မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၁)

(၁၁)

အဲဒီနေ့ညနေပိုင်းက အချစ်ရွာလို့ခေါ်တဲ့ရှမ်းရိုးရာအစားအစာဆိုင်လေးထဲကို သူခေါ်လာခဲ့ပါသည်။ အေးအေးလူလူရှိလှပြီး ရှမ်းအစားအစာလည်း စုံစုံလင်လင်ရတယ်လို့သူကပြောထားတော့ နှင်းစိတ်ဝင်စားလွန်းလှသည်။ ဆိုင်ကလေးရဲ့တည်နေ ရာက ဈေးထဲမှာလို လူတွေပျားပန်းခတ်သွားလာမနေပါ။ ကားလမ်းမကြီးနဲ့လည်းအရမ်းမနီးတာမို့ နှစ်ကိုယ်ကြားတိုးတိုး လေး စကားပြောလို့ရတာပေါ့လေ။ သူ့အိမ်ကိုလိုက်လည်ဖို့အတွက် ပြောဖို့စီစဉ်ထားတဲ့နေ့လည်းဖြစ်လေသည်။ တကယ် တော့ သူ့အိမ်ကိုလိုက်လည်မယ့်အကြောင်းပြောဖို့မခက်ခဲပါ။ ဒါပေမဲ့ နှင်းကသဘောရိုးနဲ့လိုက်လည်ချင်တာမဟုတ်ဘဲတစ် ခြား အကဲခတ်ချင်သေးတဲ့သဘောနဲ့သွားမှာမို့ ပုံမှန်ထက်ပြောဖို့တွန့်ဆုတ်နေခြင်းပင်။

ပြီးတော့ သူကိုယ်တိုင်ကလည်း နှင်းကိုသူ့အိမ်လိုက်လည်ဖို့ တကူးတကမခေါ်သေးပါ။

အချစ်ရွာမှာရှိတဲ့ စားစရာတော်တော်များများကို နှင်းအတွက်သူကမှာပေးလေသည်။ သူမှာထားတာတွေကစုံလင်လှ၏။ မုန်ညင်းပေါင်း၊ မှိုပေါင်း၊ မှိုချဉ်စပ်၊ ထမင်းဝါ၊ ဝက်သားချဉ်၊ ယာမုတ်နဲ့ သင်္ဘောသီးထောင်း။

“အိုး များလိုက်တာ ဒါတွေဘယ်လိုလုပ်စားကုန်မှာတုန်း စိုင်းလုံရဲ့”

“နည်းနည်းချင်းစီမြည်းပေါ့အချစ်ရ၊ ကျွန်တော်က နှင်းစားဖူးအောင်လို့ပါ”

“ဟင်၊ အရင်က မစားဖူးဘူးပေါ့ အဲလိုလား”

“ဟာ အဲလိုမဟုတ်ပါဘူး၊ တိုင်းရင်းသားမို့စကားအပြောမတတ်လို့ပါ အချစ်ရာ”

နှင်း သူ့ကိုမျက်စောင်းလေးလှမ်းချီလိုက်၏။ တကယ်တော့သင်္ဘောသီးထောင်းကလွဲရင်ကျန်တဲ့အစားအစာတွေကနှင်းနဲ့ စိမ်းလှသည်။ ပြင်ဆင်ထားတဲ့ပုံတွေကတော့ စားချင်စဖွယ်ကောင်းလှစွာနှင်းကိုဆွဲဆောင်နေပါသည်။

အားလုံးကိုစားမကုန်တာသေချာတာမို့ တစ်ပွဲချင်းစီကနေနည်းနည်းချင်းစားဖြစ်သည်။ သင်္ဘောသီးထောင်းနည်းနည်းစား လိုက်၊ မုန်ညင်းပေါင်းနည်းနည်းဖဲ့စားလိုက်၊ မှိုချဉ်စပ်မြည်းကြည့်လိုက်နဲ့ နှင်းလုပ်သမျှကိုသူကပြုံးပြီးကြည့်နေလေ၏။ ထုံးစံ အတိုင်း ရေနွေးခွက်လေးငှဲ့ပေးပြီး နှင်းဘာလိုမလဲစောင့်ကြည့်နေတဲ့သဘော။

သူ့ပုံစံက ကလေးတစ်ယောက်ကိုအလိုလိုက်ထားပြီးလုပ်ချင်ရာလုပ်ခိုင်းစေကာ သူကပြုံးပြီးကြည့်နေတဲ့ပုံစံ။ မှိုပေါင်းကိုတူ နဲ့ ထိုးမွှေယူလိုက်ပြီးစားကြည့်ဖို့ပြင်လိုက်တော့ မှိုဖတ်တစ်ချို့ကနှင်းရဲ့အကျီၤပေါ်ကိုပြုတ်ကျကုန်သည်။ သူကအသင့်ကိုင် ထားတဲ့ တစ်သျှူးခေါက်လေးနဲ့ တယုတယသုတ်ပေး၏။ ကြင်နာတတ်လိုက်တာ။ အဲဒီအပြုအမှုတွေကြားမှာပဲ နှင်းသာယာ တတ်ခဲ့ပြီဖြစ်သည်။

“ဒါနဲ့ နှင်း ဆာခုမ့်စားဖူးလား”

“ဆာခုမ့် ၊ ဟင့်အင်း၊ မစားဖူးဘူး၊ ရန်ကုန်မှာတုန်းကတော့ သူငယ်ချင်းတွေ အမဲဆာခုမ့်သွားစားကြတာကြားဖူးတယ်၊ ဘယ်လိုမျိုးလဲ”

“အင်း၊ မှာပေးမယ် ခဏ”

နှင်းလှမ်းတားဖို့ပြင်လိုက်ပေမယ့် သူကဆိုင်ကောင်တာရှိရာဆီကိုသွားနှင့်လေပြီ။ သူပြန်လာပြီးဘယ်လောက်မှမကြာ ဆာခုမ့်ပန်းကန်ရောက်လာသည်။ ရှမ်းခေါက်ဆွဲလုံးဖတ်တွေကိုအရွက်စိမ်းနုတ်နုတ်စင်းနဲ့ဝက်လျှာ၊ ဝက်သား၊ ဝက်နားရွက်၊ အူစုံတွေရောထားတာဖြစ်သည်။ မြည်းကြည့်လိုက်တော့ အရသာကခါးသက်သက်လေး။ တစ်မျိုးတစ်ဖုံစားကောင်းလို့နေ ပြန်၏။ သူ နှင်းကိုအယုအယတွေနဲ့တင်မဟုတ်၊ ဒေသထွက်အစားအသောက်တွေနဲ့ပါဆွဲဆောင်ပြီထင်ပါရဲ့။

“ဘယ်လိုလဲနှင်း ကောင်းရဲ့လား”

“အင်း၊ စားလို့ကောင်းတယ်”

ခါးသက်သက်အရသာထဲမှာ ဝက်လျှာနဲ့အူစုံအရသာစိမ့်ဝင်နေတော့ ဆိမ့်ခါးခါးလေးဖြစ်လို့နေသည်။ ဟိုမြည်းဒီမြည်းနဲ့ နှင်းဗိုက်ပြည့်လာတော့ သူကပြုံးလျှက် နှင်းစားလက်စပန်းကန်တွေတစ်ခုချင်းစီကို ကူစားပေး၏။ သူ့မျက်ဝန်းတွေထဲမှာ နှင်းကိုကြင်နာမှုအပြည့် လုံခြုံမှုအပြည့်ပေးမယ့် သူတစ်ယောက်အဖြစ်ဖောက်ထွင်းမြင်နေရပါသည်။ ရန်ကုန်သူနှင်း ရည်း စားများခဲ့တာကို သူခွင့်လွှတ်သည်။ အလိုမကျမှုများရင်သူခွင့်လွှတ်နိုင်သည်။ အို နှင်းနဲ့ပတ်သက်တဲ့အရာရာကိုသူနားလည် ပေးနိုင်တာ နှင်းကိုဘယ်သူနဲ့မှမတူတဲ့ချစ်ခြင်းမျိုးနဲ့ချစ်လို့ပါတဲ့လေ။

အစားစုံလင်အောင်စားလိုက်၊ အီသလိုခံစားလာရင် မုန်ညင်းချဉ်နဲ့ကြက်သွန်မြစ်တွေကိုစားလိုက်နဲ့ မှာထားတဲ့အစားအစာ တွေ အားလုံးနီးပါးကုန်ခါနီးတောင်ဖြစ်လာသည်။ နှင်းတို့ရန်ကုန်မှာရှမ်းချဉ် လို့ခေါ်တဲ့ မုန်ညင်းချဉ်ကိုဒီမှာ တရုတ်ချဉ်တဲ့။ သူတို့ရဲ့မုန်ညင်းချဉ်က မုန်ညင်းရွက်စိမ်းစိမ်းတွေကိုအချဉ်လုပ်ထားတာဖြစ်သည်။ ဆိုင်တော်တော်များများမှာတော့ မုန် ညင်းချဉ်ပေးကြပြီးတစ်ချို့ဆိုင်တွေမှာတော့ မုန်ညင်းချဉ်ရော၊ တရုတ်ချဉ်ရော နှစ်မျိုးလုံးကြိုက်ရာကိုမှာစားနိုင်သည်။ စား သောက်လည်းပြီးရော ရေနွေးမွှေးမွှေးကိုသောက်ရင်း သူ့အိမ်လိုက်လည်ဖို့စကားစရတော့သည်။

“နှင်းကအိမ်လိုက်လည်ချင်တယ် ဟုတ်လား”

သူ နှင်းကိုထူးထူးဆန်းဆန်းပြောပါလားဆိုတဲ့ပုံစံနဲ့လှမ်းကြည့်သည်။ သူ့အိမ်ကိုနှင်းဘာကြောင့်လိုက်လည်ရသလဲဆိုတာ ကို သူသဘောပေါက်နေတာလားမပြောတတ်ပါ။ လိုက်လည်ဖို့ပြောပြီးနောက်တစ်နေ့မှာပဲ သူကခေါ်ခဲ့ပါသည်။

သူ့အိမ်က နှင်းတည်းတဲ့သိမ့်သီတာတို့အိမ်နဲ့ဆယ်ငါးမိနစ်လောက်လမ်းလျှောက်ရင်ရောက်ပြီ။ နှင်းလိုက်သွားတဲ့အချိန်က သူ့အစ်မ မနန်းမြတ်ဝေလည်းရှိနေတဲ့အချိန်ပင်။ နှင်းကိုထမင်းစားဖိတ်ချင်တယ်လို့လည်းပြောဖူးတာကြောင့် အစ်မနန်းမြတ် ေ၀ က နှင်းလာလည်တာဝမ်းပမ်းတသာရှိလှသည်။ သိမ့်သီတာကတော့ လိုက်မလာခဲ့ပါ။

“နှင်း အားမနာနဲ့နော်၊ ကိုယ့်အိမ်လိုပဲသဘောထားဟုတ်လား၊ အိမ်မှာက ကျွန်တော်ရယ် အစ်မရယ်နှစ်ယောက်တည်း”

သူ့ရဲ့စကားကိုနှင်းသဘာပေါက်မြန်ကာ သူ့လက်မောင်းလေးကိုလက်သီးဖွဖွလေးနဲ့လှမ်းထုပစ်လိုက်သည်။ အစ်မနန်းမြတ် ဝေကလည်း နှင်းကိုခေါ်လာပြီဆိုကတည်းက သူနဲ့နှင်းတို့ရဲ့ရင်းနှီးမှုကိုသဘောပေါက်လောက်ပြီထင်သည်။

“ညနေစာအိမ်မှာပဲစားသွားရမယ်နော် နှင်း၊ မောင်လေးခေါ်မလာရင်လည်း နှင်းကိုတစ်ရက်လောက်အိမ်မှာထမင်းဖိတ်ကျွေး မလို့ စီစဉ်ထားတာလေ”

စိုင်းလုံတို့အိမ်လေးက တကယ်ကိုချစ်စရာကောင်းလွန်းပါသည်။ အိမ်အမြင့်ရဲ့သုံးပုံတစ်ပုံနီးပါးလောက်ကို အုတ်နဲ့ကာရံ ထားပြီး ကျန်အပိုင်းကိုတော့ ဝါးထရံထူထူတွေကာရံထား၏။ တစ်ထပ်တိုက်ပုပုလေးဖြစ်ပြီး ဧည့်ခန်းရယ်၊ အစ်မနန်းမြတ် ဝေရဲ့အခန်းရယ်၊ စိုင်းလုံနေတဲ့အခန်းရယ်နဲ့ မီးဖိုချောင်ရယ် ကိုကျစ်ကျစ်လျစ်လျစ်ဆောက်ထားတာဖြစ်သည်။ သီပေါဟော်  ပုံကိုဧည့်ခန်းမှာချိတ်ဆွဲထားတာတွေ့ရပြီး ခြံကတော့ပေရှစ်ဆယ်ဝန်းကျင်လောက်တောင်ရှိလောက်သည်။

ခြံထဲမှာ သီးပင်စားပင်တော်တော်များများကိုတွေ့ရ၏။ အိမ်ရှေ့ခြံစည်းရိုးနားမှာ ဆားငံသီးအပင်အပွင့်ဖြူဖြူလေးတွေက တစ်ပင်လုံး ပြွတ်ခဲနေအောင်ပွင့်နေလေသည်။ ရုတ်တရုက်ကြည့်လိုက်ရင် နှင်းဖတ်တွေအဆုတ်လိုက်အဆုတ်လိုက်အပင် မှာ ကပ်နေသလိုပင်။ မှန်ကူပင်၊ ရွက်လှပန်းပင်၊ ငရုတ်သီးပင် အပါအဝင် နှင်းမသိတဲ့အပင်တော်တော်များများကသေသပ် လှပစွာ ပေါက်လို့နေလေသည်။ ဒါတစ်ယောက်ယောက်ကစနစ်တကျစိုက်ပျိုးထားတာ။

“ဟုတ်အစ်မ ကျေးဇူးတင်ပါတယ်၊ ဒါနဲ့ အစ်မ ဈေးမထွက်ဘူးပေါ့”

နှင်းက အစ်မနန်းမြတ်ဝေကိုညနေပိုင်းဈေးထွက်တယ်လို့သိထားတော့ အဲဒီနေ့ဘာကြောင့်ဈေးမထွက်တာပါလိမ့်လို့စဉ်းစား ရင်းမေးလိုက်ခြင်းပင်။ ဒါပေမဲ့ ညနေပိုင်းဈေးနားတော့မယ်ဆိုတာကို စိုင်းလုံတစ်ခါပြောဖူးတာကိုတော့မေ့သွားခဲ့သည်။

“မထွက်ဘူးညီမလေး၊ ညနေပိုင်းနားလိုက်ပြီလေ”

“အော် ဟုတ်ကဲ့၊ ကောင်းပါတယ်၊ နားရတာပေါ့အစ်မရယ်”

အစ်မနန်းမြတ်ဝေက နှင်းနဲ့စကားနည်းနည်းပါးပါးပြောပြီးဟင်းချက်ဖို့ဆိုကာရှောင်ထွက်သွားလေသည်။ သူနဲ့နှင်းနှစ် ယောက်သား ခြံထဲမှာလမ်းလျှောက်ရင်းစကားပြောဖြစ်ကြ၏။ အဲဒီအတောအတွင်း သူ့အိမ်အခြေအနေ၊ သူ့အကြောင်းတွေ ကိုနှင်း တတ်နိုင်သမျှလေ့လာအကဲခတ်မိသည်။

သူကလည်းသူ့အကြောင်းစုံစုံလင်လင်ကို နှင်းသိချင်တယ်အထင်နဲ့ပြောပြ၏။

“ကျွန်တော်တို့မိသားစုကလေးယောက်၊ အဖေကသီပေါဖက်က၊ အမေကတော့ကျောက်မဲသူပေါ့၊ ကျွန်တော့်ကိုဒီရပ်ကွက် မှာပဲ မွေးတာ၊ ကျောင်းတက်တော့ ဟောဟိုးရှေ့မှာမြင်ရတဲ့အထက(၂) မှာတက်တာလေ၊ အစ်မရောကျွန်တော်ရောနှစ် ယောက်လုံးပေါ့၊ အမေကတော့ ကျွန်တော်ငယ်ငယ်ကတည်းကဈေးထဲမှာ ခေါက်ဆွဲဆိုင်ရောင်းတယ်၊ အမေ့ဆိုင်ကတအား နာမည်ကြီးတယ်၊ စားလို့လည်းတကယ်ကောင်းတယ် ကြွားတာမဟုတ်ဘူး၊ ဈေးရောင်းရတော့ငွေလှိုင်လှိုင်ဝင်တာပေါ့၊ ဒါ ပေမဲ့ ပိုက်ဆံတွေကအဖတ်မတင်ပါဘူး”

သူ့အသံက ပုံမှန်ပြောနေတာထက် နည်းနည်းလေးတိမ်ဝင်သွားသလိုခံစားရသည်။ စိတ်မကောင်းဖြစ်သွားတာများလား။ နှင်း သူ့မျက်နှာကိုလှမ်းကြည့်လိုက်တော့ ညိုးငယ်သွားတဲ့အရိပ်အယောင်မြင်ရ၏။ ဘာဖြစ်သွားတာပါလိမ့်။

“အမေရှာသမျှ အဖေကဖြုန်းတယ်၊ အရက်သောက်တယ်၊ ဘိန်းရှုတယ်၊ လောင်းကစားလုပ်တယ်၊ အဲဒီတော့ ကျွန်တော်တို့ မောင်နှမနှစ်ယောက်ရဲ့ ကျောင်းစားရိတ်ရယ်၊ စားဝတ်နေရေးရယ်အတွက်ပဲ လည်ပတ်နေပြီးဝင်ငွေအပိုကသိပ်မရှိဘူး၊ နောက်တော့ အဖေကနောက်မိန်းမယူသွားတယ်၊ သိပ်မကြာခင်မှာပဲအမေလည်းဆုံးတယ်၊ အမေဆုံးတော့အဖေတစ် ခေါက်ရောက်လာသေးတယ်၊ အဲဒီအချိန်ကအဖေ့ကိုနောက်ဆုံးတွေ့ရခြင်းပါပဲ၊ မောင်နှမနှစ်ယောက်ပဲကျန်တော့တဲ့ကျွန် တော်တို့ဘဝမှာ စားဝတ်နေရေးကိုအစ်မကကျောင်းထွက်၊ ခေါက်ဆွဲဆိုင်ရောင်းပြီးကျောင်းခဲ့တယ်၊ ကျွန်တော်ကတော့ တက္ကသိုလ်ကဘွဲ့ရတဲ့အထိတက်နိုင်ခဲ့တယ်”

သူမမောနိုင်မပန်းနိုင်ပြောရှာပေမယ့် နှင်းကတော့စိတ်ရောလူပါမောပန်းသွားသလိုခံစားလိုက်ရသည်။ စိုင်းလုံဘဝကနှင်း ထင်ထားသလို ဖြောင့်ဖြူးမနေခဲ့ပါ။

“အခုအခြေအနေကတော့ နှင်းမြင်တဲ့အတိုင်းပဲလေ၊ ကျွန်တော် မိန်းကလေးတစ်ယောက်ကိုကောင်းကောင်းမွန်မွန်ရှာဖွေ ကျွေးမွေးနိုင်တဲ့အခြေအနေပေါ့”

သူရယ်စရာအဖြစ်ပြောလိုက်ပေမယ့် နှင်းဟက်ဟက်ပက်ပက်မရယ်နိုင်ပါ။ သူ့မိသားစုအကြောင်းကြားလိုက်ရတာကြောင့် ရင်ထဲမှာ ဆိုနင့်နေသလိုပင်။

“ကျွန်တော်သိပ်မကြာခင်အလုပ်လုပ်တော့မယ်နှင်း၊ ကျွန်တော်နဲ့အစ်မနဲ့ဆီမှာနှင်းကိုတစ်သက်လုံးထားနိုင်တဲ့ စုဆောင်း ထားတဲ့ပစ္စည်းတစ်ချို့ရှိတယ်၊ ကျွန်တော့်ကြောင့်နှင်းမျက်နှာမငယ်စေရဘူး၊ သူများဝတ်စား သလို နှင်းဝတ်စားနိုင်ရမယ်”

လက်ရှိအခြေအနေမှာ သူကအလုပ်အကိုင်မယ်မယ်ရရမရှိတော့ သူ့ကိုအထင်သေးသွားမှာစိုးရိမ်ပုံရသည်။ ခြံထဲမှာစီရရီ ပေါက်နေတဲ့ နှင်းပန်းနီနီတစ်ပွင့်ကိုသူကလှမ်းခူးလိုက်ကာ နှင်းကိုလှမ်းပေး၏။ အနီရောင်နှင်းပန်းလေးကို နှင်းယူလိုက်ကာ နမ်းရှိုက်လိုက်ပါသည်။ နှင်းပန်းကအနံ့မရှိဘူးဆိုပေမယ့် သဘာဝကပေးတဲ့ဆွဲဆောင်မှုအငွေ့အသက်တစ်ချို့ကိုတော့ရှုရှိုက် ရ၏။ နှင်းမျက်နှာလေး နည်းနည်းမှေးမှိန်သွားတာကိုသူကအကဲခတ်မြန်လေသည်။

“နှင်း ကျွန်တော့်အကြောင်းကိုစိတ်မကောင်းဖြစ်သွားတာလား”

နှင်းခေါင်းညိတ်ပြလိုက်၏။

“လူတိုင်းလူတိုင်းမှာ ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကိုတစ်ကြိမ်တစ်ခါတော့ကြုံဖူးကြတာပဲလေ၊ ဒါတွေကိုကျော်လွှားနိုင်မှ အနာဂတ်ကိုဆက်လျှောက်နိုင်မှာပေါ့ နှင်းရ၊ မဟုတ်ဘူးလား”

“ဟုတ်ပါတယ်၊ နှင်းစိတ်မကောင်းဖြစ်တယ်ဆိုတာကလည်း စိုင်းလုံကိုကိုယ်ချင်းစာသွားလို့ပါ၊ ပြီးတော့ အမှန်အတိုင်းဝန်ခံ ရရင်နှင်းစိတ်ထဲမှာ ခံစားရတာတစ်ခုရှိတယ်သိလား”

“ရန်ကုန်မှာရှိနေတဲ့နှင်းမိသားစုကို သတိရသွားတာလား”

“မဟုတ်ဘူး၊ အဲဒါနဲ့လုံးဝမဆိုင်ဘူး၊ နှင်းခံစားရတာက စိုင်းလုံကိုချစ်တဲ့အချစ်၊ နှင်းလေ စိုင်းလုံကိုချစ်တာပိုပိုပြီးလေးနက် သွားတယ်သိလား”

“ကျေးဇူးတင်ပါတယ်နှင်းရယ်”

အစ်မနန်းမြတ်ဝေက ထမင်းစားဖို့လှမ်းခေါ်လိုက်တာမို့ အိမ်ရှိရာဆီကိုပြန်လျှောက်လာခဲ့ကြသည်။ ထမင်းစားပွဲဝိုင်းမှာ အဆင်သင့်ဖြစ်နေတဲ့ ဟင်းပွဲတွေကိုတွေ့ရတော့ မစားခင်စူးစမ်းမိ၏။ မုန်ညှင်းဆော၊ ဝက်သားနဲ့အာလူးချက်၊ ငါးခြောက် ဖုတ်နဲ့ ငြုတ်သီးဆားထောင်း။

“ဟင်းကတော့ ရှိတာလေးပဲချက်ထားတယ်ညီမရေ၊ စားတတ်ပါ့မလားမသိဘူး”

“ဟုတ်၊ ကောင်းပါတယ် အစ်မရဲ့”

စကားပြောလိုက် အိမ်အပြင်အဆင်တွေကိုစူးစမ်းလိုက်နဲ့တစ်ယောက်တည်းစိတ်ထဲမှာ အလုပ်ရှုပ်နေမိသည်။ စိုင်းလုံတို့အိမ် လေးရဲ့အပြင်အဆင်က စူးစမ်းဖို့မလိုလောက်အောင်ရိုးရှင်းလှသည်။ အိမ်ထောင်ပရိဘောဂထားတဲ့နေရာမှာလည်းသေသေ သပ်သပ်၊ အိပ်ရာတွေလည်းစနစ်တကျသိမ်းထားပြီး ထိုင်ခုံ၊ အခန်းအပြင်အဆင်တွေအားလုံးကလည်းပြောင်လက်တောက် ပလို့နေလေသည်။

ထမင်းစားတော့ အစ်မနန်းမြတ်ဝေကိုပါတစ်ခါတည်းစားစေသည်။ နှင်းရဲ့ရည်ရွယ်ချက်ကအစ်မနဲ့စကားပြောပြီး အစ်မရဲ့ စိတ်ကို စူးစမ်းဖို့လည်းပါသည်။

“စိုင်းလုံ ငယ်ငယ်တုန်းက ဆိုးလားဟင်အစ်မ”

နောက်သလိုလိုနဲ့မေးတော့ အစ်မကရယ်ပြီးခပ်သော့သော့လေးဖြေပါသည်။

“မဆိုးပါဘူး၊ မောင်လေးကအရမ်းလိမ်မာတာ၊ အစ်မကိုလည်းဂရုစိုက်တယ်၊ အစ်မတို့ကတစ်ကျောင်းတည်းတက်ကြတာ လေ၊ ဟော ဟိုးရှေ့ကကျောင်းမှာပေါ့၊ သူများတွေကျောင်းသွားရလို့ငိုတတ်ပေမယ့် မောင်လေးကဘယ်တော့မှမငိုဘူး၊ စာ လည်း လိုက်နိုင်တယ်၊ အိမ်ရောက်ရင်လည်းစာကျက်ချိန်ကျက်ပြီးတော့ အိမ်ကိုဝိုင်းကူချင်တဲ့စိတ်လည်းရှိတယ်၊ သူများက လေးတွေလို အဆော့လည်းမမက်ဘူးညီမရဲ့”

“အော်၊ အစ်မတို့မောင်နှမအရမ်းကံကောင်းတာပဲနော်၊ အစ်မကအရမ်းလိမ်မာတဲ့မောင်လေးရ၊ စိုင်းလုံကလည်းသိပ်ချစ်ဖို့ ကောင်းတဲ့အစ်မရထားတာဆိုတော့ ဘာလိုသေးလဲနော်”

“ညီမလေး အစ်မကိုမမြှောက်လည်းနောက်နေ့အချိန်မရွေးထမင်းလာစားဖို့ဖိတ်ပါတယ်နော်”

“တကယ်လာစားမှာနော် အစ်မ”

“အို အချိန်မရွေးလာပါကွယ်၊ အစ်မတို့ကလူဆင်းရဲပေမယ့် စေတနာမဆင်းရဲပါဘူး”

နှင်းလေ့လာအကဲခတ်မိသလောက်တော့ သူတို့မောင်နှမနှစ်ယောက်လုံးရဲ့ရိုးသားမှု၊ ဖြူစင်မှုကနှင်းထင်ထားတာထက် တောင်ပိုနေသည်။ နှင်းဖြစ်နေတဲ့သံသယ၊ စိတ်ထဲမှာတစ်မျိုးထင်နေတဲ့အရာတွေက မှားများမှားသွားပြီလား။ သူတို့ကိုစော် ကားသလိုများဖြစ်သွားပြီလား စိုးရိမ်မိ၏။

“ညီမလေးက စိုင်းလုံနဲ့အရမ်းရင်းနှီးနေပြီဆိုတော့ မောင်လေးရဲ့အားနည်းချက်တစ်ခုကိုပြောပြဦးမယ်”

“ဟုတ်ကဲ့အစ်မ၊ နှင်းလည်းသိချင်ပါတယ်”

“မောင်လေးရဲ့စိတ်ကအရမ်းပျော့တယ်၊ ထိခိုက်ခံစားလွယ်တယ်၊ တစ်ယောက်ယောက်ကသူ့ကိုစိတ်အနှောင့်အယှက်ဖြစ် စေခဲ့ရင် သူ့မှာသူများထက်ပိုပြီးခံစားရရော”

“အော်”

နှင်းတို့နှစ်ယောက်ရဲ့အခြေအနေကို အစ်မသိသွားခဲ့ပြီလား။ မောင်ဖြစ်သူကိုနှင်းက ထားမသွားဖို့၊ စိတ်အနှောင့်အယှက်ဖြစ် အောင်မလုပ်ဖို့ တစ်ပတ်လှည့်နဲ့ပြောလိုက်တာလား မသိပေမယ့် စိုင်းလုံဆီမှာအဲဒီအားနည်းချက်ရှိတယ်ဆိုတာကတော့ နှင်းသိနှင့်နေခဲ့ပြီးသားပါ။

“ငယ်ငယ်ကတည်းက အဲဒီစိတ်ကို အစ်မပြင်ပေးဖို့ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမဲ့မရခဲ့ပါဘူး”

အစ်မ နန်းမြတ်ဝေဟာ စိုင်းလုံကို နှင်းထင်ထားတာထက်ပိုပြီးချစ်မှန်းနားလည်ခဲ့လိုက်ပါသည်။

အဲဒီနေ့က ထမင်းစားရင်းစကားတွေကောင်းလိုက်၊ စားပြီးတော့ သူတို့ခြံထွက်လိမ္မော်သီးနဲ့အချိုတည်းရင်းစကားထပ်ပြော လိုက်နဲ့တော်တော်လေးနောက်ကျပြီးမှပြန်ဖြစ်သည်။ နှင်းက အစ်မကိုနှုတ်ဆက်တော့ နောက်လည်းခဏခဏလာလည် ဖို့ တစ်ရပ်ကွက်တည်းလမ်းလျှောက်လာလို့ရတာမို့အချိန်မရွေးလာဖို့ တဖွဖွမှာသည်။

စိတ်ချမ်းမြေ့စရာအခိုက်အတန့်လေးကို နှင်းပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းပင်။ အိမ်ကိုပြန်ရောက်တော့ သိမ့်သီတာတို့လင်မယား စကားများနေတာကို ထူးဆန်းစွာတွေ့လိုက်ရသည်။ သိမ့်သီတာယောင်္ကျား ကိုဖြိုးကခပ်အေးအေးနေတတ်ပြီးလူရိုးလူအလို့ အများကသတ်မှတ်ထားကြသည်။ အလုပ်သွား၊ အလုပ်ပြန်နဲ့ဘဝကိုလည်ပတ်နေသူလည်းဖြစ်သည်။ ညဖက်အိပ်ချိန်သာ အိမ်ကိုလာတတ်ပြီး ကျန်တဲ့အချိန်တော်တော်များများက အလုပ်မှာပဲနေတတ်တာမို့ သူများလင်မယားထက်ပြသနာနည်း မယ်လို့ နှင်းထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကိုဖြိုးဟာ ပြသနာကြီးတစ်ခုကိုယူဆောင်လာခဲ့တာပင်။

“မဟုတ်ဘူး လို့ပြောနေတယ် ငါဆက်သည်းမခံနိုင်တော့ဘူး သိမ့်သီတာ”

အိမ်အပေါက်ဝရောက်ရောက်ချင်းမှာပဲ ကျယ်လောင်လှတဲ့ကိုဖြိုးရဲ့အသံကိုအတိုင်းသားကြားလိုက်ရသည်။ သမားရိုးကျမ ဟုတ်တဲ့ ပြသနာတစ်ခုဖြစ်နေပြီဆိုတာ နှင်းသဘောပေါက်လိုက်၏။

“သည်းမခံနိုင်တော့ ရှင်ကဘာလုပ်ချင်လဲ၊ လာလေ ကျွန်မကိုသတ်ချင်တာလား၊ ကျွန်မကိုသတ်ပြီးမှ အဲဒီမိန်းမနဲ့ပျော်ပါး ကြမှာပေါ့ ဟုတ်လား၊ အေး လာလေ၊ လာသတ်”

အိမ်ထဲက အိုးခွက်ပန်းကန်ကျကွဲသံတွေ ကျယ်လောင်စွာထွက်ပေါ်လာတော့ နှင်း ပြေးဝင်သွားမိလေသည်။ သူလည်း ဆိုင်ကယ်ကိုအမြန်ရပ်ပြီး နှင်းနောက်က ထပ်ကြပ်မကွာလိုက်လာခဲ့သည်။ သူတို့လင်မယားရန်ဖြစ်တယ်ဆိုတာ ဘယ်တုန်း ကမှ မကြားခဲ့ဖူးတဲ့အရာ။

အခုတော့ ဘာတွေဖြစ်ကုန်ပြီလဲ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx