပါလိမ့်မည်။ သူ့သီချင်း နဲ့စီးမျောစွာ လိုက်နားထောင်နေမိ၏။ ခံစားချက်အပြည့်။
“ငါလေတစ်ဖက်သက်ချစ်ရုံကလွဲလို့ မဝံ့မရဲခိုးခိုးကြည့်နေတာ သူမတော့မသိပါမျက်ဝန်း…တစ်ချက်ချက်အကြည့်ဆုံရင် ငါ့မှာ….မယုံနိုင်သွေးပျက်သွားလေသလား..”
သီချင်းအပြီးမှာတော့ သူနှင်းကိုတစ်ချက်လှမ်းကြည့်သည်။ နှစ်ယောက်သားအကြည့်ချင်းဆုံမိသွားလေ၏။
“နှင်း”
သူ သမားရိုးကျမဟုတ်တဲ့စကားတွေပြောတော့မယ်ဆိုတာ နှင်းအလိုလိုသိနေလိုက်သည်။ အဲဒီအချိန်ကိုပဲ နှင်းမျှော်နေခဲ့ တာပါ။ နှင်း သူ့အတွက်စိတ်ချမ်းသာစေမယ့် အဖြေကို စဉ်းစားလာခဲ့တာ ဘယ်လိုပြန်ပြောရမလဲတွေးပြီးရင်ခုန်နေမိ၏။
“နှင်းရဲ့ဘေးမှာအခုလိုမျိုးသီချင်းဆိုပြခွင့်ကို ကျွန်တော်အရမ်းနှစ်သက်တယ်၊ နှင်းပြန်သွားရင်ဒီလိုအခြေအနေမျိုးမရတော့ ဘူးဆိုတာ တွေးပြီးကျွန်တော်ကြောက်နေမိတယ် နှင်းရယ်”
သူဘာကိုဆိုလိုတာလဲ နှင်းကောင်းကောင်းသဘောပေါက်တာပေါ့။
“ကျွန်တော်လိုချင်တဲ့အခြေအနေကို နှင်းမပေးနိုင်မှန်းသိလိုက်ရတဲ့နောက်မှာ အခုလိုမျိုးပဲနှင်းဘေးမှာခဏပဲဖြစ်ဖြစ်အတူရှိ နေခွင့်နဲ့ကိုယ့်ကိုကိုယ်ကျေနပ်ဖို့ တွေးထားပါတယ်၊ ဟာ ကျွန်တော် အခုချိန်မှာ ဒါမပြောသင့်ပါဘူးလေ”
ခံစားချက်တွေ ဖွင့်ဟမထုတ်ဖို့ သူ့ကိုယ်သူထိန်းချူပ်ဖို့တွေးလာပုံရပါသည်။ သူ့စကားတွေကြောင့် နှင်းအားမလိုအားမရဖြစ် သွားမိတာအမှန်ပင်။ ဘာဖြစ်သေးလဲ။ နှင်းကပဲ သူ့ကိုအစဆွဲထုတ်ပေးရမှာပေါ့လေ။
“စိုင်းလုံ၊ ရှင်က တော်တော်အတာပဲ သိလား”
“ဗျာ”
သူ နှင်းကိုကြောင်ကြည့်နေဆဲ။
“အဲဒီနေ့က နှင်း စိုင်းလုံကိုငြင်းလိုက်လို့လား”
“ဟင်၊ နှင်း ဘာကိုပြောတာလဲ”
“စိုင်းလုံကိုနှင်းပြန်မချစ်နိုင်ဘူးလို့ ပြောလိုက်မိလို့လား”
သူ့မျက်နှာလေး အရောင်လက်ခနဲတောက်ပသွားလေသည်။ မျှော်လင့်ချက်တွေနဲ့ နှင်းဘာပြောမလဲဆိုတာကို စိတ်ဝင်တ စားစောင့်ကြည့်နေ၏။
“နှင်းကိုအထင်သေးတဲ့သဘောဖြစ်သွားမှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ ရန်ပြန်တွေ့လိုက်ရတဲ့သဘောပါ၊ အဲဒီအတွက် စိုင်းလုံကို နှင်းတောင်းပန်ပါတယ်”
အဲဒီလောက်ဆို သူသဘောပေါက်သင့်ပြီ။
“ဒါ ဒါဆို”
သူ ဟေးခနဲတစ်ချက်ထအော်လိုက်သည်။ ရုပ်ရှင်ထဲကလိုမျိး နှင်းတကယ်ပြောတာလား၊ ဝမ်းသာလိုက်တာဆိုပြီး နှင်းကို ထွေးပွေ့ဖက်မထားပါ။ အဝေးမှာမြင်နေရတဲ့မြင်ကွင်းတွေဆီကိုပဲ သူ့အကြည့်ကရောက်သွားလေသည်။
သူပျော်ရွှင်သလိုနှင်းလည်း ပျော်ရွှင်ရပါသည်။
“ကျေးဇူးတင်လိုက်တာနှင်းရယ်”
သူ့ရဲ့အချစ်မျက်ဝန်းတွေဆီကို နှင်းအကြည့်တွေဆုံလိုက်၏။ တောင်ပေါ်လမ်းလေးကလှပနေဆဲ။ လေညှင်းအေးတစ်ချက် ဖြတ်တိုက်သွားတော့ အေးခနဲဖြစ်သွားလေသည်။ သစ်ရွက်လှုပ်ခတ်သံတွေဆူညံနေတော့၏။ သိပ်မကြာခင်မှာပဲ သူ့ရဲ့ ပျော်ရွှင်မြူးထူးနေတဲ့ အချစ်သီချင်းချိုချိုလေးတွေကို ဆက်တိုက်ကြားလာရသည်။ နှင်းတောင်းဆိုတဲ့သီချင်းတွေ၊ သူကြိုက် ပြီး နှင်းကိုဆိုပြချင်နေတဲ့သီချင်းတွေကို မမောနိုင်မပန်းနိုင်ဆိုပြတော့၏။
“စာချွန်တော် ဆိုပြကွာ၊ နောက်တစ်ခေါက်ထပ်နားထောင်ချင်လို့”
အရင်တစ်ခါဆိုပြဖူးတဲ့ ဇွဲပြည့်ရဲ့စာချွန်တော်ကို ထပ်ဆိုပြခိုင်းတော့ခေါင်းလေးတစ်ချက်ညိတ်ကာတီးတော့သည်။ သူ့အသံ နဲ့ အဲဒီသီချင်းကလိုက်ဖက်လှသည်။
နှင်းတို့နှစ်ယောက်ရဲ့အပြန်ခရီးလမ်းကကြည်နူးဖွယ်ကောင်းလှ၏။ အရာရာအချစ်စိတ်တွေနဲ့ပဲကြည့်လို့လားမပြောတတ်ပါ။ တောင်ပေါ်လမ်းနေရာတစ်ချို့ဆီမှာကြွေကျနေတဲ့ မှန်ကူသီးတွေကိုနှင်းချစ်သည်။ ကွက်တိကွက်ကျားပေါက်နေတဲ့ အဝါ ရောင်နေကြာရိုင်းပင်တွေလည်းချစ်သလို နေရာတော်တော်များများမှာစီရရီပေါက်နေတဲ့ ခရစ်စမတ်ပန်းပင်နီနီတွေကိုလည်း နှင်းချစ်လှပါသည်။ သူကရော…။
“နှင်း ဟိုမှာကြည့်လိုက်ပါဦး မလှဘူးလား”
သူညွှန်ပြရာနေရာဆီကို ကြည့်လိုက်မိသည်။ နှင်းမြင်နေကျမြင်ကွင်းတွေပါ။ ဘာထူးဆန်းလို့လဲ ဆိုတဲ့သဘောနဲ့သူ့ကိုမေး ငေါ့ပြလိုက်တော့…။
“စိမ်းစိုစိုစပါးကွင်းလေ၊ တွေ့လား၊ တောင်ခြေအောက်မှာ၊ မြစိမ်းရောင်လွင်ပြင်ကျယ်ကြီးလေ”
ညီညာပြန့်ပြူးလှသော မြစိမ်းရောင်စိုက်ခင်း။ မြစိမ်းရောင်လွင်ပြင်ကြီးပေါ့။
“မြစိမ်းဆိုတာကကောက်လတ်စပါးတစ်မျိုးကိုလည်းခေါ်သေးတယ်နှင်းရဲ့၊ အဘိဓါန်ထဲမှာတော့ မြစိမ်းကို အပူပိုင်းဒေသ ပေါက်အပင်တစ်မျိုးလို့ဆိုထားတယ်၊ ကျွန်တော်တို့မြင်ရတာကကောက်လတ်စပါးစိုက်ခင်းလည်း ဟုတ်ချင်မှဟုတ်မယ်၊ သေချာတာကတော့ မြစိမ်းရောင်လွင်ပြင်ကြီး ညီညာပြန့်ပြူးနေတဲ့မြစိမ်းရောင်စိုက်ခင်းကြီးပေါ့၊ ဘယ်လောက်တောင်လှ လိုက်သလဲ နှင်း၊ တွေ့လား”
“အင်း တွေ့တယ်လေ”
“ကျွန်တော်လေ အဲဒီလိုမြစိမ်းရောင်လွင်ပြင်ကြီးဆီကို နှင်းကိုခေါ်သွားချင်တာ”
“ဘယ်လို စိုင်းလုံ”
“မြစိမ်းရောင်လွင်ပြင်ကြီးထဲမှာ အိမ်လေးတစ်လုံးကျစ်ကျစ်လျစ်လျစ်ဆောက်ထားမယ်၊ ကျွန်တော်တို့ကိုချီးမွမ်းကဲ့ရဲ့တဲ့သူ တွေနဲ့ဝေးသည်ထက်ဝေးအောင်အဲဒီအိမ်လေးမှာနေကြမယ်၊ ကိုယ်တိုင်စိုက်ပျိုးထားတဲ့လွင်ပြင်ကြီးထဲကဟင်းသီးဟင်းရွက် တွေချက်စားမယ်၊ သားငါးစားချင်တယ်ဆိုရင်တော့ မနက်ဈေးသည်လာရင်ဝယ်ထားလိုက်မယ်၊ တစ်ယောက်နာမကျန်းဖြစ် ရင် ကျန်တဲ့တစ်ယောက်ကနွေးနွေးထွေးထွေးပြုစုမယ်၊ အဲဒီအိမ်လေးထဲမှာ ဘာပူပင်သောကမှမရှိစေရဘူး၊ နှစ်ယောက် သားရဲ့အနာဂတ်ခရီးကိုအေးချမ်းစွာဖြတ်သန်းကြမယ် နှင်းရယ်”
စိတ်ကူးယဉ်ဆန်လိုက်တာ။ စိုင်းလုံကိုအဲဒီလောက်ကဗျာဆန်တဲ့လူတစ်ယောက်မှန်း နှင်းထင်မထားခဲ့ပါ။ သူညွှန်ပြရာနေရာ မှာ မီးခိုးတလူလူထွက်နေတဲ့မြင်ကွင်းကိုပါလှမ်းတွေ့ရ၏။ အေးချမ်းလိုက်တဲ့နေရာလေး။ မြစိမ်းရောင်လွင်ပြင်ကြီးက နှင်း ရဲ့မြင်ကွင်းမှာ ထင်ရှားသည်ထက်ထင်ရှားလို့လာနေသည်။ ကျောက်မဲမြို့ရဲ့အရှေ့ဖက်ဆီမှာလို့ဆိုရမည်။ တောင်တန်းအ ထပ်ထပ်တွေရဲ့အောက်မှာ လူနေအိမ်တွေရဲ့အရှေ့မှာအဲဒီလိုလွင်ပြင်ကျယ်တွေက စိမ်းစိုလှစွာ။
“တစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့်ဗိုလ်ကျတတ်တဲ့အဖြစ်အပျက်တွေ ကျွန်တော်တို့ဘဝလေးထဲမှာမရှိစေရဘူး၊ အပြန်အလှန်မေတ္တာတွေနဲ့ပဲအသက်ဆက်ကြမယ်၊ ကျွန်တော်တို့နှစ်ယောက်ဟာ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကြားမှာ စံပြဖြစ်ရမယ်”
သူ့အပြောကြောင့် နှင်းနည်းနည်းတော့ရှက်သွားမိပေမယ့် သူနှင်းကိုဘယ်လောက်အလေးအနက်ထားလိုက်သလဲဆိုတာ သိလိုက်ရလို့ ဝမ်းသာရပါသည်။ သူ့ဘဝအတွက်ရည်ရွယ်ထားတဲ့အထိ နှင်းကိုချစ်တဲ့စိုင်းလုံ။
“လာ နှင်း”
တောင်ပေါ်လမ်းလေးကနေ လှည့်ပြန်ဖို့ပြင်ကြသည်။ နှင်းတို့ရဲ့အရှေ့ညာဖက်မှာ ဆက်သွယ်ရေးရုံးအဆောက်အအုံကိုမြင် နေရပြီ။ ရုံးဝင်းထဲက ခွေးတွေလှမ်းဟောင်တော့ နှင်းကြောက်မလားစိုရိမ်စိတ်နဲ့ သူ့လက်ကလေးကိုလှမ်းပေး၏။ သူ့ကမ်း လက်ကိုဆွဲယူလိုက်ကာ အဆင်းလမ်းဖက်ဆီကိုပြန်လှည့်လာခဲ့ကြသည်။ တောင်ပေါ်ဘုန်းကြီးကျောင်းဆီမှ ဦးဇင်းနှစ်ပါး ဆွမ်းခံကြွပြီးပြန်လာတာတွေ့လိုက်ရ၏။
“ဒီနေ့ဟာ ကျွန်တော့်ဘဝထဲကအဓိပ္ပါယ်အရှိဆုံးနေ့လေးတစ်နေ့ဖြစ်သွားပြီနှင်းရယ်၊ ကျွန်တော်သိပ်ပျော်တာပဲဗျာ”
နှင်း သူ့ကိုပြုံးပြလိုက်သည်။
“နှင်း ရန်ကုန်ကိုမပြန်နဲ့တော့”
“ဟင်”
“ဟုတ်တယ်လေ၊ ဒီမှာပဲတစ်သက်လုံးနေတော့ပေါ့နှင်းရ၊ ကျွန်တော်ခုနကပြောတဲ့ မြစိမ်းရောင်လွင်ပြင်ဆီကိုနှင်းကိုခေါ် သွားမယ်လေ၊ အေးချမ်းဆိမ်ငြိမ်တဲ့နေရာဆီကိုပေါ့”
“တကယ့်လက်တွေ့ဘဝက အဲဒီလောက်စိတ်ကူးယဉ်မဆန်ဘူးလေစိုင်းလုံရဲ့၊ ပတ်ဝန်းကျင်ဆိုတာလိုအပ်တယ်၊ လူရယ်လို့ ဖြစ်နေမှတော့ လူ့ပတ်ဝန်းကျင်မှာနေပြီးလူတွေနဲ့သဟဇာတဖြစ်ဖို့လိုတာပေါ့၊ မဟုတ်ဘူးလား”
“ကိုယ်အမြတ်တနိုးတန်ဖိုးထားလို့ယူထားတဲ့မိန်းမကို အနိုင်ကျင့်နှိပ်စက်တဲ့ယောင်္ကျားမျိုးတွေရှိတဲ့ပတ်ဝန်းကျင်ကိုတော့ ကျွန်တော် သိပ်မုန်းတယ်နှင်း၊ ကြောက်လည်းအရမ်းကြောက်မိတယ်”
“ပတ်ဝန်းကျင်ကိုတော့ ပစ်ပယ်လို့ရမယ်မထင်ဘူး၊ စိုင်းလုံခုနကပြောတဲ့မြစိမ်းရောင်လွင်ပြင်ကြီးထဲကိုနှင်းကိုခေါ်သွား လို့နှင်းလိုက်ပါပြီတဲ့၊ နှင်းတို့နှစ်ယောက်အတွက်တင်မကဘူး၊ နောက်မျိုးဆက်တွေအတွက် ဘယ်လိုအသက်မွေးဝမ်း ကျောင်းပြုမလဲ”
“အဲဒီတော့လည်း ကျွန်တော်ဈေးထွက်ရောင်းမှာပေါ့နှင်းရဲ့၊ ကျွန်တော်က ဈေးကောင်းကောင်းရောင်းတတ်တယ်လေ”
“ဈေးရောင်းရင်တော့ ပတ်ဝန်းကျင်နဲ့တွေ့ရမှာပဲလေ”
“အင်း မတတ်နိုင်ဘူးပေါ့၊ စားဝတ်နေရေးအတွက်တော့ မချစ်သော်လည်းအောင့်ကာနမ်းရမှာပေါ့၊ အဓိကကတော့ ကျွန် တော်နဲ့ နှင်းရဲ့အနာဂတ်အေးချမ်းဖို့ပဲ”
ကြင်နာတတ်တဲ့စိုင်းလုံလိုလူတစ်ယောက်အဖို့ အနိုင်ကျင့်ရက်စက်မှုတွေဟာ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်အပျက် တွေမှန်း နှင်းနားလည်ပါသည်။ သူ့ကိုနူးညံ့သိမ့်မွေ့လွန်းတဲ့သူတစ်ယောက်ရဲ့ချစ်သူဖြစ်ခွင့်ရလိုက်တဲ့အတွက်လည်း နှင်းကံ ကောင်းလှတယ်လို့ ယူဆထား၏။
နှင်းတို့နှစ်ယောက် လာလမ်းအတိုင်းပြန်မဆင်းဖြစ်တော့ဘဲ တောင်ပေါ်ဘုန်းကြီးကျောင်းကိုအတက်လမ်း သံမံတလင်း လှေကားထစ် လေးတွေကပဲ ဆင်းလာခဲ့လိုက်သည်။ မောသလိုခံစားရရင်တော့ အလှူရှင်တွေလှူထားတဲ့ သံမံတလင်း အုတ်ထိုင်ခုံလေးတွေပေါ်ခဏတာထိုင်၊ စကားတွေပြောဖြစ်ကြသည်။ အောက်ဆုံးလှေကားထစ်လေးတွေကို ဖြတ်သန်းနေ စဉ်မှာပဲ နှင်းရဲ့ဖုန်းသံလေးမြည်လာခဲ့၏။ သိမ့်သီတာဆီက။
“နှင်း၊ နင် စိုင်းလုံနဲ့အတူရှိနေတာလား”
“အင်း ဟုတ်တယ်”
“အေး၊ ငါတစ်ခုလှမ်းပြောမလို့၊ ဟိုဖက်အိမ်ကမသက်ထားယောင်္ကျားလေ၊ ပျောက်သွားလို့တဲ့”
“ဘယ်လို”
“အေး၊ ငါတို့နဲ့တော့ဘာမှမပတ်သက်ပေမယ့် နင်သိချင်မယ်ထင်လို့ပြောပြတာ၊ စိုင်းလုံကိုလည်းပြောလိုက်ဦး”
နှင်း သူ့ကိုဖျတ်ခနဲကြည့်လိုက်သည်။ ကြင်နာတဲ့မျက်ဝန်းတစ်စုံကိုတွေ့လိုက်ရ၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx