(၁၅)
တံခါးခေါက်သံကတဒုန်းဒုန်းကြောင့် နှင်းရော သိမ့်သီတာရော ပြိုင်တူလန့်နိုးလာမိသည်။ လက်နဲ့ခေါက်နေတဲ့အသံမဟုတ် လောက်။ လက်သီးနဲ့ခေါက်တာတောင်အသံကအဲဒီလောက်ကျယ်မှာမဟုတ်မှန်း နှင်းခန့်မှန်းမိသည်။ ဒါ မာကျောတဲ့ပစ္စည်း တစ်ခုခုနဲ့တံခါးကိုထုနေတာ။
“ဘယ်သူလဲမသိဘူး၊ ဒီအချိန်ကြီး”
သိမ့်သီတာက နှင်းရှေ့ကနေဆတ်ခနဲထလိုက်ပြီးတံခါးဖွင့်ဖို့ပြင်သည်။ နှင်းလည်းအနောက်ကနေလိုက်သွားမိ၏။
ကျောက်မဲရဲ့ဆောင်းညအေးချက်ကတော့ ဆိုဖွယ်ရာမရှိတော့။ အိပ်လို့ကောင်း ကွေးလို့အကောင်းဆုံးအချိန်မှာတံခါးလာ ခေါက်တာကိုတော့ စိတ်တိုမိတာအမှန်။ နှင်းအိမ်သာဆိုရင်တော့ ဘယ်လောက်ခေါက်ခေါက်ဖွင့်ပေးမိမှာမဟုတ်။ ဘယ် နှယ့် အလိုက်ကန်းဆိုးမသိ။
အင်းလေ။ ဒါပေမဲ့ အရေးကြီးအကြောင်းကိစ္စတစ်ခုမရှိဘဲနဲ့တော့ ဒီအချိန်ဘယ်သူကလာပါ့မလဲ။
“အမယ်လေး”
တံခါးဖွင့်အပြီးမြင်လိုက်ရတဲ့မြင်ကွင်းကတော့ နှင်းတို့နှစ်ယောက်ကိုတုန်လှုပ်ချောက်ချားစေခဲ့ပြီ။ ကိုဖြိုး။ သိမ့်သီတာယော င်္ကျားကိုဖြိုး။ ဘုရား ဘုရား။ နှစ်ယောက်သား ရင်ဘတ်ကိုလက်နဲ့ဖိကာဘုရားတမိကြသည်။
တစ်ကိုယ်လုံး စုတ်ပြတ်သပ်လို့။ မျက်နှာပေါ်မှာသွေးအလိမ်းလိမ်း။ လက်နှစ်ဖက်လုံးဆီမှာလည်း သွေးတွေတစ်စက်စက် ကျလို့။ လည်ပင်းတွေ၊ ခန္ဓာကိုယ်ပေါ်တွေမှာလည်းဒဏ်ရာတွေ ရစရာမရှိအောင်ပြန့်ကျဲလို့နေလေသည်။ ဒါသမားရိုးကျ ရန်ဖြစ်တာတော့မဟုတ်ဘူးဆိုတာ နှင်းသိလိုက်ပြီ။
“အိမ်ထဲခေါ်လေအမြန် ဘာလုပ်နေတာလဲ”
ကြောင်ကြည့်နေတဲ့သိမ့်သီတာကို နှင်းသတိလှမ်းပေးလိုက်ပေမယ့် သူမ တွဲမခေါ်ပါချေ။ ရန်ဖြစ်ထားတာ။ ပြသနာဖြစ်ထား တာ ရက်ပိုင်းလေးပဲရှိသေးတာကို ဘယ်ပြန်ခေါ်ချင်ပါ့မလဲ။ ပြီးတော့ သာမန်လင်မယားချင်းရန်ဖြစ်တာမျိုးမဟုတ်။ ခွင့်မ လွှတ်နိုင်တဲ့ဖောက်ပြန်မှုကနေစပြီး ပြတ်စဲလောက်တဲ့အထိဖြစ်ထားတာ။
“သိမ့် နင်ကျန်တာတွေမတွေးပါနဲ့ဟာ၊ ဟိုမှာ ငါတို့မှမကယ်ရင်အခြေအနေမကောင်းတော့တဲ့အနေအထား၊ အခုချိန်မှာသူ့ အသက်ကိုကယ်ဖို့ကလွဲရင် ဘာမှအရေးမကြီးဘူးလို့သဘောထားပေးပါ၊ ငါတို့ကူညီလိုက်ကြစို့နော်”
ဒီလောက်အေးလှတဲ့ဆောင်းမှာ တော်ရုံတန်ရုံထိမိခိုက်မိတာတောင် အသည်းခိုက်အောင်နာတတ်တာမို့ ကိုဖြိုးရဲ့ဒဏ်ရာ ဘယ်လောက်ထိတောင်နာကျင်နေမလဲဆိုတာ နှင်းကိုယ်ချင်းစာမိသည်။ နှင်းလည်း ကျောက်မဲကိုရောက်ရောက်ချင်းနေ့ မှာ ဝဏ္ဏရဲ့ရိုက်ချက်ခံရဖူးတာပဲ။ အဲဒီတုန်းကဆို အသားနာသလိုစိတ်တွေလည်းနာ ဒေါသတွေလည်းထွက်နဲ့ ပူလောင် လိုက်တာ။
ကိုဖြိုးကို နှင်းကပဲဦးဆောင်တွဲကာ အိမ်ထဲကိုခေါ်လိုက်၏။ သိမ့်သီတာရော တစ်ဖက်ကနေဝင်တွဲလာသည်။
အိုး…။ သွေးစက်တစ်ချို့တောင်ကြမ်းပြင်ပေါ်ကိုကျလာသည်။ သွေးအမြန်တိတ်ဖို့နှင်းတို့ကြိုးစားရလေသည်။ တတ်သ လောက် မှတ်သလောက်ပညာနဲ့ဒဏ်ရာတွေကိုဆေးကြောသန့်စင်။ ပတ်တီးစည်းသင့်ရာစည်းလုပ်ပေးပေမယ့် အခြေအနေ က ထင်သလောက်မကောင်းလာ။ ဆောင်းအအေးနဲ့ ဒဏ်ရာနာကျင်မှုကြောင့် သတိသာလစ်သွားခဲ့သည်။
“ကဲ ငါတို့ဆေးရုံပို့ဖို့လုပ်ကြစို့”
စိုင်းလုံဆီကိုဖုန်းခေါ်လိုက်တော့ ဖုန်းပိတ်ထားသည်။
“ဒုက္ခပဲ စိုင်းလုံကလည်းဖုန်းပိတ်ထားတယ်”
“ရတယ်၊ အိမ်နားကလူတွေကိုနှိုးပြီးသွားလိုက်မယ်၊ သွေးကမတိတ်နိုင်သေးဘူး၊ မသက်ထားတို့ကိုအရင်ခေါ်ပြီး ကျန်တဲ့ သူတွေ ဆက်နှိုးရမယ် နှင်း၊ နင်ခဏကြည့်ထား ငါသွားနှိုးလိုက်ဦးမယ်”
ဒဏ်ရာဗလပွနဲ့သတိလစ်မေ့မျောနေတဲ့ ကိုဖြိုးနဲ့နှင်းနှစ်ယောက်တည်းကျန်ခဲ့ရသည်။ ရလာတဲ့ဒဏ်ရာကိုနှင်းသေသေချာ ချာ ဆန်းစစ်နေမိသည်။ လက်နှစ်ဖက်လုံးလက်ချောင်းတွေ ကြေမွလို့။ သူဘာနဲ့တံခါးခေါက်ခဲ့တာပါလိမ့်။ သူ့ခြေတောက် တွေ အကောင်းအတိုင်းရှိနေတော့ ခြေတောက်နဲ့ပစ္စည်းတစ်ခုခုကိုညှပ်ပြီး တံခါးခေါက်ခဲ့တာထင်ပါရဲ့။ တံခါးအပြင်ဘက်ဆီ ကိုထွက်ကြည့်လိုက်တော့ မြေကြီးဆွတဲ့သံတူရွင်းတိုတစ်ချောင်းတွေ့လိုက်ရသည်။ ဒါနဲ့ပဲသူတံခါးခေါက်ခဲ့တာနေမှာ။
အနောက်ဖက်ဆီမှ တချွတ်ချွတ်အသံကြားလို့ လှည့်ကြည့်လိုက်တော့ကိုဖြိုးနှိုးလာတာကိုတွေ့လိုက်ရသည်။
“ဟင်၊ သတိပြန်လည်လာပြီ”
နှင်း ကိုဖြိုးရှိရာကိုအပြေးအလွှားရောက်လာခဲ့၏။
“ကိုဖြိုး သတိရလာပြီလားဟင်၊ ဘာဖြစ်တာလဲ၊ ကိုဖြိုးကိုဒါဘယ်သူလုပ်တာလဲ၊ ဘာတွေဖြစ်ခဲ့တာလဲ”
သူတစ်စုံတစ်ခုကိုပြောဖို့အားယူနေသည်။ ပါးစပ်ဟပြီးစကားပြောဖို့အားယူလိုက်ပေမယ့် အသံကထွက်မလာ။ သက်ပြင်း ရှိုက်သံပြင်းပြင်းကိုသာကြားရပြီး စကားမပြောနိုင်။
“ကိုဖြိုး စကားပြောလို့မရတာလား၊ စကားမပြောနိုင်ဘူးလား”
သူခေါင်းညိတ်သည်။ အကူအညီတစ်စုံတစ်ရာလိုအပ်နေတဲ့ပုံစံတော့ နှင်းခန့်မှန်းမိလေသည်။ အရေးအကြီးဆုံးက သူ စကားပြောချင်နေသည်။ သူ့မျက်နှာမှာ အားမလိုအားမရ အရိပ်အယောင်တွေတွေ့ရသည်။ ပြီးတော့ အရေးကြီးပုံလည်းရ သည်။
“အင်း အင်း” ဆိုပြီးတော့သာ အသံကထွက်လာသည်။ ဒါတောင် ပီပီပြင်ပြင်မဟုတ်။ ဘုရား၊ ဘုရား။ စကားမပြောနိုင် လောက်တဲ့အနေအထားအထိရောက်အောင် ဘာတွေများဖြစ်ခဲ့တာပါလဲ။
“ဟင်”
နှင်း သူ့လည်ပင်းဆီကိုသတိထားလိုက်မိသည်။ လည်ပင်းပတ်လည်မှာဒဏ်ရာ အစင်းရာကြီး။
အဲဒီဒဏ်ရာကြောင့်စကား မပြောနိုင်တာလား။ လည်ပင်းပြင်ပမှာ ထိခိုက်ဒဏ်ရာရတာနဲ့စကားမပြောနိုင်လောက်တဲ့အဆင့် ကိုရောက်သွားရမယ်လို့နှင်းတော့မထင်မိပါ။ အတွင်းကြေတဲ့ ဒဏ်ရာတစ်ခုခုများ၊ အို မဖြစ်ပါစေနဲ့။
“ကိုဖြိုး အားတင်းထားနော်၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ပြသနာတွေကိုဖြေရှင်းနိုင်ဖို့ ဒဏ်ရာတွေသက်သာလာမှဖြစ်မယ်၊ ကိုဖြိုး ဒဏ်ရာတွေ ကောင်းသွားမှဖြစ်မယ်”
သူခေါင်းညိတ်လိုက်ကာ နှင်းကို သူ့မျက်လုံးတွေနဲ့တစ်နေရာဆီကိုကြည့်ဖို့ပြနေ၏။
“အင်း ဘာလဲဟင်”
သူမျက်လုံးနဲ့ပြတဲ့နေရာက သူ့အနွေးထည်အကျီၤအိတ်ဆီမှာ။ အနွေးထည်ဘေးအိတ်ရှိရာဆီကိုမေးနဲ့ညွှန်ပြတော့ နှင်း လည်း လိုက်ကြည့်နေမိသည်။
“အင်း အနွေးထည်အိတ်လား၊ ဘာဖြစ်လို့လဲ ချမ်းလို့လား ကိုဖြိုး”
သူခေါင်းခါပြီး အဲဒီနေရာဆီကိုပဲ မေးထိုးပြမြဲပြနေသည်။ အိတ်ထဲကိုနှိုက်ဖို့ပြောနေတာမှန်း နှင်းသဘောပေါက်လိုက်ကာ သူ့အနွေးထည်အိတ်ထဲ နှိုက်ကြည့်လိုက်မိ၏။
လက်စွပ်လေးတစ်ကွင်း။ ရွှေတော့မဟုတ်ပါ။ ငွေလက်စွပ်ဖြစ်ပုံရသည်။ နှင်းလက်ထဲလက်စွပ်ရောက်တော့ ကိုဖြိုးက ကြည့်ပြီး နှင်းကိုတစ်စုံတစ်ရာပြောချင်နေဟန်ပြပြန်သည်။
“ဒီလက်စွပ် ဘာဖြစ်လို့လဲဟင်ကိုဖြိုး၊ နှင်းကိုဘာပြောချင်တာလဲဟင်”
စာရေးပြဖို့ကလည်း သူ့လက်ချောင်းတွေကအကောင်းပကတိမဟုတ်။ သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေပုံရသည်။
“ကိုဖြိုး ပြောစရာရှိတာအေးအေးဆေးဆေးပြောလို့ရပါတယ်၊ အခုချိန်မှာ ဒဏ်ရာသက်သာသလိုပဲနေနော်၊ ဆေးရုံရောက် လို့ ဆရာဝန်တွေဆေးကုပေးပြီးမှ စကားပြောနိုင်တော့မှ ပြောလို့ရပါတယ်၊ အခု စိတ်အေးအေးထား ဟုတ်ပြီလား၊ သိမ့်သီ တာ ကိုဖြိုးကိုဆေးရုံပို့ဖို့လုပ်နေတယ်နော်၊ စိတ်မပူနဲ့ သိလား”
တတ်နိုင်သမျှနှစ်သိမ့်ပေးနေသည်။ နှင်းပြောသမျှကို သူနားထောင်ရင်း တစ်ဖန်မေ့မြောသွားခဲ့လေသည်။ သိမ့်သီတာတို့ လည်းရောက်လာပြီး ဆေးရုံပို့ဖို့ပြင်လိုက်ကြ၏။
“သူ သတိရလာသေးတယ်”
“ဟုတ်လား၊ ဘာတွေပြောသွားလဲ၊ နောင်တရပြီဆိုတာတော့မဟုတ်ပါဘူးနော်”
သိမ့်သီတာရဲ့ရင်ထဲမှာ ဘယ်လိုမှအခဲကြေနိုင်လိမ့်မည်မဟုတ်မှန်း နှင်းသိပါသည်။ လုပ်သာလုပ်ပေးနေရာတာ စေတနာ တော့ ရှိမှာမဟုတ်။ ယောင်္ကျားဖြစ်သူက သိမ့်ကိုစိတ်နာအောင်လုပ်ခဲ့တာကို ဘယ်ကျေနပ်နိုင်ပါ့မလဲ။
ခဏတွင်းချင်း ဆေးရုံမှာအလုပ်တွေရှုပ်သွားလေသည်။ ဒါကျောက်မဲဆေးရုံ၊ နှင်း ကျောက်မဲကိုလာလို့ ပထမဆုံး ရောက်ဖူး တဲ့နေရာက ဒီဆေးရုံအနောက်ကဘုရားရင်ပြင်မှာ။
“အခုချိန်ဆို ဆေးရုံနားမှာ ချယ်ရီပန်းပင်တွေဝေနေအောင်ပွင့်နေပြီနှင်းရဲ့၊ နှင်းကို စတွေ့တုန်းကတော့အခြေအနေမပေးလို့ လိုက်မပြခဲ့ရဘူး၊ အခုတော့ နှင်းက ကျွန်တော့်ချစ်သူဖြစ်နေပြီမို့လို့ တစ်ရက်သပ်သပ်လိုက်ပြမယ်၊ မွှေးရနံ့မဟုတ်တဲ့ ချယ်ရီ ပန်းရနံ့က ဒီရာသီနဲ့အရမ်းလိုက်ဖက်တယ်၊ စိတ်ကြည်နူးမှုကိုလည်းပေးစွမ်းတယ် နှင်းရဲ့”
စိုင်းလုံပြောစကားအရဆိုရင် ဒီနေရာနားတစ်ဝိုက်မှာချယ်ရီပန်းပင်ရှိကောင်းပါရဲ့။ ဒါနဲ့ စိုင်းလုံတစ်ယောက်လည်းနှင်းတို့လို ပဲ ဆေးပေါင်းချိုးတဲ့အစွမ်းနဲ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာထင်ပါသည်။ ဖုန်းကိုတောင်မကိုင်နိုင်တော့။ စက်ပိတ်ပြီးအိပ် ရတဲ့ အဖြစ်။
“ကိုဖြိုးစကားပြောလို့မရဘူး သူငယ်ချင်း၊ သူ့လည်ပင်းမှာ အတွင်းဒဏ်ရာတစ်ခုခုများရနေသလား၊ ဒါမှမဟုတ် အသံတိမ် ဝင်သွားနိုင်လောက်တဲ့အထိ အံအားသင့်စရာအဖြစ်အပျက်မျိုးတစ်ခုခုများတွေ့ခဲ့လို့လား မပြောတတ်ဘူး”
“ဘယ်တတ်နိုင်ပါ့မလဲ၊ သူ့ကိုဘုရားရိုက်တာပဲပေါ့၊ ငါကတော့ ငါ့အပေါ်သစ္စာဖောက်သွားတဲ့သူကို နည်းနည်းလေးမှမကျေ နပ်နိုင်တာအမှန်ပဲ၊ အိမ်ပေါ်ကိုပြန်ရောက်တာတော့လည်း ပြသနာတွေသယ်လာတယ်၊ အခုကြည့် ဘယ်ကနေဘာတွေဖြစ် ပြီး အဲဒီလိုပုံဖြစ်လာတာလဲမသိဘူး၊ ငါတို့ကရှင်းရဦးမယ်”
သိမ့်သီတာရဲ့ရင်ဘတ်ထဲကအခဲမကျေမှုတွေက တော်ရုံပျောက်နိုင်မှာမဟုတ်ဘူးဆိုတာ နှင်းရိပ်မိလိုက်ပါသည်။ ကတိမ တည်၊ သစ္စာမရှိရင် အရင်းနှီးဆုံးအချစ်ဆုံးသူတွေတောင် ဝေးကွာရတတ်တာသဘာဝပဲလို့နှင်းသဘောပေါက်လိုက်၏။
နှစ်ခြိုက်စွာအိပ်ပျော်ခဲ့ပြီးတဲ့နောက်မှာတော့ နောက်ထပ်အိပ်ဖို့မဖြစ်နိုင်တော့ပါ။ နှင်းတို့နှစ်ယောက်လုံးဆေးရုံမှာ ကိုဖြိုးကို စောင့်နေရသည်။ အခုချိန်မှာ ကိုဖြိုးရဲ့သက်ဆိုင်သူက သိမ့်သီတာပဲရှိတာမို့ မချစ်သော်လည်းအောင့်ကာနမ်းနေရတဲ့အဖြစ်။ သိမ့်သီတာကတော့ ပါးစပ်ကမကျေနပ်ဘူး၊ စိတ်နာတယ်ဆိုပေမယ့် တာဝန်ကျေအောင်တော့လုပ်ပေးရှာပါသည်။ ကိုဖြိုး အနားမှာ မမောနိုင်မပန်းနိုင်ထိုင်စောင့်ပေးနေ၏။
နှင်းကတော့ ကိုဖြိုးပေးခဲ့တဲ့လက်စွပ်ကို ထုတ်ထုတ်ကြည့်ရင်း အဖြေရှာနေမိသည်။ မိုးမလင်းခင် အဲဒီအဖြေသိရမှဖြစ်မည်။ အကြောင်းမဲ့သက်သက်တော့ ကိုဖြိုးဟာ နှင်းကိုပေးခဲ့မှာမဟုတ်။
“ဒါတစ်ယောက်ယောက်ရဲ့လက်စွပ်၊ အဲဒီလက်စွပ်ဟာငါသိနေတဲ့သူရဲ့လက်စွပ်မို့လို့ကိုဖြိုးကငါ့ကိုပေးခဲ့တာ၊ ငါသိတဲ့သူ ငါနဲ့ရင်းနှီးတဲ့သူ ကျောက်မဲမှာဘယ်နှစ်ယောက်များရှိမလဲ”
နှင်းကျောက်မဲကိုမလာခင်တုန်းက ကျောက်မဲမြို့အကြောင်းကိုအွန်လိုင်းစာမျက်နှာတွေမှာရှာကြည့်ခဲ့သေးသည်။ ဒီမှာလူဦး ရေရှစ်သိန်းဝန်းကျင်ရှိသတဲ့။ ကျောက်မဲခရိုင်အတွင်းမှာ လူဦးရေ (၇၇၄၃၅၈) ရှိတယ်ဆိုပြီးအဲဒီအွန်လိုင်းစာမျက်နှာမှာ ရေးထားတာတွေ့ရသည်။ နေ့ရက်တွေပြောင်းလာတော့ လူဦးရေလည်းအဲဒီအတိုင်းအတိအကျဟုတ်ချင်မှဟုတ်တော့မှာ ပေါ့။ ရှစ်သိန်းပဲထား။ ကျောက်မဲခရိုင်အတွင်းမှာလူဦးရေရှစ်သိန်း၊ နှင်းသိတာရှစ်ယောက်တောင်ရှိပါရဲ့လား။ လက်ချိုးရေ လို့ရတဲ့လူအရေအတွက်အတိုင်းလိုက်စစ်ကြည့်မယ်ဆိုရင် ဒီလက်စွပ်ဟာဘယ်သူ့လက်စွပ်ဖြစ်မလဲ။ ဒီလိုလက်စွပ်မျိုး ဘယ် သူဝတ်တတ်လဲ။
“ဟင်”
အနီးစပ်ဆုံးကနေတွေးကြည့်လိုက်ရင် ဒီလက်စွပ်ပိုင်ရှင်ကိုနှင်းမြင်ယောက်လိုက်ပါပြီ။
“ဒါ စိုင်းလုံလက်စွပ်ပဲ၊ စိုင်းလုံဝတ်နေကျလက်စွပ်”
အံသြခြင်းကြီးမားစွာနဲ့ လက်စွပ်ကိုကြောင်ကြည့်နေမိသည်။ ဒီလက်စွပ်က ကိုဖြိုးလက်ထဲကိုဘာလို့ရောက်လာခဲ့တာပါလဲ။ နှင်း ဘုရားတ လိုက်မိသည်။
“စိုင်းလုံ၊ စိုင်းလုံ၊ နှင်းထင်တာတွေမဟုတ်ပါစေနဲ့”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx