(၁၃)
ကျောက်မဲရဲ့မနက်ငါးနာရီ။ မြူတွေပိန်းပိတ်အောင်မှောင်နေလေသည်။ ဆိုင်ကယ်နှစ်စီးကပ်ရက်အနေအထားမှာတောင် တစ်စီးနဲ့တစ်စီးသဲသဲကွဲကွဲမမြင်ရ။ ဒါပေမဲ့ နှင်းတို့နေတဲ့ရပ်ကွက်လေးရဲ့အနားကဈေးမှာတော့ လူတွေကျိတ်ကျိတ်တိုးစည် ကားနေပြီ။
“ကျောက်မဲမှာဈေးသုံးဈေးရှိတယ်နှင်းရဲ့၊ ဗဟိုဈေး၊ မနက်ဈေး၊ ညဈေးပေါ့၊ နှင်းအခုမြင်နေရတဲ့ဈေးကကျွန်တော်တို့ရပ် ကွက်နဲ့အနီးဆုံးဈေး၊ မနက်ဈေးပေါ့၊ သီရိမင်္ဂလာဈေးလို့လည်းခေါ်တယ်၊ အပြန်ဝင်ကြည့်မလား၊ ရှိနိုင်သေးတယ်”
သူက နှင်းကိုညွှန်ပြရင်းလိုက်ပို့ပေးဖို့ဆိုလာလေသည်။
“နောက်နေ့မှသွားမယ်လေ၊ အခု သူများကိစ္စအရေးကြီးနေတာကို”
“အင်းပါ”
အသီးအရွက်သားငါးစုံလင်စွာရောင်းချသံတွေကိုတော့နှင်းပီပီပြင်ပြင်ကြားနေရသည်။ ပုံရိပ်တွေကိုတော့နှင်းမြူတွေနဲ့ရော စွက်ကာ မသဲကွဲ။ သိုးမွှေးပွအနွေးထည်ကိုဝတ်ရင်း သူ့ခါးကိုတင်းကြပ်စွာဖက်ထားရင်းအအေးကြားမှာနွေးထွေးလှသည်။ ဈေးလေးရဲ့ညာဖက်ဆီကိုမောင်းသွားတယ်ဆိုတာကလွဲရင်နေရာတွေကို နှင်းမမှတ်မိနိုင်တော့။ လေတစ်ချက်တစ်ချက် အဝှေ့မှာ နှင်းဖတ်မှုန်မှုန်လေးတွေကပ်ပါလာတာကို လက်နဲ့ဖမ်းယူဆုတ်ကိုင်မိသည်။ ဒါပေမဲ့ အမိအရမဖမ်းယူနိုင်။
“ကျောက်မဲကို ဂျပန်၊ ကိုးရီးယားနိုင်ငံလိုများမှတ်နေလားနှင်းရယ်” တဲ့။ သူက။ နှင်းရယ်မောစွာပင် သူ့ကျောကုန်းလေးကိုဖွ ဖွလေး ထုလိုက်သည်။ အဲဒီနိုင်ငံတွေလို နှင်းအဖတ်လိုက်ကြီးမဟုတ်မှန်းတော့သိတာပေါ့။ ဒါပေမဲ့ ကျောက်မဲနှင်းကလည်း အသည်းခိုက်အောင်အေးလှပါတယ် စိုင်းလုံရယ်။
ချစ်သူနဲ့အတူရှိနေရခြင်းကြည်နူးမှုက စိတ်ချမ်းသာစရာကောင်းနေပေမယ့် တစ်ဖက်ဆိုင်ကယ်ဆီမှာရှိနေတဲ့ သိမ့်သီတာရဲ့ ရင်ထဲကို ကိုယ်ချင်းစာကြည့်မိလိုက်တော့ ပူလောင်ရပြန်သည်။ လင်ယောင်္ကျားဖြစ်သူအရေးကို ရတက်မအေးလှစွာဆိုင် ကယ် တဝီဝီစီးပြီးလိုက်သွားရတဲ့အဖြစ်။ အိမ်ထဲမှာစောင်ခြုံပြီးကွေးလို့ကောင်းတဲ့အချိန်မှာ ဇိမ်ကိုမတွက်နိုင်တော့ဘဲပူ လောင်နေရတဲ့အဖြစ်။ နှင်း သူငယ်ချင်းဖြစ်သူကို ဂရုဏာသက်စွာကြည့်မိလိုက်သည်။ မှုန်ဝါးဝါးသာမြင်နေရပေမယ့် သိမ့်သီတာကတော့ ဇောကပ်ကာ တစ်နေရာဆီကို ဦးတည်မောင်းနေတာအသေအချာပင်။
မြို့အဝင်ဖက်တစ်နေရာဆီကိုရောက်တော့ ရပ်ကွက်လေးတစ်ခုဆီကိုချိုးဝင်လိုက်၏။ အဲဒီအချိန်မှာတော့နှင်းနည်းနည်း ကွဲစပြုနေပြီ။ အခေါက်ခေါက်အခါခါရောက်ဖူးနေသလိုပင် အမှားအယွင်းမရှိ ဦးတည်ချက်မှန်ကန်နေ၏။
သွပ်မိုးပျဉ်ထောင်အိမ်လေးတစ်လုံးရှိရာခြံလေးရှေ့ကိုရောက်တော့ ဆိုင်ကယ်ရပ်လိုက်ကြသည်။
“ဒီအိမ်ပဲ”
သိမ့်သီတာက ရေရွတ်လိုက်ပြီးမဆိုင်းမတွအိမ်ထဲကိုဝင်လိုက်သည်။ နှင်းတို့လည်းသိမ့်သီတာနောက်ကိုထပ်ကြပ်မကွာ လိုက်လာခဲ့၏။ ပျဉ်တံခါးကိုခပ်ဆဆလေးခေါက်လိုက်ပြီး တံခါးလာအဖွင့်ကိုစောင့်နေလိုက်ကြသည်။ အဲဒီခဏကတော့ ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းလှပါသည်။ ဘယ်သူတံခါးလာဖွင့်မလဲ။ ကိုဖြိုးအမှန်တကယ် ရှိနေမလား။
“ဘယ်သူလဲ”
ဘယ်သူလဲလို့မေးတဲ့အသံကအိမ်ထဲကနေမဟုတ်ပါ။ တံခါးဖွင့်ပြီးမှမေးတာမို့ သိမ့်သီတာကအိမ်ထဲဇိုးဇိုးဇက်ဇက်ဝင်နှင့်ပြီး ဖြစ်လေသည်။
“ဘာကိစ္စရှိလို့ပါလဲ အစ်မ”
တံခါးလာဖွင့်တဲ့ကောင်မလေးက နှင်းတို့ထက်နည်းနည်းတော့ငယ်ပုံရသည်။ အိမ်ထဲကိုရုတ်တရုက်ဝင်လာတာကို အံသြပြီး ကြည့်နေလေ၏။
“ကိုဖြိုး ရှိတယ်မှလား ခေါ်ပေး”
သိမ့်သီတာက အတပ်သိပြီးသားပုံစံနဲ့ပြောလိုက်တော့ သူမမျက်နှာပုံစံတစ်မျိုးပြောင်းသွားတာကိုသတိပြုမိလိုက်ကြသည်။ ကောင်မလေးက ကြောင်ကြည့်နေပြီး သိမ့်သီတာကကောင်မလေးကိုမျက်နှာချင်းဆိုင်အနေအထားကြည့်နေသည်။ နှင်းတို့ နှစ်ယောက်က တံခါးဝမှာမတ်တပ်ရပ်လို့။ မိနစ်ပိုင်းတောင်မကြာလိုက်ပါ။ အိပ်ခန်းထဲကနေတစ်စုံတစ်ယောက်ထွက်လာ လေသည်။ နှင်းတို့အားလုံးမျှော်လင့်ထားတဲ့သူ။ ကိုဖြိုး။ အသေအချာပေါ့။ အိပ်မှုန်စုန်ဖွားနဲ့။
“ဟာ”
အားလုံး မှင်သက်အံသြစွာ။ နှင်း ဘုရားတလိုက်မိသည်။ သိမ့်သီတာ ဘာဖြစ်သွားမလဲ။ လက်ထပ်ပေါင်းသင်းခဲ့တဲ့သူဟာ သစ္စာမရှိ၊ ဖောက်ပြန်တတ်တဲ့လင်ယောင်္ကျားမှန်း ကွက်ကွက်ကွင်းကွင်းမြင်လိုက်သိလိုက်ရပြီ။ မနေ့ကအထိ သူမဟုတ် ကြောင်း ဗြောင်လိမ်ဗြောင်စားငြင်းခဲ့သည်။ ဘယ်လောက်တောင်များရင်နာဖို့ကောင်းလိုက်ပါသလဲ။ အားလုံးရဲ့အမြင်မှာ အနေအေး လူရိုးလို့သတ်မှတ်ထားတဲ့ကိုဖြိုးက အဲဒီလိုမျိုးအငယ်အနှောင်းထားတတ်တဲ့စရိုက်ရှိမယ်မှန်း နှင်းလည်းထင် မထားခဲ့တာအမှန်ပါ။
ကိုဖြိုးကလည်း နှင်းတို့အားလုံးကိုကြောင်ကြည့်နေလေသည်။ ရုတ်တရက်မို့အံအားသင့်သွားပုံရ၏။
“ရှင်ဘာငြင်းမလဲ”
သိမ့်သီတာက ကိုဖြိုးဆီကိုသွား သူဝတ်ထားတဲ့အကျီကိုဆောင့်ဆွဲပြီးရန်တွေ့လိုက်သည်။ အခုချိန် ဟိုမိန်းကလေးကရော ဘယ်လိုထင်နေမလဲ။ ကိုဖြိုးမှာ မိန်းမရှိတာကိုမသိခဲ့တာလား မပြောတတ်။ ပါးစပ်အဟောင်းသားနဲ့သာကြည့်နေလေသည်။
“ပြောလေ ကိုဖြိုး၊ ရှင်ပြောတော့ မဟုတ်ဘူးဆို၊ ကျွန်မကိုပဲ သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းနေတာဆို၊ ကြားစကားတွေ ယုံနဲ့ဆို၊ အခု ငြင်းဦးလေ၊ငြင်းဦးလေ”
မနက်ခင်းဆိတ်ငြိမ်နေတဲ့အခြေအနေကို သိမ့်သီတာရဲ့ပေါက်ကွဲသံစဉ်တွေကလွှမ်းမိုးသွားလေ၏။
“ရှင့်ကို သိပ်မုန်းတယ်ကိုဖြိုး၊ ကွာပေး၊ ကျွန်မကိုအခုချက်ချင်းကွာပေး၊ ရှင်ဒီမှာပဲနေရစ်ခဲ့၊ ကျွန်မဆီကိုဘယ်တော့မှပြန်မ လာနဲ့တော့၊ ရှင့်ကိုဆက်ပေါင်းဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး၊ အခုချက်ရှင်းကွာရှင်းမယ်”
ကိုဖြိုးရဲ့အင်္ကျီကိုဆောင့်ဆွဲ၊ လက်မောင်းတွေရင်ဘတ်တွေကိုတဘုန်းဘုန်းထုရင်း သိမ့်သီတာရှိုက်ငိုနေလေသည်။
ဟိုမိန်းကလေးကတော့ခဏတာမျှကြောင်ကြည့်ပြီးမှ စကားစပြောလေသည်။
“ကျွန်မကို ကိုဖြိုးလိမ်ခဲ့တယ်”
မိန်းကလေးရဲ့စကားသံကြောင့် အားလုံးရဲ့အကြည့်ကသူမဆီကိုရောက်သွားလေသည်။
“ကျွန်မဘာမှမပြောချင်တော့ဘူး၊ ရှင်တို့ကြိုက်သလိုစီစဉ်ကြပါ၊ ပြီးတော့ ကိုဖြိုး ရှင်ကျွန်မဆီကနေအခုချက်ချင်းပဲထွက် သွားပေးပါ၊ ကျွန်မဘဝကနေအခုချက်ချင်းထွက်သွားပေးပါ”
တကယ်ပဲ သူမ မသိခဲ့တာလား။ ကျောက်မဲမြို့ကအဲဒီလောက်တောင်ကျဉ်းသလား။ သိမ့်သီတာနဲ့ကိုဖြိုးဟာလင်မယားမှန်း သူမရဲ့မိတ်ဆွေအသိုင်းအဝိုင်းတစ်ယောက်တစ်လေကမှ မသိခဲ့လေဘူးလား၊ သူမကိုမပြောပြခဲ့ဘူးလား။
မိန်းကလေးက သူပြောချင်တဲ့အဲဒီစကားတစ်ခွန်းနှစ်ခွန်းပြောပြီးထိုင်ချလိုက်ကာ နံရံတောင့်ကပ်ပြီးရှိုက်ငိုနေလေသည်။
အခုချိန်မှာစကားပြောသင့်ဆုံးလူက ကိုဖြိုးဖြစ်နေပြီ။ သူသက်ပြင်းချလိုက်တာကိုတော့ အတိုင်းသားကြားလိုက်ရသည်။ မနေ့ကအထိလိမ်လည်ခဲ့တာ အခုဘာဆက်ပြောမလဲ၊ ဘာဆက်လိမ်နိုင်ဦးမလဲ။
“ငါ ငါမှားသွားတယ်”
အခုလိုအခြေအနေမျိုးမှာ မှားတယ်လို့ဝန်ခံလိုက်လို့ပြသနာကပြေလည်သွားလိမ့်မည်မဟုတ်ပါ။
“အေး ရှင်လိုသစ္စာမရှိ စိတ်ဓါတ်အောက်တန်းကျတဲ့သူကိုလင်ယောင်္ကျားအဖြစ်ပေါင်းသင်းခဲ့မိတဲ့ ကျွန်မလည်းမှားတယ် သိလား၊ ရှင့်ကိုဘယ်လိုမှ ခွင့်မလွှတ်ဘူး”
“မိန်းမ”
“မခေါ်နဲ့ အဲဒီလိုမခေါ်ပါနဲ့တော့ကိုဖြိုး၊ ကျွန်မ ပူလောင်လွန်းလို့ပါ”
“ဟာကွာ”
အခုမှ ယူကြုံးမရဖြစ်တဲ့ပုံစံနဲ့ဒူးထောင်ထိုင်ချကာအရာရာကိုအရှုံးပေးနေတဲ့ပုံစံလုပ်ပြနေသည်။ သိမ့်သီတာမပြောနဲ့ နှင်းပါ သူ့ကို မဲ့ပြလိုက်ချင်မိသည်။ အခုချိန်ထိ နှင်းရောစိုင်းလုံပါ စကားတစ်ခွန်းမှဝင်မပြောဖြစ်သေးဘဲ ပွဲကြည့်သူသက်သက်သာ ဖြစ်နေလေသည်။
“ကျွန်မ ပြန်မယ် ကိုဖြိုး၊ ကျွန်မပြောခဲ့ပြီးပြီ၊ ရှင်ကျွန်မကိုကွာရှင်းပေးပါ၊ ရှင်မကွာရှင်းရင်လည်းနှစ်ဖက်မိဘတွေကိုပြောပြီး ကျွန်မလုပ်ချင်တာဖြစ်အောင်လုပ်ရလိမ့်မယ်၊ အခုအားလုံးသွေးပူနေတဲ့အချိန်မို့ ကျွန်မပြန်လိုက်မယ်၊ နောက်တစ်ရက်နှစ် ရက်လောက်နေရင် ကွာရှင်းစာချူပ်မှာလက်မှတ်ထိုးဖို့အကြောင်းကြားလိုက်မယ်”
သူမ ထွက်လာတဲ့နောက်ကို နှင်းတို့နှစ်ယောက်လိုက်လာခဲ့ကြသည်။ ကိုဖြိုးနဲ့မိန်းကလေးဘယ်လိုတွေဆက်ရှင်းကြမလဲဆို တာကို နားထောင်ချင်သေးပေမယ့် စိုင်းလုံက မနေသင့်ကြောင်း မျက်ရိပ်မျက်ကဲပြနေတာမို့ ဆက်မနေခဲ့ရတော့။
ထူးဆန်းလိုက်တာ။
ကျောက်မဲမြို့လေးကိုနှင်းရောက်လာပြီးနောက်ပိုင်းမှာ နှင်းအတွက်ထူးဆန်းအံသြစရာတွေကို တစ်ခုပြီးတစ်ခုကြုံလာရ သည်။ နှင်းချစ်တယ်လို့ထင်ခဲ့ဖူးတဲ့လူက လူလိမ်တစ်ယောက်မှန်းသိခဲ့ရသည်။ ပြီးတော့ လူတွေတစ်ယောက်ပြီးပျောက်ဆုံး နေတဲ့ထူးဆန်းတဲ့အဖြစ်ကို နှင်းတွေ့ရသည်။ သူငယ်ချင်းသိမ့်သီတာရဲ့အိမ်ထောင်ရေးသာယာချောမွေ့လွန်းခဲ့တယ်လို့ထင် ခဲ့ပေမယ့် ထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာတွေ့ရသည်။ အရာအားလုံးကကောင်းတဲ့ဘက်ကိုဦးတည်တာမျိုးမရှိပေ မယ့် နှင်းအတွက်ကံကောင်းတာတစ်ခုတော့ရှိလေ၏။
စိုင်းလုံ။
အရမ်းကြင်နာတတ်တဲ့ချစ်သူကို နှင်းပိုင်ဆိုင်ခဲ့ရသည်။ အဲဒီအရာတစ်ခုတည်းက နှင်းအတွက်အရာရာပြီးပြည့်စုံစေသလို ခံစားရစေခဲ့လေသည်။ တစ်ခြားဘာတွေများထူးဆန်းအံသြဖွယ်ရာတွေပေးမလဲဆိုတာ နှင်းစိတ်ဝင်စားနေမိတာတော့အမှန် ပင်။ သိမ့်သီတာတို့လင်မယားရဲ့ဇာတ်လမ်းကဘယ်လိုဆက်ဖြစ်မလဲဆိုတာက အဓိကကျသည်။
တကယ်ပဲကွာရှင်းကြမှာလား။ ဒါမှမဟုတ် သိမ့်သီတာက ခွင့်လွှတ်နားလည်ပြီးနောင်တရနေတဲ့ကိုဖြိုးနဲ့ပျော်ရွှင်ဖွယ်ဇာတ် သိမ်းလေမလား ဆိုတာကိုတော့သိချင်လေသည်။ တကယ်တမ်းဖြစ်လာတဲ့အခါမှာတော့ နှင်းထင်ထားသလိုမျိုးမဟုတ်ခဲ့ ပါ။ နှင်းဘယ်လိုမှ ထင်မှတ်မထားတဲ့အဖြစ်အပျက်တစ်ခုထပ်ပြီးဖြစ်ပေါ်ခဲ့လေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx