မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၄)

(၁၄)

“စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆေးပေါင်းချိုးဖို့လာခေါ်တာ”

နောက်ထပ်နှစ်ရက်မြောက်တဲ့နေ့မှာ နှင်းနဲ့သိမ့်သီတာကို စိုင်းလုံလာခေါ်လေသည်။ ဒီကိုရောက်တာရက်အတော်ကြာခဲ့ပေ မယ့် ဒီဒေသရဲ့အဓိကအလေ့အထတစ်ခု၊ ထင်ရှားတဲ့ပြယုဂ်တစ်ခုဖြစ်တဲ့ ဆေးပေါင်းချိုးခြင်းဆိုတာကို နှင်းမရင်းနှီးခဲ့သေး ပါ။ သိမ့်သီတာကလည်း စိတ်တွေရှုပ်နေလို့ပဲလားမသိ တစ်ခါမှမလိုက်စဖူးလိုက်လာခဲ့သည်။ နှင်းတို့နေတဲ့ရပ်ကွက်နဲ့သိပ် မလှမ်းမကမ်းမှာရှိနေတဲ့ ဆေးပေါင်းရုံတစ်ရုံဆီကို သူခေါ်လာခဲ့ပါသည်။

နေဝင်ရီတရောအချိန်မို့ အချမ်းဓါတ်ကပုံမှန်ထက်လွန်ကဲလို့လာနေတဲ့အချိန်လည်းဖြစ်တာကြောင့် ရေကိုမထိချင်မကိုင်ချင် တာအမှန်ပင်။ ဒီလိုအခြေအနေမှာရေချိုးရမတဲ့လား။

“ဆေးပေါင်းချိုးပြီးရင် ခန္ဓာကိုယ်ကနွေးပြီးလန်းဆန်းသွားရောနှင်းရဲ့၊ အဲဒီအချိန်ကျရင်မချမ်းတော့ပါဘူး၊ နှင်းရေချိုးရမှာ ကြောက်နေတယ်မှလား၊ စိတ်ချ လုံးဝမအေးစေရဘူး၊ ဆေးမြစ်စုံပေါင်းထားတဲ့ရေနွေးငွေ့တွေကြားထဲမှာ ဇလုံထဲကရေကို ခပ်ချိုးရမှာ၊ ပူနွေးနွေးလေး အရမ်းမိုက်တယ်”

သူက နှင်းစိတ်ကို ခန့်မှန်းမိစွာပင်နှစ်သိမ့်လေသည်။

“ဆောင်းပါးတွေ စာထဲတွေမှာတော့ ဆေးပေါင်းချိုးတာကိုကျောက်မဲရဲ့အထင်ကရတစ်ခုအဖြစ်ညွှန်းကြတယ်နော်၊ နှင်းချိုး ချင်ပါတယ် စိုင်းလုံရဲ့၊ ရေချိုးသလိုပဲမှလား ဘာကွာမှာမို့လဲ၊ နှင်းတို့ကပုံမှန်ရေချိုးတယ်၊ သူကဆေးတွေနဲ့ပေါင်းထားတဲ့ရေ ကိုချိုးတာ အဲဒါပဲကွာတာမှလား”

သူ ခေါ်တာကိုစိတ်ဝင်စားကြောင်းပြလိုက်ပါသည်။

“ကွာတာပေါ့နှင်းရဲ့၊ ရေချိုးတာကပုံမှန်ခန္ဓာကိုယ်သန့်စင်တာလေ၊ ဆေးပေါင်းကချွေးပေါက်ထဲမှာရှိသမျှအပူအပုပ်တွေကို ကင်းစင်အောင်လုပ်ပေးတယ်၊ ဆေးတွေရဲ့အာနိသင်ကြောင့်လူကိုလန်းဆန်းစေတယ်၊ ဆေးအငွေ့တလူလူကြားထဲမှာချွေး ပြန်အောင်နေပြီး ရေခပ်ချိုးလိုက် ချွေးစေးတွေထပ်ထွက်လာအောင်လုပ်လိုက် ရေထပ်ချိုးလိုက်နဲ့ အဲဒီလိုအရသာဒီမှာပဲ ရှိ တာလေ၊ ရန်ကုန်မှာမရှိဘူး”

“ဟုတ်ပါပြီဆရာရယ်”

နေရာလေးမှာ ချစ်စဖွယ်ကောင်းလှသည်။ လေးငါးပေပတ်လည်အကျယ်နဲ့လူတစ်ရပ်စာကျော်လောက်သာ ရှိမယ့် ဆေးပေါင်းရုံ လေးတွေတန်းစီလို့။ ရုံလေးတွေကို တာလပတ်စိမ်းစိမ်းတွေနဲ့လုံခြုံစွာအုပ်မိုးထားလေသည်။ အဲဒီရုံလေးတွေ ထဲမှာတော့ ပျဉ်ခင်းထားပြီး ပျဉ်းပြားတစ်ချို့နေရာတွေမှာတော့ အဝိုင်းပေါက်လေးတွေဖောက်လို့ထား၏။ ဆေးပေါင်းရုံ တစ်ရုံစီထဲကို ရေဇလုံကြီးကြီးနဲ့ရေခွက်နှစ်ခွက်၊ သစ်သားထိုင်ခုံသေးသေးနှစ်ခုံစီလည်းချပေးထားလေသည်။ ရေဇလုံပေါ် မှာတော့ ရေဖွင့်ချဖို့ရေပိုက်ခေါင်းတွေ့ရသည်။

ဆေးပေါင်းရုံတွေရဲ့နားမှာတော့ ရေတိုင်ကီကြီးနှစ်လုံးကိုတုံးလုံးလဲအနေအထား။ တိုင်ကီထဲမှာတော့ဆေးမြစ်စုံတွေပေါင်း ထားပြီး အပူရှိန်ဟုန်းဟုန်းတောက်လို့နေ၏။ တိုင်ကီထဲကပိုက်တွေထိုးထိုးထောင်ထောင်နဲ့ဆေးပေါင်းရုံလေးတွေဆီကို အ ငွေ့ပေးလျက်ရှိနေလေသည်။

“နှင်းနဲ့သိမ့်သီတာ အားနေတဲ့ရုံလေးထဲကိုအရင်ဝင်ချိုးနှင့် ကျွန်တော်ချိုးမယ့်ရုံကရှေ့လူထွက်မှဝင်လို့ရမယ်”

ဆေးပေါင်းလာချိုးသူတွေများနေတာမို့ ရုံကအချိန်တိုင်းလူပြည့်နေပုံပင်။ အားနေတဲ့တစ်ရုံဆီကို နှင်းနဲ့သိမ့်သီတာတို့ဝင်ချိုး လိုက်ကြသည်။ ဆေးပေါင်းရုံထဲကိုဝင်လိုက်ပြီးခဏမှာပဲ အငွေ့တလူလူထွက်လာသည်။

“အဲဒါ ဆေးငွေ့တွေလေ”

အရမ်းတော့မပူလှပါ။ မွမ်းလည်းသိပ်မမွမ်းလှ။ မွမ်းလို့ရှိရင် စေ့ထားတဲ့တာလပတ်စစိမ်းစိမ်းတွေကိုခပ်ဟဟလုပ်ပြီးအသက် ရှုလို့ရသည်။ ခဏတွင်းအပူကတစ်ဖြည်းဖြည်းတက်လာသလို အငွေ့တွေလည်းတစ်ဖြည်းဖြည်းများလာသည်။ နှင်းတို့နှစ် ယောက် တစ်ယောက်ကိုတစ်ယောက်ဝိုးတဝါးဖြစ်လာသည်အထိပင်။

“နှင်း နင်အရမ်းပူနေရင်ပြောနော်၊ နည်းနည်းလျှော့ခိုင်းလိုက်မယ်”

“ရတယ်၊ အေးဆေး”

ဆေးပေါင်းငွေ့အပူရှိန်ကြောင့် ချွေးစေးတွေပြန်လာသည်။ ခဏကြာတော့ နှင်းတစ်ကိုယ်လုံးချွေးတွေရွှဲနစ်လို့။ အဲဒီအချိန် မှာ ရေပိုက်ခေါင်းကရေအေးကိုဖွင့်ချပြီးတစ်ခွက်ချင်းခပ်ချိုးရသည်။ ချွေးအပူအပုပ်တွေကရေအေးနဲ့မျောပါသွား၊ ပြီးရင် ဆက်နေ ချွေးထပ်ပြန်လာရင်ထပ်ချိုး။ အဲဒီလိုထပ်ခါထပ်ခါလုပ်ပါများတော့ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းလို့လာလေ၏။ အငွေ့ခံနေတဲ့အချိန်စကားတွေဘာတွေပြော၊ ဆပ်ပြာတိုက်ခေါင်းလျှော်လိုက်နဲ့နာရီဝက်သာသာလောက်မှ နှင်းတို့ထွက်လာ ခဲ့ကြသည်။ အဝတ်အစားလဲ ဖြီးသင်ပြီးရုံရှေ့ကိုထွက်လာတော့ စိုင်းလုံကအသင့်အနေအထားစောင့်လို့။

“ချိုးလို့ကောင်းရဲ့လားနှင်း”

ရေချိုးပြီးခါစ ဆံပင်တွေကိုလက်နဲ့လှုပ်ခါရင်းနှင်းကိုမေးပါသည်။ သူ့မှာ တဘတ်မပါဘူးထင်ပါရဲ့။ နှင်းကိုယ်တိုင်သုတ် ပေးချင်ပေမယ့် သိမ့်သီတာပါတာကြောင့် မသိချင်ယောင်ပဲဆောင်နေလိုက်ပါသည်။

“အင်း၊ ပေါ့ပါးလန်းဆန်းသွားတာပဲ”

“အော်၊ တော်သေးတာပေါ့၊ ကျွန်တော်က နှင်းမူးများမူးနေမလားလို့စိုးရိမ်နေတာ”

“မမူးပါဘူးစိုင်းလုံရဲ့၊ ဘာလို့လဲ”

“တစ်ချို့တွေက ဆေးပေါင်းချိုးပြီးရင်ခေါင်းမူးတာတွေဘာတွေရှိတယ်၊ အဲဒါကြောင့် အစားမစားဘဲ မချိုးရဘူး၊ အိပ်ရေးပျက် ရင်မချိုးရဘူးလို့ ပြောကြတယ်”

“နှင်းဘာမှမဖြစ်ပါဘူး”

“အင်း၊ ပြန်မယ်လေ ဒါဆို”

“နေဦး၊ ဆေးပေါင်းအိုးထဲမှာဘာတွေရှိလဲ သိချင်သေးတယ်”

နှင်းတို့ချိုးတဲ့ဆေးပေါင်းအိုးကြီး (ရေတိုင်ကီတုံးလုံးလဲကြီး) ထဲမှာဘာတွေများထည့်ထားသလဲလို့ ပိုက်ဆံကောက်တဲ့အန် တီကြီးကိုမေးမိသည်။ တိုင်းရင်းဆေးမျိုးစုံကိုရောပေါင်းထားတာတဲ့လေ။ ပြောပြတဲ့အမယ်တွေကများတော့ အားလုံးကိုနှင်း မမှတ်မိ။ ဂျင်း၊ တောရှောက်မြစ်၊ သက်ရင်းကြီးရွက်၊ တောဆီးဖြူ၊ မိသလင် အမယ်တော်တော်များလှသည်။

“အဲဒါတွေအားလုံးက အိတ်လိုက်ဝယ်ရတာလေနှင်းရဲ့၊ တစ်မျိုးချင်းလိုက်စပ်တာတော့မဟုတ်ဘူး၊ တိုင်းရင်းဆေးရောင်းတဲ့ နေရာတွေဆီကနေ ဝယ်ထားကြတာ”

ဆေးပေါင်းချိုးခ တစ်ယောက်တစ်ထောင်ကို သူကရှင်းပေးရင်း သူသိသလောက်ပြောပြသည်။ သူပြောသလိုပဲ ရေချိုးပြီး နွေးနွေးထွေးထွေးဖြစ်လာသည်။ အပြန်သူ့ဆိုင်ကယ်နောက်မှာ သူကျောကုန်းလေးကိုမှီရင်းဇိမ်ရှိရှိလိုက်လာခဲ့လေသည်။

“နှင်း”

“အင်း”

“ဟောင်ဟက်ဆူး”

ဆိုင်ကယ်မောင်းရင်းပြောတာဆိုပေမယ့် နှင်းသေသေချာချာကြားရပါသည်။ ဟောင်ဟက်ဆူး ဆိုတာရှမ်းလိုချစ်တယ်လို့ ပြောတာမှန်း နှင်းကောင်းကောင်းသိတာပေ့ါ။ အဲဒီတော့ နှင်းကလည်း “ စုမ်းယောက်ခ (ကျေးဇူးတင်ပါတယ်) ” လို့ပြန် ပြောလိုက်သည်။ သိမ့်သီတာဆီကသင်ထားတာ။

“ဟောဗျာ၊ ရှမ်းလိုတတ်တယ်တဲ့လား”

“အင်း ရှမ်းတိုင်းရင်းသားလေးကိုရည်းစားတော်ထားတာလေ”

“ကျွန်တော်လည်းနှင်းကို စုမ်းယောက်ခ နှစ်ထပ်ကွမ်းပါဗျာ”

“အွန် ဘာလို့”

“နှင်းဆီကအချစ်ကို ရရှိဖို့ကျွန်တော်တကယ်ကိုအတမ်းတဆုံးဖြစ်ခဲ့ရတာ၊ ကျွန်တော့်ဘဝမှာ နှင်းရှိရင်အရာရာပြီးပြည့်စုံပြီ လို့ အရင်ကရောအခုရောခံယူထားတာလေနှင်းရဲ့၊ အဲဒီဆန္ဒအတိုင်း ကျွန်တော့်ကိုချစ်ပေးခဲ့တဲ့ နှင်းကိုကျေးဇူးတင် တာပေါ့”

နှစ်ယောက်သားအပြန်အလှန်စကားတွေကြားရအောင် ဆိုင်ကယ်ကိုဖြည်းဖြည်းလေးပဲမောင်းပေးပါသည်။ သိမ့်သီတာက တော့ စိတ်ညစ်တာတွေမပျောက်တာဘဲလား၊ တမင်ရှောင်ပေးနေတာလားမသိ။ စကားတစ်ခွန်းမှမပြောဘဲ ဆိုင်ကယ်ကို တော်တော်အကွာအဝေးခြားနေတဲ့အထိမောင်းနေလေ၏။

အိမ်ရောက်တော့ သိမ့်သီတာကအိမ်ထဲတန်းဝင်ပေမယ့် နှင်းကမဝင်သေးဘဲခြံဝမှာ သူနဲ့စကားပြောနေခဲ့မိသည်။ ညရှစ်နာ ရီဝန်းကျင်လောက်ရှိရောပေါ့။ ဒါပေမဲ့ လူခြေကတိတ်ဆိတ်လို့နေခဲ့ပြီ။ မီးရောင်မှိန်ပြပြတွေလွှမ်းမိုးနေတာမို့ နှင်းတို့နှစ် ယောက် တစ်ယောက်ကိုတစ်ယောက်သဲသဲကွဲကွဲမြင်ရပါသည်။

“ကျွန်တော်လေ တစ်ချက်တစ်ချက်စဉ်းစားမိတယ်သိလား”

“အင်း၊ ဘာတဲ့လဲ”

နှင်းက ရွှတ်နောက်နောက်ပြောလိုက်ပေမယ့် သူကနှင်းဆံစတွေကို တယုတယသပ်ပေးကာ တည်ငြိမ်လေးနက်စွာ ပြန်ပြောလေသည်။

“နှင်း ရန်ကုန်ပြန်သွားရင် ကျွန်တော်ရူးမတတ်ခံစားမိမှာသေချာတယ်လို့”

“အို၊ အဲလောက်တောင်ပဲလား အခုတောင်နေ့တိုင်းမတွေ့ဘဲလည်းနေနိုင်တာပဲကို”

“မတွေ့ချင်တာမဟုတ်ပါဘူးနှင်းရာ၊ မတွေ့သင့်ဘူးထင်လို့ပါ၊ ကျွန်တော်ကနှင်းကို ၂၄ နာရီပတ်လုံးတွေ့ချင်ပေမယ့် နှင်းက ကျွန်တော်ကို တွေ့ချင်စိတ်ရှိချင်မှရှိမှာလေ၊ အဲဒီတော့ ကျွန်တော့်ဆန္ဒတစ်ခုတည်းအတွက် နှင်းကိုလာတွေ့နေရင် နှင်းစိတ် ပျက်မှာစိုးလို့ပါ၊ ပြီးတော့ သိမ့်သီတာတို့ကိုလည်းအားနာရတယ်လေ၊ ကျွန်တော့်သဘောအတိုင်းသာဆိုရင် နှင်းကိုနေ့တိုင်း လာတွေ့ရုံတင်မဟုတ်ဘူး၊ အိမ်ခေါ်ထားချင်တာဗျ”

“အို၊ မလုပ်ပါနဲ့ကွယ်၊ ရှင့်အစ်မသတ်မှာပေါ့”

“အစ်မက နားလည်ပါတယ်”

“ရှင်ကနားမလည်ဘူးပေါ့”

“ကျွန်တော်လား၊ နှင်းနဲ့ပတ်သက်ရင်အရာရာကိုနားလည်နိုင်အောင်ကြိုးစားမယ်လေ၊ နှင်းကို အမြဲတမ်းလုံခြုံမှုတွေပေးနိုင် အောင်ကြိုးစားမယ်၊ အန္တရယ်တွေရှိလာရင် ရှေ့ကနေကာကွယ်ပေးသွားမယ်၊ သိမ့်သီတာတို့လင်မယားလိုအဖြစ်အပျက်၊ ဦးလေးကောင်းတို့မသက်ထားတို့လိုအဖြစ်အပျက်တွေမရှိစေရဘူးကွာ”

အိမ်ထောင်ရေးဖောက်ပြန်မှုကို သူတော်တော်မုန်းတီးပုံရပါသည်။ နှင်းအဲဒါကိုစိုးရိမ်မှာလည်းသူတွေးထားပုံပင်။

“အင်းပါ၊ အခုချိန်ကတော့ အပြောကောင်းပေါ့”

“တကယ်ပြောတာပါ၊ ကျွန်တော်နှင်းကိုပြောဖူးတယ်လေ၊ အဲဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့အနာဂတ်မှာလုံးဝမရှိစေရ ဘူးလို့၊ ပြီးတော့ ဒါကကျွန်တော်အမုန်းဆုံးအလုပ်လေ၊ နှင်း ကျွန်တော်လေ အဲဒီလိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ယောင်္ကျား တွေကို သတ်ပစ်ချင်တယ်”

သူ့စကားက အနည်းငယ်မာကျောသွားလေသည်။

“ယောင်္ကျားတစ်ယောက်ဟာမိန်းမတစ်ယောက်ကိုပဲ သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းစေချင်တယ်၊ အိမ်ထောင့်တာ ဝန်ကို သစ္စာရှိတာဝန်ကျေပွန်စွာထမ်းဆောင်စေချင်တယ်၊ အပြစ်မယူဘူးဆိုရင် အိမ်ထောင်ရေးဖောက်ပြန်တဲ့သူတွေကို တစ်ယောက်ချင်းလိုက်သတ်ပစ်ချင်လောက်တဲ့အထိမုန်းတယ်”

နှင်း သူ့ကိုပဟေဠိဆန်စွာကြည့်မိတော့ သူ့မျက်နှာပြန်လည်နူးညံ့သွားကာ နှင်းကိုပြုံးပြလေသည်။

“မိုးချုပ်နေပြီနှင်း၊ အိမ်ထဲဝင်တော့လေ၊ ကျွန်တော်နှင်းကိုအရမ်းချစ်တယ်သိလား၊ ဟောင်ဟက်ဆူး”

နှင်းခေါင်းညိတ်လိုက်ကာ အိမ်ထဲဝင်လာလိုက်၏။ နှင်းရဲ့ကျောပြင်လေးကို သူငေးကြည့်နေမှာသေချာပါသည်။ အိမ်ထဲ ရောက်ရောက်ချင်းပဲ သူ့ဆိုင်ကယ်ထွက်သွားတဲ့အသံကြားလိုက်ရသည်။

သိမ့်သီတာကတော့ အိပ်ပျော်နေပြီ။ ဆေးပေါင်းတန်ခိုးကြောင့် ထင်ပါရဲ့။ နှင်းလည်းကြာကြာထိုင်မနေနိုင်တော့။ အိပ်ရာထဲ လဲချင်လာမိသည်။ စာအုပ်တစ်အုပ်ကိုဖတ်ဖို့ကြိုးစားကြည့်သေးပေမယ့် မရ။ မျက်လုံးကမှေးစင်းလာလေသည်။ ဘေးနား မှာ သိမ့်သီတာကနှစ်ခြိုက်စွာအိပ်မောကျလို့ ဟောက်သံတောင်ကြားနေရပြီ။

ကိုဖြိုးတစ်ယောက်ဘာတွေလုပ်နေသလဲ။ မိန်းမဖြစ်သူကိုဒီလိုပဲဥပေက္ခာပြုထားတော့မှာလား။ သူအမှားလုပ်ထားလို့ပြန်မ လာရဲတော့တာလား။ သိမ့်သီတာရင်ထဲမှာရော ဘယ်လိုဆုံးဖြတ်ချက်ချထားသလဲ။ စိုင်းလုံ ကဘာလို့အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့သူတွေကို ခါးခါးသီးသီးမုန်းရတာလဲ။

“အို ဘာမှမတွေးတော့တာပဲကောင်းပါတယ်”

ဦးနှောက်ကတွေးချင်ပေမယ့် မျက်လုံးကမရတော့။ တဖြည်းဖြည်းလေးလံလာသည်။ ကိုဖြိုးတို့ကိစ္စဖြစ်ပြီးကတည်းကတော် ရုံနဲ့အိပ်မပျော်၊ ဟိုတွေးဒီတွေးလုပ်နေပေမယ့် ခုညတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တော့မယ်ထင်ပါရဲ့။ တကယ်ပဲ နှင်း ကောင်းမွန်စွာအိပ်မောကျခဲ့ပါသည်။ သိမ့်သီတာကလည်းတစ်ချက်မှမနိုးဘဲအိပ်မောကျခဲ့ပါသည်။ သန်းခေါင်ယံမှာတော့ ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx