(၁၀)
“သွားခေါ်တဲ့နေ့တုန်းက ရန်ဖြစ်ပြီးတဲ့နောက်ပိုင်း ပေါ်ကိုမလာတော့တာ၊ ဖုန်းအဆက်အသွယ်လည်းမရဘူး၊ နောက်တစ် ခေါက်ထပ်လိုက်သွားတော့လည်း မတွေ့ရတော့ဘူး”
နှင်းတို့ရောက်သွားတဲ့အချိန်မှာတော့ မသက်ထားကသိမ့်သီတာကို ရှင်းပြနေတဲ့အချိန်နှင့်တည့်တည့်တိုးသည်။
အိမ်နီးချင်းတွေကလည်း တစ်ယောက်ပြီးတစ်ယောက်သတင်းမေးကြတာမို့ မသက်ထားတစ်ယောက် အာမညောင်းနိုင် အောင်ဖြေပေးနေရသည်။
“အဲဒီတော့ ဘယ်လိုကြောင့်ပျောက်သွားတယ်လို့ မသက်ထားကထင်လဲ”
“စဉ်းစားလို့မရနိုင်အောင်ပါပဲဟာ၊ သူမလာရင်ကောင်းမယ်လို့ ရန်ဖြစ်တုန်းကတွေးမိပေမယ့် တကယ်တမ်းပျောက်နေတဲ့အ ခါတော့ စိုးရိမ်လို့သေလိမ့်မယ်”
နှင်းတို့နှစ်ယောက်ပါ မသက်ထားစကားကြောထဲစီးဝင်သွားခဲ့လေသည်။ အိမ်နီးနားချင်းမို့ မသက်ထားနဲ့သိမ့်သီတာတို့ လေပေးဖြောင့်နေသည်။ တကယ်ဆိုသမားရိုကျ အိမ်ပြန်မလာတာပဲဖြစ်ရမှာ ရှေ့မှာဝဏ္ဏနဲ့ဦးလေးကောင်းကိစ္စဖြစ်ထား တော့ ပုံမှန်ထက်အစိုးရိမ်ပိုကြပြီပေါ့။ နှင်းတို့ အဲဒီအိမ်မှာဟိုမေးဒီမေးလုပ်နေစဉ်မှာပဲ လူတစ်ယောက်အပြေးအလွှားရောက် လာလေသည်။
သူ့ပုံစံကရေးကြီးသုတ်ပျာနဲ့ မသက်ထားကိုပြောနေ၏။ ရှမ်းဘာသာစကားနဲ့ပြောနေတာမို့ နှင်းနားမလည်ပါ။ အဲဒီလူစကား ပြောပြီးခါစမှာပဲ အားလုံးကသူ့နောက်ကိုလိုက်ဖို့ပြင်ကြသည်။ တစ်နေရာရာမှာ ထူးခြားချက်ရှိလို့ဆိုတာ နှင်းသဘောပေါက် လိုက်၏။
“သူ ဘာလာပြောတာလဲ စိုင်းလုံ”
“အလောင်းတွေ့လို့တဲ့”
“ဟင်”
အားလုံး သုတ်သုတ်ပျာပျာဖြစ်နေကြတာမို့ သူတို့သွားရာနောက်ကို နှင်းတို့လည်းလိုက်ဖို့ပြင်သည်။
“လာ နှင်း၊ တက် သွားကြည့်ရအောင်”
ဆိုင်ကယ်ကိုယ်စီနဲ့ ဟိုလူကြီးခေါ်ဆောင်ရာနောက်ဆီကိုလိုက်လာခဲ့ကြသည်။ နှင်းတို့နှစ်ယောက်ကတစ်စီး၊ သိမ့်သီတာနဲ့ မသက်ထားနဲ့ကတစ်စီး၊ ကျန်တဲ့သူတွေလည်း တစ်ယောက်တစ်စီး၊နှစ်စီး စသည်ဖြင့်။ နေရာကတော့ တော်တော်လေး မောင်းသွားရသည်။ သီပေါဖက်ကိုသွားတဲ့လမ်းလို့စိုင်းလုံကပြောသည်။
နာရီဝက်နီးပါးလောက်မောင်းအပြီးမှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်နေရာဆီကိုရောက်လာခဲ့ကြ၏။
“ဟိုမှာ မသက်ထားလာပြီ”
ကျောက်မဲကနေသီပေါအသွားလမ်းမှာ အဲဒီနေ့ကလောက်တစ်ခါမှလူမစည်ကားဖူးခဲ့လို့ပြောသံကြားရပါသည်။ ခါတိုင်းဆို လာရှိုး ဖက်သွားတဲ့ အဝေးပြေးကားတစ်ချို့တစ်လေရယ်။ ဆိုင်ကယ်တွေရယ်လောက်ပဲရှိတာတဲ့။ နှင်းတို့ရောက်သွားတော့ လူတွေဘေးကိုချဲပေးလိုက်ကြသည်။
မသက်ထားက နှင်းတို့ရဲ့အရှေ့ကနေပြီးအပြေးအလွှားရောက်သွားသည်။ ပက်လက်အနေအထားစန့်စန့်ကြီးဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်၊ အဲဒီလူကသေနေတာသေချာနေပြီ။
“ကိုဝေ”
ယောင်္ကျားဖြစ်သူအလောင်းဟုတ်မဟုတ်ဆန်းစစ်ပြီးနောက်မှာတော့ မသက်ထားတစ်ယောက်အသံကုန်ဟစ်ငိုရတော့၏။
“ဘုရား၊ ဘာတွေဖြစ်ကုန်ပြီလဲ စိုင်းလုံ”
နှင်း သူ့ကိုတိုးတိုးလေးပြောကာ အံအားသင့်နေမိသည်။ ဒါလည်းတိုက်ဆိုင်မှုလား။ နှင်းကတော့ဘယ်လိုမှတိုက်ဆိုင်မှုမဖြစ် နိုင်ဘူး လို့ပဲယူဆသည်။ ဦးလေးကောင်းကိစ္စကတည်းက ဒါသမားရိုးကျမဟုတ်မှန်းနှင်းရော စိုင်းလုံပါသံသယဖြစ်ခဲ့ကြတာ လေ။ အခု ဒီအဖြစ်အပျက်ထပ်ဖြစ်တော့ပိုဆိုးပြီပေါ့။
လူတစ်ယောက်ပျောက်ဆုံးသွားသည်။ သူမပျောက်ခင်မှာအိမ်ကိုဖုန်းဆက်ပြီးကူပါကယ်ပါ အကူအညီလှမ်းတောင်းလိုက်ရ သေးသည်။ အဲဒီအဖြစ်အပျက်ဖြစ်လို့မှအနည်မထိုင်သေး၊ နောက်ထပ်လူတစ်ယောက်ထပ်ပျောက်သည်။ နောက်တော့ အဲဒီလူအလောင်းကိုရုတ်တရက်တွေ့လိုက်ရသည်။ ဟော အခုနောက်တစ်ယောက်ပျောက်သွားပြီး အလောင်းထပ်တွေ့ပြန် ပြီ။ ဒါတိုက်ဆိုင်မှုပေပဲလား။
“ဒါတိုက်ဆိုင်မှုလို့ စိုင်းလုံနှင်းကိုမပြောပါနဲ့နော်”
နှင်း နည်းနည်းတော့တုန်လှုပ်လာမိသည်။ ပျောက်သွား၊ သေဆုံးသွားတဲ့သူ သုံးယောက်စလုံးကအမျိုးသားတွေချည်း၊ ပြီး တော့ သမားရိုးကျသေဆုံးပျောက်ဆုံးတာမဟုတ်ကြ။
“ဘယ်သူမှတွေးမထားတဲ့ တိုက်ဆိုင်မှုတွေလည်း အံအားသင့်ဖွယ်တွေ့ရတတ်တယ်နှင်း၊ ကျွန်တော်တို့အဖြေပေါ်တဲ့အထိ စောင့်ကြည့်ရမှာပေါ့”
“အခုလိုအဖြစ်အပျက်မျိုးကြုံရတာသုံးယောက်စလုံးယောင်္ကျားလေးတွေချည်းပဲစိုင်းလုံ၊ ပြီးတော့ သူတို့နဲ့ပတ်သက်တဲ့မိန်း ကလေးတွေကို နှိပ်စက်အနိုင်ကျင့်ခဲ့ကြတဲ့သူတွေချည်းပဲ၊ ဒါကတိုက်ဆိုက်မှုဖြစ်နိုင်ပါ့မလားစိုင်းလုံရယ်၊ တကယ်တော့ စိုင်းလုံ နှင်းကိုနှစ်သိမ့်နေတယ်ဆိုတာ သိပါတယ်”
“ကဲပါနှင်းရယ် ကျွန်တော်တို့ မသက်ထားကိုဝိုင်းပြီး ကူညီစရာရှိတာကူညီကြမယ်လေ၊ တစ်ခြားဟာတွေကခဏဘေးဖယ် ထားလိုက်ကြစို့ နော်”
“ဒီကိစ္စ ဘယ်လိုကြောင့်ဖြစ်ရတာလဲဆိုတာ နှင်းအရမ်းသိချင်နေတယ်စိုင်းလုံ”
“သက်ဆိုင်ရာကလည်း ဒီအတိုင်းမနေပါဘူးနှင်းရယ်၊ အဖြေတစ်ခုခုသိပ်မကြာခင်ထွက်လာမှာပါ”
သူက နှင်းကိုအဲဒီအကြောင်းမတွေးဖို့အာရုံလွှဲချင်ပေမယ့် နှင်းကတော့ဘာအဖြေထွက်လာမလဲ စိတ်ဝင်စားသည်ထက် စိတ်ဝင်စားလာလေသည်။
“ဒီလိုကိစ္စမျိုးကအရင်တုန်းကဖြစ်ဖူးလားဟင်၊ နှင်းဒီကိုမလာခင်တုန်းကရော အဲဒီလိုအဖြစ်မျိုးတွေစိုင်းလုံတို့ဆီမှာကြုံဖူး သလားဟင်”
“ဟင့်အင်း၊ မရှိခဲ့ဘူးနှင်း”
“ဒါဆိုထူးဆန်းတယ်၊ အရမ်းထူးဆန်းတယ်လို့ ခံစားရတယ်”
“ဘယ်လိုပဲဖြစ်ဖြစ် အခုလိုအဖြစ်အပျက်မျိုးကို ကိုယ်ကတော့ကျေနပ်တယ်၊ သေသွားတဲ့သူအတွက်စိတ်မကောင်း မဖြစ်လို့ ပြောတာမဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ်တန်ဖိုးထားရတဲ့မိန်းကလေး၊ အမျိုးသမီးတွေကို နှိပ်စက်ကလူပြုလို့ သူတို့ကိုတစ်စုံတစ် ယောက်က ဒဏ်ခတ်လိုက်တာပဲ၊ အဲဒီလိုအဖြစ်အပျက်မျိုးတွေများလာတော့ လူတွေသတိထားမိပြီး ကိုယ်နဲ့ပတ်သက်တဲ့ မိန်းကလေးတွေကို အနိုင်မကျင့်နိုင်တော့ဘူးပေါ့၊ ဒါကောင်းတဲ့ဖက်ကတွေးရင်အကောင်းပဲ လို့ ကိုယ်ယူဆတယ် နှင်း”
“ဘယ်လို စိုင်းလုံ”
သူ့ကိုနှင်းသေချာကြည့်လိုက်မိသည်။ စိုင်းလုံရဲ့အယူအဆကတစ်မျိုးပါလား။ အခုလိုလူသေမှုတွေမဖြစ်တာမကောင်းဘူး လား။
“ဘာမှ မဟုတ်ဘူးနှင်း၊ နှင်းစိတ်မကောင်းဖြစ်နေလို့ ကျွန်တော်ကစိတ်ပြေရာပြေကြောင်းပြောတာပါ၊ ထားလိုက်တော့”
သူ့အာရုံက မသက်ထားဆီကိုရောက်သွားတာ ကိုဝေအတွက်ဘာတွေလုပ်စရာရှိသလဲ ဆိုတာတွေကိုဝိုင်းဝန်ကူညီပေးနေ ခဲ့တော့၏။ နှင်းကတော့ အတွေးများစွာနဲ့ငေးကြည့်နေမိဆဲ။ အခင်းဖြစ်တဲ့နေရာက ကျောက်မဲနဲ့သီပေါကြားမှာ၊ လူသွားလူ လာကလည်း ပုံမှန်ထက်ကျဲတဲ့နေရာ၊ ဒီနေရာကို မသက်ထားယောင်္ကျားကဘာလို့ရောက်လာရတာပါလဲ။ ပြီးတော့ ဦးလေး ကောင်းကိုရှာတွေ့တဲ့နေရာနဲ့ ဒီနေရာနဲ့အရမ်းမဝေးလှ။
“နောက်ထပ် ဆယ်မိနစ်လောက်မောင်းသွားရင် ဦးလေးကောင်းကိုရှာတွေ့ခဲ့တဲ့နေရာကိုရောက်ပြီတဲ့”
သိမ့်သီတာ ဘေးမှာလာပြောနေတာကိုတော့ သတိထားလိုက်မိပေမယ့် ဘာမှပြန်မပြောဖြစ်။ အဲလိုနေရာချင်းနီးနေတာက လည်း နှင်းအတွက်သံသယဖြစ်စရာပင်။ အို အားလုံးသံသယဖြစ်စရာတွေချည်းပါပဲ။ နှင်းတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ အောင်ပါပဲ။ ဒီကြားထဲစိုင်းလုံပြောတဲ့စကားတွေကလည်း ထူးဆန်းနေလိုခံစားလိုက်ရသည်။ ဘာလို့အဲဒီလိုပြောရတာလဲ။ စိုင်းလုံနဲ့နှင်း ချစ်သူဖြစ်တာခဏလေးအတွင်းမှာပဲ နှင်းအတွက်ထူးဆန်းတဲ့စကားသံတွေကိုကြားလိုက်ရတာပါပဲ။
သေချာတာကတော့ စိုင်းလုံအကြောင်းကို အခုထက်ပိုပြီး နှင်းသိခွင့်ရဖို့လိုအပ်လာပြီဖြစ်သည်။ ကိုယ့်ကိုတန်ဖိုးထားချစ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့အကြောင်း၊ စိတ်နေသဘောထားတွေကို နှင်းလေ့လာရမည်။ သိသင့်တာထက်ပိုသိရမည်။
“စိုင်းလုံ”
“အင်း ပြောလေ၊ နှင်းရဲ့”
သူ့ရဲ့နှင်းအပေါ်ပြောတဲ့စကားတွေ၊ နှင်းခေါ်လိုက်တိုင်း ထူးသံတွေဟာ ပုံမှန်ထက်နူးညံ့ညင်သာလှပါသည်။ အမှန်အတိုင်း ဝန်ခံရရင် နှင်းဘဝမှာ အဲဒီလောက်ထိနှင်းအပေါ်နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ ဆက်ဆံပြောဆိုတတ်တဲ့ယောင်္ကျားမရှိခဲ့ဖူးပါ။ နှင်းကို တကယ့်ကလေးတစ်ယောက်လို၊ ပိုးမွေးသလိုယုယတတ်တဲ့ယောင်္ကျားတစ်ယောက်အဖြစ်အသိအမှတ်ပြုရပါသည်။
“နှင်း စိုင်းလုံကိုမေးစရာရှိတယ်၊ အမှန်အတိုင်းဖြေမလားဟင်”
သူ နှင်းကို ပဟေဠိမျက်ဝန်းတွေနဲ့ကြည့်လေသည်။ သူ့မျက်နှာမှာတော့ နူးညံ့မှုအပြည့်တွေ့နေရဆဲ။
“ဖြေမှာပေါ့နှင်းရဲ့၊ နှင်းက ကျွန်တော့်ချစ်သူပဲလေ”
“ဦးလေးကောင်းတို့လင်မယားရန်ဖြစ်တုန်းက စိုင်းလုံ အသားတွေတဆတ်ဆတ်တုန်လာပြီးကြောက်တာလေ၊ မနန်းမြတ် ဝေတောင် စိုင်းလုံကိုထွေးပွေ့ထားရတယ်မှလား၊ အဲဒါဘာကြောင့်လဲဟင်”
သူ့သက်ပြင်းသံသဲ့သဲ့ကိုကြားလိုက်ရသည်။ နှင်းကိုမဖြေချင်တဲ့အမူအရာတော့ မဟုတ်ပါ။
“နှင်း ကျွန်တော့်ကိုမလှောင်ရဘူးနော်”
“အင်း၊ ဘာလို့လှောင်ရမှာလဲစိုင်းလုံရယ်”
သူ စက္ကန့်အနည်းငယ်တော့ အားယူနေတာတွေ့ရပါသည်။ ထူးခြားမှုတစ်ခုခုတော့ရှိခဲ့မှာပဲလို့ နှင်းမှတ်ထားခဲ့ပြီးအခုမှ မေးဖြစ်တာပင်။
“ကျွန်တော့်မှာ ငယ်ငယ်ကတည်းကရှိခဲ့တဲ့အကျင့်တစ်ခုပေါ့နှင်းရာ၊ ကျွန်တော် အဲဒီလိုမြင်ကွင်းတွေမြင်ရင်အရမ်းကြောက် တတ်တယ်၊ အဲဒါကြောင့်ပါ”
“အော်”
လူတိုင်းလူတိုင်းမှာ အားနည်းချက်ကိုယ်စီတော့ရှိတတ်ကြတာပါပဲလေ။ စိုင်းလုံရဲ့အားနည်းချက်ကိုနှင်းသိလိုက်ရတဲ့အ တွက် နောက်ဆင်ခြင်လို့ရတာပေါ့။ သူ့အတွက် အဲဒီလိုမြင်ကွင်းတွေကနေဝေးဝေးရှောင်စေမှာပေါ့။
“စိတ်ချပါနှင်းရဲ့၊ ကျွန်တော်တို့ရဲ့အနာဂတ်မှာအဲဒီလိုကျွန်တော်မုန်းတဲ့အဖြစ်ဆိုးတွေလုံးဝမရှိစေရဘူး၊ စိုင်းလုံဟာယော င်္ကျားကောင်းပီသစွာနဲ့ နှင်းကိုတစ်သက်လုံးပြုစုစောင့်ရှောက်သွားမယ်၊ ကျွန်တော်ပြောဖူးတဲ့မြစိမ်းရောင်လွင်ပြင်ကြီးဆီမှာ နှင်းကို စိတ်ချမ်းသာအောင်ထားမယ်၊ နောက်ပြီး ပိုက်ဆံလိုအပ်မယ်ထင်လို့နှင်းအတွက်ကျွန်တော်ဈေးလည်းရောင်းဖို့ စဉ်းစားထားတယ်လေဗျာ၊ အခုလေးတင် အစီအစဉ်တောင်ဆွဲပြီးပြီ”
“ဘယ်လို စိုင်းလုံ”
“ကျွန်တော် ခေါက်ဆွဲဆိုင်လေးရောင်းမယ်လေ၊ ဝက်သားချဉ်၊ အမဲချဉ်၊ ချဉ်စော်ကားသီးထောင်းရောင်းမယ်၊ မုန်ညင်း ပေါင်း၊ မှိုချဉ်စပ်ရောင်းမယ်၊ ပဲပုတ်ထောင်း၊ တို့ဟူးကြော်နဲ့မုန်ညင်းချဉ်ကောင်းကောင်းလည်း ကျွန်တော့်ဆိုင်မှာရစေရမယ်၊ လာစားတဲ့သူတွေကို လက်ဖက်ခြောက်ကောင်းကောင်းနဲ့ရေနွေးကြမ်းတိုက်မယ်၊ ညနေပိုင်းဆိုရင် ကျွန်တော့်ဆိုင်လေးမှာ ဆန်အရက် ရောင်းမယ်၊ ဆန်လှော်ခရုချက်ရောင်းမယ်၊ ဆိုင်အတွက်လိုအပ်သမျှအားလုံးကို ကျွန်တော်ပဲလုပ်မယ်၊ နှင်း ဘာမှလုပ်စရာမလိုဘူး၊ ဈေးရောင်းပြီးပြန်လာရင် နှင်းကိုပိုက်ဆံအပ်မယ်”
“အမယ်လေး၊ ပျင်းစရာကြီး ကျူပ်ကတစ်နေကုန်အိမ်မှာထိုင်နေရမှာလားရှင့်”
သူ့အတွေးတွေကို နှင်းသဘောကျလိုက်တာ။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာအဲဒီလိုသာယာပျော်ရွှင်မှုပဲလို့ စိုင်းလုံကတွေးထင် ထားပါသည်။ သူ့ဘဝဟာ နှင်းနဲ့ပတ်သက်ရင်တစ်ကမ္ဘာပါပဲ။
“အိမ်မှာနေရတာပျင်းရင်ဆိုင်မှာကောင်တာလာထိုင်ရင်လည်းရတယ်လေနှင်းရဲ့၊ ကောင်တာထိုင်ရမှာ နှင်းပျင်းတယ်ဆိုရင် လည်းကျွန်တော်နှင်းအနား ရောက်လာပြီး လွင်ပြင်ကျယ်ကြီးကိုငေးမောကြည့်၊ နှင်းဘေးမှာကျွန်တော်က ဂစ်တာတီး သီချင်းဆိုပြမှာပေါ့အချစ်ရ”
ချစ်သူဖြစ်တဲ့ တဒင်္ဂလေးမှာပဲသူနှင်းကိုအရင်ကထက်စိတ်ချမ်းသာစရာတွေပေးလာခဲ့သည်။ သူ့အပြောတွေကြောင့် နှင်း ကြည်နူးလိုက်တာ၊ သူ့အစီအစဉ်တွေကြားမှာ နှင်းသာယာလိုက်တာ။ ရန်ကုန်ကိုပြန်ရမယ်ဆိုတဲ့စိတ်တွေ တစ်ဖြည်းဖြည်း ကွယ်ပျောက်ချင်သလိုဖြစ်လာရသည်။
အခုချိန်မှာ နှင်း ရန်ကုန်ကိုပြန်လို့ဘယ်လိုမှမဖြစ်နိုင်ပါ။ အခုဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေရှင်းရှင်းလင်းလင်းသိရဖို့၊ အဖြေကိုသိရဖို့ နှင်းကျောက်မဲမှာပဲရှိနေရပါမည်။ ပြီးတော့ နှင်းခွဲခွာဖို့မဖြစ်နိုင်တဲ့ချစ်သူ စိုင်းလုံကလည်းရှိလာပြန်သည်။ နာက်ပြီးတော့ နှင်းမဖြစ်မနေလုပ်ရမယ့်အလုပ်လည်းရှိပါသေးသည်။ စိုင်းလုံအကြောင်းကိုသေသေချာချာသိရဖို့ပင်။ သူ့ အခြေအနေ ကိုသိရဖို့ သူ့အိမ်ကိုလိုက်လည်ရမယ်ဆိုတာတွေးမိပြီးသူ့ကိုတောင်းဆိုရတော့သည်။ စိုင်းလုံအိမ်ကိုလိုက်လည် ဖို့အကြောင်းက နှင်းအတွက် အရမ်းစိတ်ဝင်စားစရာကောင်းနေခဲ့၏။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx